ဗမာ ၊ မြန်မာ နှင့် ဗကသ (ဗမာ နဲ့ မြန်မာ ဘာကွာသလဲ)
ဗမာ
၊ မြန်မာဆိုတဲ့ အခေါ်ဟာ နိုင်ငံရေး ပရောဂကြောင့် ကဗြောင်းကပြန်
ဖြစ်ခဲ့ရပြီး လူမျိုးရေး ခွဲခြားရာတွင် လည်းကောင်း ၊ နိုင်ငံရေး အရ ပုတ်ခတ်
ပြောဆိုရာတွင် လည်းကောင်း ရည်ရည်ချက်ရှိရှိ ဖန်တီးခဲ့ခြင်းသာ ဖြစ်ပါတယ်
။ဒို့ဗမာ အသင်းကြီးရဲ့ နာမည်ပေးခဲ့မှုအပေါ်မှာ ယနေ့ခေတ် တိုင်းရင်းသားတွေ
မြန်မာတွေကြား အငြင်းပွား အမုန်းထားပြီး လူမျိုးရေး ခွဲခြားမှုပုံစံတွေ
ဖြစ်လာအောင် မဆလ ဦးနေ၀င်း နဲ့ သူ့တပည့်ကျော် ဦးခင်ညွန့်တို့
ဖန်တီးခဲ့ကြပါတယ် ။
မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတွေ ဟာ ရန်ကုန် တက္ကသိုလ်ကနေ စတင်ခဲ့ကြတာများပြီး အဆုံးသတ်အောင်ပွဲပေါင်း မြောက်များစွာ ရယူကာ သမိုင်း မှတ်တမ်းများလည်း တင်နိုင်ခဲ့ပါတယ် ။ ဒီလို တော်လှန်ရေးတွေ စတင်ရာ ရန်ကုန်တက္ကသိုလ် မြေရဲ့ အဓိက ဇာတ်ကောင်များကို မွေးထုတ်ပေးရာ အဖွဲ.အစည်းကတော့ ဗကသ လို့ အများသိတဲ့ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပါပဲ။ မြန်မာ့ သမိုင်းစဉ်တလျှောက်လုံး နယ်ချဲ.ကို တော်လှန် တပါတီ စံနစ် ဖြုတ်ချ ၊ စစ်အာဏာရှင်ကို အမြဲခြိမ်းချောက်နိုင်ခဲ့တာ ဗကသ ပါပဲ ။ ကိုကြီးနု ၊ ကိုအောင်ဆန်း မှသည် မင်းကိုနိုင် ၊ မိုးသီးဇွန် အတွဲထိ ဗကသ ကျောင်းသားများသည် အောင်ပွဲများ အလီလီ နွှဲခဲ့ကြပါတယ် ။ဒီလို သမိုင်းအစဉ် အဆက်ကြီးမားသလို ၊ တော်လှန်ရေး သူရဲကောင်းများ မွေးထုတ်ပေးရာ ဗကသ ဆိုသော အဖွဲ.သည် စစ်အာဏာရှင်များ အတွက်တော့ စေတန် နတ်ဆိုးတပါးလိုပါပဲ ။စစ်အာဏာမြဲရေးအတွက် အနှောင့် အယှက်ဖြစ်စေသော ဗကသ များဟာ ရှင်းထုတ်ရမဲ့ အမှိုက်တစ ဖြစ်နေပါတယ် ။ ဒါကို ဦးနေ၀င်းလက်ထက် ၁၉၆၂ မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ခွဲပြီး ခြေရာလက်ရာ အစ မကျန်ရလေအောင် ဖျောက်ဖျက်ခဲ့ပါတယ် ။ ကျောင်းသားအမြောက်အများ အဆောက်အဦးထဲမှာ သေဆုံးခဲ့ကြရပြီး အသက်ရှင် ကျန်ရှိနေသေးတဲ့ ဗကသတွေဟာလည်း မြေအောက်အနေအထားရောက်ခဲ့ရပြီး ဦးနေ၀င်းခေတ် တလျှောက်လုံး ဗကသရဲ့ အခန်းကဏ္ဍဟာ ပျောက်ကွယ်လု ဖြစ်ခဲ့ရပေမဲ့ ၁၉၈၇ ၊ ၈၈ မှာတော့ ဗကသတွေဟာ မြေအောက် သင်တန်းတွေပေးရင်း တက္ကသိုလ် ကျောင်းသား ဖုန်းမော် သေဆုံးမှုနဲ့ အတူ ပြန်လည် နိုးထလာခဲ့ကြပါတယ်။ တပါတီ စံနစ်နဲ့ အာဏာရှင် ဦးနေ၀င်းကို ပြတ်ပြတ်သားသား အမြစ်ဖြတ်နိုင်ခဲ့ကြပါတယ်။ စစ်အာဏာ ပြန်သိမ်းခံပြီးတဲ့နောက် ဗကသတွေအားလုံး ထောင်ထဲထည့် ၊ တချို.ကတော့ ထွက်ပြေးလွတ်မြောက်ပြီး ပြည်ပတိုင်းပြည်တွေကို ရောက်ကုန်ပါတယ်။ ဒါပေမဲ့ ဗကသ မျိုးဆက်ဟောင်းတွေကိုသာ သုတ်သင်ရှင်းလင်းနိုင်ပေမဲ့ ဗကသ ရဲ့ သမိုင်းနဲ့ ဗကသ မျိုးဆက်သစ်ကိုတော့ ဘယ်လိုမှ မရှင်းနိုင်ခဲ့ကြပါဘူး။ အကြိမ်ကြိမ် ခေါင်းထောင် အသက်ပြန်ဝင်လေ့ရှိတဲ့ ဗကသကို စစ်အာဏာရှင်များ အနေနဲ့ အပြီးသတ် ချေမှုန်းချင်ကြပါတယ် ။ အသေးစိတ် အစီအစဉ်များနဲ့ ဖြိုခွဲပါတော့တယ်။
၁။ ရန်ကုန်တက္ကသိုလ်ကိုပိတ်ပြီး တက္ကသိုလ်များအား မြို.ပြင် ထုတ်ပြစ်ရေး
၂။ ကျောင်းသား အများအပြား မစုစည်းနိုင်ရန် တက္ကသိုလ် အရေအတွက် များများ ဖွင့်လှစ်ရေး
၃။ ကျောင်းသားများ တက္ကသိုလ်၌ ကြာကြာ မနေနိုင်ရန် စာသင်နှစ် လျှော့ချရေး
ဗကသ သမိုင်းကြောင်းကို ဦးနေ၀င်းလက်ထက်က ဗကသ အဆောက်အဦးကို ဒိုင်နမိုက်ခွဲ ဖြိုခွင်း လက်စ ဖျောက်ခဲ့ပေမဲ့ ၁၉၈၈ မှာ တဖန် ခေါင်းထောင်ထလာခဲ့တာကြောင့် ဗကသ သမိုင်းစတင်ရာ ရန်ကုန် တက္ကသိုလ်ကိုပါ ပိတ်ပြစ်သည် အထိ စစ်အာဏာရှင်တို့ ဗကသကို လက်စဖျောက်ပါတယ်။ ပြီးတော့ ဗကသ ဆိုတဲ့ အခေါ်အဝေါ်ကို လူတွေ မုန်းတီးလာအောင် ဗမာ ၊ မြန်မာ ဆိုတဲ့ ရှုပ်ထွေးစေမဲ့ အခေါ်အဝေါ်တွေကို ဖန်တီးပြီး လူမျိုးရေး ခွဲခြားမှု မုန်းတီးမှု များ ဖြစ်ပေါ်လာအောင် ဖန်တီးလိုက်ပါတယ် ။ ဗကသ ဆိုတဲ့ အခေါ်ကို သေးသိမ် သွားအောင် ဗမာ ဆိုတာ လူမျိုးတမျိုးထဲကိုသာ ကိုယ်သာပြုတဲ့ ပုံစံ ဖြစ်သွားအောင် ဖန်တီးလိုက်ကြပါတယ် ။
ဒီတော့ ဗမာ ၊ မြန်မာ ဆိုတဲ့ အခေါ်အဝေါ်ကို ရှင်းလင်းအောင် လုပ်ဖို့လိုလာပါပြီ ။
ဒိုဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ----- ဒို့မြန်မာ အစည်းအရုံးလို့ မခေါ်ပဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလည်းဆိုတာ ဖွင့် ဆိုထားပါတယ် ။
"မြန်မာဆိုတာဟာ ပြည်မ မြေပြန့်မှာ နေထိုင်တဲ့သူတွေကို ခေါ်တာသာဖြစ်တယ် ၊ မြန်မာ ပဒေသရာဇ်တွေ ပေးထားတဲ့ နာမည်သာဖြစ်တယ် ။ လူမျိုးကြီးဝါဒ သဘောပါဝင်တယ်။ ဒါကြောင့်လူမျီုးအားလုံး ၊ တိုင်းရင်းသားအားလုံးပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်း အပိုင်အဖြစ် သုံးနှုံး တာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံးအကျုံးဝင်တဲ့နိုင်ငံကို ဗမာ နိုင်ငံလို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ်" လို့ အတိအလင်းဖွင့်ဆိုထားခဲ့ပါတယ် ။
ဘာသာဗေဒ ပညာရှင် ဆရာမောင်သာနိုးရဲ့ အမြင်ကတော့ ------ဗမာက မူလဗျ ၊ ဗမာဆိုတာ ဗြဟမာ (ဗရမာ)ကလာတာကိုး ။ဗရမာက နေ ဗမာဖြစ်သွားတာ အဲ့ဒီကမှ တဆင့် ဗရမာကို 'ဗ' နဲ့ 'မ' နဲ့ ပြောင်းပြီး မြန်မာဖြစ်သွားတာ။ ဗရမာလို့ ခေါ်တဲ့ ဗမာ စကားလုံးက ပထမ မြန်မာဆိုတဲ့ စကားလုံးက ဒုတိရ လို့ ပညာရှိတွေက ယူဆကြပါတယ် ။ အိန္ဒိယမှာ အခုအချိန်ထိ မြန်မာနိုင်ငံကို ဗရမာ ခေါ်နေဆဲပါ ။ မြန်မာစာကို ဗာရမီလို့ခေါ်တယ်။ ဗမာကသာလျှင် တပြည်လုံးကို ခြုံတဲ့ အမည်ဖြစ်တယ် ။ မြန်မာဆိုတာက တိုင်းရင်းသားတွေမပါတဲ့ ရန်ကုန် ၊ မန္တလေးက လူတွေကိုခေါ်တာ ။
အီလီနွိက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဦးစောထွန်းက------ပါလိအဘိဓာန်ထဲမှာ ဗရမ ဒေသ ၊ ဗရမ လို့ ပဲ ပြထားတာရှိတယ် နောက် ရှေး ဆရာတော်ကြီးတွေက ဗရမာ လို့ ရေးကြတာရှိတယ် ။ အဲ့ဒီကနေ အသံပြောင်းပြီးတော့ ဗရမာကနေ ဗမာ ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဖြစ်နိုင်ပါတယ် ။ ပုဂံ ခေတ် ကျန်စစ်သားလက်ထက် ကျောက်စာတွေမှာ လူတွေ အကြောင်းပြောတော့ မြေပြန်နေသူတွေကို မရမာ လို့ သုံးခဲ့ပါတယ် ။ သမိုင်းကြောင်း အရကတော့ ဗမာ=မြန်မာ မြေပြန်.နေသူတွေကို ခေါ်ကြပေမဲ့ တိုင်းရင်းသားအားလုံးကို ခြုံပြီး မြန်မာလို့ ခေါ်တာ မရှိခဲ့ပါဘူး ။ ထိုင်းလူမျိုးတွေ ယနေ့ထိ ခေါ်နေဆဲ ဖြစ်တဲ့ ဖမ (ဗမာ)ဆိုတဲ့ အခေါ်ဟာလည်း နိုင်ငံတခုလုံး တိုင်းရင်းသားအားလုံးကို ခေါ်တာဖြစ်တယ် ။
ရေနံချောင်း သခင်ခင်ညွန်.------- အင်္ဂလိပ်ခေတ်က (Burma ၊ Burman)ဗမာဆိုတာကို တိုင်းရင်းသား အားလုံးကို သတ်မှတ်ပြီး မြန်မာကိုတော့ အလည်ပိုင်းနေ မြန်မာလူမျိုး တမျိုးတည်းကိုပဲ ခေါ်ခဲ့တယ်။ ဒီခေတ်ရောက်မှ ၀ံသာနုခေတ်က အသုံးတွေကို ပြောင်းပြန်လှန်ပြစ်တယ် လို့ ပြောပါတယ်။
ဒီလို ဗမာနဲ့ မြန်မာကို ပြောင်းပြန်လှန်ပြစ်ခဲ့သူကတော့ မဆလ ဦးနေ၀င်းပဲ ဖြစ်ပါတယ် ။ မြန်မာစာပေကို ၀င်ရောက် စွက်ဖက်ခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ရှိရှိ မိုက်မဲစွာ ရှုပ်ထွေးအောင် လုပ်ပြစ်ခဲ့တာပါ ။ ထိုစဉ်က ကျောင်းသုံး စာအုပ်တွေမှာ ဥပမာ (တကောင်=တစ်ကောင်) (ဗမာ ၊ မြန်မာ) စသဖြင့် ပြင်ဆင်စေခဲ့တာဟာ ဗမာနဲ့ မြန်မာ ရှုပ်ထွေးမှုရဲ့ အစပါပဲ ။ ဦးနေ၀င်းရဲ့ အမွေကို သူရဲ့ လက်ရင်းတပည့်ဖြစ်တဲ့ ဦးခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ မှာ ဗကသ ကိုဖျောက်ဖျက်လိုခြင်း တော်လှန်ရေး စိတ်ဓာတ်မွေးဖွားရာ ကိုလိုနီ အမွေအနှစ် ဖြစ်တဲ့ အမည်များအား ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့ပါတယ် ။
ဥပမာ
Burma=Myanmar
Irrawaddy = Ayeyarwady
Akyab = Sittwe
Amherst = Kyaikkami
Bassein = Pathein
Henzada = Hinthada
Maymyo=Pyin U Lwin
Moulmein=Mawlamyaing
Myohaung=Mrauk U
Pagan=Bagan
Pegu=Bago
Prome=Pyae
Dagon or Ragoon=Yangon
Sandoway=Thandwe
Syriam=Thanlyin
Tavoy=Dawei
Yaunghwe=Nyaung Shwe။ ဒီလို ပြောင်းလဲခဲ့တာတွေဟာ ဘာသာဗေဒ တခုကို အဆင့်မြှင့်လိုခြင်းထက် ၊ နိုင်ငံရေး ရည်ရွယ်ချက်သက်သက်သာ ဖြစ်ပါတယ် ။ နိုင်ငံကို မြန်မာလို့ ခေါ်ရန် နှင့် လူမျိုးကို ဗမာလို့ ခေါ်ဆိုရန် အမိန့် ထုတ်ခဲ့ခြင်းဟာ ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ) ဟာ တိုင်းရင်းသားအားလုံးကို ကိုစားမပြုပဲ ၊ လူမျိုးစုတစုထဲကို ကိုယ်စားပြုတဲ့ အဖွဲ.အဖြစ် သေးသိမ်အောင် ရည်ရွယ်ချက်ရှိရှိ နိပ်ကွက်ခဲ့တဲ့ သွေးခွဲတဲ့လုပ်ရပ်အဖြစ် အဲ့ဒီအချိန်က လူသိများခဲ့ပါတယ် ။
ရှေးဟောင်း ကျမ်းများ ကျောက်စာ အထောက်အထားများ အရ အမည်မှန် ခေါ်ဆိုမှုသည် အောက်ပါအတိုင်းဖြစ်ပါတယ်။
ဗမာ ပြည် (ဗမာနိုင်ငံ)
မြန်မာလူမျီုး
ရဲသူရိန်မင်း
06.02.2012
GMT:11.50

0 comments:
Post a Comment