Wednesday, February 1, 2012

အသည်းမှာခြေထောက်ပါတဲ့ စာသင်ခန်းအတွေး

by Dhamma Ganga on Wednesday, February 1, 2012 at 3:21pm
 
ယနေ့ တက္ကသိုလ်စာသင်ခန်းထဲမှာ စာသင်နေစဉ် ၂၀၁၁-၂၀၁၂ ပညာရေးနှစ်၏ ဒုတိယခြောက်လပတ်အတွက် ဧည့်ပါမောက္ခသက်တမ်းတိုးခန့်အပ်လွှာကို သူလက်ခံရရှိခဲ့ပါသည်။
အိန္ဒိယတက္ကသိုလ်များတွင်တက္ကသိုလ်ဧည့်ဆရာများကို ခြောက်လတစ်ကြိမ်သက်တမ်းတိုးခန့်အပ်လေ့ရှိပါသည်။ ယခု သူ့အတွက် ငါးကြိမ်မြောက်သက်တမ်းတိုးခန့်အပ်စာကို ရရှိခြင်းဖြစ်သည်။
ပထမတစ်ကြိမ်အစမ်းခန့်ပြီး အဆင်မပြေလျင် သက်တမ်းထပ်တိုးရန် မဟာဌာနမှူးနှင့် ဌာနမှူးထံမှ
ထောက်ခံချက်ရဖို့ အဆင်ပြေလိမ့်မည်မထင်။ ပို၍ အဓိကကျသည်က သင်တန်းသားများ၏ လိုလားမှုပင်ဖြစ်သည်။ သူကတော့ သူ့တပည့်များအား မစ္စတာဘီး (န်) အချိုရည် သုတ်လိမ်းသော ပိဋကတ်အရသာဖြင့် တည်ခင်းနိုင်ခဲ့ဟန်တူပါသည်။
အားလုံးကို ပျော်စေချင်တာ မောင်ဖုန်၏ အားနည်းချက်မဟုတ်တော့ပြီ..။


ဇန်န၀ါရီလ (၂၃) မွေးနေ့ပြီးသည့်နောက်ပိုင်း သူသည် တက္ကသိုလ်ပြဌာန်းကျမ်းစာများပြင်ဆင်ရင်း ရေးလက်စစာများနှင့် ဘောလ်ပင်ဝေးနေခဲ့သည်။
ဝိမုတ္တိခြင်တစ်ကောင်ကို သူအဆုံးမသတ်နိုင်အောင် ဖြစ်နေရသည်။(သို့သော် အခြားထင်ရှားသည့်ရဟန်းတော်တစ်ပါးက ၀ိမုတ္တိခြင်တစ်ကောင်ထက် ပိုမိုပြည့်စုံသောဆောင်းပါးတော်ကြီးကို  ရေးသားပြီးစီးသွားပြီဖြစ်ကြောင်း သျာမရဋ္ဌမည်သော ထိုင်းဘုရင့်နိုင်ငံတော်မှ မိတ်ဆွေရဟန်းက သတင်းပေးပါသည်။ကောင်းလင့်တေ့းပေတည်း။ သည်ကြားထဲ သီဟပူရမှ ဓါတ်ရထားဆရာတော်ကြီးကလည်း သူ့ကို မြှောက်ဖို့ ကြိုးစားသေးသည်။ ဘယ်လောက်မြှောက်မြှောက် ဒို့မမြောက်...။)

အမှန်တကယ် မြန်မာနိုင်ငံပိဋကတ်သင်ရိုးများတွင် မပါဝင်သောတိဘက်တက္ကသိုလ်ပြဌာန်းကျမ်းစာအချို့ကို သူခေါင်းကိုက်အောင် ဖတ်နေခဲ့ရသည်။ စာသင်သားဘ၀က သူသည် အပျင်းတံခွန်ထူခဲ့သူဖြစ်ကြောင်း ခုမှ မဖုံးဖိနိုင်အောင် ပေါ်လာသည်။
အော် ငါ ဘာမှ မသိသေးပါလား ဟု  ဆော့ခရတ္တိဟန် ခပ်တည်တည် ရေရွတ်လိုက်မိ၏။

စာသင်သားတစ်ဦးအနေဖြင့် စာကို တစ်ပွဲတိုးကျက်ရင်း စာမေးပွဲအချို့မထင်မရှားအောင်မြင်ခဲ့သည်ကိုပင် သူက ရောင့်ရဲခဲ့ပါသည်။ အိမ်ခြေဆယ်အိမ်ကျော်ကျော်မျှသာ ရှိသော သူ့ရွာတွင် သူအတော်ဆုံးဟု အဖေကတော့ ပြောရှာပါသည်။ အမေကလည်း ငါ့သားအချောဆုံးဟု ပြောတာ မကြာမကြာကြားဖူးသည်။( ကျေးဇူးရှင်ကြီးများက ခမည်းတော်မယ်တော် ခေါ်တာ မကြိုက်၍ အဖေအမေဟုသာ သူက အာလုပ်ပြုရပါသည်။)

မည်သို့ဖြစ်စေ ဟိုဟာနည်းနည်းသိ ဒီဟာနည်းနည်းသိမျှ မရင့်ကျက်လှသောနေ့ရက်တို့ကို ယောင်ချာချာဖြတ်သန်းရင်း တက္ကသိုလ်ဆရာဘ၀မှာတော့ ဖြီးဖြန်းပေါ့ပျက်လို့ မရတော့ကြောင်း သိလာရပါသည်။
ကျောင်းသားများကလည်း ပေါက်ပေါက်ရှာရှာမေးတတ်ကြပါပေ့..။
သူ့ကို စာအုပ်တစ်အုပ်လို မှတ်ထင်ထားကြလေဟန်ပင်။ သို့နှင့် ပိုးကိုက်နေသော ၊ သို့မဟုတ် ကွက်လပ်များစွာ ရှိသော စာမျက်နှာများကို သူက ပြင်ရင်းဖြည့်ရင်း ကျောင်းသားတစ်ပိုင်းပြန်ဖြစ်လာပါသည်။ ဆရာဆိုသည် အမြဲသင်ယူနေသော ကျောင်းသားပင်တည်း..။

ယခင် နာလန္ဒာတက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ပိဋကတ်စာပေများကို ပို့ချခဲ့ပြီး ယခု
သြစတေးလျနိုင်ငံတွင် သီတင်းသုံးလျက်ရှိသောဆရာတော်ကြီးအရှင်ဇာဂရာဘိဝံသကို  နာလန္ဒာတပည့်ဟောင်းများက လမ်းလျှောက်စာအုပ်ကြီး(Walking Book)ဟု ချီးမွမ်းလေ့ရှိပါသည်။
သူကတော့ တီးတိုင်းမမြည်နိုင်သော ဗလာဗုံ(Empty Drum)ဖြစ်လိမ့်မည်။
သူ့အတန်းတွင် အမေးအမြန်းထူ၍ သိလိုစိတ်ပြင်းပြသော ရုရှားကျောင်းသားတစ်ယောက်နှင့် ဂျာမန်ကျောင်းသူတစ်ယောက်ရှိသည်။ ရိုးသားပွင့်လင်းစွာ မသိလျင် မသိသည့်အတိုင်း ခေါင်းကုတ်မျက်မှောင်ကြုတ်လေ့ရှိသော တိဘက်တပည့်များရှိနေသည်။

ထိုကျောင်းသားများထက် အလွန် တက္ကသိုလ်ဒုတိယအဓိပတိ (ပါမောက္ခချုပ်) ၏ မဆုံးနိုင်သောပညာမြတ်နိုးမှုဖြစ်သည်။ တက္ကသိုလ်အဓိပတိလားမားကြီးသည် ဘာသာစကားတော်တော်များများကို ကျွမ်းကျင်စွာ ပြောဆိုတတ်သကဲ့သို့ တိဘက်ဗုဒ္ဓဘာသာရေးလောက၏ အထင်ကရပညာရှင်တစ်ပါးလည်း ဖြစ်သည်။ ယခု လားမားကြီးက ထေရ၀ါဒဗုဒ္ဓဘာသာကို စိတ်ဝင်တစားလေ့လာနေဟန်ရှိသည်။ သူ့ကို မကြာခဏရုံးခန်းသို့ ဖိတ်ကာ သတိပဋ္ဌာန်၊ အဘိဓမ္မာနှင့် သုတ္တန်ဒေသနာအချို့ကို မေးမြန်းလေ့ရှိပါသည်။ တစ်ချို့သုတ္တန်များက ကြားဖူးနားဝသာ ရှိ၍ လက်လှမ်းမမှီသည့်အခါမျိုးလည်း ကြုံရတတ်ပါသည်။ ထိုအခါမျိုးတွင် ကျမ်းညွှန်းပေးနိုင်အောင်ပင် မှတ်သိစိတ်တို့ကို တွန်းရတတ်သည်။ ရွှီးလို့လည်း မဖြစ်..။
လွန်ခဲ့သောပထမခြောက်လပတ် စာမေးပွဲမဖြေမီကတော့ အဓိပတိလားမားကြီးကို ထေရ၀ါဒတွင် အဓိကလေ့လာသင့်သည့် လယ်တီဆရာတော်ကြီး၏ ဒီပနီကျမ်းစာများ၊ မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာရှုနည်းနှင့် ဒေါက်တာအရှင်သီလာနန္ဒ၏ သတိပဌာန်ကျမ်းတို့ကို ဓမ္မလက်ဆောင်ပေးဖြစ်ခဲ့သည်။

အမှန်တကယ် သူသည် တက္ကသိုလ်ဘုန်းနိုင်မည်သောဘော့လ်ပင်ကြီးမင်ထွက်သမျှ ဘုတ်အုပ်များ၏ လွှမ်းမိုးမှုဖြင့် တက္ကသိုလ်ဆရာဘ၀ကို စိတ်ကူးယဉ်ခဲ့ဖူးသည်မှာ မှန်ပါ၏။ သိင်္ဂါရရသတို့ဖြင့် ပြာလွန်းသော စိန်းပန်းပင်များအောက်တွင် သို့မဟုတ် ဖြူလွသော ကန့်ကော်တောတွင် အိပ်မက်ခြေထောက်ဖြင့် လျှောက်ခဲ့ဖူးပါ၏။
ယခု သူသည် တိဘက်တက္ကသိုလ်၏ စိန်းပန်းနှင့် ငုဝါတောလမ်းဖုံဖုံ၊ နှင်မှုံမှုံကြား တုန်နေအောင် လျှောက်ခွင့်ရပါပြီ။ ဓမ္မသိင်္ဂါရအငွေ့မြမြလေးဖြင့်..။

သို့သော် တက္ကသိုလ်ဆရာဘ၀ဆိုသည်ကို မြတ်နိုးအိပ်မက်ရသည်က ထပ်ဆင့်မွေးမြူရသော ၀ါသနာအခြေခံပုံရိပ်တစ်ခုသာဖြစ်ပါသည်။ သူ့ပင်ကိုယ်စရိုက်က အားလုံးကို ပျော်စေချင်သော၊ ရယ်စေချင်သော ဂျိုကာ(Joker)ဘ၀..။ သူသည် ဟာသများနှင့် ဖြတ်သန်းချင်ပါသည်။
တက္ကသိုလ်ဆရာဆိုသည်က ပျော်ရွှင်မှုကို တိုက်ရိုက်မပေးဘဲ ပျော်ရွှင်မှုဆီ သွားသောလမ်းကို ပြရသည်။
ညွှန်ရသည်။ ဘ၀နှင့် ချီ၍ ဒဿနများနှင့် လေးလံသောလမ်းကို ခင်းပေးရသည်။
ဂျိုကာ သို့မဟုတ် ကလောင်းကတော့ ပေါ့ပျက်သည်ဟု ထင်ရပေမယ့် ချက်ချင်းလက်ငင်း သောကအထုပ်ကို ဖြည်ပေးနိုင်သည်ဟု သူယုံကြည်သည်။

လွန်ခဲ့သောနှစ်က အရင်းနှီးဆုံးမိတ်တွေရဟန်းတစ်ပါးနှင့်အတူ နယ်မြို့လေးတစ်မြိုကို ရောက်သွားခဲ့ပါသည်။ ထိုမြို့လေးတွင် သူကို ချစ်သောလူငယ်များစွာ ရှိပါသည်။ သူရောက်လာသည်ဟု သတင်းကြားသည်နှင့် နေ့နေ့ညည စုဝေးရောက်လာတတ်ကြသည်။ သူပြောသောစကားများကို စိတ်အားထက်သန်စွာ နားထောင်တတ်ကြသည်။
သူသွားလေရာရာ ဆိုင်ကယ်တန်းကြီးဖြင့် လိုက်ပို့တတ်ကြသည်။ ထိုအထဲတွင် ဘာသားခြားလူငယ်တစ်ယောက်လည်း ပါဝင်သည်။ ထိုလူငယ်က ဗုဒ္ဓဘာသာစာပေများကို ဖတ်ရှုရင်း ဓမ္မအရိပ်အငွေ့တွင် ညွတ်နူးနေလေသည်။ သို့သော် မိသားစုအသိုင်းအ၀ိုင်းများကို မည်သို့ ကျော်ဖြတ်ရမည်ကို မသိဖြစ်ကာ အားငယ်နေတတ်သည်။ တစ်ညသတွင် ထိုအကြောင်းကို ရင်ဖွင့်ရင်း ထိုလူငယ်က မျက်ရည်ဝဲကာ တရှုံ့ရှုံ့ငိုပါလေတော့သည်။ ထိုအခါ သူက ဓမ္မဆိုသည်မှာ ဗဟိဒ္ဓအသွင်အပြင်၊နာမည်ခံခြင်းထက် အဇ္ဈတ္တအသိသာ အရေးကြီးကြောင်း စသည် ပါမောက္ခဟန်ပန်ဖြင့် လက်ချာပေးမိပါလေသည်။ မည်သို့မျှ မထူးခြားပါ..။ အားလုံးကလည်း စိတ်မကောင်းကြ..။

ထိုအချိန်တွင် သူ့မိတ်ဆွေရဟန်းက ဟာသတစ်ပုဒ်ကို ဘာမဆိုင်ညာမဆိုင် ၀င်ပြောတော့သည်။
'' မဆိုင်တာတွေ တွေးမနေပါနဲ့ကွာ..။ မင်းက ခက်တယ်လို့ ထင်နေတာပါ။ တကယ်ဖြတ်သန်းရင် ခက်ချင်မှ ခက်မှာပါ။ ထင်ယောင်ထင်မှားကိစ္စတွေပါ။ ဟို အသည်းမှာ ခြေထောက်ပေါက်သလိုပဲ မောင်ရင့်ဟာကလည်း '' ဟု စပါသည်။
'' မူလတန်းစာသင်ကျောင်းတစ်ခုမှာ ဆရာမက ဒုတိယတန်းကျောင်းသားကျောင်းသူလေးတွေကို အသည်းပုံဆွဲခိုင်းတယ်ကွ ။ကျောင်းသူကျောင်းသားလေးတွေက သူတို့မြင်ဖူးတဲ့ အသည်းပုံအမျိုးမျိုးဆွဲကြတာပေါ့ကွာ။
ကြီးတဲ့ဟာက ကြီး၊ သေးတဲ့ဟာသေး၊ ချွန်တဲ့ ဟာက ချွန်၊ ပိန့််တဲ့ဟာက ပိန့်။
ဒါပေမယ့် အားလုံးက ငါတို့မြင်ဖူးတဲ့ အသဲပုံမျိုးကိုပဲ တုပဆွဲကြတာပဲ..။
ဒါပေမယ့် ကျောင်းသူလေးတစ်ယောက်ရဲ့ ပုံကတော့ ဆရာမစိတ်ထဲမှာ ထူးဆန်းနေတယ်။ အသည်းမှာ ခြေထောက်တပ်ထားသတဲ့ကွ..။''
အဲဒီမှာ ဆရာမက သမီးရဲ့အသည်းက  သူများတွေနဲ့ မတူဘူး ခြေထောက်ပါနေတယ်။ အသည်းမှာ ခြေထောက်ပါလို့လား လို့ မေးလိုက်တော့
ကောင်မလေးက ဘာပြောလိုက်တယ် ထင်လဲ..''
မိတ်ဆွေရဟန်းက စကားကို ခဏရပ်ပါသည်။ ရီးဒါးဒိုင်ဂျက်စ်၏ ဟာသများတွင် ဖော်ပြသကဲ့သို့ ကလေးမလေး၏ အဖြေစကားကို မိတ်ဆွေရဟန်းက ဆက်ပြောသောအခါ သူအပါအ၀င် အားလုံး အိနြေမထိန်းနိုင်အောင် ၀ါးလုံးကွဲ ရယ်ကြသည်။
နှပ်တရှုံ့ရှုံ့ဖြစ်နေသော ဘာသာခြားမောင်ရင်လေးသည်လည်း မျက်ရည်များကြားက တဟီးဟီးဖြစ်သွားရတော့သည်။

ထိုအဖြေစကားကို မျက်နှာပူ၍ မဖော်ပြတော့ပါ။ ပါမောက္ခတစ်ယောက်၏ လက်ချာနှင့် ဂျိုကာတစ်ယောက်ရဲ့ ဟာသအကြောင်းကိုသာ ပြောလိုရင်းဖြစ်သည်။ ချက်ချင်းပြော.. ချက်ချင်ရီ(ရယ်)..။ Instant Joke!...
ချက်ချက်ပျော်ကြစေသတည်း..။

ဓမ္မဂင်္ဂါ
(၀၁-၀၂-၂၀၁၂)
(စာဆက်ရေးဖို့ အရှိန်ယူရင်း စိတ်ကူးထဲ ပေါ်ရာများကို ကောက်ခြစ်မိခြင်းဖြစ်သည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...