Wednesday, February 22, 2012

မြကျွန်းညိုသို့

by May Kyi on Tuesday, February 21, 2012 at 5:26pm ·
 
ဆောင်းအကုန် နွေအကူး အချိန်မှာ သူငယ်ချင်းနဲ့အတူ လမ်းလျှောက်ကြရင်း ရန်ကုန်တက္ကသိုလ်ဝင်း ပတ်ရန် စိတ်ကူးကြတယ်။ မနက်ပိုင်း တခါတော့ လျှောက်ဖူးသား။ မနက်စောစော အင်းလျားကန်ဘောင်မှာ လမ်းလျှောက်သူ လေ့ကျင့်ခန်းလုပ်သူများနဲ့ ကက်ဆက်သံ ရေဒီယိုသံ လူသံ ဆူညံရှုပ်ထွေးသလောက် အင်းလျားလမ်းက လူသူ ကင်းမဲ့လွန်းတယ်။ လမ်းလျှောက်သူ တယောက်စ နှစ်ယောက်စ ကိုသာ တွေ့ရတယ်။ ကားအသွားအလာလည်း နည်းတယ်။  ဒီအချိန် ဘုရင်နောင့်လမ်းမကြီး အင်းစိန်လမ်းမကြီးဘက်ကို ထွက်သွားရင် ဘတ်စ်ကားတွေလည်း ပြေးနေပြီ။
သိရိမင်္ဂလာဈေးသစ်ကို ကုန်စိမ်းကြိုတဲ့ကားတွေ ဂယ်လီတွေနဲ့ ရှုပ်ထွေး စည်ကားနေပြီ။ ပဲပြုတ်သည် ကုန်စိမ်းသည် ဆိုက္ကားသမား ခေါ်သံအော်သံ သောသောညံနေကြပြီ။ အင်းလျားလမ်းတွင်ကား မိုးမလင်းသေး။ တိတ်ဆိတ်မှောင်မိုက် နေဆဲပင်။


တက္ကသိုလ်ရိပ်သာလမ်းကနေ အဓိပတိလမ်းကိုမျှော်ကြည့်မိတော့ မီးရောင်က ခပ်မှိန်မှိန်။ မနက်စောစော ဥသြသံကို ကြားရတော့ ဘယ်ဝယ်လွမ်းရမှန်းမသိ။ တောင်ငူဆောင် အမရဆောင်တို့ကား မှောင်မိုက်ငြိမ်သက်လျက်။ တက္ကသိုလ်ရိပ်သာလမ်းက ပိတောက်ပင်တွေ အကိုင်းအခက် နည်းပါးကုန်ပြီ။ ခါတိုင်းလို အုပ်ဆိုင်းနေခြင်းမရှိတော့။ ဓမ္မာရုံရှေ့က အရွက်အကုန်ကြွေပြီး ရိုးတဲကျဲကျဲရှိမှ ပိုလှတဲ့ အပင်ကိုလည်း မမြင်ရတော့ဘူး။ ခုတ်ပစ်လိုက်တာလား။ သေသွားတာလား မသိတော့ပြီ။



သူငယ်ချင်းအတူ လမ်းလျှောက်ဘို့ ချိန်းကြတော့ မနက်စောစော မလျှောက်ဖြစ်ကြဘူး။  ညနေ ၅ နာရီခွဲကျော်ကျော်မှာ စီးပွားရေးတက္ကသိုလ် ၀င်းဒေါင့် အင်းလျားလမ်းနဲ့ ပြည်လမ်းကနေ ခရီးစဉ် စတယ်။ အဲဒီဒေါင့်က အီကိုကျောင်းဝင်းထဲမှာ အရင်က ယူကလစ်ပင်ကြီးတပင်ရှိတယ်။ ပင်စည်က အရောင်မျိုးစုံပြောင်းနေတာ။ အရမ်းလှတယ်။ ကျောင်းက အဆောင်ကနေ အင်းယားကိုထွက်ရင် အဲဒီအပင်ကို အမြဲလိုလို ကြည့်မိတယ်။ တခါကြည့် အရောင်ကတမျိုး။ တလောဆီက ကြည့်မိတော့ အပင်ကြီးကို ချိုင်ထားသလိုဘဲ။ အရင်လို အမြင့်ကြီးမဟုတ်တော့ ကြည့်ရတာ မလှတော့ဘူး။



မာလာဆောင်ရှေ့ရောက်တော့ မနေနိုင်မထိုင်နိုင် ကြည့်မိပြန်ရော။ သင်ကြားရေးအဆောင်တခုဖြစ်နေလို့ တော်သေးတာဘဲ မှတ်ချက်ချရတယ်။ မာလာဒေါင့်က သစ်တိုပင်ကြီးကို ပြရသေးတယ်။ သီရိဆောင်ဘက်ကို ကြည့်လိုက်တော့ ၀င်းထဲမှာ အမျိုးသားတွေ ခြင်းခတ်နေတာ မြင်ရတယ်။ ကားတွေ ရပ်ထားတာလည်း အများကြီး။ ပြည်လမ်းအခြမ်းဘက်က ခြံစည်းရိုးကိုလည်း ရှင်းပစ်ထားလို့ အဆောင်ဘေးနံရံကို ထင်းထင်းကြီး မြင်နေရတယ်။


ဂျပ်ဆင်တံခါးပေါက် ဖွင့်ထားလို့ ကျောင်းဝင်းထဲက ဖြတ်လျှောက်ဘို့ ကြံစည်ကြတယ်။ သီရိဆောင်ရှေ့ရောက်တော့ ဂျပ်ဆင်ကိုနောက်ခံထားလို့ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကြတယ်။ ကျောင်းထဲ မရောက်တာ ဆယ်နှစ်ကျော်ပြီလို့ ပေါက်က တ သ တဲ့ လေသံနဲ့ ဆိုတယ်။


သီရိဆောင်ရှေ့မှာတော့ အသစ်စက်စက် ဆိုင်းဘုတ်တခု။ ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးစီမံကိန်းအဖွဲ့ ဆိုတာကိုဘဲ ဖတ်မိလိုက်တယ်။ မျက်စိထဲ သဲနဲ့ ပက်လိုက်သလိုဘဲ။ မာလာ ဘ၀ပြောင်းသွားတာကမှ အင်္ဂလိပ်စာသင်ကြားရေး ဗဟိုဌာနဆိုလို့ လက်ခံနိုင်သေးတယ်။ အခု သီရိက ဘယ်နှယ့် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံး ဖြစ်သွားပါလိမ့်။ ကုန်ပါပြီ။ သီရိ သိမ်းပိုက်ခံလိုက်ရပြန်ပြီ။

မောင်ဝဏ္ဏနဲ့ ပန်းတွေနဲ့ဝေ ကို ချက်ချင်း သတိရမိတော့တယ်။ ဒီဆိုင်းဘုတ်နဲ့ဆို ပန်းတွေနဲ့ဝေကို ဘယ်လို ပြန် ခံစားရမှန်းတောင် မသိတော့ဘူး။ သီရိဆောင်ရှေ့က ရေတမာရိပ်မှာ ခိုကာ ည ည သီရိသူတွေကို တေးခွန်းချိုဖွဲ့ခဲ့သူတွေ ခုနေ ဒီဆိုင်းဘုတ်မြင်မိရင် အကုန် စိတ်လေကုန်တော့မယ်။ သွားပါပြီ။


ဂျပ်ဆင်နောက်ဘက်ကို အရင်လို တည့်တည့်သွားလို့မရတော့။ သံတိုင် ခြံစည်းရိုးတွေ ခတ်ထားတဲ့  အပေါက်သေးသေးက လှည့်ထွက်ရတယ်။ ဂျပ်ဆင်နောက်ဘက်က စင်္ကြန်က နည်းနည်း ပျက်စီးနေပြီ။ ဘယ်ဘက်မှာတော့ အပန်းဖြေရိပ်သာ ( RC )။ အာရ်စီနောက်မှာ ချုံ တော ထ နေပြီ။


ပထမနှစ်တုန်းက သမိုင်းဝင်းမှာ ကျောင်းတက်ရပေမဲ့ ကျောင်းလခ အဆောင်လခ သွင်းဘို့ မိန်းကိုလာရင် အပန်းဖြေရိပ်သာကို တကူးတက လာရတယ်။ သိပ်ခမ်းနားကြီးကျယ်တာဘဲလို့ တောကတက်လာတဲ့ ပထမနှစ်ကျောင်းသူရဲ့ စိတ်မှာ တွေးမိတယ်။ ကျောင်းအမှတ်တရ တီရှပ် စာအိတ် လာ လာ ၀ယ်တယ်။ အိမ်ကို စာထည့်ရင် ရန်ကုန် စီးပွားရေးတက္ကသိုလ်ဆိုတဲ့ စာအိတ်နဲ့ ထည့်ချင်တာကိုး။


အပန်းဖြေရိပ်သာကိုလာရင် ပတ္တလားသံ အမြဲ ကြား ရတယ်။ အာရ်စီက အိမ်သာ ကျင်ငယ်နံ့ ပြင်းထန်တာကိုလည်း အမှတ်ရနေဆဲ။ အာရ်စီထဲမှာ လုပ်တဲ့ အားကစားပြိုင်ပွဲတွေ ပြည်ထောင်စုနေ့နီးလာရင် လုပ်တတ်မြဲ တိုင်းရင်းသား ရိုးရာအစားအစာ ရောင်းချပွဲတွေ။ ကယား ကချင် အသင်းတွေက ရောင်းတဲ့ ခေါင်ရည်။ မန္တလေးအသင်းက ကြာဇံချက်။ မမေ့နိုင်ဘူး။


လက်ရှိ အာရ်စီကို မြင်မိတော့ ရင်နာလိုက်ရတာ။ တကယ်ဆို ကျောင်းသားကျောင်းသူတွေနဲ့ သက်ဝင်လှုပ်ရှား ဆူညံ စည်ကားနေရမှာ။ အခုလိုမျိုး သံတိုင်စည်းရိုးတွေခတ်ထားပြီး ချုံ ထ နေ ဘို့ မဟုတ်ဘူး။ မဖြစ်ရဘူး။ သမိုင်းဝင်းကို မြင်ရတာထက် ပို စိတ်ထိခိုက်တယ်။
ဂျပ်ဆင်ကနေ အဓိပတိလမ်းကို ဖြတ်လျှောက်တော့ လမ်းက ၀န်ထမ်းအိမ်ကလေးတခုရှေ့မှာ ကွမ်းယာဆိုင်ကလေးတခု တွေ့တယ်။ တကယ် တောကြိုအုံကြားထဲ ရောက်နေသလိုဘဲ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဆိုင်လို့ ထင်စရာ မရှိသလောက်ဘဲ။


အဓိပတိကိုလမ်း ဖြတ်ခဲ့တယ်။ နာဂစ်ကြောင့် အပင်တွေ တော်တော် ထိသွားတော့ သစ်ရိပ်က နည်းသွားပြီ။ အရင်ကဆို ကုလားမယ်ဇလီနဲ့ ရေတမာတွေ ပိတ်နေတာ။ လျှောက်လာရင် အဓိပတိလမ်းမှာ ဆိုင်းဘုတ်အသစ်တခု တွေ့လိုက်ပြန်ရော။ “ပင်းယ စစ်ကိုင်း အင်းဝ သထုံ ပဲခူးကျောင်းဆောင်များသို့”တဲ့။ ဆိုင်းဘုတ်က အသစ်စက်စက်။ ကျောင်းဆောင်မှာ ကျောင်းသားတွေမှမရှိတာ။ ဘယ်အတွက် လမ်းညွှန်ဆိုင်းဘုတ် လာပေးထားပါလိမ့်။


သမဂ္ဂနေရာဟောင်းရောက်တော့ ဂူကို အလေးပြုလိုက်သေးတယ်။ ကျောင်းစောင့် အဘိုးကြီးတွေ လှမ်းကြည့်နေကြတယ်။ သမဂ္ဂ၀င်းထဲမှာ ချုံတွေ ရှင်းထားတယ်။ အပင်တွေ ပြန်စိုက်ထားတာ တော်တော်ကြီးနေပြီ။ ညာဘက်မှာတော့ တောင်ငူဆောင် အမရဆောင် ရာမညဆောင်။ ဒီနားရောက်ရင် တောင်ပိန္နဲပင်နဲ့အသီးတွေကို အလိုလို မြင်မိတယ်။

လှည်းတန်းဈေးကအပြန် ရာမညအပေါက်က ၀င်၊ ရွှေဘိုဆောင်ဘေးက ဖြတ်ပြီး ဂျပ်ဆင်ကင်တီး မာလာကင်တီး အီကိုကင်တီးကိုဖြတ်ကာ ကျောင်းကို ပြန်လေ့ရှိတယ်။ တခါ ဖီးကြမ်းငှက်ပျောသီး ဆွဲပြီး ပြန်လာလို့ ရွှေဘိုဆောင်က   ကျောင်းသားတွေက  မျောက်မလေးတွေလို့ အော် ကြ တာ ကို သတိရမိတယ်။


အဓိပတိလမ်းက ထွက်ပြီး တက္ကသိုလ်ရိပ်သာလမ်းကိုရောက်တော့ တက္ကသိုလ်ဆေးရုံကို မြင်ရပြီ။ ဆေးရုံးဘေးက စာအုပ်ဆိုင် အဆောင်မှာ စာအုပ် လာ လာ ထုတ်ရတယ်။ လူတိုးလို့ အကျီတောင် ပြဲ တယ်။ ယမုန်တယောက် စာမေးပွဲကို ဆေးရုံတက်ဖြေရတာလို့ ပေါက်က ပြောတယ်။ အခုကော တက္ကသိုလ်ဆေးရုံက ဆေးကုသလား လူနာရှိသလား မသိတော့ပြီ။ ဆိုင်းဘုတ်ကတော့ တက္ကသိုလ်ဆေးရုံ ဆိုဆဲ။


သိပွံတိုးချဲ့ဆောင်ဘက်ကိုရောက်လာတယ်။ မျက်နှာချင်းဆိုင်က ဆရာ ဆရာမတွေရဲ့ လုံးချင်းအိမ်တွေ ဆရာတွေရဲ့အဆောင်။ ဆရာ အယ်လ်ဂျေ ကံကြီး ကို သတိရတယ်လို့ ပေါက်က ထုတ်ပြောတယ်။ ဆရာရဲ့ အမြဲပြုံးနေတဲ့ မျက်နှာကို မြင်ယောင်မိတယ်။

တက္ကသိုလ်ရိပ်သာလမ်းက လှည်းတန်းဘက်ကို ဆင်းချလာတဲ့ အလုပ်သမားတွေကို တွေ့ရတယ်။ တက္ကသိုလ်ရိပ်သာလမ်းမှာ ဆောက်လုပ်ရေးတခုခု ကြီးကြီးမားမား ရှိနေပုံဘဲ။ မနက်အစောကြီး လျှောက်တဲ့နေ့ကလည်း သူတို့ လှည်းတန်းဘက်က တက်လာတာ တအုပ်ကြီးဘဲ။


ကားမှတ်တိုင် အဟောင်းလေးဆီရောက်လာတယ်။ မင်းလူ ၀တ္တုမှာ ခဏခဏ ပါတဲ့ မှတ်တိုင်လေး။ စစ်ကိုင်းလမ်း။ စာကြည့်တိုက်ရှေ့က ကံ့ကော်တောကို မြင်ယောင်မိတယ်။


ရန်ကုန်တက္ကသိုလ် နှစ် ၉၀ ပြည့်ပြီ။ နှစ် ၁၀၀ ပြည့်တော့မယ်။ ကျောင်းထဲမှာ ကျောင်းသားကျောင်းသူတွေ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် တက်ကြွလှုပ်ရှားသွားလာနေတာ ဘယ်တော့များမှ ပြန် မြင်ရလဲ။ ရန်ကုန်တက္ကသိုလ်က အဆောက်အဦးတွေ အကုန် ရာဇ၀င်တွေနဲ့။ အလည်လာတဲ့ ဝေးရပ်ခြားက ဧည့်သည်တွေကို လည်ပတ်ကြည့်ရှုစရာ နေရာတခုအဖြစ် လုပ်လို့ရတယ်လို့ ပေါက်က တွေးတယ်။ အဲသလို မလုပ်ခင် ကျောင်းကို ကျောင်းနဲ့တူအောင် လုပ်ဘို့က အရင် ဖြစ်ရမှာလေ။ ဘယ်တော့များမှ အရင်လို ပြန်ဖြစ်မလဲ။


အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဒေါင့်မှာ ကားတွေ မီးနီမိနေတယ်။ အင်းလျားလမ်းကို ဖြတ်လာလို့ လမ်းဘေးမှာ အပင်တွေ အုပ်ဆိုင်းလို့။ ဒညင်းပန်းအနံ့မွေးမွေးကို ရတယ်။ ကြည့်လိုက်တော့ ခြံဝင်းတခုမှာ ဒညင်းပင်ပျိုလေး။ ပွင့်နေလိုက်တာ ခဲနေတာဘဲ။ ကံ့ကော်တွေက ဖူးဆဲ။


ရတနာဆောင်ရှေ့ရောက်တော့ မာလာဆောင်နဲ့ ရတနာဆောင်က ဒီဇိုင်းတူတာကိုပြောဖြစ်တယ်။ ရတနာသူကိုတော့ ဘယ်သူမှ လာရောက် မထိသေးဘူး ထင်ရတာဘဲ။ စက္ကူပန်းရုံတခု ခြံစည်းရိုးမှာ အစွမ်းကုန် ပွင့်နေတယ်။ လှလိုက်တာ။ လူနည်းနည်းနဲ့ ပန်းများများရှိစေချင်တဲ့ မြနန္ဒာအကြောင်း ပြောဖြစ်ကြပြန်ရော။


အင်းလျားဆောင်။ အင်းလျား မာလာဆောင်ရှေ့မှာ ကောင်လေးတွေ သီချင်းဆိုတာ မြင်ဖူးချင်လို့ အပြင်ထွက်အိပ်တုန်းက သူငယ်ချင်းတယောက် လိုက်ပို့ဖူးတယ်။ ကားထဲမှာ မိန်းကလေးတွေပါလာတာ သိမှာစိုးလို့ မီးလုံးဝမထွန်းဘဲ ခပ်လှမ်းလှမ်းက ကြည့်ကြတယ်။ ခိုင်ထူး မာလာဆောင်ရှေ့ သီချင်းဆိုတာကို မြင်ဖူးခဲ့တယ်။


ထင်ရှားလှတဲ့ အင်းလျားဆောင်။ အင်းလျားဆောင်ကတော့ ခေတ်အဆက်ဆက် ဇာတ်လိုက်ပါဘဲ။ ကြည်အေး ၀တ္တုတွေထဲက အင်းလျားဆောင် အကြောင်းကို ပြောရင်း ကြည်အေး စာများကို နှစ်ယောက်သား ပြန်လည် ရွှတ်ဆိုကြတယ်။ အထွေး ကေ ထိပ်တင်မထွေး မြနန္ဒာ တင်မေ …………။ အသက်ကို မြှင်း၍ ရှုရတယ်တို့ ပေါက်တယောက် ရေရွတ်ခဲ့သေး။ ကြည်အေးရဲ့အတွေးတွေ အရေးအသားတွေ ခုထိ ဖမ်းစားခံနေရဆဲ ခံနေရမြဲ။


အင်းလျားသူတယောက်ဖြစ်တဲ့ ကိုယ် နှစ်သက်တဲ့ စာရေးသူ မိုးမိုး(အင်းလျား) သတိရတယ်။ နာမကျန်းသည့်အိုနှင်းဆီ။ ဆောင်းခင်ကို ဘယ်တော့မှ မေ့မည်မဟုတ်။ ထိုနေ့က မီးမလာပါ ကို အရင်ကထက် ခုမှ ပိုခံစားနိုင်တာကို သတိထားမိတယ်။ နောက်ပိုင်းရေးတဲ့ မုဒိတာ ကိုလည်း ခုထိ တ သ သ ဖြစ်ဆဲ။


စိမ်းလန်းစိုပြေဘက်ကိုရောက်တော့ ညနေရွှေရောင်နေခြည်တွေ ရုတ်သိမ်းကုန်ပြီ။ တေးသံသဲ့သဲ့ကို ကြားရတယ်။ ပွဲလမ်းအခမ်းအနား တခုခု ရှိပုံဘဲ။ အီကိုရှေ့ ကျောင်းအရှေ့ဆိုပေမဲ့ တကယ့်စစ်စစ်က ကျောင်းအနောက်ဘက်ပါ။ အနောက်ဘက်ကို ၀င်ပေါက် အရှေ့အဖြစ် သတ်မှတ်ကာ ကျောင်းရှေ့စစ်စစ်ကို အနောက်ဘက် လုပ်ပစ်ထားတာ။ ဆိုင်းဘုတ်ကို ပြောင်းပြန်တပ်လို့ရပေမဲ့ လုပ်ချင်သလို လုပ်လို့ရပေမဲ့ ကျောင်းရှေ့ဘက်က ကော်ရစ်ဒါကိုတော့ ပြောင်းတပ်လို့ မရချေ။ ထိုအတူ ကျောင်းသားကျောင်းသူများရဲ့ စိတ်ကိုတော့ ပြောင်းလို့ရလား။ ရွာသာကြီး ပို့သည်ဖြစ်စေ တာဝရောက်သည်ဖြစ်စေ ရိုးသားလွတ်လပ်ပွင့်လင်းတဲ့ မဟုတ်မခံတဲ့ ကျောင်းသားကျောင်းသူရဲ့ မူလဗီဇစိတ်ကိုကော ပြောင်းလို့ရသလား။


လေညင်းလေး တသုန်သုန်တိုက်တဲ့ အင်းလျားကန်ဘောင်မှာ ထိုင်နေရင်း ကျောင်းကို ပြန်ကြည့်မိတော့ မြကျွန်းညိုညို ကွန်းခိုရာတက္ကသိုလ် ဆိုတာကို ကောင်းစွာ သဘောပေါက်မိတယ်။ အိုင်ဘီစီဘက်က ဆိုင်းသံ ကြားရတယ်။ ကင်မရာမီးရောင်လက်သွားတာကိုလည်း မြင်မိရဲ့။ အင်းလျားကန်ကို နဂိုမူလအတိုင်း ထား ထားလို့ တော်သေးဆိုရပေမဲ့ ကန်စောင်းက ကျောင်းနဲ့မဆိုင်လှတဲ့ စားသောက်ဆိုင်တွေကိုတော့ ဘ၀င်ကျလှတာ မဟုတ်ဘူး။


အလင်း ကောင်းစွာ မပျောက်သေး။ မြူတွေကြားက ရေပြင်ကျယ် အဝေးက ကျွန်းတွေက တောအုပ်တွေလို ညို့မှောင်လို့။  သြကာသလောကအလှမှာ နှစ်ယောက်သား မေ့မောနေကြတော့တယ်။ အချိန်တန် ပျောက်ကွယ်သွားမှာ ကုန်ဆုံးသွားမှာ သိရက်နဲ့ အခိုက်အတန့်မှာတော့ ကြည်နူးသာယာမိကြတယ်။ ဆင်ခြင်ဥာဏ် ၀င်လာရင် ခံစားမှုဒီဂရီက လျော့ပါးသွားတယ်။ အနူုမီးကင်တာလို့ ပေါက်ကပြောတော့ ခဏတော့ ကင်ပါရစေလို့ ဆင်ခြေ ၀င်ချင်တယ်။ သြကာသလောက အလှကို မခံစားနိုင်တဲ့လူတွေကို သနားစရာလို့မြင်မိတယ်။


မှောင်လာပြီ။ လေက စိမ့် လာတယ်။ အင်းလျားကိုကော မြကျွန်းညိုညို တက္ကသိုလ်ကိုပါ နှုတ်ဆက်ခွဲခွာ ပြန်လာခဲ့တော့တယ်။


မေကြည်
၂၀၁၂၀၁၂၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...