Wednesday, February 22, 2012

အရောင်များ

by Win Ko on Wednesday, February 22, 2012 at 7:58pm ·
 
ဘဝဆိုသည်မှာ အံ့မခန်းစရာများနှင့်ပြည့်နှက်နေတတ်သည်။ အချိန်တို့နှင့်တပြေးညီ ဘဝတို့သည်လည်း အစုန် အဆန်ပြေးလွှားနေကြရသည့် သဘောရှိသည်။
တချိန်က ကျနော်တို့ရဲဘော်တစု အေးအတူပူအမျှ အရာရာကို မျှဝေခံစားခဲ့ကြရင်း ရည်ရွယ်ချက်ပန်းတိုင်ကို အတူတကွ လျှောက်လှမ်းခဲ့ကြသည်။ သူ့ဘဝ ကိုယ့်ဘဝ ပေးထားကြသူများဖြစ်သည်။
စိမ်းညို့ညို့တောင်တန်းများ ပတ်လည်ဝိုင်းနေသော တောင်ကုန်းလေးပေါ်တွင် ကျနော်တို့တပ်စခန်းလေးမှာ တသီးတခြား ကိုယ်ပိုင်နယ်မြေလေးအဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်ခဲ့သည်။ တပ်စခန်းလေးအတွင်းရှိ ရဲဘော် အားလုံးမှာ ညီရင်းအကိုပမာ ချစ်ခင်ခဲ့ကြ၊ အမှတ်ရစရာတွေကလည်း တပုံတပင် ရှိခဲ့သည်။
တဦးနှင့်တဦး အကျင့်စရိုက်၊ ဝါသနာ မတူညီကြ။ ရည်ရွယ်ချက်ပန်းတိုင်မှာတော့ အတူတူပင်ဖြစ်သည်။
ရဲဘော်အောင်စိုးက အဆိုတော်၊ အသားမည်းမည်း ဗိုက်ရွှဲကာ မျက်နှာပြင်တခုလုံး ကျောက်ပေါက်မာ ဗလပွနဲ့ ဆံပင်က တတောင်နီးပါးရှည်သည်။ ထွန်းအိဒ္ဒြာဗိုလ် သီချင်းဟူသမျှ အကုန်ရသည်။ အသံနေအသံထား အဆွဲ အငင်ကအစ အကုန် နားထောင်ကောင်းလွန်းသည်။ ညချမ်း နေဝင်ဆည်းဆာချိန်ရောက်တိုင်း ထမင်းစားစင် ပေါ်တက်ကာ ရဲဘော်အားလုံးကို သီချင်းဆို ကပြတတ်သည်။ ပုံဆိုးပန်းဆိုးပေမဲ့ ကြည့်ကောင်းလွန်းသော ကြောင့် ဆုကြေးအဖြစ် “လှကျော်” ဆေးပေါ့လိပ် အမြဲရတတ်သည်။ ယခုတော့ ဘယ်ဆီဘယ်ဝယ်ရောက်နေပြီ မသိ။
ရဲဘော်စိုးပိုင်ကိုတော့ ချစ်စနိုးဖြင့် “ပွကြီး” ဟု အမည်ပြောင်ဖြင့် ခေါ်ဝေါ်ကြသည်။ တောင်ငူသားဖြစ်ပြီး ထောင် ထောင်မောင်းမောင်း ဆံပင်ရှည်မထားတတ်၊ အမြဲ ကတုံးဖြင့်သာ နေလေ့ရှိသည်။ လေယူလေသိမ်းကအစ အညာသားဟန်ပြည့်နှင့်။ ဓားမတောင်းလျှင်“ဓားမ”ဟုမပြော၊ “ဓားမအို”ဟု သုံးနှုန်းသည်။ “လွှဲကန်ပစ်လိုက်မည်” ဟု ဆိုလျှင်လည်း “ဟီးလေးခိုလိုက်လို့ကတော့” စသဖြင့် အလုပ်ခိုင်းလိုက်လျှင် တလုပ်ကနေ နောက်တခု ဆက်ခိုင်း၍မရတော့။ ခိုင်းလိုက်သည်နှင့် သီချင်းလေးဆိုကာ ရွံ့လိုက်ရမှ ကျေနပ်သူ.. “ဝိုင်းစိန်..ဝိုင်းစိန်... နင်ငါ့ကို နွားမှတ်နေသလား..ဝိုင်းစိန်ရ.. ဟား..ဟား..ဟား..ဟား...” စသဖြင့် လှောင်လွန်းသူဖြစ်သည်။
တနေ့ ရဲဘော်တွေစားရန်အတွက် တောတွင်းသို့ ဟင်းရှာသွားရင်း ရန်သူတပ်နှင့်တိုးကာ တိုက်ပွဲတွင်ကျဆုံး သွားရသည်။
ရဲဘော် အောင်မျိုးသိန်းက စိတ်မြန်လက်မြန်သလို သတ္တိကောင်းသည်။ တိုက်ပွဲဖြစ်လျှင် ကျေနပ်ပျော်ရွှင်နေ တတ်သည်။ လက်ရဲဇက်ရဲ ရှိသည်။ သတ်ဖြတ်ရန် အထုံပါလာသူဟုပင် ဆိုရမည်။ နောက်ဆုံး သူ့အတက် သူ့ပြန်စူးကာ ငယ်ငယ်ရွယ်ရွယ် နှင့် ဘဝတပါးသို့ ပြောင်းသွားခဲ့ရသည်။ သူ့ဘဝအကြောင်းကို “ကြွေလွင့် ရွက်စိမ်း” ခေါင်းစဉ်ဖြင့် အမှတ်တရ ကျနော်ရေးဖွဲ့ဖူးပါသည်။
ရဲဘော် စိုင်းနောင်က ရှမ်းအမျိုးသားတဦးဖြစ်သလို ထိုင်းဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။ မဟာမိတ်ဆက်ဆံရေးအရ ထိုင်းစစ်တပ်နှင့်စကားပြောသောအခါ တဦးတည်းသော စကားပြန်ဖြစ် လေသည်။ သူလည်း ကံကြမ္မာရိုင်းကြောင့် အချစ်အတွက်နှင့် သေပွဲဝင်သွားရရှာသည်။
ရဲဘော်ကျော်မိုးက ဧရာဝတီတိုင်းသား။ အသားမည်းမည်း ပိန်ပိန်ပါးပါးနှင့် ဆံပင်ရှည် အမြဲထားတတ်သည်။ အရက်အလွန်ကြိုက်တတ်သလို ငါးပိကိုတော့ အလွန်ရွံ့မုန်းသူဖြစ်သည်။ ဘယ်သောအခါမှ ငါးပိမစားပေ။ စည်းရုံးရေးအားကောင်းပြီး ရန်ငါစည်းပြတ်ကာ တိုက်ပွဲအလီလီကို ဆင်နွှဲခဲ့ဖူးသည်။ ခရီးသွားရာတွင် မြန်သလို ရဲဘော်များ မနိုင်သောပစ္စည်းများကို ကူညီထမ်းပိုးကာ မမောမပန်း ခရီးနှင်တတ်သည်။ နောက်ဆုံး သူအလွန် နှစ်သက်သော အရက်ကြောင့်ပင် အသဲကျွမ်းကာ ဘဝကူးပြောင်းသွားရသည်။
ရဲဘော် ဇော်ထွေးက မွန်ပြည်နယ် ဘီးလင်းသား၊ မွန်မြန်မာစပ်ဖြစ်ပြီး အားလုံးထဲမှာ အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ထည် တောင့်တင်းခိုင်မာဆုံး ဖြစ်သည်။ ရဲဘော်အားလုံးမှ သူ့ကို ချစ်ကြောက်ရိုသေကြသည်။ တိုက်ပွဲဖြစ်လျှင် ရှေ့ဆုံးမှ တက်တိုက်တတ်သလို ရန်သူ့လက်နက်ကို ရအောင်ယူလေ့ရှိသည်။ အုပ်ချုပ်မှုပညာ ကို နိုင်နင်းသူဟု ဆိုရမည်။
ရဲဘော် လင်းလင်းက ဟင်းရှာအလွန်ကောင်းသလို မဟုတ်မခံစိတ်ရှိသူလည်း ဖြစ်သည်။ ရှေ့တန်းစစ်မြေပြင် ထွက်တိုင်း တပ်စုဟင်းစားမငတ်ရေးအတွက် တာဝန်ကျေပွန်သည်။ ရေချောင်းထဲသို့ ရောက်သွားပါက ဝါးတွင် သံချွန်တပ်ကာ ဓားမြှောင်တချောင်းကိုကိုင်ပြီး သံချွန်တပ်ထားသော ဒုတ်ဖြင့် ထိုးဆွရင်း အသံနေအသံထားကို နားထောင်ကာ ဓားမြှောင်ဖြင့်သဲစပ်ကိုထိုးသွင်းလိုက်သည်။ လက်ပြန်မြှောက်လိုက်သည်နှင့် ရေလိပ်တကောင် ပါလာစမြဲ။ တနာရီအတွင်း ရေလိပ် ၆ ကောင် ၇ ကောင် အသာလေး ဖမ်းနိုင်သူဖြစ်သည်။ ကျွမ်းကျင်ရာ လိမ္မာ ဟု ဆိုရပေမည်။
ရဲဘော် သိန်းဇော်က ကလန်ကလား မိုးထိုးမတတ် အရပ်အမောင်း ပိုင်ရှင်။ သာယာဝတီ သုံးဆယ်သား။ အကောင်ကြီးသလောက် အကြောက်ကြီးသူလည်း ဖြစ်သည်။ ပြစ်ဒဏ်အပေးခံရဆုံး မှတ်တမ်းဝင်ရဲဘော်ကြီး..။
          ရဲဘော်ဆန်းမင်းပိုင်စိုးက မျောက်ဝင်စား၊ ရောက်ရာအရပ်သစ်ပင်တက်ရမှ နေပျော်သည်။ ပုပျပ်ပျပ်နှင့် သစ်ပင်တက်မြန်သလို လင့်စင်ထိုးကာ သစ်ပင်ပေါ်၌သာ အိပ်စက်တတ်သည်။ အလွန်မြင့်မားသောအပင်ကြီး များကိုပင် ရအောင်တက်နိုင်သည်။ လမ်းမှားနေပါက သစ်ပင်ပေါ်တက်ကြည့်စေကာ လမ်းရှာဖွေပေးရသူလည်း ဖြစ်သည်။ သူ့နေရာနှင့်သူ အံဝင်ဂွင်ကျ ဖြစ်နေသည်။
          ရဲဘော်ရဲမင်းထိုက်က ပဲခူးတိုင်း အုတ်ဖိုဇာတိဖြစ်ပြီး အနုပညာကျောင်းဆင်းတစ်ယောက်၊ အကအလွန် ကောင်းသလို အလွန်အသန့်ကြိုက်သူလည်းဖြစ်သည်။ စည်းကမ်းကြီးလွန်း၍ သူနှင့်အတူနေရသည်မှာ ဒုက္ခ အလွန်ရောက်ရသည်။ အ၀တ်အစားကအစ ကျော့နေအောင်ဝတ်ဆင်သည်။ ရေမချိုးရမနေနိုင် အသွားအပြန် တစ်နာရီခွဲကျော်ကျော် သွားရသောရေခပ်ဆိပ်သို့ မညီးမညူသွားတတ်သည်။ နှလုံးရောဂါရှိ၍ ၀မ်းသာ၍မရ ၀မ်းနည်း၍မရ ရင်တမမနဲ့စောင့်ကြည့်နေရသည့်ရဲဘော်။
          ရဲဘော်ရန်နိုင်က ခေါင်းဆောင်ဖြစ်သလို စိတ်သဘောထားနူးညံ့သိမ်မွေ့သည်။ ကိုယ်လုံးကိုယ်ထည်က ခပ်ညှပ်ညှပ် စကားပြောရာမှာလေးလုံးမကွဲ မနည်းနားထောင်ယူရသည်။ အလုပ်လုပ်ရာတွင် တိကျလွန်းသည်။ စဉ်းစားရာတွင်လည်း တမူထူးခြားသည်။ ဒူးနှစ်လုံးကြားခေါင်းကိုညှပ်ပြီး လက်နှစ်ဖက်ကလည်းခေါင်းကို အုပ်၍ ကိုင်ထားတတ်သည်။ အလုပ်တစ်ခုကိုမဖြစ်မနေလုပ်တတ်ပြီး ဇွဲကောင်းလွန်းသူလည်းဖြစ်သည်။ အချိန့်ပြည့် အတွေး ဖြင့် တိုက်ပွဲဝင်နေသူ၊ စကားပြောခဲသည်။ ပြောပြီးလျှင်လည်း လက်တွေ့အကောင်အထည်ဖော်ပြီး အလုပ်နှင့် သက်သေပြတတ်သည့် ရဲဘော်ကြီး........။
          ရဲဘော်သန်းလွင်ဦးက အသက်အငယ်ဆုံးဖြစ်ပြီး ဆယ့်လေးနှစ်သားကျော်ကျော်သာရှိသည်။ အမြဲတမ်း ငရဲကြီးရှစ်ထပ်ဟူသော သီချင်းကိုဟစ်ကြွေးနေတတ်သလို ဆေးလိပ်ကိုလည်း လက်ကချသည်မရှိ။ ဖင်မီးခိုးထွက်မတတ် သောက်သုံးသူ။ ဆေးလိပ်နှင့်ပတ်သက်၍ ပြောမရ၊ ဆိုမရ ဆေးလိပ်မရှိလျှင် ဇီးဖြူရွက် ကိုမီးကင်ချေမွှပြီး စက္ကူဖြင့်လိပ်၍သောက်သည်။ နောက်ပိုင်း ချောင်းဆိုးသွေးပါ၍ တီဘီရောပါအကြီးအကျယ် စွဲကပ်လာသည်။ ဆေးရုံးသို့ပို့၍ ကုသပေးသော်လည်း ဆေးရုံးမှဆင်းပြေးပြီး ဆေးလိပ်သောက်ရင်း လမ်းဘေး တနေရာမှာ သေပွဲဝင်သွားခဲ့ရသည်။
          ရဲဘော်မောင်ဝင်းက ကျွန်တော်တို့အားလုံးထဲမှာ အသက်အကြီးဆုံးဖြစ်သလို စိတ်နှင့်လူနှင့်မလိုက် စိတ်မြန်လက်မြန်ရှိသည်။ တောင်တွင်းကြီးဘက်ကဖြစ်ပြီး ဖိနှိပ်မှုကို တွန်းလှန်လိုသောကြောင့် ရဲဘော်များ နှင့်အတူဘက်ပြောင်း၍ တော်လှန်ရေးနယ်မြေသို့ လာခဲ့ခြင်းဖြစ်သည်။ စိတ်ဓာတ်ဖြူစင်၍ ပွင့်ပွင့်လင်းလင်းနှင့် တည့်တိုး ပြောဆိုတတ်သည်။ တိုက်ပွဲပေါင်းများစွာနဲ့ကျွမ်းဝင်ရင်းနှီးသောကြောင့် တိုက်ရည်ခိုက်ရည်လည်း အလွန်ကောင်း သည်။ ယခု ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်နေရဆဲ.........။
          ရဲဘော်ကျော်ဝင်းက အသားမည်းမည်း မျက်လုံးပြူပြူး အေးဆေးနေတတ်သလို တပ်တွင်းအလုပ်ဟူ သမျှ မညီးမညူအောက်ခြေသိမ်းလုပ်တတ်သူ၊ ဇနီးနှင့်သမီးကို အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်လွန်းသည်။ သူ့အကြောင်းကို “ကာရံမဲ့အပြုံး”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ဖူးပါသည်။
          ရဲဘော်သိန်းမြင့်က အသက်ကြီးသလို အတ္တလည်းကြီးလွန်းသည်။ အခွင့်ရေးသမားဖြစ်ပြီး နားဝင်ချို အောင်ပြောဆိုတတ်သည်။ အားလုံးက အဘ ဟု ခေါ်ဆိုကြသည်။ မည်သူ့ကို မည်သို့ပေါင်းရမည်ကို ကောင်းကောင်းသိပြီး အကျိုးအမြတ်ကို တွက်ချက်ပေါင်းတတ်သည်။ သူတစ်ပါးဆီက ဘာရသည်ကိုသာသိပြီး  သူ့ဆီက ထွက်ရန်အကြောင်းမရှိသော မူကကိုစွဲကိုင်ထားသူလည်းဖြစ်သည်။ မူမမှန်က လူမှာကြာရှည်မခံပေ။ သူ့အကုသိုလ်သူ့အကျိုးပေးသွားသည်။
          ရဲဘော်မြင့်နိုင်ဦးက တောင်ကြီးသားဖြစ်ပြီး မိဘများမှာပြည့်စုံကြွယ်ဝကြသည်။ အသက်က ဆယ့်ခြောက်နှစ်ပင် ကောင်းစွာမပြည့်၊ ဆက်ဆက်ထိမခံသောသူဖြစ်သလို စကားအပြောအဆိုအလွန်နည်း သည်။ သီးသန့်တစ်ယောက်တည်း အမြဲနေထိုင်တတ်သူ။ တပ်တွင်းစားဝတ်နေရေးအတွက် ထိုင်းနိုင်ငံ မဲဟောင်ဆောင်မြို့ဝန်းကျင် ရွာများသို့ ရဲဘော်များအလှည့်ကျအလုပ်လုပ်ရန်သွားကြရသည်။ ရရှိလာသော ငွေကြေးမှာ တပ်တွင်းအတွက် လိုအပ်သောစားသောက်စရာနှင့်  လိုအပ်ချက်များဝယ်ရန်ဖြစ်သည်။ တနေ့ ရဲဘော်မြင့်နိုင်ဦး အလုပ်ကပြန်လာသော်လည်း တပ်အတွက် ငွေတပြားမှမပါရှိခဲ့။ သူကလည်း အလုပ်ရှင်က လုပ်အားခရှင်းမပေးသေးကြောင်းသာပြောဆိုသည်။ နောက်နေ့တွင် မြင့်နိုင်ဦးမှ တောကြက်စားကျက် တွေ့ထားသည်ဟု ဆိုကာ အမ်16 သေနတ်ကိုယူပြီး တောထဲသို့ဆင်းသွားတော့သည်။ အချိန်အတော်လင့် သည်အထိ ပြန်မရောက်လာတော့ နီးစပ်ရာမဟာမိတ်တပ်စခန်းများသို့ စက်ဖြင့်အကြောင်းကြားကာ အခြေအနေကိုမေးမြန်းသော်လည်း မည်သို့မျှထူးခြားမှုမတွေ့ရသည့်အဆုံး ရဲဘော်များကို တန်းစီစေပြီး လူစုခွဲကာ နောက်တန်းရွာထဲသို့တဖွဲ့ တောတွင်းသို့တဖွဲ့ခွဲကာ စေလွှတ်ရှာဖွေခိုင်းရတော့သည်။ ရွာထဲသို့ သွားသောအဖွဲ့မှ စက်ဝင်လာသည်မှာ ရဲဘော်မြင့်နိုင်ဦးလာသွားကြောင်း ဆာလာအိတ်တစ်လုံးဖြင့် တစ်ခုခုကို ထမ်းပြီး ထိုင်းနိုင်ငံဘက်ကိုထွက်သွားကြောင်း သိလိုက်ရသည်။ မနက်မိုးလင်းသောအခါ ထိုင်းစစ်တပ်မှရောက် လာပြီး ကျွန်တော့်အားခေါ်ဆောင်သွားပါသည်။ နန်းဆွယ်ရွာသို့ရောက်သောအခါမှ အခြေနေမှန်ကိုသိလိုက်ရ သည်။ ရဲဘော်မြင့်နိုင်ဦးက သူ့အလုပ်ရှင်ကို လုပ်အားခရှင်းမပေးသောကြောင့် သေနတ်ဖြင့်ပစ်ခက်ပြီးထွက်ပြေး သွားကြောင်းနှင့် သူ့ကိုဖမ်းဆီးရန်အတွက် ကျွန်တော့်အား ဓါးစာခံအဖြစ် ခေါ်ဆောင်လာကြောင်း သိလိုက်ရ သည်။ ရဲဘော်မြင့်နိုင်ဦးကို ကျွန်တော်ကိုယ်တိုင် ဖမ်းဆီးပေးလိုက်ရသည်။ မည်သို့မှ စိတ်မကောင်းသော်လည်း အခြေအနေအရ မဖြစ်မနေလုပ်လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရဲဘော်များနှင့် အဖွဲ့အစည်းရပ်တည်ရေး မှာ အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင်သောကြောင့် ဖြစ်သည်။ ရဲဘော်မြင့်နိုင်ဦးကို ထိုင်းတရားရုံးတွင် အမှုစစ် ဆေးသောအခါ  မည်သည့်အဖွဲ့အစည်းနှင့်မျှ မပတ်သက်ကြောင်း၊ မိမိပစ်ခတ်သောသေနတ်မှာလည်း တောတွင်းတနေရာမှ ကောက်ရခြင်းသာဖြစ်ကြောင်းနှင့် မိမိသာပြစ်မှုကျူးလွန်သူဖြစ်သောကြောင့် ထိုက်တန် သောပြစ်ဒဏ်ကိုခံယူမည်ဖြစ်ကြောင်း ထွက်ဆိုလိုက်သည်။ မဲ့ဟောင်ဆောင်ထောင်တွင် ထောင်ဒဏ် ၁၃ နှစ် ကျခံခဲ့ရသည်။ ထောင်မှလွတ်မလွတ်ကိုတော့ ယနေ့တိုင်မသိရသေးပေ။
          ရဲဘော်မောင်ရှိန်း၊ ရဲဘော်ဝင်းထိုက်စိုး၊ ရဲဘော်သန်းထွန်း၊ ရဲဘော်ထွန်းထွန်း၊ ရဲဘော်အိုက်ထွန်းတို့မှာ လည်း ကျရာတာဝန်များကို ကျေပွန်စွာ သူ့နေရာနှင့်သူထမ်းဆောင်ခဲ့ကြသည်။
          ယခုအချိန်မှာတော့ ကျွန်တော်တို့ကိုယ်ပိုင် တပ်စခန်းအသိုက်အမြုံလေးမှာမရှိတော့။ အချို့က... ကျဆုံးကုန်ကျပြီ၊ အချို့က...ထောင်ထဲမှာ၊ အချို့က...ဒုက္ခသည်စခန်းမှာရှိနေဆဲ။ အများစုကတော့ တတိယနိုင်ငံမှာ အခြေချလျှက် ဘ၀အသစ်တွေ အတွေ့အကြုံအသစ်တွေနှင့် ယခင်ဖြတ်သန်းကျင်လည်ခဲ့ရာ အတိတ်ခြေရာ များကိုပင် မေ့လျော့နေကြပြီ။ ကျန်ရစ်သူ ရဲဘော်များဘ၀ကို နားလည်ပေးနိုင်သူဆို၍ လက်ငါးချောင်းပင် မပြည့်တော့။
အရောင်တို့သည် အမြဲပြောင်းလဲတတ်ကြောင်းကို ဘ၀နှင့်ရင်း၍ သိရှိခံစားလိုက် ရပါတော့သည်။

အုပ်ကြီးဖေ
၂၂-၂-၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...