မလွတ်လပ်တဲ့ ကလေးငယ် (ပထမပိုင်း)
by Lu Cifer on Sunday, January 29, 2012 at 4:00pm
(အောက်တွင် ဘာသာပြန်ဖော်ပြထားသည့် ဆောင်းပါးသည် ပညာသင်ကြားရေးစနစ်သစ် တစ်ခုကို ဖော်ထုတ်ကျင့်သုံးခဲ့သော ဆရာကြီး အေ-အက်စ်-နီးလ် (A.S.Neill ၁၈၈၃-၁၉၇၃) ၏ ဆောင်းပါး တစ်ပုဒ် ဖြစ်ပါသည်။)
ဆရာကြီးနီးလ်သည် နွေတောင်ကုန်း ( Summerhill ) အမည်ရှိသော စာသင် ကျောင်းတစ်ကျောင်း ကို တည်ထောင်ဖွင့်လှစ်ပြီး ကလေးသူငယ်များကို ပညာ သင်ကြားပေးခဲ့သည်။ သို့သော် ဆရာကြီး နီးလ်က အဓိကသင်ကြားပေး သည်မှာ စာပေဗဟုသုတများ မဟုတ်။
ကျောင်းမှထွက်လျှင် နဖူးတွေ့ဒူး တွေ့ ရင်ဆိုင်တွေ့ကြရမည့် လူ့ဘ၀ကြီးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်မည့် ပညာများ သာဖြစ်ပေသည်။ တစ်နည်းဆိုရသော် လူဖြစ်ရကျိုးနပ်အောင် နေနိုင်ထိုင်နိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်ပေးခြင်းသာ ဖြစ်သည်။
ဆရာကြီးနီးလ်၏အလိုအရ " လူ့ဘ၀၌လူဖြစ်ရကျိုးနပ်ရန်အတွက် ပျော်ရွှင်ချမ်းမြေ့ဖို့ လိုသည်။ ပျော်ရွှင်ချမ်းမြေ့ရန်အတွက် ရဲဝံ့စွန့်စားဖို့ လိုသည်။ ရဲဝံ့စွန့်စားရန်အတွက် ရိုးသားဖို့လိုသည်။ ရိုးသားရန်အတွက် လွတ်လပ်မှု လိုသည်။ " ထို့ ကြောင့် သူ၏ကျောင်းတွင် လွတ်လပ်မှုကို ရနိုင်သရွေ့ ရအောင် စီစဉ်ပေးထားသည်။
ဆရာကြီးနီးလ်၏ကျောင်းတွင် တက်ရောက်နေထိုင်သော ကျောင်းသူကျောင်းသားတို့သည် စာသင် ခန်းသို့ တက်ချင်တက်၊ မတက်ချင်နေ၊ မိမိဆန္ဒအတိုင်း နေခွင့်ရှိသည်။ ကစားကွင်းထဲမှာ တစ်နေကုန် ကစားနေ၍လည်း ဆူပူအပြစ်ပေးခြင်းမရှိ။ သူ့ကျောင်းမှာ စည်းကမ်းတစ်ခုသာ ရှိသည်။ မည်သူ့ကိုမှ မထိခိုက်လျှင် ဘာမဆိုလုပ်နိုင်သည် ဟူသော စည်းကမ်းဖြစ်၏။
ဤမျှလွတ်လပ်ခွင့်ပေးသည့်အတွက် နွေတောင်ကုန်း စာသင်ကျောင်းသည် လုပ်ချင်ရာ လုပ်နိုင်သော ကျောင်း၊ စည်းမဲ့ကမ်းမဲ့ကျောင်း စသည်ဖြင့် သွားပုပ်လေလွင့် အပြောခံရသည်။ နောက်ဆုံး ပညာရေး ကောင်စီက စုံစမ်းရေးအဖွဲ့တစ်ခု ဖွဲ့စည်း၍ နွေတောင်ကုန်းကျောင်းကို စစ်ဆေးရန် ခိုင်းစေခဲ့သည်။
ယင်းအဖွဲ့က အစီရင်ခံစာတစ်ခုကို တင်သွင်းရာ ပတ်ဝန်းကျင်က ထင်သလိုမဟုတ်ကြောင်း သိလာကြ သည်။ နွေတောင်ကုန်း စာသင်ကျောင်းမှ ထွက်လာကြသောကလေးများသည် ကလေကချေများ မဟုတ်ဘဲ ဘ၀၌ လူတန်းစေ့စေ့ နေထိုင်နိုင်သူများဖြစ်ကြောင်း၊ နွေတောင်ကုန်းကျောင်းမှ ကျောင်းသူ ကျောင်းသားတို့ သည် ရိုးသားကြကြောင်း၊ တက်ကြွကြကြောင်း၊ စုပေါင်းတတ်သည့်စိတ်ရှိကြောင်း၊ ဤကျောင်း တွင် အလွန်အဖိုးထိုက်တန်သည့် ပညာရေးဆိုင်ရာ သုတေသနတစ်ခုကို စိတ်ဝင် စားဖွယ် တွေ့ ရှိရကြောင်းနှင့် ယင်း သုတေသနလုပ်ငန်းကို ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်များအနေနှင့် လေးလေးနက်နက် လေ့လာသင့်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
" ပြဿနာရှုပ်သော ကလေးငယ်မရှိ၊ ပြဿနာရှုပ်သောမိဘသာ ရှိသည်" ဟူ၍လည်းကောင်း၊ "လွတ်လပ်မှုဖြင့်သာ လောကလူသားတို့၏ အကျိုးစီးပွားကို ဆောင်စွမ်းနိုင်မည်" ဟုလည်းကောင်း ယူဆသော ဆရာကြီး နီးလ်၏ အတွေးအမြင်များကို လေ့လာခြင်းဖြင့် အကျိုးများနိုင်စရာ ရှိပေ၏။
- - - - - - -- - - - - - -- - - - - --- -- - -- ------- - ------
ပုံစံအသွင်းခံနေရတဲ့ကလေး၊ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံနေရတဲ့ကလေး၊ စည်းကမ်းတွေရဲ့ အောက်မှာ ပြားပြားဝပ်နေရတဲ့ ကလေး၊ လွတ်လပ်မှုကင်းမဲ့တဲ့ကလေး ၊ သည်လိုကလေးမျိုးဟာ ကမ္ဘာမြေရဲ့ နေရာတိုင်း ဒေသတိုင်းမှာ ရှိနေပါတယ်။ ကျွန်တော်နေတဲ့မြို့မှာဆိုရင်လည်း လမ်းရဲ့ ဟိုဘက်မှာတင် ရှိနေပါတယ်။
သည်ကလေးငယ်ဟာ ငြီးငွေ့စရာကောင်းတဲ့ စာသင်ကျောင်း တစ်ကျောင်းအတွင်းက ငြီးငွေ့စရာ ကောင်းတဲ့ စာပွဲတစ်ခုမှာ ထိုင်နေပါတယ်။ ကျောင်းက ထွက်ပြီးတဲ့အခါ ပိုပြီးငြီးငွေ့စရာကောင်းတဲ့ ရုံးတစ်ရုံးရဲ့ စားပွဲတစ်ခုမှာဖြစ်ဖြစ်၊ စက်ရုံတစ်ရုံရဲ့ ခုံရှည်တစ်ခုမှာဖြစ်ဖြစ် ထိုင်ပြန်ပါတယ်။
သူဟာ အလွန်ပျပ်ဝပ် ကျိုးနွံသူဖြစ်တယ်။ အမိန့်ကိုလည်း အင်မတန် ရိုသေလိုက်နာတတ်တယ်။ ပြစ်တင်ဝေဖန်မှာကိုလည်း သိပ်ကြောက်တတ်တယ်။
ပုံမှန်အတိုင်းဖြစ်ဖို့၊ တိကျမှန်ကန်ဖို့ပဲ သူ့စိတ်ထဲမှာ ရှိပါတယ်။ သူ့ကို သင်ပေးတာမှန်သမျှကိုလည်း အစစ်အဆေး အမေးအမြန်းမရှိဘဲ အကြွင်းမဲ့ လက်ခံပါတယ်။
နောက်တော့ သူဟာ သူ့စိတ်နေစိတ်ထားတွေ၊ ကြောက်ရွံ့ စိုးရိမ်မှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ အကုန်လုံးကို သူ့သားသမီးထံ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။
ကလေးငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ပျက်စီးမှုဟာ ပထမ ငါးနှစ် ကာလအတွင်းမှာတင် ဖြစ်ပွား ခဲ့တယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။ တကယ်တော့ သေတဲ့အထိ တည်ရှိနေပေမယ့် စိတ်ဓာတ်ပျက်စီးမှုကို ကလေးငယ်ရဲ့ ပထမငါးလတာကာလအတွင်း၊ ဒါမှမဟုတ် ပထမငါးမိနစ်တာ ကာလအတွင်းမှာတင် ဖြစ်ပွားစေနိုင်တယ်လို့ပြောမှ အမှန်တရားနဲ့ ပိုပြီးနီးစပ်လိမ့်မယ်ထင်ပါတယ်။
မလွတ်လပ်မှုဟာ မွေးဖွားလာတာနဲ့အတူ အစပြုခဲ့တာလို့ ပြောတာထက် မလွတ်လပ်မှုဟာ မမွေးခင်ကတည်းက အစပြုနေခဲ့တာပါလို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။
အဖိနှိပ်အချုပ်ချယ်ကိုခံနေရတဲ့ မိန်းမသားတစ်ယောက်ဟာ သူ့ရဲ့တောင့်တင်းခက်မာတဲ့ ကိုယ်ခန္ဓာ အတွင်းမှာ ကိုယ်ဝန်လွယ်ထားရတယ်ဆိုရင် သူရဲ့ခက်ထန်မာကျောမှုက မွေးဖွားလာတဲ့ ကလေးငယ် အပေါ်မှာ အကျိုးမသက်ရောက်ခဲ့ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအတွင်းမှာ ရှိနေကြတဲ့ ကလေးငယ် အားလုံးဟာ "ဘ၀ကို စက်ဆုပ် ဆန့်ကျင်တဲ့ အသိုက်အ၀န်း" ထဲကို မွေးဖွား ရောက်ရှိလာကြတဲ့ သူတွေချည်းပဲဖြစ်တယ်လို့ပြောရင် လွန်ရာကျမယ် မထင်ဘူး။
အချိန်ဇယားအတိုင်း ကလေးကို နို့တိုက်တတ်တဲ့ လူတွေကိုပဲ ကြည့်ဗျာ။ သူတို့ဟာ အခြေခံ စိတ်ဓာတ်ကိုယ်က ပျော်ရွှင်မှုကို ဆန့်ကျင်နေသူ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ကလေးကိုအချိန်နဲ့ တိတိကျကျ နို့တိုက်ကြတာပေါ့။ သည်လိုမလုပ်ရင် ကလေးဟာ နို့စို့ရတာကို သာယာသွားမှာ သူတို့စိုး ရိမ်ကြတာကိုး။ သူတို့ကတော့ အချိန်ဇယားအတိုင်း နို့တိုက်တာဟာ ကလေးငယ်ကို အာဟာရ ပိုဖြစ်တယ်လို့ ဆင်ခြေပေးတတ်ကြပါတယ်။
တကယ်တော့ သူတို့ရဲ့ ရည်ရွယ်ချက်အမှန်က အဲဒါ မဟုတ်ပါဘူး။ သူတို့ဟာ ကလေးကို စည်းကမ်း အတိုင်း တိတိကျကျလိုက်နာတတ်တဲ့ သတ္တ၀ါလေး ဖြစ်လာအောင် ပုံသွင်းချင်တာသာဖြစ်တယ်။ ပျော် ရွှင်မှုထက် တာဝန်ကို ဦးစားပေးတတ်တဲ့ သတ္တ၀ါမျိုး ဆိုပါတော့။
တွေ့နေမြင်နေကျ သာမန်ကျောင်းသားကလေး တစ်ယောက်ရဲ့ ဘ၀ကို ဆန်းစစ်ကြည့်ကြရအောင်။ သူ့နာမည်က ဂျွန်စမစ်ဆိုပါစို့။
အမှန်အတိုင်းပြောရမယ်ဆိုရင် ဂျွန်စမစ်ရဲ့ မိဘနှစ်ပါးဟာ တစ်ယောက်နဲ့တစ်ယောက် လိင်ဆက်ဆံမှု ပြုပြီးမှ ကာမဂုဏ်ရသကို ခံစားချင်ကြတဲ့အတွက် လက်ထပ်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့အသိုက် အ၀န်းမှာက လက်မထပ်ဘဲ အတူနေတာဟာ ဂုဏ်သိက္ခာ ကင်းမဲ့တဲ့ အကျင့်ပျက်များရဲ့ အလုပ်လို့ သတ်မှတ်ထားပေတာကိုး။ သည်လိုနဲ့ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲခဲ့ရတာပေါ့ဗျာ။
ဒါပေမဲ့ လိင်ဆက်ဆံမှုလောက်နဲ့ အိမ်ထောင်တစ်ခုကို သာယာစေဖို့ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ။ သည်လိုနဲ့ မကြာခဏ အော်ကြီးဟစ်ကျယ်စကားများကြတဲ့ မိဘနှစ်ပါးရဲ့ စိတ်ဝမ်း ကွဲပြားမှုကြောင့် ဂျွန်စမစ် နေရတဲ့အိမ်ဟာ တင်းမာခက်ထန်တဲ့ နေရာတစ်ခုအဖြစ်ကို ရောက် ရှိလာပါတော့တယ်။ အေးအေး ဆေးဆေး ဖြစ်တဲ့အခါတွေရှိတာမှန်ပေမယ့် ကလေးငယ် ဂျွန်အနေနဲ့ သည်လို အေးဆေးတာကို သိပ်ပြီး ဂရုမထားနိုင်တော့ပါဘူး။
မိဘနှစ်ပါးရဲ့ ပွက်လောညံနေတဲ့ ရန်ပွဲတွေကြောင့် သူ့ရဲ့ အာရုံကြောတွေ ထိခိုက်သွားပါပြီ။ သူက အကြောက်ကြီး ကြောက်ပြီး ငိုကြွေးနေခဲ့ပါတယ်။ သည်လိုငိုကြွေးတဲ့အတွက် သူ့ရဲ့မိဘနှစ်ပါးက သူ့ကို ရိုက်ကြပါတယ်။
လူရယ်လို့ စဖြစ်ကတည်းက ဂျွန်ဟာ တင်းတင်းကြပ်ကြပ် ထိန်းချုပ် တာကို ခံခဲ့ရတာပါ။ အချိန်ဇယား အတိုင်း သူ့ကို နို့တိုက်ခဲ့ပါတယ်။ သည်အတွက် သူဟာ စိတ်အပျက်ကြီးပျက်ခဲ့ရတယ်။ ဗိုက်ကဆာလို့ တကြုတ်ကြုတ်မြည်နေပေမဲ့ နို့စို့ရဖို့ နောက်တစ်နာရီစောင့်ရဦးမယ်လို့ နာရီက ညွှန်ပြနေတယ်လေ။
နောက်ပြီး သူ့တစ်ကိုယ်လုံးကို ၀တ်ဆင်ထွေးပိုက်ထားတဲ့ အ၀တ်အစားတွေကလည်း တစ်ပုံကြီးပါပဲ။ သူကတော့ ကျပ်လို့ညပ်လို့။ ဒါပေမဲ့ သည်အ၀တ်အစားတွေကိုလည်း သူကြိုက်သလို လွတ်လွတ် လပ်လပ် ချွတ်ပစ်လို့မရဘူးဆိုတာ သူ သိလာရတယ်။
နို့မစို့ရလို့ စိတ်ပျက်နေရာကနေ ကိုယ်လက်ကို ပါးစပ်နဲ့စုပ်မိပြန်တော့လည်း သည်လို အကျင့်ဆိုး တွေကို ခွင့်မပြုရဘူးလို့ မိသားစုဆရာဝန်တွေက ပြောပါတယ်။ သူ့ရဲ့လက်တွေကို မလှုပ်နိုင်အောင် ချည်ထားဖို့၊ ဒါမှမဟုတ်ရင်လည်း လက်ထိပ်မှာ အနံ့ဆိုးဆိုး ဆေးခါးသုတ်ထားဖို့ အမေကို ခိုင်းထားပါ တယ်။
ကလေးငယ်ရဲ့ သဘာဝကျကျလှုပ်ရှားမှုတွေဟာ အိပ်မောကျနေတဲ့ ကာလအတွင်းမှာသာ ရှိနေပါ တော့တယ်။ နောက်တော့ ဂျွန်ဟာ ကြမ်းပြင်ပေါ်မှာ လေးဖက်တွားပြီး ဆော့ကစားတဲ့အရွယ်ကို ရောက်လာတယ်။ သည်အခါရောက်တော့ "လိမ္မာရမယ်၊ မညစ်ပတ်ရဘူး" ဆိုတဲ့ စကားလုံးတွေဟာ ပလူပျံလာတော့တာပဲ။
သည်လိုနဲ့ ကြောက်စရာကောင်းတဲ့ သန့်ရှင်းရေး သင်တန်းကြီးလည်း အစပြုလာပါတော့တယ်။
သည် အရွယ် မတိုင်မီကတည်းက သူ့လက်က လိင်အင်္ဂါကိုသွားထိမိတိုင်း "မထိရဘူး" "မကိုင်နဲ့ " ဆိုပြီး အဖယ်ခံခဲ့ရပါတယ်။
လိင်အင်္ဂါနှင့် ပတ်သက်ပြီး ပိတ်ပင်တားဆီးမှုနဲ့အတူ မစင်အညစ်အကြေးအပေါ်မှာ စက်ဆုပ်ရွံရှာမှုဟာ ဒွန်တွဲလာခဲ့ပါတယ်။ ဒါကြောင့်ပဲ နှစ်ပေါင်းများစွာကြာလို့ နယ်လှည့်အရောင်းသမားဘ၀ကို ရောက်တဲ့ အခါ သူ့ဘ၀ဇာတ်ကြောင်းထဲမှာ လိင်ကိစ္စနှင့်ပတ်သတ်တဲ့ ပြက်လုံးတွေ၊ အိမ်သာ၊ ရေချိုးခန်းနှင့် ပတ်သက်တဲ့ ပြက်လုံးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
သူ့သင်တန်းအပေါ်မှာ အများဆုံးဖိစီးနေတာကတော့ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်းတွေပဲဖြစ်ပါတယ်။ ဆွေမျိုးသားချင်းတွေ၊ အိမ်နီးချင်း တွေလာတဲ့အခါမှာ သူတို့ရဲ့သားဂျွန်ဟာ မိဘရဲ့သင်ကြားမှုကို မြေ၀ယ်မကျ လိုက်နာတဲ့ သားကောင်းတစ်ယောက် ဖြစ်ကြောင်း တွေ့မြင်သွားနိုင်ဖို့အတွက် ဂျွန်ရဲ့ အမေနဲ့ အဖေဟာ ဂျွန်တစ်ယောက် နည်းမှန်လမ်းမှန်ဖြစ်ရေးကို အလွန်စိတ်စောနေကြပါတယ်။
အဒေါ်ဖြစ်သူက ချောကလက်တစ်ခုပေး လိုက်တာနဲ့ ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်ခင်ဗျားလို့ ပြန်ပြောရပါမယ်။ စားပွဲ သောက်ပွဲမှာလည်း ပြောတာဆိုတာ လုပ်တာကိုင်တာ စားသောက်တာ အချိုးကျဖို့ ဂရုစိုက်ရပါမယ်။ အရေးအကြီးဆုံးကတော့ လူကြီးတွေစကား ပြောနေရင် ငြိမ်ငြိမ်နေရမယ်။ စကားဝင်မပြောရဘူး။
တနင်္ဂနွေနေ့တိုင်း ဘာသာရေးသင်တန်းကျောင်းကို သွားတဲ့အခါ ၀တ်ဆင်ရတဲ့ အော့ကြောလန်စရာ အ၀တ်အစားကိုလည်း အိမ်နီးနားချင်းတွေအကြိုက် ၀တ်ဆင်ရတာဖြစ်ပါတယ်။
သည်လိုဂုဏ်သိက္ခာရှိရေးအတွက် လေ့ကျင့်သင်ကြားမှုနှင့်အတူ မပါမဖြစ်တဲ့ လိမ်ညာမှုတစ်ခုလည်း ပါရှိလာခဲ့တယ်။ ဒီလိမ်ညာမှုကို သူသတိမထားမိခဲ့ပါဘူး။ လိမ်ညာမှုဟာ သူငယ်ငယ်လေးကတည်းက အစပြုခဲ့ပါတယ်။ ဆဲတတ်တဲ့ ကလေးဆိုးတွေကို ဘုရားသခင်က မချစ်ဘူးလို့ သူ့ကို ပြောခဲ့ပါတယ်။ နောက်ပြီးမီးရထားစင်္ကြံန်ပေါ် လမ်းလျှောက်သွားနေရင် လက်မှတ်စစ်ကရိုက်လိမ့်မယ်လို့ ပြောပြန်ပါ တယ်။
လူ့ဘ၀ဆိုတာ ဘယ်ကနေ စဖြစ်လာပါလိမ့်လို့ သိချင်စိတ်တွေလည်း အမြီးအမောက်မတည့်တဲ့ လိမ်ညာမှုတွေနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။ သည်လိမ်ညာမှုတွေဟာ ဘယ်လောက် ကြာသွားသလဲ ဆိုရင် လူ့ဘ၀အ ကြောင်း၊ လူတွေမွေးဖွားလာတဲ့အကြောင်း သိချင်စိတ်တွေဟာ တစ်ခါတည်း ပျောက်ကွယ်သွားတော့တာပဲ။
အိမ်နီးချင်း ကလေးမလေးတစ်ယောက်နဲ့ လင်မယားလုပ်တမ်းကစားမိတာကို အမေလုပ်တဲ့သူက တွေ့သွားတဲ့အခါမှာ တော့ ဘ၀နဲ့ပတ်သက်တဲ့ လိမ်ညာမှုတွေဟာ ကြောက်ရွံ့မှုတွေနဲ့ ပေါင်းစပ် သွားပါတော့တယ်။
ဂျွန်တစ်ယောက် ကောင်းကောင်းကြီးအရိုက်ခံရပါတော့တယ်။ အဖေလုပ်တဲ့သူ အလုပ်က အိမ်ပြန်ရောက်လာတော့လည်း နောက်ထပ် အရိုက်ခံရပြန်သေးတယ်။
သည်လိုအရိုက်ခံလိုက်ရတဲ့အတွက် ဂျွန်ရဲ့ဘ၀ တစ်လျှောက်လုံးမှာ လိင်မှုကိစ္စဆိုတာ အလွန် ညစ်ညမ်းတဲ့ အကုသိုလ်အမှုကြီး ဖြစ်တယ်၊ စိတ်ကူးဖို့တောင်မသင့်မြတ်တဲ့ အရာဖြစ်တယ်လို့ သင်ခန်းစာ ရသွားပါတော့တယ်။
သနားစရာကောင်းတဲ့ ဂျွန်ကလေးဟာ လိင်ကိစ္စနဲ့ပတ်သက်ပြီး သိချင်တဲ့စိတ်ကို အရွယ်ရောက်တဲ့ အထိ မျိုသိပ် ထားခဲ့ရရှာတယ်။ ရုပ်ရှင်ရုံထဲမှာ မိန်းမကြီးတစ်ယောက်ယောက်က သူ့မှာ ကိုယ်ဝန် သုံးလရှိနေပြီလို့ ပြောသံကြားရတဲ့အခါမှာ တဟားဟား ရယ်ချင်ရယ် နေတော့တာပေါ့ဗျာ။
အသိဥာဏ်ပိုင်းမှာတော့ ဂျွန်ဟာပုံမှန်ပါပဲ။ စာသင်တဲ့ နေရာမှာလည်း ချောချောမောမောပါပဲ။ ဒါကြောင့်လည်း မိုက်မိုက်မဲမဲ ဆရာတစ်ယောက်က ပေးတတ်တဲ့ လှောင်ပြောင်ရှုတ်ချတာမျိုး၊ အပြစ်ဒဏ်ပေးတာမျိုးကို မခံခဲ့ရပါဘူး။ ဘာမှမည်မည်ရရ အသုံးမ၀င်တဲ့ အသိပညာ မတောက် တခေါက်ရယ်၊ အပေါစားစာနယ်ဇင်းတွေ၊ မဲပြာပုဆိုးရုပ်ရှင်တွေ၊ စုံထောက် ၀တ္ထုတွေဖတ်ရုံလောက်နဲ့ ရနိုင်မဲ့ ယဉ်ကျေးမှုရယ်ကိုယူပြီး ဂျွန်တစ်ယောက် ကျောင်းကထွက်လာတော့တာပဲ။
ဂျွန်အဖို့တော့ "မီလ်တန် Milton" ဆိုတဲ့စကားလုံးဟာ အာခံတွင်းကို သန့်စင်တဲ့ ဆေးတစ်မျိုးရဲ့ အမည်လို့ပဲ သိနေခဲ့တယ်။ ဘီသိုဗင်တို့၊ ဘက်ခ်ျတို့ဆိုရင်လည်း အဲဗစ်ပရက်စလေတို့၊ ဗေဒါဗက် တီးဝိုင်းတို့ကြားမှာ ဖောက်ဖောက်ဝင်လာပြီး အနှောင့်အယှက်ပေးတတ်တဲ့ ငနဲတွေလို့ပဲ သိနေတယ်။
ဂျွန်စမစ်ရဲ့ ၀မ်းကွဲညီတစ်ယောက်ဖြစ်တဲ့ ရယ်ဂျီနယ်ကတော့ ချမ်း သာသူမို့ ပရိုက်ဗိတ် ကျောင်းတစ်ခုကို တက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အသိဥာဏ်ပိုင်းဆိုင်ရာ တိုးတက်မှုဟာလည်း ဂျွန်ကလေးနဲ့ ပိန်မသာလိန်မသာ ပါပဲ။ သူလည်း ခပ်ညံ့ညံ့ဘ၀မျိုးကိုပဲ ရရှိခဲ့ပါတယ်။ ပိုနေမြဲ ကျားနေမြဲဆိုတဲ့ အစဉ်အလာဟောင်းထဲမှာပဲ ကျွန်ဖြစ်မြဲ ဖြစ်နေရတယ်။ ချစ်ခြင်းမေတ္တာတို့၊ ပျော်ရွှင်သုခတို့နဲ့ ကင်းဝေးနေခဲ့ရတယ်။
ကျွန်တော်ဖော်ပြနေတဲ့ ဂျွန်နဲ့ ရယ်ဂျီနယ်တို့ရဲ့ ဘ၀ရုပ်ပုံလွှာများ ဟာ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ရုပ်ပြောင်တွေများ ဖြစ်နေမလား။ မဟုတ် ပါဘူးဗျာ။ ရုပ်ပြောင်တွေ တကယ့်ကိုမဟုတ်ပါဘူး။ သူတို့ နှစ်ယောက်လုံး မှာရှိနေတဲ့ နွေးထွေးတဲ့လူသားစိတ်ဓာတ်တွေကို ပြောဖို့ ကျန်ပါသေးတယ်။ အဲသည်လူသားစိတ်ဓာတ်ကတော့ ဆိုးသွမ်းတဲ့ အကျင့်စရိုက်တွေ ဖြစ်လာ အောင်ဖန်တီးတဲ့ အခြေအနေများကြားမှာ ကြံ့ကြံ့ခံပြီး တည်တံ့နေပါတယ်။
စမစ်တို့လို၊ ၀ပ်သင်တန်တို့လို လူမျိုးတွေဟာ အများအားဖြင့် ယဉ်ကျေးသိမ်မွေ့ပြီး ဖော်ရွေတတ်တဲ့ သူမျိုးတွေဖြစ်ပါတယ်။ သူတို့မှာ ကလေးဆန်တဲ့ ယုံကြည်မှုတွေ၊ အယူသည်းမှုတွေ ရှိတတ်ကြတယ်။ ကလေး တစ်ယောက်လို ရိုးရိုးသားသား ယုံကြည်တတ်ကြတယ်။ သစ္စာရှိတတ်ကြတယ်။ သူတို့တတွေ ဟာ စုပေါင်းပြီး "စံပြနိုင်ငံသားအသင်း" ကို တည်ထောင်ကြတယ်။
သည်အသင်းက တရားဥပဒေတွေကို ပြဋ္ဌာန်းနိုင်ပြီး ကရု ဏာတရားထားကြဖို့ တောင်းဆိုကြတယ်။ တိရစ္ဆာန်တွေကို အကြင်နာ တရားရှိရှိ သတ်ရမယ်လို့ အမိန့်ချတဲ့လူမျိုးဟာ သူတို့လို လူမျိုးတွေဖြစ်ပါ တယ်။ အိမ်မွေးတိရစ္ဆာန်တွေကို ဂရုတစိုက် ထိန်းသိမ်းမွေးမြူရမယ်လို့ အမိန့် ချမှတ်တဲ့သူတွေဟာ သူတို့လိုလူမျိုးတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် လူသားစိတ်ဓာတ် မထားနိုင် တဲ့ကိစ္စနဲ့ ပတ်သက်လာတဲ့ အခါမှာတော့ ကွဲကြပြဲကြတော့တာပဲ။ သူတို့တစ်တွေဟာ ရက်စက်ကြမ်းကြုတ်ပြီး ခရစ်ယာန်အယူနဲ့ ဆန့်ကျင်တဲ့ ရာဇ ၀တ်မှုဆိုင်ရာ ကိုဓဥပဒေတစ်ခုကို မစဉ်းမစားလက်ခံလိုက်ကြတယ်။ စစ်ပွဲ ဖြစ်ပြီး လူတွေတစ်ယောက်နဲ့တစ်ယောက် သတ်ကြဖြတ်ကြတာကို သဘာဝ အဖြစ်အပျက်တစ်ခုအနေနဲ့ လက်ခံလိုက်ကြတယ်။
ဂျွန်နဲ့ သူ့ညီဝမ်းကွဲတို့ဟာ ချစ်ခြင်းမေတ္တာနဲ့ လက်ထပ် ထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေတွေကိုလည်း မိုက်မဲမှုတွေ၊ ရက်စက်မှုတွေ၊ မုန်းတီးမှုတွေ ပြည့်နေစေဖို့ သဘောတူခဲ့ကြတယ်။ အချစ်ရေးနဲ့ ပတ်သက်ရင် ယောက်ျား တစ်ယောက်အတွက်က ဥပဒေတစ်မျိုးဖြစ်ပြီး မိန်းမအတွက်က ဥပဒေတစ် မျိုး ဖြစ်ရမယ်လို့ နှစ်ဦးစလုံး သဘောတူထားကြတယ်။
သူတို့နှစ်ဦးစလုံးက သူတို့လက်ထပ်မယ့်မိန်းမဟာ အပျိုစစ်စစ်ဖြစ်ရမယ်လို့ ပြောပါတယ်။ နို့ ... ခင်ဗျား တို့ နှစ်ယောက်ကကော လူပျိုစစ်လို့လားဗျာလို့ မေးလိုက်ရင်တော့ မျက်မှောင်ကြီးတွေကျုတ်ပြီး မိန်းမနဲ့ ယောက်ျား တူတာမဟုတ်ဘူးဗျလို့ ပြန်ပြောတော်မူကြလေရဲ့။
(ဆက်ရန်)
မောင်သာမည
(အတွေးအမြင်စာစဉ်တွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးဖြစ်ပါသည်)
Sunday, 22 January 2012 02:57
http://www.maukkha.org/index.php/book-store/essay-maukkha/1767-maukkha-js-neill-maukkha-thar-ma-nya
0 comments:
Post a Comment