Thursday, February 9, 2012

ပြည်သူ့နီတိဖြင့် နိုင်ငံရေးကိုသိစေခြင်း

by General Knowledge on Thursday, February 9, 2012 at 12:16pm ·

  Published on Thursday, 09 February 2012 02:33 Written by တင်ညွန့် Hits: 42




အမေရိကန်ပညာရေးစနစ်တွင် အစိုးရပညာရေး၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူ့နီတိကို သိအောင် သင်ကြားပေးခြင်း ဖြစ်သည်။

နိုင်ငံသူ နိုင်ငံသားတိုင်း နိုင်ငံရေးကို စူးစမ်းလေ့လာချင်စိတ်ရှိရန်နှင့် နိုင်ငံရေးတွင် ပါဝင်ချင်စိတ်ရှိစေရန် သင်ကြားပေး ရခြင်းသည် ပြည်သူ့နီတိ သင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက်လည်းဖြစ်သည်။


အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို နားလည်စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုင်နိုင်သောပြည်သူ၊ လူမျိုးဖြစ်စေရန် ရည်ရွယ်သင်ကြားပေးကြောင်းလည်း သိရသည်။

ပြည်သူ့နီတိကိုသိရန် မိသားစု၊ ဘုရားကျောင်း၊ မီဒီယာနှင့် အခြားအဖွဲ့အစည်းများကလည်း သူတို့တွင် တာဝန်ရှိသည်ဟုယူဆပြီး ထိန်းကျောင်းတတ်ကြသည်။ အထူးသဖြင့် လွတ်လပ်ရေးကြေညာစာတမ်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်များကို နိုင်ငံသားတိုင်း သိထားသင့်သည့် အကြောင်းအရာများအဖြစ် အခြေခံကျကျ သင်ကြားပေးလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်သူ့နီတိဘာသာရပ်ကို မူကြိုမှသည် ၁၂ တန်းအထိ သင်ကြားပေးသည်။ သမိုင်း၊ ပထ၀ီနှင့် အခြားလူမှုရေးဘာသာရပ်များတွင် တွဲဖက်သင်ကြားသလို၊ သီးခြားဘာသာရပ် တစ်ခုအနေဖြင့်လည်း သင်ကြားသည်။

အစိုးရဆိုသည်မှာ “ပြည်သူများက ပြည်သူများအတွက် ပြည်သူများဖြင့် အုပ်ချုပ်ခြင်း” ဆိုသည့် အသိတရားကို ငယ်စဉ်ကတည်းက သင်ကြားပေးသည်။ သင်ကြားသည်ဆိုရာတွင်လည်း ဖြစ်ကတတ်ဆန်း မသိသူက မတတ်သူကို သင်ကြားပေးခြင်းမျိုး မဟုတ်ဘဲ စနစ်တကျ သင်ရိုးများရေးသားပြုစုကာ သင်ကြားပေးခြင်းဖြစ်သည်။

ပညာတတ်တစ်ယောက်ဖြစ်ရေးတွင် ပြည်သူ့နီတိရှိရေး၊ အစိုးရအကြောင်းနှင့် နိုင်ငံရေးအကြောင်း သိရှိရေး တို့ကို ခွဲခြားမရပေ။ နိုင်ငံရေးဆိုင်ရာ မူဝါဒများကို ပြည်သူတစ်ယောက်အနေဖြင့် ခွဲခြားဆုံးဖြတ် သုံးသပ် နိုင်ရေးကို ဦးတည် သင်ကြားပေးသည်။ အထူးသဖြင့် ဝေဖန်ပိုင်းဖြတ် သုံးသပ်နိုင်ရေးကို ဦးတည်သည့် ပညာရေးမျိုးဖြစ်စေရန် အားထုတ်ကြသည်။
နိုင်ငံသူနိုင်ငံသားများကို နိုင်ငံရေးတွင် မပါဝင်စေရန် တားမြစ်ထားခြင်းသည် နိုင်ငံသူနိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးတို့ကို ပိတ်ပင်တားဆီးခြင်းသာဖြစ်သည်။ နိုင်ငံသားတိုင်း နိုင်ငံရေးနှင့် မကင်းနိုင်။ နိုင်ငံရေးနှင့် ကင်းအောင်နေခိုင်းလျှင် နိုင်ငံရေးအပေါ် မရိုးသားစွာကျင့်သုံးရန်ဦးတည်နေခြင်းသာဖြစ်သည်။

နိုင်ငံရေးတွင် အဓိကဆုံးဖြတ်ပိုင်ခွင့်ရှိသူတို့၏ အခန်းကဏ္ဍ၊ မူဝါဒရေးဆွဲသူများ၏ အခန်းကဏ္ဍ၊ အစိုးရ အဖွဲ့များအကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းများအကြောင်း၊ စေ့စပ်ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပေးအယူ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အဖြေရှာခြင်း၊ ပဋိပက္ခများကို စီမံခန့်ခွဲခြင်းများတွင် ပြည်သူ့နီတိအား အခြေခံသဘောတရားအဖြစ်ထားကာ ပြည်သူပြည်သားများကို သင်ကြားပေးစေခြင်းသည် အစိုးရ၏ ရိုးသားပွင့်လင်းမှုကို ဖော်ထုတ်ပြသခြင်းလည်း ဖြစ်ပါသည်။

ပြည်သူ့နီတီဘာသာရပ်ကို လက်တွေ့သဘောဆောင်သည့် ကျောင်းပြင်ပ ပညာရှာနည်းတစ်ခုအနေဖြင့်လည်း သင်ကြားပေးကြသည်။ ကျောင်းတွင်းသင်ရိုးကတစ်ပိုင်း၊ သင်ရိုးအတိုင်း ပြင်ပတွင် လက်တွေ့ လေ့လာရေးကတစ်ပိုင်းဖြစ်သည်။

ဥပမာ ကျောင်းသားများကို ရွေးကောက်ပွဲဝင်မည့် သမ္မတများအပေါ် ထင်မြင်ချက်များ တောင်းခံခြင်း၊ အတိုက်အခံ ပါတီနှစ်ခုခွဲကာ အကြောင်းအရာခေါင်းစဉ်တစ်ခုကို အပြန် အလှန် ဝေဖန်ဆွေးနွေးစေခြင်း၊ တရားရုံးများသို့ခေါ်သွားပြီး အမှုစစ်ဆေးမှု များကို လေ့လာစေခြင်း၊ တရားရုံး၏ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို လေ့လာစေခြင်း၊ အစိုးရရုံးဌာနများသို့ လေ့လာရေး သွားရောက်ခြင်းများသည် ပြည်သူ့နီတိဘာသာရပ်ကို စိတ်ဝင်စားမှုရှိစေရန် လက်တွေ့သင်ကြားပေးသည့် စနစ်များဖြစ်သည်။


နိုင်ငံတစ်နိုင်ငံသည် မည်သည့်နိုင်ငံမျိုးဖြစ်သည်ကို ကျောင်းသူကျောင်းသားများအား သိရှိစေရန် အရေးကြီးသည်။ ဥပမာ “သမ္မတနိုင်ငံ” ဆိုလျှင် သမ္မတ၏ အခန်းကဏ္ဍ၊ ဒီမိုကရေစီဖော်ဆောင်မှု ပြည်သူတို့၏ အခန်းကဏ္ဍများကို သဘောပေါက်စေရန် လေ့လာသင့်သည်။

အသားအရောင်ခွဲခြားခြင်း၊ လူမျိုး ဘာသာ ကျားမခွဲခြားခြင်းများကို ဒီမိုကရေစီမဆန်သည့် သဘောတရားများဖြစ်ကြောင်း၊ သမ္မတနှင့် အာဏာရှင်တို့၏ ကွာခြားချက်များ၊ ရွေးကောက်တင်မြှောက်ပုံ စနစ်များ၊ မဲပေးရခြင်း၊ မဲပေးခြင်း၏ အရေး ပါမှု၊ နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်နှင့် အခွင့်အရေး တို့ကိုလည်း သင်ကြားနိုင်မှသာ ဒီမိုကရေစီနိုင်ငံတော်သို့ ချီတက်နိုင်မည်ဖြစ်သည်။

‘အမေရိကန်ပြည်ထောင်စုတွင် ပြည်သူ့နီတီကို မည်သည့်ရည်ရွယ်ချက်ဖြင့် သင်ကြားကြသနည်း’

၁။ ကျောင်းသူကျောင်းသားများသည် အစိုးရ၏အကြောင်း ကောင်းစွာသိရှိနိုင်စေရန်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို သိရှိစေရန်။ အစိုးရအဖွဲ့အကြောင်းကို သိရှိနိုင်စေရန်။
၂။ ပြည်နယ်၊ တိုင်းဒေသကြီးများ၊ ပြည်ထောင်စုတိုင်းဒေသကြီးများအကြောင်းကို သိရှိစေရန်။ ပြည်သူ့ ရေးရာ မူဝါဒများကို ချမှတ်ရာတွင် အစိုးရနှင့်ပြည်သူတို့၏ ပါဝင်ပတ်သက်ရမှုများကို သိရှိစေရန်။
၃။ နိုင်ငံတော်နှင့် နိုင်ငံရေးအကြောင်းကို ကောင်းစွာသိရှိနိုင်စေရန်။ မိမိနိုင်ငံအပြင် အခြားနိုင်ငံများ၏ နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးကိုလည်း သိရှိစေရန်။
၎။ နိုင်ငံတစ်နိုင်ငံတွင် ပြည်သူများ၏ အခန်းကဏ္ဍ၊ ပြည်သူများ၏ အခွင့်အရေး၊ ပြည်သူများ၏တာဝန်၊ ပြည်သူများ၏ ပါဝင်မှုများကို ပြည်နယ်၊ တိုင်းဒေသအလိုက်အဆင့်ဆင့်သဘောပေါက်နားလည်စေရန် တို့ဖြစ်သည်။

‘ကျောင်းများတွင် ပြည်သူ့နီတိဘာသာရပ်အား သင်ကြားခြင်း’

၁။ ကျောင်းသားများကို အစိုးရအကြောင်း အစိုးရ၏တာဝန်အကြောင်းနားလည်စေရန်


၎ တန်း အဆင့်တွင်

-    အစိုးရ၏သဘောတရားနှင့်ရည်ရွယ်ချက်
-    နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးမှုအရေးကြီးကြောင်း၊ ဥပဒေမရှိလျှင် မည်သို့ဖြစ် သွားနိုင်သည်ဆိုသည့် အကြောင်းများ
-    ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အစိုးရတစ်ရပ်တွင် မည်မျှအရေးကြီးကြောင်း


၅ တန်း မှ ၈ တန်းအဆင့်တွင်

အသိပညာကို ပိုမိုရရှိစေရန် ရည်ရွယ်ထားသည်။ သိရှိရမည့် အချက်များတွင်
-    အစိုးရတစ်ရပ်ကို အဘယ်ကြောင့် လိုအပ်ရကြောင်းရှင်းပြရန် (ဥပမာ အများပြည်သူပိုင်ပစ္စည်း များနှင့် လူတစ်ဦးချင်းဆိုင်ရာ အခွင့်အရေး၊ အများပြည်သူ လုံခြုံရေး၊ အမိန့်များအကြောင်း ပါဝင်စေရန်)
-    နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရအာဏာကို မည်သို့ကန့်သတ်ချုပ်ကိုင်ထားကြောင်း ရှင်းပြရန်
-    အစိုးရ၏ရည်ရွယ်ချက်နှင့် လုပ်ငန်းရပ်အမျိုးမျိုးကို နှိုင်းယှဉ်ကြည့်နိုင်ရန်


၉ တန်းမှ ၁၂ တန်းအဆင့်တွင်

အတန်းကြီးလာသည်နှင့်အမျှ အသိပညာ ဗဟုသုတများကို ပိုမိုတိုးချဲ့သွားရန်ဖြစ်သည်။
-    အစိုးရလုပ်ငန်းများသည် လူတစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းအပေါ်တွင် မည်မျှသက်ရောက်မှု ရှိကြောင်းရှင်းပြရန်
-    အစိုးရဖွဲ့စည်းပုံနှင့် အစိုးရလုပ်ငန်းများကို ရှင်းပြရန်
-    အစိုးရအဖွဲ့အစည်းများအကြောင်း လူတစ်ဦးချင်းနှင့် ပါဝင်ပတ်သက်ရသည့်အကြောင်းများကို ရှင်းပြရန် (ဥပမာ လူတစ်ဦး၏ လွတ်လပ်ခွင့်၊ နိုင်ငံရေး လွတ်လပ်ခွင့်များအကြောင်း)

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကန့်သတ်ခံအစိုးရ အကန့်အသတ်မဲ့အစိုးရအကြောင်းများကိုသိရှိစေရန်


၎ တန်းအဆင့်တွင်

-    အာဏာကိုပြည်သူတို့ အသုံးပြုပုံ၊ အာဏာပိုင်များ၏ အာဏာကို အသုံးပြုပုံများကို သင်ကြားပေး သည်။ (ဥပမာ ကျောင်းတွင်း လမ်းအန္တရာယ်ကာကွယ်ရေးအဖွဲ့ ဖွဲ့ပေးထားပြီး ထိုအဖွဲ့၏တာဝန် များ၊ လုပ်ပိုင်ခွင့်များ၊ လမ်းဖြတ်ကူးရေးအတွက် တာဝန်ရှိမှုများကို သင်ကြားပေးသည်။ တစ်ဦးနှင့်တစ်ဦး အကြမ်းဖက်အနိုင်ကျင့်ခြင်းသည် စွမ်းအား၊ အင်အား၊ ခွန်အားမဟုတ်ကြောင်း၊ စွမ်းအားနှင့် အာဏာကို အလွဲသုံးစားလုပ်ခြင်း၊ လွဲမှားစွာ ခွန်အားကို အသုံးချခြင်းသာဖြစ် ကြောင်း ရှင်းပြရန်ဖြစ်သည်။)
-    အာဏာအကြောင်း၊ အာဏာကို အစိုးရသည် လုပ်ချင်တိုင်းမလုပ်နိုင်စေရန်အတွက် မည်သို့ကန့် သတ်ထားရကြောင်း ရှင်းပြရန်။ (ဥပမာ အာဏာကို အလွဲသုံးစားမလုပ်နိုင်ရန် မည်သို့ထိန်း ကျောင်းထားကြောင်း သိရှိစေရန်)


၅ တန်း မှ ၈ တန်းအဆင့်တွင်

-    အကန့်အသတ် (limited) နှင့် အကန့်အသတ်မဲ့ (unlimited) အစိုးရအကြောင်းကို ရှင်းပြရန်
-    အစိုးရအမျိုးမျိုးအကြောင်း ရှင်းပြရန်။ အစိုးရမရှိလျှင် ဘာဖြစ်သွားနိုင်ကြောင်းကိုလည်း ရှင်းပြရန် (ဥပမာ - မင်းမဲ့စရိုက်၊ လူနည်းစုကိုယ်စားပြုအစိုးရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရအုပ်ချုပ်သည့် သမ္မတနိုင်ငံ၊ အာဏာရှင်အုပ်ချုပ်ရေး၊ ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ်များ)
-    တရားဥဒေစိုးမိုးရေး အရေးကြီးပုံအကြောင်း၊ ခေါင်းဆောင်တစ်ယောက်သည် အာဏာရှင်တစ်ဦး ပုံစံဖြင့်ဆုံးဖြတ်ခြင်းနှင့် ဥပဒေအရ ဆုံးဖြတ်ခြင်း မည်သို့ကွာခြားပုံတို့ကို ရှင်းပြရန်


၉ တန်း မှ ၁၂ တန်းအဆင့်တွင်

-    အကန့်အသတ်ရှိသောအစိုးရအာဏာ၊ အကန့်အသတ်မဲ့သော အစိုးရအာဏာများ အကြောင်း ရှင်းပြရန်။ (ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ထားသည့် သမ္မတနှင့် အာဏာရှင်အစိုးရတို့၏ အုပ်ချုပ်ပုံများကို နှိုင်းယှဉ်ပြရန်)
-    ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး နိုင်ငံရေးစနစ်နှင့် အစိုးရကို မည်သို့ပြုပြင်ပြောင်းလဲသွား နိုင်ကြောင်း ရှင်းပြရန်
-    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေစိုးမိုမှုဖြင့် အစိုးရကိုမည်သို့ထိန်းချုပ်နိုင်ကြောင်း ရှင်းပြရန်

ဥပမာအားဖြင့် အမေရိကန်ကျောင်းများတွင် ၉ တန်းမှ ၁၂ တန်းအဆင့်အထိ သင်ကြားသည့် ပြည်သူ့နီတီဘာသာရပ်ထဲမှ “ဒီမိုကရေစီကျင့်စဉ်” ဆိုသည့် သင်ခန်းစာခေါင်းစဉ်တစ်ခုကို သင်ကြားပုံစနစ်နှင့် ဆရာလမ်းညွှန်အား ဖော်ပြလိုပါသည်။

‘သင်ကြားရန်အညွှန်း’

အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပထမဦးဆုံးပြင်ဆင်ချက်ပြုလုပ်သည့် ဥပဒေမှာ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့် အခွင့်အရေးဖြစ်သည်။ ထိုဥပဒေထဲတွင် “လွတ်လပ်စွာပြောဆိုခွင့်” ကိုလည်းထည့်သွင်းထားသည်။ ကျောင်းသားများနှင့် လူ့အခွင့်အရေးအကြောင်းကို ဆွေးနွေးပါ။ အဖွဲ့များဖွဲ့ပေးပြီး လွတ်လပ်စွာပြောဆိုခွင့်ပေးပါ။

သို့သော် ပရမ်းပတာ လွတ်ချင်တိုင်းလွတ်နေလျှင်ဆိုသည့် အခြေအနေမျိုးကို ဖန်တီးပေးပြီး လွတ်လပ်ခွင့်ဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားခြင်းနှင့်လည်း ဆက်စပ် နေကြောင်း၊ ထို့ကြောင့် ထိန်းချုပ်မှုတစ်ခုခုရှိရန်လည်း လိုအပ်ကြောင်းရှင်းပြပါ။

‘လွတ်လပ်ခွင့်အကြောင်းသင်ကြားရာတွင်’

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွတ်လပ်စွာပြောဆိုခွင့်နှင့်ပတ်သက်သည့် မူရင်းအချက်အလက်များကို မိတ္တူကူးပြီး ကျောင်းသားတိုင်း ကို ပေးထားပါ။ ထိုဥပဒေပါ အချက် ၅ ချက်ထဲမှ လွတ်လပ်စွာပြောဆိုခွင့်နှင့်၊ လွတ်လပ်စွာ စုဝေးခွင့်တို့ အကြောင်းကို ကောင်းစွာ သိရှိစေရန် ညွှန်ပြထားပါ။ အတန်းထဲတွင် အုပ်စုနှစ်စု ခွဲပြီး မေးခွန်းများမေးသည့် ကျောင်းတွင်းလှုပ်ရှားမှုတစ်ခုကို ဖန်တီးပေးပါ။
တစ်ဖွဲ့ကို ထိုမေးခွန်းများတွင် လွတ်လပ်စွာပြောဆိုခွင့်ဆိုတာဘာလဲဆိုတာ သိသလား။ ကျောင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်လို့ ထင်ပါသလား။ မရှိဘူးဆိုရင် ဘယ်နေရာတွေမှာမရှိတာလဲဆိုတာကို ပြောနိုင်မလား။ ဘယ်လိုနေရာတွေမှာ လွတ်လပ်စွာပြောခွင့်မရတဲ့အတွက် အားနည်းတယ်လို့ထင်သလဲ စသည့်မေးခွန်းများကို မေးခိုင်းပြီး အချက် အလက်များကို စုဆောင်းခိုင်းပါ။

အခြားအဖွဲ့တစ်ဖွဲ့အား လွတ်လပ်စွာ စုဝေးခွင့်နှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းခိုင်းပါ။ ထိုအဖွဲ့တွင် မေးခွန်းများကို မေးရာ၌ လူတို့စုဝေးပြောဆိုခွင့်ကို ပိတ်ပင်ထားခြင်းအား တရားမျှတ တယ်လို့ ထင်ပါ သလား။ ကျောင်းတွင်း စုဝေးခွင့်မှသည် လူထုအတွင်းစုဝေးခွင့်ကို ဘာကြောင့် အရေးကြီး တယ်လို့ ထင်သလဲ။ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုတာဘာလဲ။

အကြမ်းမဖက် ငြိမ်းချမ်းစွာစုဝေးဟောပြောခွင့်ရှိသင့်တယ် ထင်ပါသလား။ စုဝေးပြောဆိုခွင့်မှ ရရှိလာနိုင်တဲ့ အကျိုးတရားက ဘာလို့ ထင်သလဲ။ စုဝေး ပြောဆိုခွင့် မရှိရင် ဘာဖြစ်သွားနိုင်သလဲ။ ရွေးကောက်ပွဲများတွင် စုဝေးဟောပြောစည်းရုံးခွင့် ဘာကြောင့် လိုအပ်တယ် ထင်ပါသလဲ စသည့်မေးခွန်းများကို မေးခိုင်းပြီး အချက်အလက်များကို စုဆောင်းလာရန်ဖြစ်သည်။

‘လွတ်လပ်ခွင့်နှင့် မီဒီယာ’

ကျောင်းသားများကို လက်တွေ့မေးမြန်းခိုင်းသည့် အတွေ့အကြုံများကို သင်ကြားပေးသည့်အပြင် လက်ရှိ ထုတ်နေသော မီဒီယာများမှ အချက်အလက်များကိုလည်း စုဆောင်းခိုင်းရန်ဖြစ်သည်။ ဥပမာ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ အင်တာနက်များမှလည်း အချက်အလက်များကို စုဆောင်းခွင့်ပေး ရန်ဖြစ်သည်။

ဆရာမှလည်း ရုပ်ရှင်ဇာတ်ကားကောင်းများကို ညွှန်းရန်လိုသည်။ (ဥပမာ Twelve Angry Men ရုပ်ရှင်တွင် ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်တွင် အများနှင့်မတူ တစ်ယောက်သောဂျူရီ၏ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်နှင့် အပြန်အလှန်ဆွေးနွေး ငြင်းခုံခြင်းမှ ရရှိလာသည့် အကျိုးတရား တစ်ခုအကြောင်းကို ကျောင်းသားများအား အမြင်ချင်းဖလှယ်စေရန်)။ Absence of Malice ရုပ်ရှင်ထဲတွင်လည်း အပြစ်မဲ့ ပြည်သူတစ်ယောက်ကို အစိုးရက လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦး၏ သားဖြစ်သည်ဆိုသော အမြင်ဖြင့် လိုက်လံစုံစမ်းစစ်ဆေးနေခြင်းကို လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် ထင်မြင်ယူဆချက်များ ဆွေးနွေး ကြရန်ဖြစ်သည်။

ကျောင်းသားများကိုလည်း အင်တာနက်ထဲမှ အခြားအလားတူ အကြောင်းအရာများကို စုဆောင်းခိုင်းပြီးအတန်းထဲတွင် ထင်မြင်ချက်များပေးခိုင်းခြင်း၊ ဆွေးနွေးစေခြင်း။

ပြောခဲ့သည့်အကြောင်းအချက်များ၊ သင်ကြားသည့်စနစ်များ၊ ခံယူချက်များကိုကြည့်ခြင်းအားဖြင့် နိုင်ငံ တစ်နိုင်ငံလူမျိုးတစ်မျိုး တိုးတက်ရသည့်အကြောင်းများကို ကောင်းစွာသဘောပေါက်မည်ထင်ပါသည်။ ကျောင်းတွင်းလှုပ်ရှားမှုသည် ဒီမိုကရေစီနည်းကို လက်ခံသည်ဆိုလျှင် အာဏာရှင်အမြင်နှင့် တစ်သွေး တစ်သံ တစ်မိန့် သင်ကြားမှုများကို ရှောင်ကျဉ်ရမည်ဖြစ်သည်။

ငါပြောသလိုလိုက်လုပ်၊ ငါလုပ်သလို လိုက်မလုပ်နဲ့ဆိုသည့် ခေတ်အမြင်တို့ကို ပြုပြင်ရန်လိုပါသည်။ ပြည်သူ့နီတိကို ကျောင်းများတွင် သင်မည်ဆိုလျှင် သင်ကြားမည့်ဆရာများကို ပြည်သူ့နီတိအကြောင်း၊ ပြည်သူ့နီတိသည် နိုင်ငံရေးနှင့် ဆက်နွှယ်နေသည့် အကြောင်းများကို ဦးစွာပညာပေးရပါလိမ့်မည်။

နိုင်ငံရေးနှင့် ကင်းဝေးပြီး၊ နိုင်ငံရေးပြောရမည်ကိုပင် ကြောက်စရာတစ်ခုကဲ့သို့ထင်မြင်နေကြသည့် လက်ဦးဆရာ (မိဘ နှင့် ဆရာ) များကြားတွင် ပြည်သူ့နီတိသည် မထွန်းကားနိုင်ပါ။ မိဘများကိုယ်တိုင် နိုင်ငံရေးပြောနိုင်၊ ဆရာများကိုယ်တိုင်လည်း နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားနိုင်မှသာ ပြည်သူ့နီတိကို သင်ကြားရာတွင်လည်း ထိရောက်မှုရှိနိုင်ပါသည်။

ဝန်ထမ်းဟူက နိုင်ငံရေးကင်းရှင်းကြဆိုသည့် အယူ အဆကို မပြုပြင်သမျှ ပြည်သူ့နီတိကိုလည်း သင်နိုင်ကြမည်မထင်ပါ။ ၀န်ထမ်းတစ်ယောက်သည် နိုင်ငံရေးပါတီတစ်ခုခုတွင် ၀င်ရောက်လှုပ်ရှားခြင်းကို ကန့်သတ်နိုင်သော်လည်း၊ ၀န်ထမ်း တစ်ယောက်ကို နိုင်ငံရေး မပြောရ မဆွေးနွေးရဟု ပြောလျှင် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းသာဖြစ်ပေလိမ့်မည်။ ကိုယ်ကြိုက်သည့် နိုင်ငံရေးပါတီနှင့် နိုင်ငံရေးစနစ်ကို လူတိုင်းသက်ဝင်ယုံကြည်ခွင့်ရှိပါသည်။ သို့သော် ထဲထဲဝင်ဝင် ပါဝင်ခွင့် ဆိုသည်ကတော့ အကန့်အသတ်ဖြင့် ရှိကောင်းရှိနိုင်သည်။


တင်ညွန့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...