Thursday, February 9, 2012

မြင်း မရှိတဲ့ ကျွန်းပေါ်မှာ

by Seaman Nayminthu on Thursday, February 9, 2012 at 8:45am ·
 
“မော်တင်စွန်းဘုရားပွဲ နီးပြီဗျ”
သူငယ်ချင်းတဦးရဲ့ သတိပေးနှိုးဆော်သံကြောင့် ကျနော့်အတွေးစိတ်တွေ အတိတ်ဆီပြန်ရောက်သွားမိတယ်။ ဆုံးစမဲ့ ကျယ်ပြောလှတဲ့ ပင်လယ်ပြာကြီးရယ်၊ ကမ်းစပ်ဆီ တရိပ်ရိပ်ရွေ့လျားနေတဲ့ လှိုင်းခေါင်းဖြူတွေရယ်၊ ကမ်းစပ်နဲ့ မနီးမဝေး သဲသောင်ပြင်ထက်မှ အုန်းပင်တန်းလေးတွေရယ်၊ ရေပြင်ပေါ် ရှပ်ပျံဝဲနေတဲ့ ပျံလွှားငှက်၊ ဇင်ယော်ငှက်လေးတွေရယ်၊ ဟိုနေရာ ဒီနေရာ မညီမညာပြန့်ကျဲနေတဲ့ ကျောက်ဆောင်ကျောက်တုံးတွေရယ် ဒီမြင်ကွင်းလေးတွေဟာ ကျနော့်ဘဝတသက် ဘယ်တော့မှမေ့ဖျောက်လို့မရနိုင်တဲ့ သဘာဝအလှတရားတွေပါ။
ခုလောက်ဆို မြန်မာပြည်မြေပုံရဲ့ အနောက်တောင်ဘက်စွန်း တောင်ကုန်းမြင့်လေး တဝိုက်မှာ လူတွေ လူတွေ ယောက်ယက်ခတ်လှုပ်ရှား စည်ကားစပြုနေလောက်ရောပေါ့။

မြတ်မော်တင်စွန်း(မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး) ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့ အထိ ကျင်းပပူဇော်မြဲပါ။ ပွဲတော်ရက်က နှစ်ပတ် လောက်ကြာမြင့်တာမို့ တပေါင်းလဆန်းကတည်းက စတင် ကျင်းပလေ့ရှိပါတယ်။ ဒီတော့ တပို့တွဲလပြည့်ကျော် ရက်တွေမှာ ပွဲတော်အခင်းအကျင်းအပြင်အဆင်တွေ စတင် လုပ်ဆောင်ရပြီလေ။
မြန်မာပြည်တနံတလျားက ဘုရားဖူးပွဲတော်လာဧည့်သည်တွေနဲ့ အင်မတန်စည်ကားသိုက်မြိုက်လှတဲ့ ပွဲတော် တခုဖြစ်ပါတယ်။ ဘုရားပွဲရက်တလျှောက်လုံး ပွဲတော်လာ ရေယာဉ်ကြီးငယ်တွေပေါ်မှာ မရပ်မနားဖွင့်လာတဲ့ အဆိုတော်သန်းထွန်းလေး(နောက်ပိုင်း သူ့သမီး အဆိုတော်ပိုးအိစံပြန်ဆိုတဲ့) ရဲ့ “ကျနော့်မမပုသိမ်သူ” သီချင်း သံက ဟိုင်းကြီးကျွန်းတဝိုက် လွှမ်းမိုးနေရာယူထားတတ်ပါတယ်။ ရာသီချိန်ကိုက်ဆိုသလို ပေါ်ထွက်လာလေ့ရှိ တဲ့ အဲဒီသီချင်းသံဟာ ကြားရသူအပေါင်းကို ပွဲတော်ဆီသို့ မဖြစ်မနေအရောက်သွားဖြစ်အောင် မြှူဆွယ်တွန်းပို့ နေသလို ခံစားရစေပါတယ်။
အိမ်မှာ ပိုက်ဆံအသုံးမပြေလည်လို့ ဒီတနှစ်တော့ ပွဲတော်ကိုအလွတ်ခံလိုက်မယ်ဆုံးဖြတ်ပြီး မေ့မေ့ပျောက် ပျောက် အိမ်တွင်းပုန်းနေသူတွေဟာ အဲဒီသီချင်းသံကြားရပြီးနောက် မရည်ရွယ်၊ ကြိုတင်ပြင်ဆင်မှုမရှိဘဲ တွေ့ရာကြုံရာ လူအုပ်နဲ့ ရောပါသွားရင်း မြတ်မော်တင်ဘုရားရင်ပြင်ဆီ ဦးခိုက်ရောက်ရှိသွားသူတွေ မနည်းလှပါ။ တချို့လည်း တကြိမ်နဲ့အားမရလို့ နှစ်ကြိမ်သုံးကြိမ်အရောက်သွားဖြစ်ကြပါတယ်။ အိမ်မှာထမင်းဟင်းချက်ပြုတ်၊ နေ့လည်စာစားပြီး စံထူး၊ စံပြ၊ အဏ္ဏဝါရွာတွေအတိုင်း ခြေကျင်လျှောက်၊ အဏ္ဏဝါလှေဆိပ်ကိုရောက်တော့ ငမိုးရိပ်ချောင်းလောက်ကျယ်တဲ့ ဟိုင်းကြီးချောင်းကို ကူးတို့လှေနဲ့ဖြတ်ကူး၊ တဖက်ကမ်း ခမောက်မော်ရွာကနေ တနာရီလောက်ထပ်လျှောက်ရင် မြတ်မော်တင်စေတီကို ဖူးခွင့်ရပြီပဲ။ ဘုရားရင်ပြင်တော်ပေါ်မှာ သင့်တော်ရာ နေရာတခုရွေးချယ်ပြီး ညနေစာကိုတပျော်တပါးစုပေါင်းစားကြ၊ ရင်ပြင်တော်ထက်မှာပဲ ညအိပ်လိုက်ကြ၊ နောက် တနေ့မနက် ငွေတောင်ဘုရား(မြွေတောင်ဘုရား ဟုလည်းခေါ်)ရှိရာခရီးဆက်၊ ကမ်းခြေရေတိမ်ပါးမှာရေကူးကြ၊ အုန်းပင်ရိပ်အောက်မှာ အုန်းစိမ်းရေသောက်ရင်း ခဏတာ အနားယူပြီး ပြန်လာမယ်ဆိုရင် နေ့လည်လောက်မှာ အိမ်ပြန်ရောက်နိုင်တာပေါ့။
ဟိုင်းကြီးကျွန်းတဝိုက်ဒေသခံတွေကတော့ တနှစ်တခါ မော်တင်ဘုရားပွဲမှာ ဝင်မနွှဲလိုက်ရရင် သမိုင်းပေးတာဝန် မကျေပွန်သလို ခံစားကြရတယ်ထင်ပါရဲ့။ ပင်လယ်ထဲမှာ ခရီးလွန်နေသူတွေ ပွဲတော်ရက်ဆို ဌာနေကိုအရောက် ပြန်လာကြတယ်။ ရေထဲမှာ ပင်ပင်ပန်းပန်းရှာခဲ့ဖွေခဲ့တဲ့ငွေကို ဘုရားပွဲတော်မှာ ရက်ရက်ရောရောသုံးကြတယ်။ ကျနော်အဲဒီမှာ ရှိစဉ်က ပွဲတော်သွားတိုင်း မိသားစုသုံးဖို့စွဲဖို့ အိပ်ကပ်ထဲမှာ ငွေတထောင်ပါအောင် အတော့်ကိုပဲ ခြစ်ခြုတ်စုဆောင်းသွားရတာ။ ဒါတောင် ကျနော်ရတဲ့ တစ်လစာပြုတ်ပြီ။ အဲဒီအချိန်မှာ ရွာထဲက လှေလုပ်သား တဦးဟာ အနည်းဆုံး ငွေငါးထောင်မပါရင် ဘုရားပွဲမသွားဘူးတဲ့။ အဲလောက်ကို အားထည့်ပြီးပျော်ကြတာ။ သူတို့ပျော်မယ်ဆိုလည်း ပျော်လောက်ပါတယ်။ ပွဲတော်က တိုင်းသိပြည်သိဖြစ်တဲ့အပြင် ဇာတ်ပွဲပေါင်းစုံကကြ တာလေ။ နိုင်ငံခြားသားတွေလည်း အတော်များများလာလည်ကြတယ်။
ကျနော်သိသလောက် ဟိုင်းကြီးကျွန်းမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ အရာရှိ/စစ်သည်မှန်သမျှ လုပ်ငန်းပိုင်းဆိုင် ရာနဲ့ နေထိုင်မှုအခြေအနေအရ ဟိုင်းကြီးကို စိတ်ပျက်ချင်ပျက်မယ်၊ မော်တင်စွန်းဘုရားပွဲတော်ကိုတော့ ဘယ်နေရာရောက်ရောက် သတိတရ ရှိနေတတ်ကြတာပါပဲ။ တနှစ်မှာတခါ ပျော်ခွင့်ရတာဖြစ်ပေမယ့် တကယ့် ကို နှစ်နှစ်ကာကာ ပျော်စရာကောင်းတဲ့ ပွဲတော်တခုပါ။ ပွဲဈေးမှာ ဒေသထွက် အစားအစာတွေအပြင် ခရုခွံ၊ ကမာခွံ၊ အုန်းသီးခွံတွေနဲ့ လုပ်ထားတဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ ရောင်းချပေးပါတယ်။ တခါတော့ နိုင်ငံခြားသားတဦး ဖန်ပုံးထဲမှာ ထည့်လှောင်ထားတဲ့ ရေခူလေးတွေကိုစိတ်ဝင်တစားကြည့်နေရင်း အနားမှာ ရပ်နေတဲ့ ကျနော့်သူငယ်ချင်းတဦးကို မေးပါတယ်။ ‘What is this ?’၊ ကျနော့်သူငယ်ချင်း မဆိုင်းမတွ အဖြေ ပေးလိုက် တာက ‘This is ယူခေ’ တဲ့။ နိုင်ငံခြားသား ဘယ်လိုသဘောပေါက်သွားလဲမသိ၊ မေးစေ့လေး ပွတ်ပြီး ခေါင်းတညိတ်ညိတ်နဲ့ ထွက်သွားပါလေရော..။
အဲဒီလောက်စည်ကားလှတဲ့ ပွဲတော်မြင်ကွင်းကို ၂၀၀၅ ခုနှစ်မတ်လမှာ ရေယာဉ်နဲ့ခရီးသွားရင်း အဝေးကနေ လှမ်းမျှော်ခွင့်ရခဲ့ပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ၂၀၀၄ ဆူနာမီရေငလျင်မှာ ဘုရားထီးတော် မြေခသွား တာမို့ ကျင်းပမြဲ ဘုရားပွဲတော်အပြင် စေတီတော်ပြုပြင်၊ ထီးတော်တင်ပွဲပါ ကျင်းပခဲ့ရတဲ့နှစ်ပါ။
ဟိုင်းကြီးမြေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အပြောအဆို၊ အတွေ့အကြုံလေးတွေ ရှိပါတယ်။ ကျွန်းပေါ်ရောက်ပြီး ဟိုင်းကြီးရွာထိပ်က တောင်ပေါ်ဘုရားကိုဖူးဖြစ်ရင် ဟိုင်းကြီးမြေကို နောက်တခါထပ်ရောက်ရတယ်တဲ့။ တချို့ လည်း ရေယာဉ်မှာတာဝန်ထမ်းဆောင်ရင်း ဟိုင်းကြီးဘုရားသွားဖူးမိလို့ ရန်ကုန်ပြန်အရောက်မှာ ဟိုင်းကြီးကို အပြောင်းအရွှေ့ပါလာကြတယ် ဆိုတာပဲ။ တိုက်ဆိုင်မှုကို အယူသည်းတာလားတော့ သေချာမသိပါ။
သေချာတာ တခုကတော့ ကျနော်ဟိုင်းကြီးကျွန်းမှာ ၄ နှစ်တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း ကျွန်းပေါ်မှာ မြင်း တကောင်မှ မတွေ့ခဲ့ရတာပါပဲ။ ဒေသခံတွေကိုမေးကြည့်တော့ ဟိုင်းကြီးကျွန်းပေါ် မြင်းတင်လို့မရဘူးတဲ့။ ကျွန်းပေါ်မှာမွေးထားတဲ့ မြင်းဟာ မကြာမီအတွင်း အကြောင်းတမျိုးမျိုးနဲ့သေသွားရတာချည်းဆိုတော့ ဘယ်သူ ကမှ မြင်းမမွေးရဲတော့ဘူးတဲ့။ ပင်လယ်ကိုမေးတင်နေတဲ့ ဟိုင်းကြီးတောင်ကို အဝေးကကြည့်ရင် ဟိုင်းဆင်ကြီး တကောင် ဝပ်နေပုံမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။
ကျနော်စဉ်းစားကြည့်မိပါတယ်။ မြန်မာဘုရင်တွေခေတ်က ပြင်သစ်၊ ဒတ်ခ်ျတွေနဲ့ ပြဿနာတက်တဲ့ ဟိုင်းကြီး ကျွန်းအရေးအခင်းမှာ မြန်မာစစ်သူရဲကောင်းတွေဖြစ်တဲ့ မင်းရဲကောင်းပုံ၊ မင်းရဲနရသိင်္ခ တို့ဟာ ဘယ်လိုစစ်ဗျူ ဟာမျိုးနဲ့ တိုင်းတပါးသားတွေကို ယှဉ်ပြီးတိုက်ခိုက်ခဲ့သလဲ..။ ရေကြောင်းသက်သက်တော့ ဖြစ်နိုင်ပုံမရပါဘူး။ ဘာလို့ဆို စံထူး၊စံပြ ရွာအဝင်မှာ မြန်မာတပ်တွေရဲ့ ခံတပ်အဆောက်အဦးပျက်တခု ရှိနေသေးတယ်။ ဟိုင်းကြီး တောင်ခြေမှာလည်း နယ်ချဲ့သင်္ဘောတွေသုံးတဲ့ ကျောက်မီးသွေးပုံနေရာတွေ ကျန်နေတုန်း။ အဲဒီအချက် အလက်တွေက ကျနော့်အတွက်လေ့လာစရာ သမိုင်းခြေရာတွေ ဖြစ်နေပါတယ်။
သက်ရှိတိရစ္ဆာန် မြင်းတကောင်မှ မတွေ့ရတဲ့ကျွန်းပေါ်မှာ မြင်းစီးကျွမ်းကျင်သူ၊ မြင်းစီးပြိုင်ပွဲဝင်သူ အများ အပြားကိုလည်း တွေ့ရပြန်ပါတယ်။ အင်း...ပြောရရင် ကျနော်လည်း ရံဖန်ရံခါမက ပြိုင်ပွဲဝင်ခဲ့ဖူးသူ တဦးပါပဲ။ ဒေသခံရေလုပ်သားတွေကတော့ မြင်းကို ကုန်းနှီးမပါဘဲ အလွတ်စီးကြတာ။ မြင်းစီးရတဲ့ အကြောင်းခံ ဆင်ခြေ ပေးချက်တွေကလည်း အဖုံဖုံ။ ရေလုပ်သားတွေက ရေထဲမှာ တနေကုန်လုပ်ရတော့ ချမ်းလွန်းလို့ မြင်းစီးရင်း အနွေးဓာတ် ယူကြတာ။ ရေတပ်သားတွေက ရောက်ခါစမှာ ငှက်ဖျားမိမှာစိုးလို့ ကာကွယ်တာ။ နောက်ပိုင်းမှာ တော့ အလုပ်ပင်ပန်းလို့၊ အိမ်ကိုလွမ်းလို့။ ဒီလိုနဲ့ ဖော်မွန်၊ တိုးတိုးဝင်း၊ ဖြိုးကျော်(PK)၊ ငွေပင်လယ် စတဲ့ မြင်းပွဲရုံ တွေ စီးပွားတက်လာကြတယ်။
အခုလို မော်တင်စွန်းဘုရားပွဲရာသီ ရောက်ပြီဆို ကျွန်းပေါ်မှာ မြင်းသည်တော်တွေ ခြေရာချင်းထပ် ပွေလိမ်ရှုပ် များပြားနေမှာ မြင်ယောင်မိပါသေးရဲ့....

နေမင်းသူ
၈ ဖေဖော်ဝါရီ ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...