ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေသည့် စာအုပ်ဖြန့်ချီ
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့
ပြင်ဆင်နေချိန်မှာပဲ သူ့ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်ထားတယ်ဆိုတဲ့
စာအုပ်တအုပ်ကို ဖေဖော်ဝါရီ လဆန်းမှာ ဖြန့်ချိလိုက်ပါတယ်။
စာ ရေးသူ အောင်မြတ်ဦးက အောင်ဆန်းစုကြည် သို့မဟုတ် ဒီမိုကရေစီ လင်းလက်ကြယ်စင် အမည်ပေးထားတဲ့ စာအုပ်မှာ မျက်နှာဖုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို အသားပေးဖော်ပြထားပေမယ့် အတွင်းပိုင်း စာသားတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာတွေ ပါတယ်လို့ အဲဒီစာအုပ်ကို ဖတ်ခဲ့ရသူတွေက ပြောပါတယ်။
အောင်မြတ်ဦး
ရေးတဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်ဟာ အရင် အစိုးရပိုင်
သတင်းစာတွေမှာပါတဲ့ ဆောင်းပါးတွေပုံစံ ရေးထားတာလို့
စာအုပ်ဖတ်ရှုခဲ့တဲ့ မန္တလေးမြို့နေ သတင်းထောက်တဦးက ပြောပါတယ်။
“အထဲမှာဆို
စုကြည်တို့ ဘာတို့ လုပ်ထားတယ်။ နောက်ဆုံး သူမဟာ နိုင်ငံရေး
ဘာမှမသိဘူးဆိုတာမျိုး၊ မိုက်ကယ်အဲရစ်နဲ့ ရတာတို့၊ သူမကတော့
ပြောတာပေါ့။ ကံကြမ္မာရဲ့ စေစားရာ၊ နိုင်ငံခြားသားနဲ့ ရတာတို့၊
အဲလိုမျိုး အတည်ပေါက်တွေ လုပ်ထားပြီး အခုကျတော့မှ
နောက်ဆုံးခန်းကျတော့ အကောင်းပုံစံနဲ့ ပြန်ဖြန့်ရေးသွားတယ်။
နောက်ဆုံးမှာ ဒေါ်စုရဲ့ ကောက်နှုတ်ချက်လေးတွေကို ဖော်ပြထားတယ်။
နောက်ဆုံးစာမျက်နှာ သုံးလေးရွက်လောက် လှန်ကြည့်ရင်တော့
အကောင်းလို့ ယူဆစရာ ရှိတယ်။ အလယ်နားနဲ့ ရှေ့ပိုင်းတွေမှာ
သေချာကြည့်တော့မှ သတင်းစာတွေမှာ ပါးပါးလေးနဲ့ဆော်တဲ့ ပေါ်လစီ
ဆောင်းပါးရှင်တွေ အတိုင်းပဲ။ တော်တော်ဆိုးဆိုးဝါးဝါး လုပ်တယ်။
ဘယ်လောက်ထိအောင် လုပ်လဲဆိုရင် သူမကို ဒေါ်လာငွေ ၂ သန်း ပေးဖို့အတွက်
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးလိုက်တယ်တို့၊ သူမက ငြိမ်းချမ်းရေး
နိုဘယ်လ်ဆုနဲ့ ထိုက်တန် မတန် မသိဘူး။ သူမတော့ နိုဘယ်လ်ဆု
ရရှိသွားပြီတို့၊ သူမကို ပထမဆုံး နိုင်ငံရေး စင်မြင့်ပေါ်တင်ပေးတာ
ဗကပ ထွန်းဝေကြီးတို့၊ ဗကပ တင်လို့ ရောက်လာတယ်တို့၊
အဲဒါမျိုးတွေပေါ့။”
စာရေးသူ
အောင်မြတ်ဦးဟာ တိုက်ရိုက် မဟုတ်ဘဲ တခြား သတင်းဌာနတွေကို
ကိုးကားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာတွေ
ရေးခဲ့တယ်လို့လည်း ဆိုပါတယ်။
“သူမကို
နိုင်ငံရေး ဝါရင့်သတင်းသမား တဦးက သုံးသပ်တာမျိုး၊ ဘယ်သူလို့လည်း
မပြောဘဲ အတည်ပေါက်ရေးထားတယ်။ နောက်တခါ နိုင်ငံခြား သတင်းထောက်
တဦးပြောတာကတော့ ဆိုတာမျိုး၊ သူပြောသလိုမျိုး မဟုတ်ဘဲနဲ့
တခြားသူတယောက်က ပြောသလိုမျိုး၊ အဲဒါတွေကို ဖြန့်ရေးချထားတာ။
အကြမ်းဖျင်း လိုရင်းကို ပြောရရင် သူဟာ တောက်လျှောက်
ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တယ်။ သူမကို ရင်းနှီးသူများက
စုကြည်လို့ခေါ်တယ်။ နောက်တခါ အမျိုးသားဒီမိုကရေစီပါတီတဲ့ ။
အမျိုးသားဒီမိုကရေစီ ပါတီဆိုတာက ဒေါက်တာစိန်ဝင်းတို့ ပါတီ၊
သူ(စာရေးသူ)မသိဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပါတီနဲ့ကို
သူမကွဲဘူး။”
ဒေါ်
အောင်ဆန်းစုကြည် အကြောင်းပါတဲ့ ဒီမိုကရေစီ သို့မဟုတ် လင်းလက်ကြယ်စင်
စာအုပ်ဟာ ဆန်းလှစာပေက ထုတ်ဝေဖြန့်ချိတာဖြစ်ပြီးတော့ 
ရောင်းဈေးကတော့ ၃၅၀ ကျပ်ပါ။ ဒါဟာ တခြား စာအုပ်ဈေးနှုန်းတွေနဲ့
နှိုင်းယှဉ်ရင် စီးပွားရေးအရ အရှုံးခံပြီးထုတ်ခဲ့တာလို့ လည်း
ပြောကြပါတယ်။
အဲဒီစာအုပ်ကို
ဖတ်ခဲ့သူ တဦးကလည်း “သူက တချို့ဟာတွေကျတော့ ဗိုလ်ချုပ်ရဲ့သမီး၊
ဒေါ်ခင်ကြည်ရဲ့သမီး၊ နောက်ဗိုလ်လရောင်ရဲ့ မြစ်ပေါ့။ ဒါတွေက အလွန်
အစဉ်အလာရှိခဲ့တဲ့ သွေးကနေ စီးဆင်းလာပေမယ့် သူမကိုတော့
သာမန်သဘော သက်ရောက်အောင် ရေးထားတယ်” လို့ ပြောပါတယ်။
အရင် နဝတ၊
နအဖ ခေတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရပိုင် မီဒီယာတွေကသာ
စာအုပ်ထုတ်ဝေတာ ရှိခဲ့ပေမယ် အခု ပထမဦးဆုံးအနေနဲ့ ပုဂ္ဂလိကပိုင်
စာပေတိုက်ကနေ ဖြန့်ချိတာလည်း ဖြစ်ပါတယ်။
ပြည်သူ့အော်သံမှကူးယူမျှဝေသည်။
--
--
သော်က
0 comments:
Post a Comment