Thursday, February 2, 2012

ဖိနပ် မစီး တဲ့သူ..

by Chan Myae on Thursday, February 2, 2012 at 2:13pm


ငယ်ငယ်တုန်းက ကျွန်တော် ဖိနပ်မစီးပဲ လမ်းလျှောက်ရတာကို သဘောကျတယ်. ခြေဗလာနဲ့ ပြေးလွှားပြီး ဆော့ရတာကို ဖိနပ်စီးပြီဆော့ရတာ ထက် ပိုပြီးတောင် သဘောကျမိတယ်.။ အပင်တွေပေါ် တက်အုန်းမလား သဲပုံပေါ်တက်ဆော့မလား ဖိနပ်နဲ့ ဆို သိပ်ပြီးအဆင်မပြေတာတော့ သေချာတယ်.။ ဖိနပ်မစီးပဲ ရခဲ့တဲ့ ဒဏ်ရာတွေကလည်း အခုချိန်ထိ ကျွန်တော်မှာ ကျန်နေသေးတယ် အမာရွတ်အဖြစ်နဲ့ပေါ့ဗျာ။
ငယ်ငယ်က အတွေးဆိုတော့ စီးတာ မစီးတာထက် ကစားလို့ အဆင်ပြေအောင် ဖိနပ်ကို ခြေထောက်မှာမစီးပဲ လက်မှာ စွတ်ပြီး ရပ်ကွက် တပတ်ပြေးကြတာပဲ.. တခါတလေဆို အိမ်ကို ဖိနပ်မပါပဲ ပြန်လာလို့ အမေရဲ့ မုန့်ဟင်းခါးကို နှစ်ပွဲ လောက် ဆင့်တီး ခံရတာပေါ့ဗျာ အရမ်း ဒေါပွနေတဲ့ နေ့ဆိုရင် အကြော်တို့ ကြက်သွန်ဥတိုပါ ပါလာရောဗျ..... ဟီး။

ဒါပင်မဲ့ ကျွန်တော်ကလည်း မုန့်ဟင်းခါးကြိုက်သဗျ အမေကြွေး လို့ မေ့လောက်ပြီဆိုရင် နောက်တပွဲကို ဆာလောင်လာပြန်ရော:D ... အမေက အမြဲဒေါသ ထွက်နေရတာက ဖိနပ်မစီးလို့ပါ.. ခြေထောက်ကို ဖိနပ်မစီးပဲ လျှောက်သွားတော့ သံစူးတာတို့ငုတ်စူးတာတို့ ဖြစ်မှာဆိုးတာကိုးဗျ ကျွန်တော်ကလည်း ဒီဖိနပ်ကို စီးကို မစီးချင်တာ သူငယ်ချင်းတွေနဲ့ ဆော့ရင် ဖိနပ်စီးဆော့ရင်ပြေးရင် နောက်မှာကျန်ခဲ့တာတို့ ဖြစ်တယ်လေ.။ ဒါက ကလေးအတွေးနဲ့ အဲဒီ့ အချိန်တုန်းက ဖိနပ် မစီးချင်တာပါ။

အခုလည်း ဒီအသက်အရွယ် ရောက်တာတောင် ဖိနပ်စီးရမှာ ကြောက်နေသေးတယ် ဖိနပ်ဆိုတာ မရှိလို့ မဖြစ်ဘူးဆိုတာတော့ဟုတ်ပါတယ် ဖိနပ် မစီးတဲ့ လူဆိုလို့ အရူးပဲ ရှိပါလိမ့်မယ် ကျွန်တော် လည်း ရူးနေတာ ဖြစ်နိုင်တယ်... သူငယ်ချင်းကတော့ ပြောပါတယ် မင်းဟာအရူးပဲတဲ့ ရူးရူး မရူးရူး ဖိနပ်ဆိုတာ ခြေထောက်ကို ချုပ်လှောင်ထားတဲ့ ပစ္စည်းတခုဆိုတာတော့သေချာတယ်
လွတ်လွတ်လပ်လပ်နေချင်တဲ့ ခြေထောက်အတွက်တော့ ဖိနပ်တစုံဟာ ရန်သူပဲလေ

ဖိနပ်မစီးတဲ့ လူတချို့တွေ့ဘူးတယ် ဖိနပ်မစီးနိုင်တဲ့ အခြေအနေတခုမှာပေါ့.... ဖိနပ်တွေတောင် ထားခဲ့ပြီးပြေးကြရတာလေ
လူပေါင်း သောင်းနဲ့ ချီပြီး ကိုယ်စီးတဲ့ ဖိနပ်တွေ ချွတ်ပြီးပြေးရတယ် ဆိုတာ သေမှာကြောက်လို့ လို့ အကြမ်းဖျင်းပြောလို့ရပါတယ်ဘာပဲပြောပြော ဖိနပ်ထက် အသက်က ပိုအရေးကြီးတာဆိုတာတော့ သက်သေပဲပေါ့ ။ ဖိနပ်မစီးတဲ့ လူတွေ ရဲ့ မေတ္တာပို့သံကိုဖိနပ်စီးတဲ့ လူတချို့က မခံနိုင်ဘူးဆိုတာတော့ စဉ်းစားစရာကောင်းတယ်။ ဖိနပ်ကြီးကြီး စီးသူတွေက အဲဒီဖိနပ်ကြမ်းကြီးတွေနဲ့ ပဲ လူတချို့ကို နင်းကန်တာကို တွေ့ဘူးတယ် ဖိနပ်ပါးပါးလေး ကိတ္တီပါစနဲ့ ဖိနပ်ကို စီးသူက ဖိနပ်မပါတဲ့ လူတွေကို ဆဲဆိုနေတာ တွေ့ဘူးတယ် ။ ဖိနပ်အကောင်းစားကြီး စီးပြီး လိမ်စားနေတဲ့ လူတွေ့ဘူးတယ်.. ဖိနပ်စီးသူတိုင်း လူဆိုး မဟုတ်ပင်မဲ့ဖိနပ်မစီးတဲ့ လူတော်တော်များများကတော့ လူဆိုး မဟုတ်တာ သတိထားမိတယ်။

ဖိနပ်မရှိတဲ့ သူအတွက် ဖိနပ်ပျောက်စရာ မရှိပေးမဲ့ ဖိနပ်ရှိသူအတွက်တော့ ဖိနပ်ပျောက်တာက တကယ့်ပြဿနာပါ ဖိနပ်မပါတော့ပဲ လမ်းပေါ်တက်လျှောက်ရမှာက လူတော်တော်များများအတွက် ရှက်စရာကောင်းနေပါလိမ့်မယ် ။ ဖိနပ်ပြတ်လို့ ကူညီရင်း ဇာတ်လမ်းဖြစ်ကြတာတော့ တပိုင်းပေါ့လေ။

ကျွန်တော်ကတော့ မိုးတွေရွာနေတဲ့ အချိန်မှာ ဖိနပ် မပါပဲ ပြေးဆော့ရတာကို သဘောအကျဆုံးပါပဲ။
ခြေထောက်ကို မြေကြီးနဲ့ တိုက်ရိုက်ထိပြီး လွတ်လွတ်လပ်လပ် လမ်းလျှောက်ရတာကို ခံစားမိပါတယ် ။ တချို့လူတွေက ဖိနပ်အကောင်းကြီး စီးပြနေကြပြီး စိတ်ကို မြိုသိပ်နေကြတာတွေ့ဘူးတယ်ကိုယ်စီးထားတဲ့ ဖိနပ် ပြတ်သွားလို့ ကောက်ကိုင်ပြီး သွားလေရော လို့ အားကုန် လွှတ်ပစ်ရတာလောက် အရသာရှိတာ မရှိဘူးဗျ။
မွေးလာတုန်းက လည်း ကျွန်တော်တို့ ခြေဗလာနဲ့ပါပဲ. ဖိနပ်စီးပြိး မွေးလာတာတော့ မရှိပါဘူး..။ချမ်းသာတဲ့ သူက မွေးမွေး ဆင်းရဲတဲ့ လူက မွေးမွေး ဖိနပ်မပါရလေချင်းလို့ ပူဆွေးနေစရာမလိုပါဘူး... ကျွန်တော် ဖိနပ်စီးတတ်အောင် လေကျင့်ယူစရာမလိုပါဘူး.။

ရာဇ၀င်မှာ ဖိနပ်ကို မုန်းတဲ့ လူတွေ ဖတ်ဘူးခဲ့တယ် မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းတော့ နန်းတော်ထဲကို ဖိနပ်စီးပြီး ၀င်ကြတယ်။ ငါ့ နန်းတော်ထဲ ရာရာစစ ဖိနပ်စီးပြီး ၀င်ရလေချင်းလို့ ပဒေသရာဇ်တို့က မရှိမဲ့ ရှိမဲ့ မာနနဲ့ ဒီဖိနပ်သံ တဒေါက်ဒေါက်ကို နားကလော်ကြတယ် ။ ကိုယ်တိုင်းပြည်ရဲ့ အထွတ်အမြတ် ထားတဲ့ ရွှေတိဂုံဘုရားကို ဖိနပ်စီးပြီး တက်ပြန်တော့ မျိုးချစ်တွေက အသဲနာနာနဲ့ ကန်ကွက်ခဲ့ရဘူးတယ် ။ ဖိနပ်တရံ ရဲ့ အရေးပါမှု ဟာ အမျိုးသားရေးထဲ ရောက်ရပြန်သပေါ့ဗျာ။
ကမ္ဘာစာပေထဲမှာ ဖတ်ဘူးတဲ့ ဂန္ဒီရဲ့ ဖိနပ် တဘက်ဟာလည်း သူ့ရဲ့ ကိုယ်ကျိုးမကြည့်တဲ့ စိတ်ကို ဖော်ပြခဲ့ဘူးတယ်။ဘာပဲ ပြောပြော ဖိနပ်တရံ တန်ဖိုးဟာ အမျိုးသားရေး စိတ် မျိုးချစ်စိတ် အနစ်နာခံတဲ့ စိတ် တွေကြောင့် နေရာရခဲ့တာပေါ့ဗျာ။

ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၇၀၀၀ ကျော် ရှိတဲ့ အထဲ ဖိနပ်မရှိတဲ့ သူဘယ်နှစ်ယောက်ပါလည်း ကျွန်တော် မသိပါဘူး ။
မြန်မာပြည်မှာရော ဖိနပ် မရှိတဲ့ လူတွေ ဘယ်လောက်များရှိမလဲ ..........................။
တလောကတော့ တီဗွီမှာ မင်းသမီးတယောက်က သူရဲ့ ဖိနပ်ဘီဒိုကို အကြိုက်ဆုံးပါပဲ ဆိုသတဲ့....
အညာဒေသ ဘက်တွေမှာ တောစီးဖိနပ်ရှည် မစီးကြလို့ မစီးနိုင်လို့ မြွေကိုက်သေတာ အတော်များတယ်ဆိုပဲဗျ ။ထားလိုက်ပါလေ ဖိနပ် တရံက အသက် လောက် အရေးပါတယ် စဉ်းစားနေရအုန်းမယ်..။ဖိနပ်မပါလို့ သံစူးပြီး မေးခိုင်ပိုးဝင်တဲ့ လူနာကို ကျွန်တော် မြင်ခဲ့ဘူးတယ်... စစ်ဖိနပ်နဲ့ ကန်ခံရလို့ သွားကျွတ်ခဲ့ဘူးတဲ့ လူတချို့တွေ့ဘူးတယ်...ဖိနပ်ဆိုတာ စီးရကောင်းမှန်းတောင် မသိတဲ့ တောသာကြီးတွေ ရှိတယ်ဖိနပ်စီးရင် ရွံ့တွေကြားမှာ လမ်းလျှောက်လို့ မရလို့ မစီးရတဲ့ လူတွေ ရှိတယ်
ဖိနပ်မစီး ပဲ ဆွမ်းခံကြွရတဲ့ သံဃာတွေရှိတယ်.....

ဘာပဲပြောပြော ကျွန်တော်ကတော့ ဖိနပ်မစီးပဲ လမ်းလျှောက်ရတာကို သဘောကျတယ် ။


ချမ်းမြေ့ 2.2.2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...