Thursday, February 2, 2012

ရန်ကုန်မြို့တော် တည်ဆောက်မှု နှစ် ၃၀ စီမံချက် နိုင်ငံတော်သမ္မတထံ တင်ပြထားပြီးဖြစ် ခွင့်ပြုချက်ရသည်နှင့် အမြန်ဆုံးအကောင်ထည်ဖော်မည်

by General Knowledge on Thursday, February 2, 2012 at 8:41pm
Lifestyle

By Yangon Times Journal, 2 February, 2012 - 10:39



ရန်ကုန်မြို့တော်ကို နိုင်ငံတကာ အဆင့်မီမြို့အဖြစ် ပြန်လည် တည်ဆောက်မည့် စီမံကိန်း (Yangon Structure Plan Vision 2040) ကို  နိုင်ငံတော် သမ္မတရုံးနှင့် တိုင်းဒေသကြီး အစိုးရထံသို့ တင်ပြထားပြီးဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ စီမံကိန်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မီးသတ်ဦးစီးဌာနနှင့် မြို့ပြစီမံကိန်းစနစ်သစ် တည်ဆောက်ရာတွင် လိုအပ်သည့်အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးမှုများမှ သင့်လျော်သည်များကို တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော် သမ္မတရုံးနှင့် တိုင်းဒေသကြီး အစိုးရတို့ကနေ ခွင့်ပြုချက်ရရှိတာနဲ့ ရန်ကုန်မြို့တော်ကို နိုင်ငံတကာ အဆင့်မီမြို့တော်အဖြစ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းစီမံကိန်းတွင် စက်မှုဇုန်များအလိုက် အကောင်အထည်ဖော်ဆောင်မှု၊ လူဦးရေ နည်းပါးသည့် နေရာများတွင် လူဦးရေ ဖြည့်တင်းပေးနိုင်မှု၊ မြို့တွင်း အမှိုက်စနစ်များ၊ သမိုင်းဝင် အဆောက်အအုံများနှင့် ပတ်သက်၍ ထိန်းသိမ်းမှုများ အပါအဝင် လမ်းတံတားများ၊ ရေအရင်းအမြစ် အသုံးချမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“အခုတင်ပြထားတဲ့ စီမံကိန်းမှာတော့ ဥပမာ အနေနဲ့ ပြောရရင် ရန်ကုန်မြို့တွင်းမှာ ဘယ်နေရာမှာ ကားမှတ်တိုင်ထားမယ်။ စက်မှုဇုန်တွေမှာ စက်ရုံတွေ တည်ဆောက်မှု အနေအထားတွေ အားလုံးကို စနစ်တကျနဲ့ လုပ်ဆောင်နိုင်အောင် စီစဉ်ထားပါတယ်” ဟု ယင်းက ဆက်လက်ပြောသည်။ ယင်းစီမံချက်မှာ ၂၀၁၁ ခုနှစ်မှ ၂၀၄၀ ပြည့်နှစ်အထိ နှစ် ၃၀ စီမံကိန်းဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့တွင် လူဦးရေ ခြောက်သန်းကျော်ရှိရာ နောင်နှစ်ပေါင်း ၃၀ တွင် လူဦးရေမှာ ၁၀ သန်းကျော်လာမည်ဖြစ်သောကြောင့် ယင်းနှင့် ကိုက်ညီသည့် စနစ်တစ်ခုကို ကြိုတင်ပြင်ဆင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“စီမံကိန်းတွေကို ဆောင်ရွက်တဲ့အခါမှာ နှစ်ရှည် စီမံကိန်းတွေ ရှိသလိုမျိုး နှစ်တို စီမံကိန်းတွေကိုလဲ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်သင့်တယ်။ ရန်ကုန်မှာက မြို့လယ်က ကျပ်တည်းနေသလို ဖြစ်နေပြီ။ နေထိုင်သူနဲ့ လက်ရှိ အနေအထားက မမျှတသလို ဖြစ်နေတယ်။ လူဦးရေ သိပ်သည်းတဲ့ နေရာတွေကနေ လူဦးရေ နည်းပါးတဲ့ နေရာတွေကို ဖြည့်ပေးရမယ်။

နောက်ပြီး မြို့လယ် ဧရိယာက အရမ်းစည်ကားပြီး တစ်ဖက်ကမ်းက ဒလလို နေရာကျတော့ လုံးဝမဖွံ့ဖြိုးသေးဘူး။ နိုင်ငံတကာမှာဆို ဒီလို အဖြစ်တွေ မရှိဘူး။ ဒါကြောင့် ရန်ကုန်မြို့လယ်ရဲ့ တစ်ဖက်ကမ်းလို နေရာတွေမှာ တံတားအနည်းဆုံး သုံးစင်းလောက် ထိုးရမယ်။ ရန်ကုန်မြစ်က တကယ်တော့ နိုင်ငံခြား သင်္ဘောကြီးတွေဆိုက်ဖို့ သိပ်အဆင်မပြေဘူး။ တန်ချိန်နည်းတဲ့ သင်္ဘောတွေပဲ ကပ်နိုင်တာဆိုတော့ သီလဝါလို နေရာမျိုးတွေမှာပဲ ဆိပ်ကမ်းကြီးတွေ လုပ်သင့်တယ်။ တကယ်တမ်း ရန်ကုန်မှာက လုပ်လို့ရနိုင်တဲ့ နေရာတွေ အများကြီး ရှိပါတယ်။ လုပ်နိုင်ဖို့ပဲ လိုပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ ယင်း နှစ် ၃၀ စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းကဲ့သို့ပင် ကျန်ရှိသည့်တိုင်း ဒေသကြီးများနှင့် ပြည်နယ်များအလိုက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။


သန်းနိုင်ဦး
tnoo@yangonmedia.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...