ရပ်ဝေးမြေမှ ချစ်သမီးသို့
အတွေးတို့က ယိမ်းထိုးနေသည်။ တည်ငြိမ်မှု မရှိ။
အင်တာနက်ကဖေးပေါ်မှာ ဝေးဝေးမှတခါတရံပဲ တွေ့ခွင့်ရတဲ့ ချစ်သမီးလေးက “အဖေ သမီးတို့ကို ချစ်သေးရဲ့လား” တဲ့.....
နှလုံးအိမ်အတွင်းမှာ ထိခိုက်နာကျင်သွားသည်... “မေးရက်လိုက်တာ သမီးလေးရယ်..” ပေါ့။
အတိတ်ရပ်ဝန်းဆီသို့ အတွေးတို့ခုန်ထွက်သွားပြီး..?
ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင်အတွင်းရှိ နန်းဆွယ်ရွာလေး၏ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ ကျနော် ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်မဲ့စွာ ပွဲဈေးတန်းအတွင်း လှည့်ပတ်ကြည့်ရှုနေဆဲ၊
ကျနော့်မျက်လုံးများက မြန်မာပြည်မှ လာရောက်ရောင်းချသော ဘုရားပုံကားချပ်များကို အကြည့်ရောက်သွားခဲ့သည်။ လိုချင်တပ်မက် စိတ်တို့ကလည်း ထိန်းသိမ်း၍ပင်မရခဲ့။ အိပ်ကပ်အတွင်းမှာ ငွေနှင့်တူ၍ ခြူးတပြားမှ မပါ။ အိမ်မှာလည်း မရှိ။ မိသားစု စားဝတ်နေရေး မပြည့်စုံ မချောင်လည်သည့်ဘဝ။ ဒီကြားထဲ ကျန်းမာရေးမကောင်း၍ ဗိုက်ခွဲကုသခံခဲ့ရ သည်။ ဝမ်းဗိုက်မခွဲခင် သေလုမျောပါးဖြစ်နေသော ကျနော့်ကို အားလုံးက လက်လျှော့ထားလိုက်ကြသည်။ သေမည့်နေ့ကို စောင့်ကြည့်နေကြသလို။ ဘာမျှမတတ်နိုင်ကြ။
အဲဒီအချိန်မှာ ကံတရားက ဖေးမကူညီလိုက် သည်လားတော့ မသိ။ သူငယ်ချင်းတဦး ရောက်လာပြီး ဆိုင်ကယ် နှင့် မဲဟောင်ဆောင်ဆေးရုံကြီးသို့ ခေါ်ဆောင် သွားသည်။ ဆေးရုံကို ရောက်ရောက်ချင်း ဆရာဝန်နှင့် သူနာပြု များမှ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်ကြောင်းပြောကာ ချက်ချင်းပင် ခွဲစိတ်ခန်းအတွင်းသွင်းပြီး အသက်လု ခွဲစိတ်ကုသပေးမှုကြောင့်သာ ယနေ့အချိန်ထိ အသက်ရှင် နေထိုင်နိုင်ခြင်းဖြစ်သည်။ ဆရာဝန်နှင့် သူနာပြုဆရာ ဆရာမတို့ ကျေးဇူးတရားကို ကျနော်ဘယ်သောခါမျှ မမေ့နိုင်တော့။ ဆေးရုံမှဆင်းခွင့်ရသောအခါတွင်လည်း ခွဲစိတ်ခကုန်ကျစရိတ်မပေးနိုင်သည်ကို ခွင့်လွှတ်ပေးရုံတင်မက ဆက်လက်သောက်သုံးရန်ဆေးဝါးနှင့်တကွ အိမ်အပြန်လမ်းစရိတ်ငွေ ၂၀၀ ဘတ်ကိုပင် ပေးကမ်းလိုက်သေးသည်။
မီးထွန်းပွဲတော်၌ ကျနော်လည်ပတ်နေချိန်တွင် ဆေးရုံဆင်းခဲ့ပြီးနောက် ၆ လကျော်ကျော်အချိန်ဖြစ်သည်။ ပွဲဈေးထဲ လှည့်လည်လျှောက်သွားရင်း လက်ဝှေု့စင်တခုအနီးသို့ ရောက်ရှိသွားမိသည်။ စိတ်တို့က ဟိုရောက် ဒီရောက်၊ အတွေးနှင့် မျက်လုံးအိမ်အတွင်းသို့ ဘုရားပုံကားချပ်များကတလှည့် မွေးဖွားခါနီး အိမ်သူဇနီး၏ မျက်နှာကတလှည့် လူ့လောကသို့ အပြစ်မဲ့စွာဝင်ရောက်လာမည့် ရင်သွေးငယ်အတွက် ထွေးပတ်စရာအနှီးပင် မစုဆောင်းရသေး။ ကျနော့်အတွက် ငွေကြေးအပူတပြင်း လိုအပ်နေပေပြီ။
ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သည်။ လိုအပ်သောငွေရရှိရန်အတွက် လက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက် ထိုးသတ်ယှဉ်ပြိုင်ရန် စာရင်းသွင်းလိုက်သည်နှင့် ထိုင်းလက်ဝှေ့ဒိုင်လူကြီးများက ကျနော်နှင့် ထိုးသတ်ရမည့် ပြိုင်ဘက်ကို ရွေးပေးကြသည်။ ကိုယ်နှင့် ယှဉ်ပြိုင်ဘက်ကို ကြည့်လိုက်သောအခါ အရပ်အမောင်း အလွန် ကောင်းပြီး ကျစ်လစ်ခိုင်ခန့်နေသည်ကို တွေ့ရသည်။ အနိုင်ထိုးသတ်နိုင်လျှင် ဆုကြေးငွေ ဘတ် ၅၀၀ ရရှိမည် ဖြစ်ပြီး ရှုံးနိမ့်ပါက ဘတ် ၂၅၀ သော ငွေကြေးကိုသာ ရရှိမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျနော်ထိုးသတ်ရန် သဘောတူ၍ စိန်ခေါ်လိုက်သည်။ ခက်နေသည်က ကျနော့်ကို ရေတိုက်ပြုစုမည့်သူပင်မရှိ။ တဘက်လူအတွက် မှာတော့ အစစအရာရာ ပြည့်စုံနေပေသည်။ ထိုးသတ်ရာတွင် ဝတ်ဆင်ရန်အတွက် ဘောင်းဘီတိုမရှိ၍ ငှားရ သေးသည်။ လက်ဝှေ့စင်ပေါ်သို့ ရောက်သောအခါ သူ့ကိုအားပေးမည့် ပရိသတ်ကအပြည့် ကျနော့်ဘက်မှာက မြန်မာပြည်မှ ဘုရားပုံကားချပ်များကို လာရောက်ရောင်းချသော ရှမ်းပအို့ဖြစ်သူ ကိုဆောင်းဦး တဦးသာ ရှိနေ ပေသည်။ ဒိုင်လူကြီးမှ စလွှတ်သည်နှင့် သူနှင့်ကျနော်တည်၍ ထိုးသတ်ကြသည်။ အရပ်ပုသော်လည်း လက်မြန် ခြေမြန်ရှိသော ကျနော့်ကို တော်တော်နှင့်မထိုးနိုင်။ အရှောင်အတိမ်းကောင်းသောကြောင့် အတော်သက်သာရာ ရခဲ့သည်။ ပရိသတ်ကလည်း ပွဲဆူနေပေပြီ။ ပထမအချီမှ တတိယအချီသို့ပင် ရောက်ရှိခဲ့ပါသည်။ ကျနော်အလွန် မောဟိုက်နေသော်လည်း မမြင်ရသေးသည့် ရင်သွေးငယ်အတွက် ခွန်အားတို့က ပြည့်ဝနေခဲ့သည်။ တဘက်လူက ကျနော့်အားနည်းချက်ကို မည်သို့သိရှိသွားသည်မသိ။ တတိယအချီ တာလွှတ်သည့်နှင့် ဝမ်းဗိုက် ကိုသာ သဲကြီးမဲကြီး ဦးတည်တိုက်ခိုက်သည်။ ခြေထောက်နှင့် ကန်သည်။ ပူးမိလျှင်လည်း ဒူးနှင့်တိုက်သည်။ နောက်ဆုံး ကြိုးဝိုင်းထဲမှာ ကျနော်ဘုန်းဘုန်းလဲကျသွားတော့သည်။ လဲကျနေသောကျနော့်ကို ကိုဆောင်းဦးက တွဲကူ၍ စင်အောက်သို့ဆင်းခဲ့ရသည်။ အရှုံးအတွက် ဆုကြေးငွေ ၂၅၀ ဘတ် ရရှိလိုက်သည်။ အသက်ရှူမှား လောက်အောင် ခံစားနေရသော ကျနော့်ကို ကိုဆောင်းဦးမှ “ညီလေး မင်းကိုလေးစားတယ်၊ ကိုယ့်မြေကိုယ့်ရေ မှာ မဟုတ်ပေမဲ့ သတ္တိရှိရှိနဲ့ အကောင်းဆုံးရင်ဆိုင် ထိုးသတ်ခဲ့တယ်။ မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ လိုချင်တဲ့ ဘုရားပုံကားချပ်တွေ ကြိုက်တာကိုသာ ရွေးယူလိုက်ကွာ။ အကိုမင်းအတွက် လက်ဆောင်ပေးမယ်။ မြန်မာ ဆိုတာ ဘယ်နေရာရောက်ရောက် သတ္တိအရာမှာ မခေဘူးဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် အကိုကျေနပ်တယ်” တဲ့။
လေးလံထိုင်းမှိုင်းနေသော ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ရင်း လက်ထဲမှာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ငွေ ၂၅၀ ဘတ်ဟာ လူ့လောကကြီးထဲကို ရောက်လာတော့မယ့် ရင်သွေးငယ်အတွက် အကျိုးတစုံတရာရှိမယ် ဆိုတာ ကျနော်ယုံကြည်နေမိပါတော့သည်။
(၁၀ နှစ်နီးပါး အနေဝေးကွာနေသော ချစ်သမီး သိစေရန် ရည်ညွှန်းရေးသားပါသည်။)
အုပ်ကြီးဖေ
၂၃-၂-၂၀၁၂

0 comments:
Post a Comment