ရှောင်ပြေး ရန် မလိုအပ်သော ~
တရားဘာဝနာ
အမှုကို ပြုရင်း လူ့အဖွဲ့အစည်းနဲ့ သီးသန့်ကင်းပြတ် နေရင် ~ အများစု ဘယ်လို
ပြော တတ်ကြပါသလဲ။ ( ဝါ ) လူ့ဘောင်အဖွဲ့အစည်းထဲ နေရင်း လူ့ဘောင် အဖွဲ့အစည်း
နောက်ကို မလိုက်နေဘူး ဆိုရင် အဲ့ ဒီ လူကို ဘယ်လို ပြောသလဲ။ လူ့ အဖွဲ့အစည်း
အကြား ကန့်လန့်တိုက်နေသလို ဖြစ်ရင် ~
အများစုက ~ သူ့ကို ဘယ်လို တိုက်တွန်းမလဲ။ ဖြစ်နိုင်တာက ~ တောထွက်၊ သင်္ကန်းစည်း ၊ ဝတ်ကြောင်ကို စွန့်တော့ ၊ လူ့အဖွဲ့အစည်း ပြင်ပမှာ ~ တကိုယ်တည်း သွားနေတော့ ~ လို့ ပြောတတ်ကြ တယ်။ ပြန်မေး ဖို့ ရှိပါတယ် ~ လူ့အဖွဲ့အစည်း စရိုက်နဲ့ မကိုက်ညီတိုင်း ~ မနေရဘူး လို့ ယူဆ ကြပါ သလား။ လူအဖွဲ့အစည်းနဲ့ ကိုက်ညီအောင် နေမှ ~ ဒီလူ့ - ဘဝက ဖြစ်မှာလား။
ရှေးအတီတေ ကတည်းကလည်း ဒီလို အယူအဆမျိုး ရှိနေခဲ့ပါတယ်။ အဲ့ဒါက ~ တရား ဘာဝနာ စိတ်နှလုံး ရေးရာ ( Spirituality ) ဟာ ရုပ်ပိုင်းဆိုင်ရာ ( အဖွဲ့အစည်း၊ အရေးအရာ ၊ စည်းမျဉ်းတွေ အပါအဝင် ) Materialism ကို ဆန့်ကျင်တယ် ။ ရုပ်ဝတ္ထုတွေ ကို ရှောင်ရှား နိုင် မှ တရားဘာဝနာ ( ဝိညာဉ်ရေးရာ ) ဖြစ်တယ် ဆိုတဲ့ အမြင်။ ဒီအမြင် အင်မတန် တွင်ကျယ်ပါတယ်။ ထပ်မေးပါမယ် ~ တရားဘာဝနာ ပြုရင် လူ့ဘောင်ကို ခွာမှ ရမှာလား။ လူဝတ်ကြောင်ကို စွန့်မှ ဖြစ်မှာလား ။~ လူရဲ့ အိမ်ထောင်ပျော်ပါးမှုတွေ လျော့ချ ပစ်ချ ခဲ့မှ ဘာဝနာကို ရရှိသတဲ့လား ။ တနည်း ~ ဒါတွေအတိုင်း ရှိနေရင် တရား ဘာဝနာ ပြုနေတာ မဟုတ် တော့ဘူး လို့ အထင်အမြင် ရှိပါသလား။ "မဟုတ်ပါဘူး" ငြင်းနေရင်တောင် အများစုရဲ့ အတွင်း စိတ်ဟာ အဲ့ဒီ နေရာကို ဆိုလို နေပါတယ်။
စင်စစ် တရားဘာဝနာ ဟာ ကျနော်တို့ ခင်ဗျားတို့ အခုမြင်တွေ့ ခံစားနေရတဲ့ အရာ ဝတ္ထု ဘယ်ပစ္စည်း ၊ ဘယ်အရာကို မှ မဆန့်ကျင်နေ ဘူး ။ ဇိမ်ခံ ပစ္စည်း အပါအဝင် အရေးအရာ မှန်သမျှ ~ ဘယ်အရာမှ တရားဘာဝနာ အတွက် အနှောင့်အယှက် မဟုတ်ဘူး။ ခံစား စံစား ချင်နေတဲ့ လူစင်စစ် ၊ ခင်ဗျား စိတ် ကသာ ဒီ ဝတ္ထုပစ္စည်းတွေ အတွက် အနှောင့်အယှက် ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီ လူ စင်စစ် အပေါ် သန့်စင် ရှင်းလင်း ပစ်ခြင်း သာ ဘာဝနာ ရဲ့ အရေးအရာ ဖြစ်ပါတယ်။ အခြား ပစ္စည်း ပစ္စယ စွန့်ပယ် ရှောင်ရှားပစ်ခြင်း ဟာ ဘာဝနာ မဟုတ် ဘူး။
တောထွက် မှ၊ ဝတ်ကြောင် ကို စွန့်မှ၊ ဆိုင်ရာ ဘာသာရေး အတွင်း ဘုန်းကြီး ဖြစ်မှ ဓမ္မကို စောင့်ရှောက်ခြင်း မည်သလား ။ ဒီလို မေးရင် လည်း ~ အားလုံး က မဟုတ်ပါဘူး ပဲ ဖြေနိုင်ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာ လက်မခံဘူး ရယ်။ ဒီ အယူအဆ အမြင် အထပ်ထပ် စွဲကပ် လာရင်း အရှည် သဖြင့် ဖြစ်လာတဲ့ အခါ ~ တရားဘာဝနာ ရဲ့ မူရင်း အနှစ်သာရ ကင်းဆိတ် လာနေပါ တယ်။ စင်စစ် ဘာဝနာ ဟာ အခုခဏ ရှိနေတဲ့ ဘယ်အရာ မဆို အပေါ် စိတ်နှလုံး အပြည့်အဝ ၊ အသိရှိရှိ နေထိုင်ခြင်းသာ ဖြစ် တယ်။ အဲ့လိုပဲ ဖြစ်ရမယ် မဟုတ်လား။
အနေရှင်းကြတဲ့ ၊ အပ္ပကိစ္စောစ ၊ ကိစ္စနည်းခြင်း အမှုရှိကြတယ် ဆိုတဲ့ သူတော်စင် များကို ကြည့်ပြီး အဲ့လိုနေနိုင်မှ တရား သိသူ ဆိုရင် ~ တရားလိုလားသူတိုင်း အဲ့လို နေကြရ လိမ့်မယ်။ ဟုတ်တယ်ဟုတ် ? စင်စစ် ဒါဟာ လွဲမှားတဲ့ အချက်သာ ဖြစ်တယ်။ ရုပ်ဝတ္ထု ပိုင်း မှာ ဘာအပြစ်မှ ရှိမနေဘူး ။
ဒါကို ရုပ်ဝတ္ထုတွေ ၊ လူ့ဘောင်အဖွဲ့အစည်းတွေကို ရှောင်ပါ ထားခဲ့ပါ လို့ ဇွတ်ဆို တဲ့အခါ ~ ဘာနဲ့ တူသလဲ ဆိုရင် ~ ကာမေသု မိစ္ဆာစာရ ကံ ကျူးလွန်မိမှာ စိုးလို့ ကိုယ့်အာရုံအတွင်း ဘယ်မိန်းကလေး ဘယ်ဆန့်ကျင်ဘက် လိင်မှ မပေါ်ပေါက် လာ ပါစေနဲ့လို့ အတင်းစွတ်မှိတ် လုပ်နေသူနဲ့ အတူတူပဲ။ သူ အဲ့လို လုပ်နေတာဟာ ~ တကယ် ဓမ္မကို သိတာ ဟုတ်ပါ သလား။ ဘာဝနာ လုပ်နေတာ ဟုတ်ပါ သလား။ မာတုကာမ ရဲ့ ဖြားယောင်းမှု ကြောင့် မကျူးလွန်ချင်လို့ ~ ကိုယ့်ပေါင်ကို ကိုယ် ဓါးမနဲ့ ထ ခုတ် တဲ့ ကိုယ်တော် ဟာ ~ စင်စစ် သူ့သန္တာန်မှာ ဓမ္မ ရှိတာ ဟုတ်ပါရဲ့လား။ တကယ်က ထိန်းချုပ်တာသာ ဖြစ်ပါတယ်။ ချုပ်တည်း ပစ်လိုက် တာ သက်သက်ပဲ။ ချုပ်တည်းတာ ဟာ ဓမ္မ မဟုတ်သေးကြောင်းတော့ နားလည်ဖို့ လိုပါမယ်။
စင်စစ် ဘာဝနာ၊ ဓမ္မဟာ ဘဝနေထိုင်မှု အပေါ် လေးနက် သိမြင်သွားစေတာ ။ မိမိ အမြင်ကို ရှင်းလင်း သွားစေတာသာ ဖြစ်ပါတယ်။ ခင်ဗျား ရုပ်ဝတ္ထု စည်းစိမ်တွေကြားလည်း ရောက်နေနိုင်တယ်။ တောလည်း ထွက်နေနိုင်တယ်။ ဒါပေမယ့် တောထွက် သည် ဖြစ်စေ၊ ရွှေဘုံပေါ် မှာ နေသည် ဖြစ်စေ ~ တွယ်ငြိမနေ ဘဲ လွတ်လပ် နေတာ သက်သက် ကိုပဲ ရည်ရွယ်ပါတယ် ။ ရုပ်ဝတ္ထု၊ ဇိမ်ခံ ပစ္စည်း၊ အရေးအရာ၊ သူတပါး၊ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း ~ သူတို့ ရှိခြင်း မရှိခြင်း က ခင်ဗျား အတွက် အရေး မဟုတ်ဘူးရယ်။ အဲ့အရာ တွေ အပေါ် တွယ်ညိနေ တဲ့ စိတ်၊ ခံစား စံစား ဖောက်ဖျက်လိုတဲ့ စိတ်ကိုသာ ~ ဘာဝနာ က တိုက်ဖျက်တယ်။ အခြား အရေး အရာ၊ ရုပ်ဝတ္ထု တွေနဲ့ မဆိုင်ဘူး။ ခင်ဗျား တစ်ဦးတည်း နဲ့ပဲ ဆိုင်ပါတယ်။ ဒါ ဘာ ပြဿနာ ရှိပါသလဲ။
ခင်ဗျား မှာ စားစရာ ရှိ ရင် စားမယ်။ ဝတ်စရာ ရှိရင် ဝတ်မယ်။ အိမ်လှလှ တစ်လုံး ရှိရင် နေမယ်။ ပန်းချီဆွဲချင် ဆွဲမယ်။ သီချင်း ဂီတ လုပ်ချင် လုပ်နေနိုင်ပါတယ်။ ဒါကရော ဘာပြဿနာ ရှိဦးမလဲ။ အဲ့ဒီ အရာတွေထဲက ဘယ်အရာကရော ပစ်ချထား ချင်စရာ ဖြစ်နေ ပါသလဲ။ အဲ့လို စွန့်ခွာ ခဲ့ရလောက်အောင် ကော သူတို့က ဘာ အပြစ် ရှိနေပါသလဲ။ တကယ် စင်စစ် အပြစ် ရှိကောင်း ရှိရင် ~ တွယ်ညိနေနိုင် တဲ့ ၊ မလွတ်မလပ် ဖြစ်နေတဲ့ ခင်ဗျား စိတ်သန္တာန်၊ ဥပါဒါန်နဲ့ စိတ်စေတနာ၊ ဝေဒနာတွေ ကသာ အပြစ် ဖြစ်ပါ လိမ့်မယ်။
ရှေးအတီတေက စပြီး ဘာသာရေးဟာ အဲ့ဒီ လို အိမ်ရာ လူ့ဘောင် စွန့်ခွာ မှ ဖြစ်ပါလိမ့်မယ် လို့ တွေးကြမယ် ~ ဒါဆိုရင် ~ အဲ့အတွေး ဟာ စင်စစ် လူတွေရဲ့ ဖန်တီးနိုင်စွမ်း၊ အာရုံအမြင်ကို သတ်ပစ်နေတာ နဲ့ အတူတူ ပါပဲ။ အဲ့ဒီ အတွေးတွေနဲ့ သူတော်စင် သူတော်ကောင်း တိုင်း ဟာ ~ ခြိုးခြံမှု မရှိပါဘူးဆိုတဲ့ အခြား သူယုတ်မာတွေကို နှိမ်ချ နေကြရင်း သူတို့ကိုယ်တိုင်က သူယုတ်မာတွေ ဖြစ်သွား နေကြတုန်း ပဲ။ စင်စစ် ဘာသာရေး ဟာ ၊ ဘာဝနာဟာ ~ ဖန်တီးနိုင်စွမ်း ကို ဖျက်ဆီး ပစ်ရမှာ မဟုတ်ဘူး - ဖန်တီးလို စိတ် ဆန္ဒ အလွဲအမှား အစွဲအလမ်း ကိုသာ ဖယ်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ဘဝကို ရှောင်ခွာ ပစ်ဖို့ မဟုတ်ဘူး ~ လက်ရှိ ဘဝအပေါ် တွယ်ညိ နေတဲ့ သန္တာန် ၊ တွယ်ကပ်နေတဲ့ သန္တာန် ကိုသာ ရှင်းလင်းခဲ့ရမှာ ဖြစ်ပါတယ်။
ဒါပေတဲ့ အများစုရဲ့ အမြင်အရ ~ ဖန်တီးနိုင်စွမ်းကို သတ်ပစ်မှ၊ လက်ရှိဘဝကို ရှောင်ခွာပစ်မှ ~ ဓမ္မပြုရာ ရောက်တယ် မြင်လာနေ ကြဟန် ရှိနေပါ တယ်။ အဲ့ဒီ မြင်တဲ့သူတွေ ကိုယ်တိုင် အဲ့လို နေကြမယ် ဆိုရင် ဒီလူအများ ဘယ်လောက် သနား စရာ ကောင်းပါသလဲ။ လူတွေ ကို လက်ရှိ အဖြစ် က ဘာကြောင့်များ ထွက်ပြေး စေရပါသလဲ။ သူတို့ရဲ့ စည်းစိမ်ဥစ္စာ ကို သိမြင်လို့ စွန့်ပစ်တာ မဟုတ်ဘဲ၊ စွန့်ခွာမှ ကို ရမယ် ဆိုတဲ့ အကြောင်းကြောင့် ကြောက်ကြောက်လန့်လန့် စွန့်ကြတဲ့ အခါ ဘယ်လောက် ဝဋ်ဒုက္ခ ကြီးပါသလဲ။ အဲ့ဒီ တည်ရှိနေပြီး အရာဝတ္ထုတွေ အတွင်း ကနေ ဘာကြောင့် ကင်းဆိတ်ဖို့ တိုက်တွန်းနေရတာတဲ့လဲ။ ဓမ္မရေးရာ၊ ဘာဝနာ ဟာ ~ အလှတရား ကင်းဆိတ်နေ တဲ့ ခြောက်သွေ့သွေ့ အရာတစ် ခု မဟုတ်ဘူး ရယ်။ ဒါကို ဘာလို့ မေ့ရစ်၊ ထားရစ်ခဲ့ ကြပါသလဲ။
ကျနော့အတွက် ~ ဘာဝနာဟာ လက်ရှိ ဘဝ ခဏအပေါ် အပြည့်အဝ နေထိုင်ခြင်းသာ ဖြစ်ပါတယ်။ သိမှတ်စိတ် ဘာဝနာ နဲ့ အပြည့်အဝ ရှင်သန် နေထိုင် တယ်။ အဲ့ဒီအခါ ~ အခု ခဏ အတွင်းမှာ အဆုံး ထိ မျှော်မှန်း စိတ်၊ တမ်းတစိတ် တွေ အငွေ့ပျံသွား၊ ပျောက်ကွယ် သွားပါ လိမ့်မယ်။ မိမိ ဟာ ရုပ်ဝတ္ထု ရှိခြင်း မရှိခြင်း နဲ့ မဆိုင်ဘူး ဆိုတာ တွေ့လာရပါလိမ့်မယ်။ ~ ကိုယ့်သန္တာန် အတွင်းမှာတင် ရှင်းလင်း လွတ်လပ် နေတယ်။ မိမိကိုယ်ကိုယ် အကြောင်းအရာ အကောင်းအဆိုး ဖြစ်လိုရာ ဖြစ်လာပါစေ အဲ့ဒါတွေက သူ့သဘာဝနဲ့ သူုသာ ရွှေ့လျော သွားမယ်။ ရောက်လိုရာ ရောက်လာပြီး ပျောက်လိုရာ ပျောက်သွားကြပါလိမ့်မယ်။ မိမိ သန္တာန်မှာတော့ ချမ်းမြေ့မှု အပြည့်သာ ထင်ကျန် ရှိနေတော့တယ်။ ဘယ်တော ကို သွားနေမှ ဖြစ်မှာတဲ့လဲ။
..............
~ Osho
..............
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.............

0 comments:
Post a Comment