သားလက်သည်းတွေ ရှည်နေပြီ မေမေ
by ရင်နင့်အောင် on Friday, February 10, 2012 at 4:22pm ·
ဖြူနီပြာဝါ ရောင်စုံပန်းတွေ ပွင့်ချင်ပွင့် မပွင့်ချင်နေ
နှလုံးသားမှာ ၀တ်ရည်မလူး… ပန်းပွင့်အဆိပ်သရဖူ ခူးမလို့
ရူးတယ်၊ ဘယ်သူဘာပြောပြော ငါ့မျက်လုံးမှာမှ မကြားရတော့တာ
ကိုယ့်ကိုယ်ကို သံချောင်းခေါက်ပြီး မိုးလင်းတယ်
ကိုယ့်ကိုယ်ကို ဖြန့်ကျက်ပြီး ပျံသန်းတယ်
ကိုယ့်ကိုယ်ကို သောင်ထွန်းပြီး နွေကူးတယ်
ဖြူနီပြာဝါ ရောင်စုံပန်းတွေ ပွင့်ချင်ပွင့် မပွင့်ချင်နေဆိုပြီး
ပုလင်းဝမှာ တစ်စို့နေတဲ့ တံဆိပ်ပြာနှစ်ပက်
အတင်းဆွဲထုတ် လျှာနဲ့မျှားချရတာ ရင်မောတယ်
… ဆိုရင် ပြဿနာဟာ မီးစာထဲမှာ ရေနံစွတ်ပြီး ကိုယ့်ကိုယ်ကို ထွန်းကြည့်တယ်
… ဆိုရင် ကျိုးကျနေတဲ့ ပန်းတိုင်ပင်လယ်ပြင်မှာ လှေနံဓါးထစ် စိုက်ပျိုးမယ်
… ဆိုရင် ရမက်ကို ဂက်စ်အိုးထဲထည့် နှစ်ကြော့ပြန် ဖေါက်ခွဲမယ်
ဖြူနီပြာဝါ ရောင်စုံပန်းတွေ ပွင့်ချင်ပွင့် မပွင့်ချင်နေဆိုပြီး
တိမ်လွှာပြင်မှာ လက်ပစ်ကူး…. ထူးဖို့ခြားရသလို ခြားဖို့ ထူးရမယ်
ဝတ်ရည်မှန်ရင် ပန်းအိမ်ထဲမှာပုန်းနေ .. ရယ်စရာမောစရာ ဟာသတစ်ပုဒ်ကို လျှာပေါ်တင်ရင်း
ကိုယ့်ကိုယ်ကို ကလိထိုးရယ်နေရတဲ့ နေ့ .. ကိုယ့်ကိုယ်ကို ပါးရိုက် ငိုရတဲ့နေ …
(အတူတူ) …. ချည်တိုင်ကို မမေ့နဲ့ .. မမေ့နဲ့ .. ဒီလိုနဲ့ တိုင်ပတ်
နွားမှန်လျှင် စားလုတ်ထဲက အစာ ပြန်ထုတ်စားတတ်ရမယ်
ဖြူနီပြာဝါ ရောင်စုံပန်းတွေ ပွင့်ချင်ပွင့် မပွင့်ချင်နေဆိုပြီး
တစ်ရက်ထက်တစ်ရက် တစ်လစီ ခြားလာသလို
တစ်ပြထက် တစ်ပြ တစ်မိုင်စီ ဝေးလာသလို
တစ်ပင်ထက် တစ်ပင် တစ်တောစီ ပေါက်လာသလို
တစ်ချောင်းထက် တစ်ချောင်း တစ်ပင်လယ်စီ ကွာလာသလို
တစ်လုံးထက် တစ်လုံး တစ်ပုဒ်စီ ရှည်လာသလို
နောက်တော့မှ မာနနဲ့ သဒ္ဒါနဲ့ တဏာနဲ့ ခန္ဓီနဲ့
ဖြူနီပြာဝါ ရောင်စုံပန်းတွေ ပွင့်ချင်ပွင့် မပွင့်ချင်နေဆိုပြီး
လက်သည်းတွေ ရှည်နေပြီ မေမေ
သားလက်သည်းတွေ သို့မဟုတ်
သားကောင်တစ်ကောင်ရဲ့ လက်သည်းတွေ
တကယ်ရှည်နေခဲ့ပါပြီ။
ရင်နင့်အောင်
0 comments:
Post a Comment