ဩစတြေးလျပညာသင်ဆုအတွက် ရွေးချယ်ခံရသည့် မြန်မာ ကျောင်းသားများ၏ အရည်အချင်း မြင့်မားကြောင်း သတ်မှတ်ခံရ
by DVB Youth Voice on Tuesday, February 7, 2012 at 4:11pm
ဂျက်ဖရီဂေါ့ဒတ်
ဇာဇာစိုး ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)
ဩစတြေးလျ၏ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ AusAID က ထောက်ပံ့ကူညီသော ပညာသင်ဆုအစီ အစဉ်တစ်ခုအရ ဩစတြေးလျတွင် ဘွဲ့လွန်သင်တန်းတက်ရောက်ရန် ရွေး ချယ်ခံရသည့် မြန်မာကျောင်းသားများ၏အရည်အသွေးမှာ အထင်ကြီး လေးစားစရာဖြစ်ကြောင်း ဩစတြေးလျ သံအမတ်မစ္စဘရွန်မိုးလ်စ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားသည်။
ပညာသင်ဆုရရှိသူများ၏ အရည် အချင်းများကို သံရုံးမှ အကဲဖြတ်ရေးအဖွဲ့နှင့် ဩစတြေးလျတက္ကသိုလ်များမှ ပြန်ကြားချက်များက အဆင့်မြင့်မားစွာဖြင့် သတ်မှတ်ခဲ့ကြောင်း မစ္စမိုးလ်စ်က ဇန်န၀ါရီ ၁၈ ရက်နေ့က မြန်မာတိုင်း(မ်) ကို ပြောသည်။
"သူတို့ အရမ်းတော်ကြပါတယ်။ ပညာသင်ဆုနဲ့ တကယ်ထိုက်တန်ကြတယ်"ဟု ဩစတြေးလျတွင် သွားရောက်ပညာ သင်ကြားရန် ပြီးခဲ့သည့် နှစ်က ရွေးချယ်ခံ ထားရသည့် ကျောင်းသား ၁၀ ဦးအား ရည်ညွှန်း၍ မစ္စမိုးလ်စ်ကပြောကြား ခဲ့သည်။
နောက်ထပ် ကျောင်းသား ၂၁ ဦးမှာလည်း မကြာမီ ဩစတြေးလျသို့ သွားရောက်ရန် ရှိနေသည်။
"အရေအတွက်နည်းပေမယ့်လို့ သူတို့ရဲ့ အရည်အချင်းတွေကတော့ အရမ်းကို အားရစရာကောင်းတယ်"ဟု ၎င်းက ပြောသည်။
ဩစတြေးလျအစိုးရက မြန်မာနိုင်ငံအား အထူးသဖြင့် တစ်ဦးချင်းအပြင် အသင်းအဖွဲ့အလိုက် စွမ်းရည်မြင့်မား ရေးတည်ဆောက် ရာတွင် ထောက်ပံ့ပေးသည့် ဩစတြေးလျအစိုးရ၏ ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်ကို တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်မှ စပြီး အဆိုပါပညာသင်ဆုအစီအစဉ်ကို စတင်ခဲ့သည်ဟု မစ္စမိုးလ်စ်က ပြော ကြားသည်။
မြန်မာနိုင်ငံအား AusAIDမှတဆင့် ဩစတြေးလျအစိုးရ၏ အကူအညီမှာ ၂၀၀၉-၁၀ အတွင်း ဩစတြေးလျ ဒေါ်လာ၂၉ ဒသမ ၁ သန်း (အမေရိကန် ဒေါ်လာ ၃၀ ဒသမ ၂သန်း) ရှိရာမှ ၂၀၁၀-၁၁ အတွင်း ဒေါ်လာသန်း ၅၀ နီးပါးအထိ တိုးလာခဲ့သည်။
"ဒီကဖွံ့ဖြိုးမှုလုပ်ငန်းတွေမှာ ကူညီနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတဲ့နေရာမှာ ဒါဟာ တိုးတက်မှုကြီးတစ်ခုပါ။ ပညာသင်ဆုအစီအစဉ်က ကူညီထောက်ပံ့မှု လုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ဒေသ တစ်ခုပါ"ဟု မစ္စမိုးလ်စ်ကပြောသည်။
ပြီးခဲ့သည့်နှစ်က ဩစတြေးလျတွင် ပညာသင်ကြားခွင့်ရရှိခဲ့ကြသည့် ကနဦး မြန်မာကျောင်းသား ၁၀ ဦး အသုတ်၏ အခြေအနေမှာ 'အလွန်အားရဖွယ်'ရှိကြောင်းနှင့် ယင်းအခြေအနေကြောင့် ယခုနှစ်တွင် ကျောင်းသား ၂၁ ဦးအထိ ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။
"အဖွဲ့အစည်းတစ်ခုအတွင်း လူသား စွမ်းအင်မြင့်မားရေး တည်ဆောက်မှုဟာ တကယ့်စိန်ခေါ်မှုကြီးတစ်ခုပဲ။ ဒါကြောင့် အစိုးရနဲ့ လုပ်နေတဲ့ ကျွန်မတို့ရဲ့ ဆွေးနွေးမှုတွေ၊ အကူအညီပေးရေး အစီအစဉ်တွေကို ကျွန်မတို့ အာရုံစိုက်လုပ်နေခြင်းဖြင့် လူသားစွမ်းအင် မြင့်မားရေး တည်ဆောက်မှုဟာ ပထမဦးစားပေး လုပ်ငန်းကြီးတစ်ခုဆိုတာကို ပြသရာ ရောက်နေတယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်နှစ်က ဩစတြေးလျသို့ ပညာသွားရောက်သင်ခဲ့သည့် အမျိုးသမီးရှစ်ဦးနှင့် အမျိုးသားနှစ်ဦး စုစုပေါင်း ၁၀ ဦးတွင် ကိုးဦးက ကျန်းမာရေးဝန် ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှု၊ ဇီဝနည်းပညာ၊ ရေရှည်စိုက်ပျိုးရေးစနစ်၊ ပြည်သူ့ မူဝါဒရေးရာနှင့် ဆေးဝါးဖော်စပ်မှု စသည့် ဘာသာရပ်များတွင် မဟာဘွဲ့များအတွက် ရွေးချယ်ခဲ့ကြပြီး ကျန် တစ်ဦးမှာ စီးပွားရေးဆိုင်ရာ ဒေါက်တာဘွဲ့ လျှောက်ထား ရန် ရွေးချယ်ခဲ့သည်။
ယခုနှစ်တွင် သွားရောက်မည့် မြန်မာ ၂၁ ဦး (အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ကိုးဦး)တွင် ၁၉ ဦးက လေ့လာမှုနယ်ပယ်တွင် အဓိက ဘာသာရပ်များဖြစ်သော ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေး ဘာသာရပ်များတွင် မဟာဘွဲ့များ အတွက် လေ့လာကြမည်ဖြစ်ပြီး သိပ္ပံဘာသာရပ် (တောတွင်းဇီဝဗေဒနှင့် စီမံခန့်ခွဲ မှု) မဟာဘွဲ့လျှောက်ထားသူတစ်ဦးနှင့် ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ် ၀န်းကျင်ဘာသာရပ်များအတွက် ပါရဂူ ဘွဲ့လျှောက်ထားသူနှစ်ဦး ပါဝင်သည်။
"ကျွန်မတို့ရဲ့ အကူအညီပေးရေး အစီအစဉ်တွေက ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးဘာသာရပ်တွေမှာ ဦးစားပေးထားပေမယ့် တခြားဘာသာရပ်တွေ အတွက်လည်း တော်တော်လေး စဉ်းစားပေးထားပါတယ်"ဟု မစ္စမိုးလ်စ်က ပြောသည်။
ဥပဒေဘာသာရပ်ကဲ့သို့ လူသားစွမ်း အင်မြင့်မာရေး တည်ဆောက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးဘက်တွင် အထောက်အကူ ပြုမည့် ဘာသာရပ်များ ရွေးချယ်သော လျှောက်ထားသူများမှာ အောင်မြင်မှုရ ရှိနေကြသည်။
ယခုနှစ်ဒုတိယအသုတ် အတွက် ရွေးချယ်ခံထားရသည့် မြန်မာ ကျောင်းသားတစ်ဦးမှာ သဘာဝဘေး အန္တရာယ်ဆုံးရှုံးမှုဆိုင်ရာ စီမံခန့်ခွဲမှု ကို အထူးပြုသော စီးပွားရေးဘာသာရပ်အတွက် မဟာဘွဲ့လျှောက်ထားမည့်သူ တစ်ဦးဖြစ်သည်။
ပညာသင်ဆုရရှိသူများသည် ဗဟို အစိုးရ ရုံးထိုင်ရာမြို့တော် ကင်ဘာရာရှိ ဩစတြေးလျ အမျိုးသားတက္ကသိုလ်၊ ဆစ်ဒ်နီတက္ကသိုလ်၊ မဲလ်ဘန်းရှိ မိုနက်ရှ် တက္ကသိုလ်၊ ပါ့သ်ရှိ Curtin တက္ကသိုလ် နှင့် Adelaide တက္ကသိုလ်များ အပါအ၀င် ဩစတြေးလျနိုင်ငံတစ်ဝန်းမှ တက္ကသိုလ်များတွင် ပညာသင်ကြားခွင့် ရရှိကြမည်ဖြစ်ပြီး ယခုနှစ်ပညာသင် ဆုအစီအစဉ်အတွက် ဩစတြေးလျ ဒေါ်လာငါးသန်းခန့်၊ သို့မဟုတ် မြန်မာပြည်အတွက် AusAID မှ ထောက်ပံ့မှု၏ ဆယ်ပုံတစ်ပုံဖြစ်ကြောင်း ဩစတြေးလျ သံရုံးမှ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ အကြံ ပေးအရာရှိနှင့် သံရုံး AusAID ကိုယ်စားလှယ်တော် မစ္စတာမိုက်ကယ်ဟက်ဇက် က ပြောသည်။
လေ့လာမှုကာလပိုများ၍ သင်ကြားမှု စရိတ်ပိုကုန်သော ဒေါက်တာဘွဲ့ လျှောက်ထားချင်သည့် ပညာသင်ဆုရ ရှိကြသူများ၏ အရေအတွက်အရ အဆိုပါ ပညာသင်ဆုငွေကြေးမှာ ပြောင်းလဲမှုရှိကြောင်း မစ္စတာဟက်ဇက်က ပြောသည်။
"ဖြစ်နိုင်သလောက် များများအောင် နိုင်ကြဖို့ ဒေါက်တာဘွဲ့နဲ့ မဟာဘွဲ့အရေအတွက်ကို ကျွန်တော်ညှိပေးရမယ်"ဟု ၎င်းက ဆိုသည်။
အဆိုပါ ပညာသင်ဆုများမှာ လေယာဉ်ခ၊ နေထိုင်စရိတ်၊ နေထိုင်မှု ထောက်ပံကြေးနှင့် သင်ကြားစရိတ်များ အပါအ၀င် ကုန်ကျ စရိတ်အားလုံး ပါဝင်သည်။
"မဟာဘွဲ့တစ်ခုအတွက် ဩစတြေးလျ ဒေါ်လာ ၁၂၅,၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါပေမယ့် တချို့မဟာဘွဲ့တွေက သုသေ တနလေ့လာမှုခရီးစဉ်တွေ ပါဝင်တာကြောင့် ဒီထက်ပိုနိုင်တယ်" ဟု ၎င်းက ပြောသည်။
ပညာသင်ဆုစရိတ်များသည် ဖွံ့ဖြိုးမှုဆိုင်ရာ ရှုထောင့်မှကြည့်လျှင် မြင့်မားကြောင်း မစ္စတာဟက်ဇက်က ရှင်းပြသည်။
"ပညာသင်ဆုပေးအပ်ခဲ့တဲ့ အတွေ့အကြုံရှည်ကြီးအရ ပညာသင်ဆုက ပြန်ရတဲ့ အကျိုးရလဒ်က ရေရှည်အတွက် အကျိုးကျေးဇူးတွေ ဖြစ်တယ်ဆိုတာကို သိရတဲ့အတွက် ဩစတြေးလျအစိုးရက ဒီလိုထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
"သူတို့တွေဟာ အရည်အသွေးနဲ့ အသိပညာမှာ အောင်မြင်တိုးတက်မှုရှိလာတယ်"ဟု ၎င်းကပြောပြီး ထို့အတွက်ကြောင့် ဩစတြးလျ အစိုးရက ယခုကဲ့သို့ ငွေကြေးပမာဏအများကြီးဖြင့် ပညာသင်ဆု အကူအညီများပေးနေခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ "ဒေသတွင်းမှာ ဒီလိုပညာသင်ဆု အစီ အစဉ်တွေကနေ တကယ်ခိုင်မာတဲ့ မိတ်ဖက်တွေကို ကျွန်တော်တို့ တည် ဆောက်နေတာဖြစ်ပြီး ဒါဟာထောက်ပံ့မှုအစီအစဉ်တွေလုပ်နေရခြင်းရဲ့ အဓိက အချက်တစ်ချက်ပါပဲ"ဟု ၎င်းက ပြောပြီး ဩစတြေးလျအစိုးရသည် ပညာ သင်ဆု အပြင် အများဆုံးတစ်နှစ်အထိ ကာလတို အတွက်ပေးအပ်သော ဘွဲ့ရကျောင်းသားများ၏ သုသေတနထောက်ပံ့ကြေးများ ကိုလည်း ကူညီထောက်ပံ့နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွက် AusAID ၏ ဘွဲ့ လွန်ပညာသင်ဆုများ ဆက်လက်ပေးအပ်ခြင်းရှိ မရှိအတွက် တစ်စုံတစ်ရာ မဆုံးဖြတ်ရသေး ကြောင်း မစ္စမိုးလ်စ်က ပြောသည်။
"ဒါပေမယ့် ကျွန်မတို့ရဲ့ကနဦး အကဲဖြတ်ချက်တွေမှာတော့ အရမ်းအလား အလာကောင်းနေပါတယ်။ ဒီလိုအခြေအနေကိုလည်း ကျွန်မတို့အရမ်းအားရ ကျေနပ်မှုရှိပါတယ်။ ဆက်လက်ဖြစ်နိုင်မယ့် လက္ခဏာတွေရှိပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၁ နှစ်လယ်ပိုင်းက မြန်မာနိုင်ငံသို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာကယ်ဗင်ရပ်ဒ် လာရောက်စဉ်က ပညာသင်ဆု အစီအစဉ်အတွက် ဩစတြေးလျအစိုးရ၏ ကတိပေးထားချက်ကို ထပ်မံအတည်ပြုပေးခဲ့ပြီးနောက် ပညာသင်ဆုအရေအတွက်ကို နှစ်ဆ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သံအမတ် ဘရွန်က ပြောကြားခဲ့သည်။
"ပညာသင်ဆုဆက်ပေးဖို့က သုံးသပ်ဆဲအခြေအနေမှာရှိနေပေမယ့် အခြား နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံနဲ့လည်း ရှေ့ဆက် ဆက်ဆံရေးတည်ဆောက် သွားဖို့ရှိနေတဲ့အတွက် ပညာသင်ဆုအစီ အစဉ်က အရေးပါတဲ့ ကိစ္စတစ်ရပ်ဖြစ် လာနိုင်တယ်လို့ပြောလို့ ရတယ်"ဟု ၎င်းကပြောပြီး AusAID ၏ ပညာသင် ဆုအစီအစဉ်များကို နိုင်ငံပေါင်း ၁၀၀ ခန့် မှ တစ်ကြိမ်လျှင် ပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင် ၅,၀၀၀ ကျော်အား ပေးအပ်ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ပညာသင်ဆုရရှိကြသူများသည် ၎င်းတို့၏ လေ့လာမှုများပြီးဆုံးလျှင် မြန်မာနိုင်ငံသို့ အနည်းဆုံး နှစ်နှစ် ပြန်လာရန် လိုအပ်သည်။
ဩစတြေးလျတွင် နေထိုင်ရန်ရွေး ချယ်မည့်ကျောင်းသားများသည် နေထိုင်မှု ထောက်ပံ့ကြေးအပါအ၀င် ပညာသင် စရိတ်အားလုံးကို ပြန်ပေးရမည်ဖြစ်သည်။
"ဩစတြေးလျကို သွားဖို့ဆိုတာ တကယ့်မက်လုံးကြီးတစ်ခုပဲလေ။ ဒါပေမယ့် ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံး မိမိတိုင်းပြည်တွင်းက ဖွံ့ဖြိုးတိုးတက်မှုအတွက် စိတ်အား ထက်သန်မှုရှိတဲ့သူတွေကို ရွေးနိုင်ဖို့ ကြိုးစားခဲ့တယ်။ ကိုယ့်တိုင်းပြည်ကို ပြန်လာပြီး တိုးတက်အောင်လုပ်မယ့် သူမျိုးတွေကို ခွဲခြားသတ်မှတ်နိုင်ဖို့ကြိုးစားခဲ့တယ်" ဟု မစ္စတာဟက်ဇက်က ပြောသည်။

0 comments:
Post a Comment