Tuesday, February 7, 2012

ဘတ်ဂျက် နှင့် ပရီပိုဇယ်

by Wai Maw on Tuesday, February 7, 2012 at 6:58pm
-ဦးဖိုးသာအောင်
-၆.၃.၂၀၁၂

၁၉၆၂ ခု မတ်လမှ စပြီး မင်းမူ အုပ်ချုပ် ဗိုလ်လုပ်လာခဲ့တဲ့ နေဝင်း စန်းယု အစိုးရသည် တိုင်းပြည်၏ ဝင်ငွေ ထွက်ငွေ ဘဏ္ဍာရေးကိစ္စကြီးကို လုံးဝ ဥုဿုံ လက်ဝါးကြီးအုပ်ချုပ်ကိုင်လိုက်ပြီး ဘတ်ဂျက်နှင့် ငွေစာရင်းရှင်းတမ်းဆိုတာသည် ဗိုလ်နေဝင်း နှင့် အပေါင်းအပါတစ်စုတို့ ယူချင်တိုင်းယူ၊ ခိုးချင်တိုင်းခိုး၊ လုပ်ချင်ရာလုပ်ပြီးမှ တိုင်းပြည်ကို ချပြလိုက်သည့် နှစ်စဉ်ဘတ်ဂျက် စာရင်းပင် ဖြစ်သည်၊

မတ်လ ရောက်တိုင်း လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ၏ အလယ်က စာမျက်နှာ နှစ်ဘက်ပြည့်အောင် ရေးဆွဲဖေါ်ပြသည့် ဘတ်ဂျက်ကို နှစ်စဉ်တွေ့ခဲ့ရပါသည်။ ဒါဟာ တကယ်တော့ အဆန်းမဟုတ်ပါ၊
ကမ္ဘာကို ဒို့လည်း နှစ်စဉ်နှစ်တိုင်း စာရင်းနဲ့ အင်းနဲ့ အလုပ်လုပ်တဲ့ အစိုးရပါလို့ စတိအနေနဲ့ ပြောတဲ့သဘောပါပဲ၊

အမေရိကန်နဲ့ နိုင်ငံတကာကလည်း လိမ်မှန်းသိပါတယ်၊ အဲဒီ့အချိန်က အခြေအနေတွေအရ ဘာမှဝင်ရောက် မပြောဆိုကြပါဘူး၊
တရုပ်ကသာ ဖေါက်ပြန်တဲ့ နေဝင်း စန်းယုစစ် အစိုးရလို့ နေ့တိုင်းအော်ပေးနေတာပါ။

ရွှေနိုင်ငံက ရွှေတွေ စာရင်းမရှိအင်းမရှိ ပျောက်ဆုံး ကုန်ကြရတယ်၊ ဖုံးလို့ ဖိလို့ မရတဲ့ ပေါ်လာတဲ့အထဲမှာ မှော်ဇာက တူးဖေါ်ရရှိတဲ့ ရွှေအုပ်ချပ်တွေ၊ ရွှေတောင်မြို့ ဖိုးသိန်းတန်ရွာက တူးဖေါ်ရရှိတဲ့ ရွှေနဲ့ ကျောက်သံပတ္တမြားတွေ၊ ရတနာတွေကအစ၊ ဘုရားပေါင်းစုံ က အဖိုးတန်ရတနာကြီးတွေ၊ တနိုင်ငံလုံးမှာ ရွှေအကြီးအကျယ်ထွက်မယ့်နေရာ ဆိုရင် ခြံဝန်းခတ်ပြီး စစ်တပ် အမှတ်တံဆိပ် ခတ်ကာ ကြိတ်ပြီး တူးဖေါ်ယူခဲ့ကြတာတွေ အပါအဝင် ရေပေါ်ရေအောက် မြေပေါ်မြေအောက် အားလုံးကို ရေမြေ့သနင်း ပြည့်ရှင် မင်း သဏ္ဍာန်နဲ့ ခွဲဝေယူခဲ့ကြတာတွေကတော့ စာရင်းမတင်အင်းမဝင်ဘဲ တိုင်းပြည်က ဘာမှမသိလိုက်ကြရပါဘူး၊

ဦးပိုင်နဲ့ ထူးပိုင်ဖြစ်သွားခဲ့တဲ့ တိုင်းပြည်ရဲ့ ရေမြေတောတောင်တွေနဲ့ ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ ဥယျာဉ် လယ်မြေ ကိုင်းကျွန်းတွေလည်း အဓမ္မသိမ်းယူဝါးမြိုခြင်းကို ခံခဲ့ရတာ မနည်းလှပါ၊ ဒါတွေက ဘတ်ဂျက်ဆိုတာနဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စတွေပါ။

ပြည်တွင်းက မြေပေါ်မြေအောက် အတိုက်အခံတွေ၊ သူပုန်သူကန်တွေနဲ့ ပြည်သူတွေကို ဂရုဓ္ဓမပြုပြီး တိုင်းပြည်ရဲ့ ရ သုံး ဘတ်ဂျက် စာရင်းကို တစ်နှစ်တစ်ကြိမ်ထုတ်ပြန်တာ မဟုတ်ပါဘူး၊ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရတရပ်ကဲ့သို့ဖြစ်အောင် လိမ်ပြီး ဆွဲ ထားတဲ့ လိမ်ဆွဲ ဘတ်ဂျက်ကို နှစ်စဉ် ဖေါ်ပြနေတာသာ ဖြစ်ပါတယ်၊
၉၀ ရွေးကောက်ပွဲမှာ ကြည့်မြင်တိုင်မြို့နယ်က ရွေးချယ်တင်မြှောက်လိုက်တဲ့ အင်အယ်ဒီ အမတ်ကြီး ဦးလှထွန်းဟာ အဲဒီ့လိမ်ဆွဲ ဘတ်ဂျက်စာရင်းတွေကို ဝိုင်းဝန်းရေးဆွဲခဲ့ရတဲ့ ပုဂ္ဂိုလ်တွေထဲမှ တစ်ဦးပါပဲ၊ လိမ်ဆွဲကိစ္စကို ရွံရှာ စက်ဆုတ်လွန်းလို့ အင်အယ်ဒီ ပါတီကို ဝင်ပြီး စစ်အစိုးရကို အတိုက်အခံလုပ်ခဲ့တဲ့ အတွက် ထောင်နန်းစံခဲ့ရပါတယ်၊

ဧရာဝတီတိုင်းမှူးလုပ်နေတဲ့ ဗိုလ်ချုပ်မြင့်အောင်က ဦးလှထွန်းကို တစ်သက်၊ နှစ်သက် စားမကုန်အောင် ပေးပါမယ်ဆိုတဲ့ လာဘ်ထိုး စည်းစိမ်တွေကို ပယ်ချပြီး လူထုဘက်ကို ကူးပြောင်းခဲ့တဲ့ ဦးလှထွန်းသည် ဘတ်ဂျက်နှင့် စာရင်းအင်းဆိုင်ရာ ညွှန်မှူးကြီးတစ်ဦးပါပဲ၊
ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်နှင့် လူထု၏ အကျိုးကိုသာ ကြည့်ခဲ့သူပါ။


၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၇ရက်နေ့ သတင်းမှာ စစ်ဦးစီးအစိုးရ၏ လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စကို ဆွေးနွေးကြကြောင်း သတင်းကောင်း လေးတစ်ခုအဖြစ်တော့ ကြားလိုက်ပါတယ်၊ မ.ဆ.လ ခေတ်မဟုတ်တော့ပါ၊
ဒါကြောင့်လည်း လွှတ်တော်တွင်းမှာ လွတ်လပ်စွာ သတင်းယူခွင့်ဆိုတာမျိုးတွေ ရှိလာပါတယ်၊
လွှတ်တော်အမတ်များ၏ အဆိုပြုချက်၊ မေးမြန်းချက်များကို အစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှ ပြန်လည်ဖြေကြားမှု့များကိုလည်း ပြုလုပ် လာကြပါတယ်၊

ကျေနပ်လောက်စရာ အဆင့်ကိုရောက်ဖို့တော့ အများကြီးလိုပါသေးတယ်၊ သို့သော်လည်း ဆုတ်နိုင်ကိုင်နိုင်သမျှလောက်ကိုတော့ ဆုပ်ကိုင်မှု့များပြုနေကြပါပြီ။

စစ်ရေးအသုံး စားရိတ်လျှော့ချလာမှု့၊ ကျမ္မာ ပညာမှာ တိုးမြှင့်သုံးစွဲလာမှု့ဆိုတာလောက်တော့ ကြားရစ ပြုလာနေပါပြီ၊
သို့သော် ၂၀၁၂ ခု ရသုံး မှန်းခြေဘတ်ဂျက်ဆိုသည်မှာလည်း ပြည်သူ့အစိုးရက ပြည်သူ့တာဝန်ကို ထမ်းဆောင်သည့် အနေဖြင့် ရေးဆွဲသည့် ဘတ်ဂျက်မျိုးမဟုတ်သေးပါ၊ အဆင့်ဆင့်သော ကြိုးနီစနစ်ဖြင့် အဆင့်ဆင့်သော အကျင့်ပျက်လာဘ်စားမှုများ ပြည့်နက် နေသည့် မတရားသော ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ပုံဖေါ်ထားသော လက်ဝါးကြီးအုပ် စီးပွါးရေး စနစ်ကို တရားဝင်ဖြစ်လာစေရန် စမ်းသပ် ချက်တခုပင်ဖြစ်ပါသည်၊

သို့သော် နှစ်ပေါင်း ငါးဆယ်မျှ ပြန်လည် မေးခွန်းထုတ်ရန်၊ ဝေဘန်ဆန်းစစ်ရန်။ ဆုံးရှုံးခဲ့ရသည့် အခွင့်အရေးတစ်ရပ်သည် ယနေ့ ရေးတေးတေး မျှ ပြန်လည် ကြုံတွေ့လာရသည့် အတွက် တိုးတက်မှု့၏ အစဟု ဆိုနိုင်ပါလိမ့်မည်။

မည်သို့ဆိုစေ လွှတ်တော်တွင်းမှနေပြီး ပြည်သူတင်မြှောက်သည့် အစိုးရတစ်ရပ်က ပြည်သူ့အတွက် ရေးဆွဲမည့် ဘတ်ဂျက်စစ်စစ် ဖြစ်လာမည်ဆိုတာကိုတော့ မျှော်လင့်နိုင်ပါလိမ့်မည်။

လူတို့၏ပြဿနာနှင့် ပဋိပက္ခများ၏ သော့ချက်သည် ငွေကြေးစနစ်၌အခြေခံနေကြသည်၊
ဒီငွေကြောင့်ပင် နိုင်ငံရေး၊ လူမှု့ရေး၊ စီးပွါးရေးတိုက်ပွဲများ အဆက်မပြတ်ပေါ်ပေါက်နေကြပါသည်၊ ရငွေသုံးကျပ် သုံးငွေ တစ်ကျပ် ကျန်ငွေ တစ်ကျပ်ဖြစ်ရန်အတွက် (သို့မဟုတ်) ကျန်ငွေမရှိ ဖြစ်ရန်အတွက် လိမ်လည်ဖို့ ကြိုးပန်းကြတဲ့ဘက်က တစ်ဘက်၊ သုံးထဲ တစ်နှုတ် နှစ်ကျန်လို့ဆိုတဲ့ ဘက်က တစ်ဘက် ဒီဘက်နှစ်ဘက်ရဲ့ ပဋိပက္ခကို နိုင်ငံရေး သမိုင်းဟု ပြောရင်လည်း ရမည်ထင်ပါသည်။


သို့ဆိုသော် ယနေ့ အာဏာရရော အာဏာမဲ့ အဖွဲ့အစည်းတွေမှာပါ ဒီလိုမျိုးပြဿနာတွေမရှိကြဘူးလား၊ ဗိုလ်နေဝင်းက မတရားသဖြင့် မင်းမူအုပ်ချုပ်တာကို မကျေနပ်တဲ့ အဖွဲ့တွေ၊ တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ အဖွဲ့တွေထဲမှာရော ငွေကြေးခွဲဝေသုံးစွဲမှု့နဲ့ ပါတ်သက်တဲ့ ပြဿနာတွေ မရှိကြဘူးလား။

ဗိုလ်နေဝင်းခေတ်မတိုင်ခင် ဖ.ဆ.ပ.လ ခေတ်မှာရော အကြီးအကျယ်လာဘ်စားမှု့ကြီးတွေ ရှိခဲ့ကြပါတယ်၊
ပြည်တော်သာ စီမံကိန်းနဲ့ သန့်ရှင်းအမတ်များ၊ ဖ.ဆ.ပ.လ အတွင်းရေးမှူး သ္ခင်ကျော်ထွန်းရဲ့ စာရင်းပျောက် အင်းပျောက် စီမံကိန်း ဆိုတာတွေ သမိုင်းမှာ ရှိခဲ့ကြတာပါ၊

ဖ.ဆ.ပ.လ ခေတ်မှာတော့ ဗိုလ်နေဝင်းရဲ့ ဗိုလ်ကျ ဘတ်ဂျက်နဲ့ သူမွေးထားတဲ့ ဘိန်းစား ခွန်ဆာတို့ရဲ့ မော်ထိုင်း အဖွဲ့တို့ ကိုးကန့်၊ ဝ နဲ့ မိုင်းလား အဖွဲ့ဆိုတာမျိုးတွေကိုတော့ ထည့်မပြောတော့ပါဘူး၊
ဗိုလ်နေဝင်းကလည်း နိုင်ငံရေး အရ အသုံးချသလို သူတို့ကလည်း ဆိုးချင်တိုင်းဆိုး၊ ခိုးနေချင်တိုင်း ခိုးနေခဲ့ကြတဲ့သူတွေပါ၊
ဘယ်သူကမှ ငွေရေးကြေးရေး စာရင်း ဇယားဆိုတာတွေရော အဖွဲ့အစည်း ပီပီ တိကျတဲ့ ရသုံးငွေ စာရင်း ထုတ်ပြန်ရှင်းလင်းမှုဆို တာရော ရှိခဲ့ကြလို့လား၊

ရီစရာ ကောင်းတဲ့ ရွံစရာကောင်းတဲ့ တော်လှန်ရေး ဆိုတာကို မြန်မာပြည်သား အားလုံး ရင်ဆိုင်ခဲ့ကြရတယ်၊
အစိုးရရော အတိုက်အခံဘက်မှာပါ အဖွဲ့အစည်းဟေ့ ဆိုလျှင် အလွဲသုံးစားမှု့ဆိုတာနဲ့ မကင်းသလောက်ပါပဲ၊
အနည်းအများသာ ကွာချင်ကွာမယ်။

စစ်အာဏာရှင် ဗိုလ်နေဝင်း အတွက်တော့ လာဘ်စားတာ၊ ခိုးတာ၊ တိုက်တာ၊ လိမ်တာဟာ အဆန်းမဟုတ်ပါဘူး၊
တနိုင်ငံလုံး သူ့ဘက်ရော ကိုယ့်ဘက်ပါ အားလုံး သူခိုး ဓါးပြတွေ ဖြစ်နေမှ စစ်အာဏာရှင် စနစ်ဆိုတာ သက်ဆိုးရှည်နိုင်တာပါ၊
ဒါ စစ်အာဏာရှင် စနစ် အဒွန့်ရှည်စေရေးအတွက် နည်းစနစ်တခုပါပဲ၊ ဒါကြောင့် တော်လှန်ရေး ခေတ်ဆိုတာထက် အစိုးရလုပ်စား တဲ့ခေတ် သူပုန်လုပ်စားတဲ့ ခေတ်ကို ပြောင်းလဲ ဖြတ်သန်းခဲ့ကြရတယ်၊

ဒီတော့ တတိုင်းပြည်လုံးမှာ အစိုးရလုပ်စားခွင့်ရ အသိုင်းအဝိုင်းနဲ့ သူပုန်လုပ်စားခွင့်ရ အသိုင်းအဝိုင်း အပြင် တရုတ်မြန်မာနယ်စပ်က ဘိန်းစား အဖွဲ့အစည်းတွေက မတရားသဖြင့် ချမ်းသာလာကြပြီး ပြည်သူအများစုကြီးက ဆင်းရဲ ငတ်ပြတ်လာကြပါတယ်၊
ဒါကြောင့်လည်း မခံမရပ်နိုင်လွန်းလို့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးပေါ်ပေါက်ခဲ့ရပါတော့တယ်။

စစ်အာဏာရှင် စနစ်အမည်ခံ ဓါးပြသူခိုးစနစ်ဆိုးကြီးကို မကြိုက်လို့ တော်လှန်ဆန့်ကျင်ခဲ့ကြတဲ့ ရှစ်လေးလုံး မျိုးဆက်တွေ ပေါ်ထွန်း လာခဲ့ပါပြီ၊
ကျောင်းသား၊ ရဟန်းသံဃာပါမကျန် အရပ်သူအရပ်သား အားလုံးပါပဲ၊ အတိုက်အခံအဖွဲ့တွေ အမည်အမျိုးမျိုးနှင့် ဖွဲ့ကြပြီး ဒီမိုကရေစီ ရရှိရေး တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ လွန်စွာ အားရစရာကောင်းလှပါတော့သည်။


ရှစ်ဆယ့် ရှစ်၏ နောက်ပိုင်း ဖွဲ့စည်းသည့် အဖွဲ့များသည်လည်း အဖွဲ့ဟူ၍ဖြစ်လာပြီဆိုလျှင် ငွေကြေးနှင့် ကင်း၍မရတော့ပါ၊
အဖွဲ့အတွက် သုံးစွဲရန် အဖွဲ့ပိုင်ငွေကြေးမှာ မုချပင် လိုအပ်ပါတော့သည်၊ ပြည်တွင်းမှာတော့ တရားဝင်ပါတီအဖွဲ့အစည်းတွေက တရားဝင်ငွေကြေးစုဆောင်းမှု့၊ သုံးစွဲမှု့များ ရှိလာသော်လည်း အလွဲသုံးစားမှု့ဟူ၍ မကြားကြရပါ၊ စုဆောင်းငွေဟူ၍ များများ စားစားလည်း မထားနိုင်ကြပါ၊

လောက်ငအောင်ပင် မနည်းလုံးပန်းနေကြရပြီး အများအားဖြင့် အိတ်စိုက်က များပါသည်၊ ပြည်တွင်းက စေတနာရှင် အနည်းငယ် လောက်က ပံ့ပိုးမှု့တော့ ရှိနိုင်ပါသည်၊ လုံလောက်မှု့မရှိဘဲ အမြဲပင် ချိုးခြံနေကြရတဲ့ အဖြစ်ပါ၊
ဒီမိုကရေစီရရှိရေးအတွက် လူရော ငွေပါမက ဘဝပါ မြုပ်နှံပြီး ဆောင်ရွက်နေကြတာက အများစုကြီးပါ။

အချို့မပြောပလောက်သည့် အဖွဲ့အနည်းငယ်တော့ ရှိပါသည်၊ ပြည်ပမှ ပရီပိုဇယ်စားနှင့် ဆက်ကြပြီး၊ ပြည်ပက အဖွဲ့က ပရီပိုဇယ်ရစေဖို့ အကြောင်းပြချက် (အစ်ရှုး) တစ်ခုအတွက် ပြည်တွင်းက သရုပ်ဆောင်ပြကြရတဲ့ အဖွဲ့မျိုးတွေပါ၊
အစကတော့ တကယ့်ကို မခံချင်စိတ်တွေနဲ့ အစိုးရရဲ့ မတရားမှု့တွေကို ဘက်စုံဒေါင့်စုံကနေပြီး မကြောက်မရွံ့ကြဘဲ၊ ထောင်ကျ တန်းကျခံကာ ဝေဘန် ပြောဆိုခဲ့ကြတဲ့ သူတွေပါ၊

အဲဒီလိုအထဲက တစ်ချို့မှာ ပြည်ပက ပရီပိုဇယ်စားရဲ့ ထောက်ပံ့မှု့ကို ခံယူပြီး ငွေကြေးအရှုတ်တော်ပုံနဲ့ အလွဲသုံးစားမှု့တွေနောက်မှာ ရေစုံမျောကြတာတွေလည်းရှိပါတယ်၊ ပြည်တွင်းမှာ ထင်ထင်ပေါ်ပေါ်နဲ့ လှုပ်ရှားသူတွေမှာတော့ ငွေကြေးပြဿနာက မရှိသ လောက်ပါပဲ။

ပြဿနာက ပြည်ပမှာပါ၊ ကြားကြသိကြတော်မူတဲ့ အတိုင်း ပြည်ပရောက်တွေက ဖွဲ့လိုက်ကြတဲ့ အဖွဲ့အစည်းတွေ ရသေ့ရှစ်သောင်းက တောင် အရှုံးပေးရပါလိမ့်မယ်၊
ဧရာမ ပရီပိုဇယ်စားကြီးများဖြစ်တဲ့ အင်စီဂျီယူဘီ (နဂုတ်)၊ အင်စီယူဘီ (နကပ်)၊ အက်(ဖ်)တီယူဘီ (ဖွတ်)၊ အင်တီတီ (အီး)၊ ယူရိုဘားမားအော့ဖစ်(ယူဘားအော့)၊ အေအေပီပီဘီ(အပီ)က အစ ကလလတ(ကုလားလတန်) အင်အယ်ဒီအယ်အေ(အီလေ)၊ အမ်ပီယူ(မူ)၊ဒီဗွီဘီ(ထွီ)၊ ရှေ့နေကောင်စီနှင့် များပြားလှစွာသော အဖွဲ့များအပြင် အမေရိကန်အခြေစိုက် ၊အင်္ဂလန်အခြေစိုက်၊ ဥရောပမှ နိုင်ငံပေါင်းစုံအခြေစိုက်၊ ဂျပန် သြစတြေးလျအခြေစိုက်၊ အခြေစိုက်များစွာသော အဖွဲ့အစည်းများ၊ အဖွဲ့အစည်းတော်တော် များများက ပေးကမ်းထောက်ပံ့ထားရပါတယ်ဆိုတဲ့ ကျောင်းသားတပ်မတော်အဖွဲ့၊ ပညာရေးအကြောင်းပြ ၊ ကျန်းမာရေးအကြောင်းပြ၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေ အကြောင်းပြ၊ အလုပ်သမားအခွင့်ရေးတွေ အကြောင်းပြ၊ တိုင်းရင်းသားအမည် အသီးသီး ကို ရှေ့တန်းတင် အကြောင်းပြကြတဲ့ အဖွဲ့တွေ၊ အဖွဲ့တွေ အားလုံးကတော့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်တဲ့။


ပရီပိုဇယ်နှင့် မကင်းတဲ့ အဖွဲ့၊ တိုက်ရိုက်ရတဲ့ အဖွဲ့၊ သွယ်ဝှုက်ပြီးရတဲ့အဖွဲ့၊ အဲ့ဒီလိုအဖွဲ့တွေမှာတော့ ငွေရေးကြေးရေးပြဿနာက တကယ်တော့ ဒုနဲ့ဒေးပါပဲ။
ပေါက်ပြဲကွဲအက်ပြီးထွက်ပေါ်လာတဲ့ အသံတွေရှိလာသလို ကြောက်ငြိမ်ကြိတ်ခံလို့ အသံတိတ်နေတာတွေလည်း ရှိပါတယ်။

မည်သို့ဆိုစေ ဖေ့စ်ဘွတ်ခေတ်မှာ အရာရာကို ကြာကြာဖုံးဖိထားနိုင်စွမ်း ရှိမည်မဟုတ်ပါ၊ ဟုတ်ရင်ပေါ်ပါလိမ့်မည်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဘီဘီစီမှာ ကြားဖူးလိုက်ပါသည်၊ အက်တီယူဘီ (ဖွတ်) မောင်မောင်ကို ငွေကြေးသုံးစွဲမှုကိစ္စမှာ မရှင်းတဲ့ သတင်းတွေထွက်နေတယ်လို့ မေးတော့ မောင်မောင်က ကျနော့်ကို တော့ တိုက်ရိုက် ဘယ်သူမှမမေးပါဘူးတဲ့၊
နောက်ပြီးငွေးပေးလှူတဲ့သူတွေ ဘက်က စစ်ဆေးရေး (အော့တစ်) တွေနဲ့ပါလို့ ဖြေရှင်းခဲ့တယ်၊
ဒီတော့ ငွေပေးသူ ငွေယူသူနဲ့ အော့တစ်တို့ ကျေနပ်ရင် ပြီးတာပါပဲဆိုတဲ့ သဘောပါပဲ။

ပြည်သူ့ဒုက္ခကို အကြောင်းပြပြီး အဖွဲ့အစည်းဖွဲ့ကြတယ်၊ ငွေရအောင် တောင်းနိုင်တဲ့သူက ဆရာကြီးလည်းဖြစ် ဂေါ့ဖားသားလည်း ဖြစ်တယ်၊
အဖွဲ့အစည်းဝင်တွေ ကျေနပ်တာ မကျေနပ်တာ ဂရုစိုက်စရာမလိုပါဘူး၊ ဟုတ်ပါတယ် မောင်မောင်ပြောသလို နိုင်ငံခြားအော့တစ်က အောရိုက်ဆိုရင် ပြီးတာပါပဲ၊
အဲ့ဒီလိုမျိုးအခြေနေနဲ့ အချိန်ခါကို မြန်မာပြည်သူတွေ ဖြတ်သန်းခဲ့ကြရတယ်၊ အပြခံခဲ့ကြရတယ်။

ပရီပိုဇယ်စား ဆရာကြီးများကို ဘယ်သူက ငွေစာရင်းရှင်းပြပါလို့ ပြောရဲမှာလည်း၊ ပြောတော့ရော အားလုံးက တရားဝင် မှတ်ပုံတင်ကျ အသင်းလည်းမဟုတ် အသင်းသားလည်းမဟုတ်၊ ကိုယ့်ဖာသာကိုယ် ပူကြပေါင်းကြ ဖွဲ့ကြပြီး ရေဒီယိုမှာ ပါအောင်ကြေငြာလိုက် ပြီးရင် ပရီပိုဇယ်ပေးမယ့် ဒိုနာတို့အဖွဲ့ တို့နဲ့ နိုင်ငံတို့နဲ့ ဆက်မိအောင်ဆက်ကြ၊ ဆက်မိပြီးငွေရရင် ပွကြပြန်တာပါပဲ၊

အဝေမသင့်လို့ အပုတ်နံ့လေးတွေထွက်တော့ ၀ိုင်းဝန်းဖုံးကြဖိကြပေါ့၊ ရန်သူအားရအောင် မလုပ်နဲ့ ၊ မင်းက ရန်သူ သူလျှိုလား ဆိုတဲ့ စကားက သူတို့လက်သုံးပါ၊ ကျွန်းပင်ကြီးအောက်ရောက်သွားမယ်ဆိုပြီး လက်နက်ကိုင်အဖွဲ့တွေကို နာမည်ပျက်အောင် အသုံးချ ခြိမ်းခြောက်ကြသေးတယ်။

မဲဆောက်မှာ အင်အယ်ဒီ(အယ်အေ) တွေ ငွေစာရင်း ရှင်းပွဲ ဒေါ်စန်းစန်းကလုပ်တော့ ပုလင်းတွေ ခွက်တွေနဲ့ပေါက်ပြီး ပွဲပျက်ခဲ့တာ အထင်အရှားပါ၊ ဦးဝင်းခက်ကို အမေရိကန်၊ ဂျပန်၊ကနေဒါ၊ သြစတြေးလျတို့မှ ပရီပိုဇယ်ရှာတာ၊ အလှူငွေကောက်ခံတာတွေ မေးတော့  မူးချင်မောချင်ဟန်ဆောင်ပြီး အော်လွှတ်တာ ခံခဲ့ရတယ် ကိုယ်တိုင်ပါပဲ။

ဒါက အသေးအမွှားတွေပါ၊ အေအေပီပီက ငတိတ်နဲ့ ဘိုကြည်တို့ကလည်း နိုင်/ကျဉ်း အရေအတွက်ကို ၁၅၀၀ မှ တပြားမှ မလျော့ သေးဘူး။
နိုင်/ကျဉ်း စာရင်းနဲ့ နှစ်ပေါင်းများစွာ ပရီပိုဇယ်ငွေတွေ ယူခဲ့ ကြတယ်၊ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ကို ဘယ်လောက်နှုန်းနဲ့ ဘယ်လောက်ကြာအောင် ထောက်ပံ့ခဲတယ်ဆိုတဲ့ စာရင်းကို ရှင်းရလိမ့်မယ်၊
ဘယ်နှစ်ခုနှစ်ကတည်းကစပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ခဲ့တာလဲ၊ ကိုဇာဂနာကတော့ သူလည်းမရ သူနဲ့နေခဲ့တဲ့သူတွေ လည်းမရလို့ ဆိုပါတယ်၊

ဘာပဲဖြစ်ဖြစ် နည်းနည်းပေး များများ ဘုန်းတာကိုတော့ တစ်နေ့ရှင်းကြရမှာအမှန်ပါပဲ။ အခု နိုင်/ကျဉ်းအများစု လွတ်မြောက်လာပြီ၊ ဘယ်သူတွေဘယ်လောက်ထောက်ပံ့ကြေးရတယ် မရဘူးဆိုတာ တိကျတဲ့စာရင်းကောက်လို့ လွယ်ကူနေပါပြီ၊ အေအေပီပီတို့ ပြေးဖို့ မကြံကြနဲ့ မလွတ်နိုင်ဘူး၊ ထောင်ကျဒုက္ခသည်ကို ပြစားတဲ့အပြစ်ဟာ အကြီးဆုံးဆိုတာ သိကြရတော့မယ်။ အေအေပီပီရဲ့ သက်တမ်းမှာလည်း ဘယ်နှစ်ကြိမ်များ ငွေစာရင်းရှင်းတမ်းကို အများရှင်းအောင် တိတိကျကျ ချပြဘူးလို့လဲ။ ဒါလည်းအေအေပီပီ တစ်ဖွဲ့တည်းမဟုတ်ပါဘူး၊ အဖွဲ့တိုင်းလိုလိုပါ။ ဘေးကဆိုတာအလွဲသုံးစားလုပ်မှုကို ဘယ်လိုတိတိကျကျ သိနိုင်ပါ့မလဲ၊ အချင်းချင်းခွက်စောင်းခုပ်ပြီး ဖုံးဖိလို့မရမှ ပေါ်တဲ့ဟာမျိုး။
အခုဒီဗွီဘီ (ထွီ) အသံလွှင့်ဌာနမျိုးပေါ့၊ အေးချမ်းနိုင်၊ ခင်မောင်ဝင်းက တစ်ဖက် မျိုးမင်းနိုင်နဲ့ ဘားမားဗွီဂျေက တစ်ဖက် နှစ်ဖက် အပြန်အလှန် တရားရင်ဆိုင်ကြမယ်တဲ့။

အမှုက ဒေါ်လာသုံးသိန်းကို မျိုးမင်းနိုင်နဲ့ ဗွီဂျေက ခိုးမှုတဲ့။
တကယ်တော့ ဒေါ်လာသုံးသိန်းဆိုတာ ဘာမှမပြောပလောက်တာ လူတိုင်းသိတယ်။
ပြည်ပရောက် ရှစ်ဆယ့်ရှစ်မျိုးဆက်တွေရဲ့ ရှက်စရာအမှုပါပဲ။ သတိထားရမှာက ပြည်တွင်းက ဗွီဂျေအင်လိုင်းလုပ်သူတွေ သူခိုးဖြစ် နေတယ်။


ဒီအချက်က ပြည်ပကပေးတဲ့ငွေကို သုံးမိယူမိသူတိုင်း သတိထားရမယ့် အချက်ဖြစ်တယ်၊
ဒါ့ကြောင့် ပြည်တွင်းက ဒီမိုကရေစီဘက်တော်သားများ နိုင်ငံရေးအကျဉ်းသားများအားလုံး၊ ပါတီထောင်သူများအားလုံး ပြည်ပ ငွေဆိုတာကို သတိကြီးကြီးထားဖို့ အထူးလိုအပ်လှပါတယ်။

ပြည်ပရောက် မြန်မာပြည်သားအများစုကြီးကတော့ ပြည်တွင်းအတွက် ထောက်ပံ့လှူတန်းဖို့ဆိုရင် စေတနာအပြည့်ပါပဲ၊
ဦးဆောင်ခေါင်းရွက်ပြုသူက ရိုးသားလျှင် တော်ပေသေး၏။ မရိုးသားလျှင် ဘာမှ မတတ်နိုင်ပါ။

နိုင်ငံတိုင်းလိုလိုမှာ အပုတ်နံ့တွေထွက်နေတယ်၊ ဒါက အလွတ်သဘော ငွေရှာ ငွေလှူသူတွေရဲ့ ကဏ္ဍပါ။
ဒါတွေနဲ့ပတ်သက်ပြီး ပြည်တော်ပြန် သီးလေးသီးကလည်း တော်တ်ာသိသွားပါတယ်။
အရေးကြီးတာက ပြည်ပက ပရီပိုဇယ်စား ဂုရုကြီးတွေပါ။

နိုင်ငံတကာ အစိုးရများ၊ ဒိုနာများက မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများကို ထောက်ပံ့လှူဒါန်းငွေများ ပေးကြပါ တယ်။

ဒီလိုအထောက်အပံ့ပေးတဲ့နေရာမှာ ပေးကမ်းသူများရဲ့ဘက်က သတ်မှတ်ပြထမ်းထားတဲ့ ဥပဒေမူဘောင် စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှ ထောက်ပံ့ငွေကို ရကြတာပါ။
ငွေတောင်းသူများဘက်ကလည်း သတ်မှတ်စံချိန်စံညွှန်းနဲ့ ဥပဒေ၀င်အောင် အဖွဲ့အစည်းဖွဲ့စည်းပုံမှအစ ရည်ရွယ်ချက် လုပ်ဆောင် ချက်များ ပါဝင်တဲ့ ဆောင်ရွက်ချက်များကို တင်ပြနိုင်ရပါတယ်။ ဒါက အပြင်လူအနေနဲ့ အကြမ်းဖျင်းသိသလောက်ပါ။

ပရီပိုဇယ်ပေးတဲ့ဘက်က နိုင်ငံများနဲ့ အင်ဂျီအို၊ ဒိုနာတွေက သတ်မှတ်ချက် ပြဋ္ဌာန်းထားတဲ့ ပရီပိုဇယ်ဆိုင်ရာ ဥပဒေများ မူဘောင်များကို သိရှိနားလည်သူများ၊ ရင်းနှီးကျွမ်းဝင်သူများက လူထုပရိတ်သတ်ကြီးသိစေရန် ဖော်ထုတ်ရှင်းလင်းတင်ပြကြဖို့ အချိန်တန်နေပါပြီ။

ထိပ်တန်းလျှို့ဝှက်ချက်ကြီးအဖြစ် မထားသင့်တော့ပါဘူး။


ဒါ့အပြင် မြန်မာအဖွဲ့တွေအတွက် ပေးကမ်းနေတဲ့ နိုင်ငံတွေ၊ အင်ဂျီအိုတွေ ဒိုနာတွေရဲ့စာရင်းနဲ့ ဘယ်အဖွဲ့တွေကို ဘယ်နိုင်ငံ ဘယ်အင်ဂျီအိုတွေက ဘယ်နှစ်ကစပြီး တစ်နှစ်လျှင် ဘယ်လောက်ပေးခဲ့တယ်ဆိုတဲ့ စာရင်းဇယားများကိုလည်း ဂုရုကြီးများက ထုတ်ပြန် ပေးသင့်နေပါပြီ။

ထို့နည်းတူ ပရီပိုဇယ်ခံယူတဲ့ မြန်မာအဖွဲ့စည်းများကလည်း ထောက်ပံ့ကြေးငွေ ရရှိဖို့အတွက် မည်ကဲ့သို့ စည်းမျဉ်းဥပဒေသများဖြင့် မည်သို့ဖွဲ့စည်းတည်ဆောက်ထားခဲ့ကြသည် အသင်းသားဦးရေမှအစ ရငွေကိုမည်သို့ မည်ပုံခွဲဝေအသုံးပြုခဲ့ကြသည်။

ဘယ်နှစ်ခုနှစ်မှစ၍ ဘယ်ရွေ့ဘယ်မျှ ရရှိခဲ့ကြပါသည်ဆိုတာကိုလည်း ပြည်သူတစ်ရပ်လုံးကို ချပြသင့်နေပါပြီ။
ပရီပိုဇယ်ကဏ္ဍ တစ်စုံလုံးကို မသိတောင်မှ မိမိတို့ လက်လှမ်းမှီသလောက် တင်ပြရန်လည်း လိုအပ်ပါသည်။

မြန်မာပြည်မှာ ဒီမိုကရေစီရသည့် တစ်နေ့မှာ ဒါတွေက ရှင်းကိုရှင်းကြရမှာပါ။ အဲ့ဒီအခါမှာ ဘယ်အဖွဲ့အစည်းတွေက လူထုအကျိုးကို ဘယ်လိုဆောင်ရွက်ကြတယ်၊ ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုအလွဲသုံးစားလုပ်ကြတယ်ဆိုတာ မုချပေါ်လာမှာပါ။
ရှစ်ဆယ့်ရှစ်နောက်ပိုင်း မြန်မာပရီပိုဇယ်သမိုင်း စာအုပ်ကြီးတစ်အုပ် ထွက်လာအုန်းမှာပါ။

၂၀၀၅ခုနှစ်ထဲမှာ ပြည်ပက ပရီပိုဇယ်ဇာတ်လမ်းကို ဖော်ထုတ်ဖို့ကြိုးစားခဲ့စဉ်က နာမည်ကျော်ဆရာကြီးတစ်ဦးက ပွဲဆူအောင်လုပ်ပြီး မထူထောင်ပါနဲ့လို့ တားခဲ့ဘူးပါတယ်။

ပရီပိုဇယ်စကားကိုပြောရင် ကာယကံရှင် သူတော်ကောင်းတွေက သာဓုခေါ်ကြမှာပါ၊
အများအကျိုးနဲ့ ပတ်သက်တာကို သူယုတ်မာ သူခိုးအတွက်တော့ သူ့သမိုင်းနှင့် သူပါပဲ။
ရန်သူအားရမယ်ဆိုတဲ့ခေတ် ကုန်ချိန်မှာ ပွင့်ပွင့်လင်းလင်းရှင်းပြရမှာပါ။ ဒါ့ကြောင့် ရန်သူအားရမယ့်ခေတ်ကို သက်ဆိုးရှည်စေချင် သူတွေလည်း ရှိကောင်းရှိမှာပါ။

သို့သော် မြန်မာနိုင်ငံသားတွေကတော့ အဒိန္နာဒါနကံကို ကျူးလွန်ကြမယ်မထင်ပါဘူး။

ပြည်တွင်းမှာတော့ နှစ်ပေါင်းငါးဆယ်ကျော်မျှ ဘာမှပြန်ပြီးမပြောရဲ မတော်လှန်ရဲတဲ့ဘားဂျက်ကိစ္စကို ဝေဖန်ထောက်ပြစ ပြုလာတာ တွေ တွေ့နေရပါပြီ။

ပြည်ပမှာတော့ နှစ်ပေါင်းနှစ်ဆယ်ကျော် ရိုးရိုးသားသား ရယူထားတဲ့ ထောက်ပံ့ငွေကို ဘယ်လိုဘယ်ပုံ ရိုးရိုးသားသား ခွဲဝေ အသုံးပြုကြတာလည်းဆိုတဲ့ ပြည်ပ ဘားဂျက်ရှင်းတမ်း လေးကို သက်ဆိုင်ရှာအဖွဲ့များက ရှင်းလင်း ပေးကြရမည်ဖြစ်သလို အဖွဲ့ဝင်တွေကိုလည်း ဝေဖန်ထောက်ပြခွင့် မေးမြန်းခွင့် အကြံပေးတင်ပြခွင့်တွေ ပြုရမည်ဖြစ်သည်။

ရှင်းလင်းကြေငြာချက်တွေလည်း ထုတ်ပေးရန် လိုအပ်နေပါသည်။

အမှန်တကယ်တော့ ပြည်တွင်းပြည်ပနှင့် နယ်စပ်ရှိ တရားဝင်အဖွဲ့တွေကိုရော တရားမ၀င်အဖွဲ့တွေကိုပါ လူသားချင်းစာနာ ထောက်ထားသဖြင့် ပေးအပ်လှူဒါန်းထောက်ပံ့တဲ့ ပရီပိုဇယ်အဆောက်အအုံ ဆိုတာ အင်မတန် ကြီးမားပါတယ်။

နိုင်ငံအစိုးရအဖွဲ့များပါသလို အစိုးရမဟုတ်တဲ့ အင်ဂျီအိုအဖွဲ့တွေလည်း ပါဝင်ပါတယ်။ ရည်ရွယ်ချက်အမျိုးမျိုး ဦးတည်ချက် အသွယ်သွယ် ရှိကြပေမယ့် အခြေခံအားဖြင့်တော့ လူသားချင်းစာနာတဲ့ စေတနာကို ဖော်ပြတာပါပဲ။
သို့သော် အဲ့ဒီလိုလှူဒါန်းမယ့် အဖွဲ့တွေနဲ့ ဆက်မိဖို့က ဂုရကြီးတွေ လိုအပ်ပါတယ်။ ပေးမယ့်သူရဲ့ ယုံကြည်မှုကို ခံယူနိုင်လောက်တဲ့ အရည်အချင်းရှိုတဲ့ ဂုရုကြီးတွေပါပဲ။


ဒီလိုပါပဲ ငွေပေးမယ့်သူများဘက်ကလည်း ယုံကြည်လောက်တဲ့ အရည်အချင်းရှိသူ ဂုရုကြီးများက ကြားကတာဝန်ခံပြီး ငွေယူ တာဝန်ခံဂုရုလို့စိတ်ချစွာဖြင့် မူနှင့်ဘောင်နှင့် လွှဲအပ်တဲ့ ပုံစံပါ၊ ရိုးရှင်းလှတယ်ဆိုပေမယ့် ဘယ်အဖွဲ့ရဲ့ တာဝန်ခံအဆင့်ဆင့် ဘယ်သူတွေကို ငွေပေးအပ်ရန် တာဝန်လွှဲပြောင်းပေးထားပြီး လက်ခံသူများဘက်မှ တာဝန်ခံအဆင့်ဆင့်က မည်သူတွေဖြစ်ပြီး မည်သည့်စည်းစနစ်ပုံစံဖြင့် ရယူကြပါသည်ဆိုတာကိုတော့ သိရန်ခက်ခဲလှပါသည်၊
သိသူများရှိလျှင် ရိုးသားစွာတင်ပြပေးသင့်ကြပါသည်၊ နှစ်ပေါင်းနှစ်ဆယ်ကျော် ပေးသူများကလည်း ပေးပြီးပြီ၊ ယူ သူကလည်း ယူပြီးပြီး ခွဲဝေသုံးစွဲပြီးလည်း ဖြစ်ပါသည်။

မြန်မာ စကားပုံအတိုင်း “ မျောက်ပြ ဆန်တောင်း ” တာလည်း ကောင်းတဲ့ အလုပ်ပါ၊ အမှန်တကယ် မျောက်ကဆန်ရပြီး ထမင်းစားရတယ်ဆိုရင် အင်မတန်မွန်မြတ်ပါတယ်၊
သို့သော် ငွေလှူဒိုနာနဲ့ ဒုက္ခသည်အကြားမှာ၊ အလှူပေးအဖွဲ့ရဲ့ အကျိုးဆောင်တာဝန်ခံအဆင့်ဆင့်နှင့် အလှူခံအဖွဲ့ရဲ့ အကျိုးဆောင် တာဝန်ခံ အဆင့်ဆင့်တို့သည် ဝန်ဆောင်မှုစရိတ် အမျိုးမျိုးနှုတ်ပြီး ကျန်အလှူငွေများကို ဒုက္ခသည် မျောက်များ ဘယ်၍ ဘယ်မျှ ဘယ်လောက်ရာနှုန်းမျှခံစားကြရပါသလဲဆိုတဲ့ ပရီပိုဇယ် အောတစ်လုပ်ဖို့၊ ပရီပိုဇယ်ဘတ်ဂျတ်ကြီး ပေါ်ထွက်လာဖို့ဆိုတာကတော့ သာမာန်လူတွေအတွက် လက်လှမ်းမမှီနိုင်ပါဘူး၊

အမှန်တကယ်ဖော်ထုတ် ရှင်းလင်းပေးနိုင်မည်သူကတော့ “ ဒေါ်အောင်ဆန်းစုကြည် ” မှတပါး အခြားမရှိပါ၊
အဘယ်ကြောင့်ဆိုသော် ဧရာမ ငွေကြေးကိစ္စကြီးဖြစ်သလို ပါဝင်ပါတ်သက်သူအားလုံးကလည်း သူ့ရည်ရွယ်ချက်နှင့်သူ ရှိနေကြ သည်ဖြစ်လို့ပါပဲ။

ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ ပရီပိုဇယ် ခေါ် ထောက်ပံ့ကူညီရေးဇာတ်လမ်းကြီး အထင်အရှား ပေါ်ပေါက်လာပါတယ်၊
အမှန်တကယ်လည်း အလှူရှင်တွေ ဒိုနာတွေနဲ့ အစိုးရအဖွဲ့တွေက ပေးလှူပါတယ်၊
အမှန်တကယ်လည်း အလှူခံစားထိုက်သည့် ဒုက္ခသည်များနှင့် အဖွဲ့အစည်းဝင်များလည်း ရှိကြပါတယ်၊
ပေးသူနှင့် စားသုံးရမည့် သူများ၏ ကြားတွင် ပေးသည့်ဘက်ကရော ယူသည့် ဘက်ကပါ အကျိုးဆောင်များ၊ ခေါင်းဆောင်များ၊ ဝန်ဆောင်မှုပြုသူများ၊ စီမံခန့်ခွဲသူများလည်း ရှိကြပါတယ်၊

သို့သော် တကယ်ပေးသည့် အလှူကို တကယ်စားသုံးရမည့် သူများက တကယ်စားရ မစားရ ဆိုတာကတော့ တကယ်ဘတ်ဂျတ် ရှင်းတမ်းလုပ်ပြီး တကယ်ဖော်ထုတ် နိုင်မှ သိကြရမှာပါ၊

ပြည်တွင်းပြည်ပက အမှန်တကယ်စားသုံးထိုက်သည် ဒုက္ခသည်နှင့် အဖွဲ့ဝင်အပေါင်းကတော့ “ အပြ ” ခံရပြီး ထမင်းရည် လောက်သာ သောက်ရပြီး ထမင်းမစားရတဲ့ မျောက်ဘဝမျိုးဖြစ်နေခဲ့ရင်၊ ဒါမှမဟုတ် ဘာမှ မသိလိုက်ကြရဘဲ “ အပြ ” ခံ လိုက်ကြရရင် ရာဇဝင်ရိုင်းကြပါတော့မည်၊

ဒါကြောင့်လည်း ဒီမိုကရေစီအရိပ်အရောင်လေး သန်းလာကာစမှာ လွှတ်တော်ထဲမှာ ဘတ်ဂျတ်သံလေး ကြားလာရသလို၊ ပြည်ပက ပရီပိုဇယ်စား ခေါင်းဆောင်ဂုရုကြီးတွေကိုလည်း ဘတ်ဂျတ်လုပ်ပြီး ဖော်ထုတ်ပေးရန် ဒီမိုကရေစီမြတ်နိုးသူတိုင်း တာဝန်ရှိသည်ဆိုလျှင် လွန်မည်မဟုတ်ပါ။

စစ်ဦးစီးအစိုးရကတော့ ရှေ့က ဘတ်ဂျတ်ရှင်းတမ်းကို ဟတတလေးလုပ်ပြီး တိုင်းပြည်မှာ အကြွေးဆယ့်တစ် ဘီလီယံတင် နေပါပြီတဲ့၊
ကိုင်း မှတ်ကရော၊ ပြည်ပက ပရီပိုဇယ်စား ခေါင်းဆောင်ကြီးများကလည်း ကြွေးစာရင်းများ ထုတ်ကြအုံးမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ပြီးနားထောင်နေလျှက်ပါ အရပ်ကတို့။

ဦးဖိုးသာအောင်
-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...