Saturday, February 4, 2012

အိမ်မက်များကား ရှည်လျားစွ၊ လူ့သက်တမ်းကား တိုတောင်းလှ

by cherrymyodaw on Saturday, February 4, 2012 at 7:04pm
 
(ဒေါက်တာနေ၀င်းမောင်ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အမှတ်တရ။ ကျော်ဝင်း)

(၁)
၂၀၁၁ ဒီဇင်ဘာလ ၃၁ရက်နေ့ ည ၁၂နာရီမတိုင်မီ နှစ်ဟောင်း၏ နောက်ဆုံးအချိန်များ။
ကျွန်တော်တို့တစ်တွေမှာ အဝေးရောက်မြန်မာမိတ်ဆွေများနှင့်အတူ မလေးရှားနိုင်ငံ
ပီနန်မြို့၏ပင်လယ်ကမ်းစပ်တွင် ၀ိုင်းဖွဲ့နေကြသည်။ နှစ်သစ်ကိုကြိုဖို့ဆိုပါတော့။
ည ၁၂ နာရီထိုးသည်နှင့် မြို့လယ်ရပ်ဝန်းမှ ရောင်စုံမီးပန်းတွေ ပျံတက်လာသည်။
“ံHAPPY NEW YEAR” ဆိုသော အသံကြီးက မိုးပျံတိုက်များကြားတွင် ပဲ့တင်ထပ်ကာ
ပင်လယ်ပြင်သို့အသော့နှင်သွားသည်။ ကျွန်တော်တို့လည်း အများနည်းတူ
အားရှိအားကုန်အော်လိုက်ကြသည်။ “HAPPY NEW YEAR” “ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ”ပေါ့။


ယခုတစ်ကြိမ် နှစ်ဦးဆုတောင်းသံမှာ ခါတိုင်းလို ထုံးတမ်းစဉ်လာသက်သက်မဟုတ်။
ဝတ်ကျေတမ်းကျေသဘောမျှမဟုတ်။ တကယ့်ကို အသည်းလှိုက်အူလှိုက်ဖြစ်သည်။
ဟက်ဟက်ပက်ပက် ၀မ်းပန်းတသာဖြစ်သည်။ မျှော်လင့်ချက်အပြည့်နှင့်ဖြစ်သည်။
ဆယ်စုနှစ်များစွာ မှိုင်းပြာမှုန်ဝေခရီးနှင်ခဲ့ရသော မြန်မာ့နိုင်ငံရေးတွင် အလင်းရောင်ပျပျကို
မြင်နေရပြီမဟုတ်ပါလော။ အိမ်ပြန်ရက်ကို တွက်စစ်လက်ချိုးနေကြရသော မိတ်ဆွေများကို
စာရေးသူက နှစ်သစ်၏အလားအလာကောင်းများအကြောင်း အားတက်သရောပြောနေမိသည်။

သည်လိုနှင့် မိုးစင်စင်လင်းမှပဲ တည်းခိုဟိုတယ်သို့ ပြန်ဖြစ်တော့သည်။
သို့တစေ နံနက်ဦး၏အားတက်ရွှင်လန်းစိတ်မှာ မပျက်ပြယ်တတ်သေး။
မှန်ပြတင်းမှ ဟင်းလင်းပွင့်မြင်နေရသော ပင်လယ်ကြီးကိုငေးရင်း အိပ်ပစ်လိုက်ဖို့ နှမြောနေမိသည်။
ဤအခိုက်မှာပင်အခန်းဖော် ကာတွန်းကိုအော်ပီကျယ်၏ တအံ့တသြအော်သံကို မထိတ်သာ
မလန့်သာကြားလိုက်ရသည်။ ““ဟာ... ဟေ့လူ၊ လာကြည့် လှည့်ဦး ဒီမှာ ဒီမှာ””
ဒရောသောပါးပြေးပြီး ကွန်ပျူတာမျက်နှာပြင်ကို အလုအယက်ကြည့်လိုက်တော့
“ဒေါက်တာနေ၀င်းမောင် ကွယ်လွန်။”

ကျွန်တော့်မှာ ဘာစကားမှမဆိုနိုင်။ ဟိုအဝေးပင်လယ်ပြင်ကြီးမှာ ပန်းစကြာမှန်ပြောင်းနှယ်
မွတ်မွတ်လည်ပြီးသကာလ စုတ်ဝဲကြီးတစ်ခုလို ကုန်လွန်ပြီးသောနေ့များဆီသို့ ဆွဲခေါ်သွားသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော် ၂၀၀၀ ပြည့်နှစ်၏ကနဦးရက်များ။

(၂)
ရာစုသစ်၏ပထမဆုံးနှစ်မှာပင် စာရေးသူ ဇာတိမြေမှ ခွာခဲ့သည်။
ရန်ကုန်ရောက်ခါစ “အညာသားအတတ”ကို ရန်ကုန်နှင့်အကျွမ်းတ၀င်ရှိနေပြီဖြစ်သော
သူ့ငယ်ပေါင်းသူငယ်ချင်း “အညာသားမအတအ”က တစ်နေရာသို့ခေါ်လာသည်။
ထိုစဉ်က LIVING COLOR မဂ္ဂဇင်းတည်ရာ မြေနီကုန်း မပိုလမ်း။
““ခင်ဗျားကို မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့””
““ဘယ်သူလဲ လင်းဝေမြိုင်လား ဒါဆိုသိပြီးသား””
“လင်း ဝေမြိုင်" အမည်ရ ကိုမြင့်ဦးလေးမှာ ဟိုရှေးမဆွ နိုင်ငံရေးမိုးသက်မုန်တိုင်းများကြားတွင်
သိကျွမ်းခင်မင်ခဲ့ဖူးသော မိတ်ဆွေဟောင်း၊ အသစ်မဟုတ်။
““ဆရာလင်းမဟုတ်ဘူး။ ဒါကမိတ်ဆွေသစ်၊ ခင်ဗျားမတွေ့ဖူးသေးဘူး””

ကျွန်တော်တို့ရောက်သွားတော့ သူငယ်ချင်းပြောသော မိတ်ဆွေသစ်မှာ သူ့ဝိုင်းတော်သားတွေနှင့်
အလုပ်ရှုပ်နေသည်။ ကျွန်တော်တို့နှင့်စကားမဆိုအားသေး။ ပထမဆုံးသတိပြုမိလိုက်သည်က
သူ့မျက်ဝန်းတောက်တောက် တဖျတ်ဖျတ်အရောင်လက်နေသည်။
အသားညိုညို၊ မျက်နှာထားတည်တည်၊ စကားနည်းမည့်ဟန်။
“လက်ဖက်ရည်ဆိုင်ကစောင့်လေ ကျွန်တော်ခုပဲဆင်းလာခဲ့မယ်”
“စိတ်တိုင်းကျ”တွင် ထိုင်မိတော့မှ ထင်သလောက်စကားနည်းသူ မဟုတ်မှန်းသိရတော့သည်။
သူသည် စကားပျူငှာဆိုတတ်သူမျိုးကားမဟုတ်။ သို့တိုင်အောင် သူမို့စိတ်ဝင်စားသော
အကြောင်းအရာဆိုလျှင်မူ ကရားရေလွတ်ပြောတတ်သည်။ စိတ်ဖွင့် ရင်ဖွင့်အားရပါးရပြောတတ်သည်။
ကျွန်တော်၏လူသိနည်းသော“သင့်ဘ၀”ဆောင်းပါးတွေကို တခုတ်တရပြောနေတော့ ကျွန်တော့်မှာ
အံ့သြ၀မ်းသာဖြစ်ရသည်။ အထူးသဖြင့် သင့်ဘ၀မျက်နှာဖုံးဆောင်းပါး (အပြောင်းအလဲတွေများတဲ့ကမ္ဘာ)။
ထိုနေ့က ကျွန်တော်တို့စကားဝိုင်းတွင် အပြောင်းအလဲ ဆိုသောစကားလုံးကို
ဘယ်နှကြိမ်မှန်းမသိ သူအထပ်ထပ်ရွတ်နေတော့သည်။

စိတ်ထဲတွင် ပြက်ပြက်ထင်ထင်မှတ်မိနေသော ကိုနေ၀င်းမောင်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပင်။
“သူသည် အပြောင်းအလဲတစ်ခုအတွက် အိပ်မက်မက်နေသူတစ်ယောက်ပါလား” ဟု
ပထမအတွေ့မှာပင် ဆ၀ါးမိလိုက်သည်။ လူချင်းမရင်းနှီးသေးသည့်တိုင် စိတ်ချင်း
ဆက်နေသည်ဟုခံစားရသည်။

(၃)
ကျွန်တော်တို့ဧ။် ထိုစဉ်ကာလ ကျွမ်းဝင်ရင်းနှီးမှုမှာ သိပ်ကြာကြာခံလှသည်တော့မဟုတ်ပါ။
မုန်တိုင်းငယ်တစ်ခုတွင် လူချင်းကွဲသွားသည်။ ကျွန်တော့်သူငယ်ချင်း အညာသားအယ်ဒီတာမှာ
ရပ်ဝေးမြေခြားသို့ရောက်သွားသည်။ ကိုနေ၀င်းမောင်နှင့်လည်းမဆုံဖြစ်တော့။
သူယေးလ်တက္ကသိုလ်ရောက်နေပြီဟု ကာလအတန်ကြာမှ ကြားရသည်။
သူပြန်ရောက်တော့မှ အတွေ့ရပိုများလာသည်။ စကားတွေအများကြီးပြောဖြစ်ကြသည်။
သူ့စကားတွေတွင် သူ့အိပ်မက်ကို ပို၍ပီပီသသမြင်လာရသည်။ သူနှင့်စကားပြောရင်းမှပင်
အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ လိုအပ်သောပြင်ဆင်မှုတွေ သူ့မှာရှိနေပြီကိုတွက်ဆမိသည်။
သူသည်အိပ်မက်မက်သူ သက်သက်မျှမဟုတ်တော့။ အိပ်မက်တွေကို ပညာဖြင့်ပီပြင်စေဖို့
တစ်ရှိုက်မက်မက် ကြိုးပမ်းသူဖြစ်လာသည်။ လူမှုဆက်ဆံရေးဘက်ကကြည့်လျှင်မူ အိပ်မက်စေရာ
“ဧကမူ” စိတ်ကြောင့်လားမသိ။ မိတ္တဗလဋီကာ အထာမညက်သလိုဖြစ်လာသည်။
အကြောင်းမသိသူတွေက သူ့ကိုမာနကြီးသလား ထင်လာကြသည်။

သူ့အိပ်မက်ကို သိနေသော၊ သူ့ပညာဆာလောင်မှုအပေါ် “ငြိ” နေသော ကျွန်တော်ကမူ
သူ့ကိုနားလည်လို့ရနေသည်။ နားလည်ရုံမျှမက၊ မိမိထက်ဆယ်နှစ်ဝန်းကျင်ငယ်သည့်တိုင်
မိမိထက်ပညာပိုတတ်သော၊ မိမိထက်ပို၍ လုပ်ရည်ကိုင်ရည်ရှိသော သူတို့တစ်တွေကို
အားကိုးမျှော်လင့်ချင်သည်။ သူတို့တစ်တွေမှာ အနာဂတ်အတွက် “အား” ဟုတွက်ဆထားသည်။

၁၉၈၈ နောက်ပိုင်းတွင် ပုံသဏ္ဌာန်မျိုးစုံ၊ နည်းမျိုးစုံဖြင့် နိုင်ငံတကာ အဆင့်မီပညာရပ်များ
သင်ကြားဆည်းပူးခွင့်ရသော လူငယ်ပညာတတ်အလွှာတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူတို့တစ်တွေ တစ်စုံတစ်ရာပညာစုံသည်နှင့် သူတို့တတ်သောပညာဖြင့် အမိမြန်မာပြည်ကြီးကို
တတ်စွမ်းသမျှ အလှဆင်ဖို့အားသန်လာကြသည်ကိုလည်းတွေ့ရသည်။
တိုင်းပြည်အတွက် အပေါင်းလက္ခဏာအင်အားစုအဖြစ်မြင်ကြည့်သင့်သည်ထင်ပါသည်။
ကံမကောင်း အကြောင်းမလှစွာဖြင့်သူတို့ကို ပညာသင်ခွင့်မရဘဲ နံရံတံတိုင်များကြား ဘ၀တွေ၊
အရွယ်တွေကို ပေးဆပ်ခဲ့ရသော ခေတ်ပြိုင်မျိုးဆက်တစ်ခုလည်း ရှိသေးသည်။
သူတို့တစ်တွေတွင် မည်သည့်တက္ကသိုလ်ကျောင်းတိုက်ကြီးများကမှ သင်မပေးနိုင်သော
ထွေပြားစုံလင်သည့် ဘ၀အတွေ့အကြုံရှိသည်။ ပညာနှင့်အတွ့အကြုံတို့ ပေါင်းစပ်နိုင်လျှင်
အပေါင်းလက္ခဏာသာမက အမြှောက်လက္ခဏာပါဆောင်သော အင်အားတွေဖြစ်လိမ့်မည်ဟု
စာရေးသူကယုံထားသည်။

ဝန်ခံရလျှင် “ဦး၊ ဗိုလ်၊ သခင် အကွဲ” ဆိုသော သမိုင်းအနာတရတစ်ခုကလည်း စာရေးသူကို
ခြောက်လှန့်လျက်ရှိသည်။ ပညာတတ်အင်အားစု (ဦး) များက နိုင်ငံရေး မိုးသက်မုန်တိုင်းများကြားမှ
သခင်တွေကို အဆင့်မြင့်ပညာမတတ်ဟု အထင်သေးချင်သည်။ သခင်တွေကလည်း ပညာတတ်
(ဦး)တွေကိုအချောင်သမားအဖြစ်မြင်သည်။ သည်လိုနှင့် ကွဲကြပြဲကြရာ အကျိုးဆက်မှာမကောင်း။
ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုပင် စတေးခဲ့ရသည့် နာကြည်း ဖွယ်ရာသင်ခန်းစာရှိခဲ့ဖူးသည်။
စာရေးသူအနေနဲ့ အနာဂါတ် ဦး - ဗိုလ် - သခင် အကွဲတွေကို မမြင်ချင်။
အပြန်အလှန်နားလည်မှုရှိစေချင်သည်။ သို့တိုင်အောင် ဖြစ်စေချင်သလိုကားမဖြစ်။

(၄)
MYANMAR EGRESS မှာ သူ့အိပ်မက်များစွာထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
သူ့စေတနာကို သိနေသော ကျွန်တော်က အတိုက်အခိုက်တွေ၊ စွပ်စွဲပုတ်ခတ်မှုတွေကြားမှပင်
EGRESS တွင် စာဝင်သင်ဖြစ်သည်။ ဘာရယ်မဟုတ် မိမိဖတ်ရ မှတ်ရသမျှ တွေးမိဆင်ခြင်မိသမျှကို
လူငယ်တွေသို့ လက်ဆင့်ကမ်းရုံမျှသာ။ LIVING COLOR နှင့် THE VOICE တို့မှာလည်း
သူ့အိပ်မက်များစွာထဲမှ အစိတ်အပိုင်းများပင်ဖြစ်သည်။ သူတို့အဖွဲ့သားတွေနှင့်
အိပ်မက်ချင်းထုံကူးနိုင်သည်မို့သူတို့မဂ္ဂဇင်း၊ ဂျာနယ်များတွင် ပုံမှန်နီးနီးရေးဖြစ်သည်။
ဘာရယ်မဟုတ် မိမိကိုယ်တိုင်၏ အိပ်မက်အပိုင်းအစများကို ဝေမျှရုံမျှသာ။

ဆိုခဲ့ပြီးသည့်အတိုင်း ကိုနေ၀င်းမောင်မှာ EGRESS ကို စတင်ပျိုးထောင်သူတစ်ဦးဖြစ်သည့်တိုင်
ပညာရေးသမားသက်သက်မဟုတ်။ LIVING COLOR နှင့် THE VOICE ကို
စတင်ပျိုးထောင်သူတစ်ဦးဖြစ်သည့်တိုင် စာသမားသက်သက်လည်းမဟုတ်။
နိုင်ငံ့အရေးကို သူ့အရေးလိုအရိုးစွဲနေသည့်တိုင် မည်သည့်နိုင်ငံရေးပါတီဝင်မှမဟုတ်။
“လှုံ့ဆော်နိုင်ငံရေး” (OGITATE POLITICS) ကိုကျော်၍ “ရည်မှန်းချက်ရှိရှိ နိုင်ငံရေး”
(DELIBERATE POLITICS) ကို ဦးတည်လိုသူဖြစ်သည်။ ထိုမျှမက “ပညာနိုင်ငံရေး”
(EDUCATE POLITICS) အထိ မျှော်မှန်းချက်ထားသူဖြစ်သည်။

သူသည် ကျောင်းဆရာလော၊ စာရေးဆရာလော၊ နိုင်ငံရေးသမားလော ...။
ဝေါဟာရပညတ်များဖြင့် သူ့အိပ်မက်ကို ကန့်သတ်ဖော်ပြလို့မရနိုင်။ အများစွပ်စွဲနေကြသော
ပုဂ္ဂလိကအကျိုးစီးပွားနှင့်အခွင့်အာဏာများမှာ သူ့တစ်သက်တာ အိပ်မက်နှင့်နှိုင်းယှဉ်လိုက်လျှင်
မြူတစ်မှုန်၊ သဲတစ်ပွင့်ပင်ရှိလိမ့်မည်မထင်။ သူသည် အိပ်မက်ကြီးကြီးမက်တတ်သူဖြစ်သည်။
ဒါကိုကျွန်တော်သိသည်။ တော်တော်များများကမသိ။

သို့တစေ သူနှင့်ကျွန်တော်မှာ အသက်အရွယ်ရော၊ ဖြတ်သန်းပုံချင်းပါ တူကြသည်မဟုတ်ရာ
အရာအားလုံးတစ်သဘောတည်းရှိကြသည်တော့မဟုတ်။ အထူးသဖြင့်
ဆန္ဒတွေတစ်ထပ်တည်းမကျသည်က များသည။် သူနှင့်တွေ့တိုင်း
(ဟေ့လူ ကျွန်တော်စာမသင်ချင်တော့ဘူးဗျာ။ စာပဲရေးတော့မယ်)လို့
ဇွတ်ပြောတော့ သူကတားသည်။ ““နေပါဦးဗျာ ...””။
““ဟေ့လူ ခင်ဗျားလုပ်နေတာတွေ အကုန်ရပ်၊ စာပြန်သင၊် ခင်ဗျား PHD ရမှဖြစ်မယ်””
တွန်းတွန်းတိုက်တိုက်ပြောတော့ ထုံးစံအတိုင်း တုံးတုံးတိတိ ငြင်းပြန်သည်။
““နေပါဦးဗျာ”” သည်လိုနှင့်ပဲ လူချင်းဆုံဖြစ်တိုင်း ငြင်းခုံနေရတော့သည်။
ငြင်းရင်းခုံရင်းကပင် တစ်ယောက်နှင့်တစ်ယောက် ပိုနားလည်သွားသည်၊ ပိုခင်သွားသည်။

၂၀၁၀ ရွေးကောက်ပွဲအကြိုကာလသို့ရောက်သောအခါတွင်မူ ကျွန်တော်တို့နှစ်ယောက်လုံး
ဘ၀တူတွေဖြစ်သွားကြသည်။ မိမိတို့တွေးမိမြင်မိသည်များကို ရိုးရိုးသားသားပြောမိရေးမိ၍
ဘာညောင်သီးမှ မစားရပါဘဲ လေးသံ၊ မြားသံတွေ နာခံနေရတော့သည်။
အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ်များ။ ပုထုဇဉ်မျှသာဖြစ်သောကျွန်တော်တို့မှာ
အခါခပ်သိမ်းအရေမထူနိုင်။ သို့သော် မတုံ့ပြန်ကြ။ ဘာတစ်ခုမှ မတုံ့ပြန်ချင်တော့လောက်အောင်
စိတ်ပျက်သောကြောင့်ဖြစ်သည်။ စိတ်တွေတင်းကျပ်ဆူဝေလာတိုင်း သူ့အခန်းထဲမှာ ဆေးလိပ်
ပြာစဥ့်အိုးကြီးဘေးတွင် ခေါင်းချင်းဆိုင်ရင်း မကျေနပ်ချက်တွေကို ဆေးလိပ်မီးခိုးတွေနှင့်အတူ
မျိုချနေကြရသည်။ မေ့ရက်စရာမရှိသောနေ့ရက်များ။

(၅)
သူကွယ်လွန်ပြီကြားကတည်းက သူ့အကြောင်းရေးဖို့ စာရေးစားပွဲထိုင်ခဲ့သည်မှာ
ကြာတောင့်ကြာရှည်ရှိခဲ့ပါပြီ။ ယခုထက်တိုင်စာရွက်ဖြူထက် အက္ခရာမတင်နိုင်သေး။
သူမရှိတော့သည်ကို စိတ်မှတ်က လက်ခံမရသေးသောကြောင့်ဖြစ်သည်။ သူ့နာရေးသတင်းနှင့်
မရှေးမနှောင်း၊ တစ်စွန်းတစ်စ ကြားနေရသော မုဒိတာမပွားနိုင်ကြသေးသူများ၏
စကားတင်းများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်မိတာလည်း ပါပါလိမ့်မည်။

တကယ်တော့ သူရှိနေသင့်သေးသည်။ သူ့အိပ်မက်အတွက် လမ်းစပေါ်ရုံမျှသာရှိသေးသော
လက်ရှိအနေအထားတွင် သူ့လိုလူမျိုးအသက်ဆက်ရှင်သန်နေဖို့ကောင်းသည်။
သူ့တွင်အရွယ်ရှိသေးသည်။ အိပ်မက်ခရီးအတွက် လိုအပ်သော လုပ်ရည်ကိုင်ရည်၊ ပညာရပ်နှင့်
စိတ်ဓာတ်ခွန်အားလည်းရှိသည်။ ကျွန်တော်တို့မရှိတော့သည့်အချိန်ထိ သူတို့တစ်တွေ
ဆက်ရှိနေဖို့လိုသေးသည်။ ရှိနေလိမ့်ဦးမည်ဟုလည်း မျှော်လင့်ယုံကြည်ထားသည်။

လူ့ဘ၀နှင့် အနီးဆုံးနေရာတွင်ရှိပြီး လူတွေမကြာခဏဆိုသလိုမေ့လျော့နေတတ်သော
“တစ်စုံတစ်ရာ” ရှိသည်ဆိုလျှင် ထိုအရာမှာသေခြင်းတရားဖြစ်ပေလိမ့်မည်။ သေခြင်းတရားကား
အညှာတာကင်းလှသည်။ မခေါ်သင့်မခေါ်ထိုက်သေးသူကိုမှ ရွေးချင်ရွေးသွားတတ်သည်။
တွေးမိတော့ ငယ်ငယ်ကဖတ်ဖူးသော ကဗျာတစ်စကိုဖျတ်ခနဲ အမှတ်ရလိုက်သည်။
အင်္ဂလိပ်ရိုမန်းတစ်ကဗျာဆရာ ရှယ်လီ၏ THE FLIGHT OF LOVE ဆိုသောကဗျာ။
ကဗျာဆရာကားသူနှစ်သက်မြတ်နိုးသူကိုမှ ရွေးချယ်ခေါ်ယူသွားသော သေခြင်းတရား
ကို ကဗျာဖြင့် နာနာကြည်းကြည်းရန်ဖြစ်ထားသည်။ ယခုလို ...

“ပုခက်၊ အိမ်၊ မသာရထား ...
ဘ၀ရဲ့ မမြဲဆုံးတွေထဲမှာမှ
ဘာကြောင့်များ မင်းကိုမှကွယ်
မမြဲဆုံးအဖြစ် ရွေးချယ်ရတာလဲ ...””
ဤဘာသာပြန်ကဗျာတစ်စသည်ပင် ကွယ်လွန်သူမိတ်ဆွေ
အတွက် နှုတ်ဆက်တေးဖြစ်စေတော့ ...။

ကျော်ဝင်း (၂၉-၁-၂၀၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...