ထာဝရရဲဘော်သို့... တမ်းချင်း
ထိုင်းမြန်မာနယ်စပ်
မဲဟောင်ဆောင်ခရိုင်မှ စတင်ပြီး နေ့စဉ်ရက်ဆက် တတောဝင်တတောင်တက် မမောမပန်း
ခရီးနှင်နေရသည်။ မြင့်မားမတ်စောက်လှသော တောင်တန်းကြီးများ
ချိုင့်ဝှမ်းများနှင့် ရေချောင်းပေါင်းများစွာကို လည်း ဖြတ်သန်းရသည်။
အဓိကအခက်အခဲ အတားအဆီးမှာ သံလွင်မြစ်ကြီးပင်ဖြစ်သည်။ သံလွင်မြစ်သည်
ရေစီးအလွန်ကြမ်းတမ်းပြီး ကျောက်ဆောင်ကျောက်ကမ်းပါးများကြား
ကွေ့ကောက်စီးဆင်းရသောကြောင့် စုပ်ဝဲ၊မှုတ်ဝဲများ အလွန်ပေါများသလို
မြစ်၏မြည်ဟီးသံမှာလည်း အတော်ပင်ကြောက်မက် ဖွယ် ကောင်းလွန်း လှပေသည်။
သံလွင်မြစ်ကမ်းနဖူးသို့ ရောက်သောအခါ တဖက်ကမ်းသို့ကူးရန်အတွက် ရေမနေသစ်ပင်ကြီးတပင်ကို ခုတ်လှ လိုက်ရသည်။ ထိုခုတ်လှဲပြီးသား သစ်ပင်ကြီးကို သစ်လုံးလှေအဖြစ်ထွင်းရသည်။ ထိုထွင်းပြီးသား သစ်လုံးလှေ မှာ လူသုံးယောက်သာဆန့်သည်။ ရှေ့နောက် တယောက်စီ လှော်၍ အလယ်တွင်တယောက်ထိုင်လိုက်ရသည်။ လိုအပ်သော ပစ္စည်းများကို လှေဝမ်းအတွင်းထည့်ပြီး သုံးယောက်စလုံးမှာ အဝတ်အစားများ ချွတ်ထားရသည်။ အရေးအကြောင်းရှိလျှင် ရေကူး၍ထွက်နိုင်ရန်ဖြစ်သည်။ အလယ်တွင်ထိုင်သောသူမှာ လှေနံရံ နှစ်ဘက်ကိုကိုင် ပြီး ငြိမ်သက်စွာ လိုက်ပါရသည်။ လှုပ်ရှားယိမ်းယိုင်မှုမရှိရန် ခန္ဓာကိုယ်ကို ထိန်းသိမ်းရသည်။ လှေကို ရေဆန်သို့ အတော်ဝေးဝေးသို့ လှော်ခတ်သွားပြီး ဦးခေါင်းလှည့်ကာရေစီးကို တစောင်းဖြတ်၍မျှောဆင်းရသည်။ မှုတ်ဝဲစုပ်ဝဲ များကို ရှောင်ရှားရင်း အားသွန်ခွန်စိုက်လှော်ခတ်၍ နောက်ဆုံးတဖက်ကမ်းသို့ ရောက်ရှိရသည်။
အချို့ကံဆိုးသူများမှာ စုပ်ဝဲမှုတ်ဝဲတွေကြား လှေတိမ်းမှောက်၍ အသက်ဆုံးရှုံးကြရသည်လည်း ရှိသည်။ ကျနော်ကိုယ်တိုင်လည်း ၁၉၉၆ ခုနှစ်က တကြိမ် သံလွင်မြစ်ထဲမျောပါခဲ့ဖူးသည်။ သေကံမရောက် သက်မ ပျောက်ဟု ဆိုရမည်ပင်။ ထိုအကြောင်းကို “အထီးကျန် သံလွင်လမ်းခွဲ” ဟူသောခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ ပြီးဖြစ်ပါသည်။ သံလွင်မြစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိင်ပြီးနောက် သုံးရက်ခန့်ခရီးဆက်သွားသောအခါ ပွန်ချောင်းသို့ ထပ်မံရောက်ရှိခဲ့ပါသည်။
နွေရာသီတွင် ပွန်ချောင်းကို သစ်ပင်များခုတ်လှဲပြီး လမ်းခင်း၍သွားနိုင်သော်လည်း မိုးရာသီတွင် ဖောင်ဖွဲ့၍ကူး ကြရသည်။ တချို့က ပစ္စည်းပစ္စယအားလုံးကို မိုးကာထဲစုထုပ်ပြီး ရေထဲတွင် ချိန်ဆချကြည့်ပြီး မိုးကာထုပ်ကို ဖက်၍ခက်ခက်ခဲခဲ ဖြတ်ကူးကြရသည်။ ထိုသို့အခက်အခဲများကို ကျော်ဖြတ်ရင်း နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်ဖြစ်သော ကယန်းပြည်သစ်ပါတီ တည်ရှိရာ ဆီးဘူးမြို့လေးသို့ ရောက်ရှိခဲ့ပါသည်။
ပြည်ရန်အေး စခန်းပေါ်သို့ ရောက်သောအခါ စတင်ထိတွေ့ဆက်ဆံခွင့်ရခဲ့သူမှာ နိုင်ငံရေးမှူး ကိုစောလွင် (ကုလားလေး ဌေးအောင်)ပင်ဖြစ်သည်။ ကိုစောလွင်က အရပ် ၅ပေ ၆/၇ လောက်ရှိပြီး အစ္စလာမ်လူမျိုး ဖြစ်ကြောင်း သိရပါသည်။ စခန်း ပေါ်တွင် သူ့ဇနီး၊သားလေးတဦးနှင့် ရဲဘော်တချို့သာရှိသည်။ သူ့မျက်နှာမှာ အမြဲတမ်းတည်ငြိမ်အေးချမ်းနေပြီး အရာရာကို တွေးတောချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းရှိသူ ဖြစ်ပါသည်။
ညနေပိုင်း ကျနော်တို့နှစ်ယောက်စကားပြောဖြစ်သောအခါ ကိုစောလွင်မှာ ဆီးဘူးမြို့မှကျော်၍ အခြားဒေသသို့ သွားလာခွင့်မရှိ။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) ကိုထောက်ခံသောကြောင့် စစ်အစိုးရမှ အကျယ်ချုပ်ဖြင့် စခန်းကုန်းပေါ်၌သာနေစေခဲ့ကြောင်း သိရသည်။ ကိုစောလွင်မှာ နိုင်ငံရေးသမားစစ်စစ်တဦး ဖြစ်ပေသည်။ ၁၉၇၄ ဦးသန့်အရေးအခင်း၌ဦးဆောင်ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်တဦးဖြစ်သလို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။
တနေ့ သူနဲ့ကျနော် ထမင်းစားနေခိုက်မှာ သူက-
“ငါဟာ အစ္စလာမ် ဘာသာဝင်တဦးဖြစ်တယ်။ ဒါပေမယ့် တိုင်းပြည်နဲ့လူမျိုးကိုတော့ အသက်မကချစ်မြတ်နိုး တယ်။ အကြမ်းဖက် သမားလည်း မဟုတ်ဘူး။ စနစ်ဆိုးကို မျိုးဆက်သစ်တွေ မခံစားရဖို့အတွက် အသက် သေတဲ့အထိ တိုက်ပွဲဝင် သွားမှာ ဖြစ်တယ်။ ငါဟာဆိုရင် စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်ဒဏ်တွေကို အလူးအလဲနဲ့ ခံစားခဲ့ရတယ်။ အခု ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ကျနော့်ပါးစပ်ထဲမှာ သွားဆိုလို့တချောင်းမှ မရှိတော့ဘူး။ ဒီကြားထဲ လည်ပင်းမှာလည်း သားရေပတ်ကြီးခံပြီး သွားရည်တွေကို သုတ်သင်နေခဲ့ရတယ်။ လူမျိုးခြားဆိုပြီး စစ်ကြောရေးက ငါ့ကိုပိုပြီးတော့ နှိပ်စက်ကြတယ်။ ဘယ်လောက်ပဲ နှိပ်စက်နှိပ်စက် ငါဒူးထောက်အညံ့မခံခဲ့ဘူး။ စနစ်ဆိုး ချုပ်ငြိမ်းတဲ့အထိတော့ ရပ်နိုင်သလောက် ရပ်တည်နေမှာပဲ။ ဒီနေ့ချိန်ထိ ဘာအခွင့်အရေးမှလည်း မတောင်းဆိုဖူးဘူး။ ခင်ဗျားလည်း ကျနော်နဲ့ထမင်းအတူစားနေတာပဲ။ ဟင်းဆိုတာ ဘယ်မှာလည်းဗျာ..။ အဲဒီအပေါ်မှာ ဘယ်တော့မှ နောင်တမရ ခဲ့ပါဘူး။ ကိုယ်ကျိုးမရှာခဲ့ပါဘူး။ ”
“နိုင်ငံရေးသမားတွေမှာ သဘောထားသေးသိမ်သူက သူတပါးအပြစ်ကိုသာ မြင်တတ်ပြီး ကိုယ့်အပြစ်ကိုတော့ မမြင်နိုင်ဖြစ်နေတယ်။ နိုင်ငံရေးသဘောထားကြီးသူက သူတပါးအပြစ်ကိုမြင်တတ်သလို ကိုယ့်အပြစ်ကိုလည်း ပြန်မြင်တတ်တယ်။ နိုင်ငံရေးသဘောတရားပြည့်ဝသူက ဘယ်သူ့ကိုမှ အပြစ်မမြင် အပြစ်မတင်တတ်တော့ဘူး။ ဖြစ်နိုင်ရင် ကိုယ်နဲ့ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ရန်သူအပေါ်မှာတောင် ပုဂ္ဂိုလ်ရေးအရ အမုန်းတရား မရှိအပ်ပါဘူး”
“နိုင်ငံရေးအရ ခွင့်လွှတ်တယ်ဆိုတာကလည်း အရှုံးပေးတာမဟုတ်သလို အနိုင်ယူတာလည်း မဟုတ်ဘူး။ နာကျည်းစရာ အတိတ် ဖြစ်ရပ်တွေက ရုန်းထွက်နိုင်ဖို့ဖြစ်တယ်။ နှစ်ဘက်စလုံးမှာလည်း ပြင်ဆင်ခွင့်ရှိဖို့လိုပါ တယ်။ နိုင်ငံရေးသမားဆိုတာ အခြေအနေ၊အချိန်အခါလိုက်ပြီး ကိုယ့်ရဲ့အယူအဆ၊ အတွေးအခေါ်တွေကို ပြောင်းလဲပြင်ဆင်ခွင့်ရှိတယ်။ ပြင်လည်း ပြင်နိုင်ရမယ်။ အဲဒါကိုဖောက်ပြန်တယ်လို့ မယူဆနိုင်ဘူး။ ”
“မင်းအနေနဲ့ မှန်တယ်၊ အများအတွက်အကျိုးရှိမယ်လို့ ယုံကြည်ထားတဲ့အရာတွေမှာ ဘယ်သူတွေကပဲ ကိုယ့်ကို ဆန့်ကျင်ပါစေ။ ကိုယ်ယုံကြည်တဲ့တိုင်း ရပ်တည်ချက်ကို ခိုင်ခိုင်မြဲမြဲ တောင့်ထားနိုင်ရမယ်။ တို့တတွေ ဝေးသွားပါစေ။ ဘယ်နေရာပဲရောက်ရောက် ယုံကြည်ချက်အတိုင်း ဆက်လက်ချီတက်ကြမယ်။ အဲဒါဟာ တို့နှစ် ယောက်အကြားက သစ္စာတရားပဲ..”
သူနှစ်ကျနော် နောက်ထပ်မဆုံဖြစ်တော့ပါ။ ယခု ဆယ်စုနှစ်တခုကျော်ကြာမြင့်ပြီးသည့် အချိန်မှာ သူ့အကြောင်း ပြန်စဉ်းစားမိတော့ သူ့အပေါ် လေးစားဂုဏ်ယူမှုတွေ ဆထက်တိုးလာမိပါသည်။ သူဟာ ယနေ့တိုင် တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ကောင်းစားရေးအတွက် သူ့ဘဝကို သံတိုင်တွေကြားမှာ စတေးကာ တိုက်ပွဲဝင်နေဆဲ။ သူပြောခဲ့သည့်အတိုင်း သူ့အသက်နှင့်ခန္ဓာတည်မြဲနေသရွေ့ သူချစ်မြတ်နိုးလှသော ပြည်သူလူထု အတွက် ယုံကြည်ချက်ကို မဆုပ်မနစ်ဆက်လက်ကိုင်စွဲသွားမည့်သူဟု ကျနော် အကြွင်းမဲ့ ယုံကြည်နေမိပါသည်။
သူကိုယ်တိုင် အကျဉ်းထောင်အတွင်းမှ အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနှင့်အတူ အေးအတူပူအမျှ နေထိုင်ကာ တိုင်းပြည်တည်ဆောက်ရေးတွင် ဆက်လက်ပါဝင်နိုင်ပါစေ။
အုပ်ကြီးဖေ
၅-၂-၂၀၁၂

0 comments:
Post a Comment