Saturday, February 4, 2012

လူ့ အတွင်းက သတ္တဝါများ

by Zay Ya on Sunday, February 5, 2012 at 12:52am
 D.T.Suzuki ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။
“ဖားလေး။ ဟုတ်တယ်...။ ကျနော် ဖားကို ချစ်တယ်။ လူ ထက်တောင် သူ့အပေါ် ပို ချစ်သေးတယ်။ ကန်ဘောင်  ဘေးမှာ ဖားလေး တစ်ကောင် ထိုင်နေတဲ့ ခဏလေး ကို ကြည့်စေ ချင်တယ်။ ဘယ်လောက် ငြိမ်သက် နေလိုက် သလဲ။ သေသေချာချာ ကြည့်ကြည့် ပါ။ ငြိမ်ဝပ်ပြီး စွဲမြဲနေတဲ့ သူ့ အသွင်သန္တာန်က ကမ္ဘာ လောကရဲ့ ဘယ်အရာမှ အနှောင့်အယှက် မရှိ၊ ဘာမှ တွယ်ညိ မနေသလိုမျိုး။ သူက ထိုင်နေရုံလေး ~ ထိုင်နေတယ် ဆိုရုံမျှလေး~ ဘာဝနာ သတိနဲ့ ဖြစ်နေတယ် ဆိုရုံမျှလေး လို့ပဲ ထင်ရမယ်”
- သူက ဆက်ပြော တယ်။

-“ကျနော် အသိ မရှိခင်က လူနဲ့ တူပြီး၊ အသိရှိပြီး နောက်မှာ ကြောင် တစ်ကောင်နဲ့ ပိုတူလာတယ်”

ကြောင်တစ်ကောင် ကို ကြည့်ရင် -   သူဘယ်လို ဖြေလျော့ နားနေရမယ် ဆိုတာ သူ သိနေပါတယ်။ Relaxation အတွက် သူကောင်းကောင်း သိတယ်။ အဘိဓာန်၊ ကျမ်း စာအုပ် လှန်နေစရာ မလိုဘူး။ ကောင်းကောင်း ခြေဆန့် လက်ဆန့် နားနေနိုင်တယ်။ ကျနော် တို့ သာ ဆိုရင် ဘယ်လို Relaxation လုပ်ရမလဲ အခက်အခဲ တွေ့ကောင်း တွေ့နေနိုင်မယ်။ ဒါပေမယ့် သူ့အတွက်တော့ အခက် အခဲ မရှိဘူးရယ်။ ကြောင် အတွက် လူတွေလို ဆရာ မလိုအပ်ဘူး။ ကိရိယာ မလိုအပ်ဘူး။ သူတစ်ကိုယ်တည်း ကောင်းကောင်း နားနေနိုင် သလို ကောင်းကောင်း နိုးကြားနိုင်တယ်။ ခင်ဗျားသာဆို Relax  လုပ်တဲ့အခါ အိပ်ပျော်ကောင်း အိပ်ပျော်သွားမယ်။ အဲ့ကြောင်လေး အတွက် က အိပ်ပျော်နေ ချိန်မှာတောင် ကောင်းကောင်း နိုးကြား နေနိုင်သေးတယ်။

တိရစ္ဆာန် တွေနဲ့ ပတ်သက်ပြီး ပြောရင် သူတို့မှာ ဘာ အပြစ် တစ်စုံတစ်ရာ များ ရှိပါသလဲ။ လူတွေ သာ မိမိ အတ္တဘောင် အတွင်း ကနေ နှိုင်းယှဉ် စကား ဆိုကြ တယ်။ “ကျုပ်တို့ ဟာ တိရစ္ဆာန် တွေ မဟုတ်ဘူး။ ကျုပ်တို့ က လူတွေ ဖြစ်တယ်” ဒီစကားရပ် နဲ့ မာန်ထောင် တယ်။ “လူသာလျှင် အသိဥာဏ် အလိမ္မာ ပြည့်စုံ နိုင်တယ်” ဒီစကား ကို တလွဲဆံပင် ကောင်း တွေးယူ ပြီး အခြား သတ္တဝါမျိုးစိတ်တွေ ကို နှိမ်ချ တတ်ကြတယ်။ ဒါဆို မေးကြည့်ရပါလိမ့်မယ်။ သူတို့ မှာ စိုးရိမ်နေ တာတွေ ရှိတယ် ဆိုပေတဲ့ - မျှော်မှန်းချက် တွေ၊ ရည်ရွယ်ချက် တွေ နဲ့ စိုးရွံ့စရာ တွေ ရှိနေ သလား။ တစ်ဦး နဲ့ တစ်ဦး အချည်းနှီး ဂုဏ်သိက္ခာ ၊ ဓန ဥစ္စာ တွေနဲ့ ယှဉ်ပြိုင် ပုတ်ခတ် တွန်းတိုက် နေ သလား။  ဘာသာ တွေ အပြိုင် တည်ထောင် နေသလား။ ဂိုဏ်း ဂဏ တွေ တစ်စဉ်ထောင်၊ ကွဲပြား နေသလား။ ကျိန်းသေ တာက သူတို့ဟာ ကျနော်တို့ လူတွေလို စိတ်ပညာ ဆရာဝန် ၊ စိတ်ခွဲ ပညာရှင် ( Psychoanalyst ) စသဖြင့် ခေါ်စရာ မလိုလောက် ဘူးရယ်။ တကယ် ရူးသွားတဲ့ တိရစ္ဆာန်၊ ( ဥပမာ - ခွေးရူး ) တွေဟာ လူတွေကြားထဲ လူငွေ့ကူး သွားတဲ့ အခါ မှသာ ဖြစ်တတ်ကြောင်း ခင်ဗျား တွေ့ရ ပါလိမ့်မယ်။ သူတို့ သဘာဝ မူရင်း အတွင်းမှာ ရူးသွပ်သွားစရာ တစ်ခုမှ မရှိကြောင်းတော့ ခင်ဗျား မြင်နိုင် ပါမယ်။

တိရစ္ဆာန် တွေ အတွင်းမှာ ဘယ်အရာများ အမှား ရှိပါသလဲ။ သူတို့ကို ဘယ်အကြောင်း နဲ့ နှိမ်ချ အပြစ်တင်စရာ ရှိပါသလဲ။ “နှိမ်ချ အပြစ် တင်” တယ် ဆိုတာ ဟာ - စင်စစ်- လူတွေရဲ့ အလုပ် ဖြစ်ပါတယ်။ လူတွေ မှာသာ ရှိတယ်။ လူရဲ့ “အတ္တ” အပေါ် တွယ်တာ ချိတ်မိ သလောက် ကိုယ့် သန္တာန် ရဲ့ တစ်ပိုင်းတစ်စ သာ ဖြစ် ပါတယ်။ လူဟာ မိမိကိုယ်ကိုယ် သတ္တဝါ မျိုးစိတ်ကြီး လို့ သတ်မှတ်တယ်။ သူတို့ တိရစ္ဆာန်တွေ အတွက် သတ္တဝါ မျိုးစိတ်တောင် ခွဲခြား ထား ရဲ့လား မသိ။



ဒါဝင် သီဝရီကို ပြောင်နောက်ရင်း ပြောတတ်တာ ရှိတယ်။“လူဟာ မျောက်မျိုးကနေ ဆင့်ကဲ ပြောင်းလဲတိုးတက်” ခဲ့တယ်တဲ့။ ဟုတ်ပါ သလား။ တကယ်တမ်း ခင်ဗျား မျောက်တွေကို သွားမေးကြည့် စေချင်ပါတယ်။ သူတို့ ဘယ်လို ဖြေမလဲ။ ဖြေကောင်း ဖြေနိုင်တာ တစ်ခု အတွက် ကျနော် စိုးရိမ်ပါတယ်။  အဲ့ဒါက -“လူဟာ ငါတို့ မျောက်မျိုးကနေ ဆင့်ကဲ ပြောင်းလဲ တာ ဟုတ်ပါတယ် ၊ ဒါပေမယ့် တိုးတက် သွားတာ မဟုတ်ဘူး- နိမ့်ကျ သွားတာကွ ”ဆိုတာပဲ ဖြစ်ပါ လိမ့်မယ်။

လူဟာ ကိစ္စရပ် တိုင်း အတွက် မိမိကိုယ်ကိုယ် ဗဟို ထားပြီး တွေးမြင် လေ့ရှိတတ်ပါတယ်။ အဲ့ဒါ လိုအပ်ပါသလား။ စင်စစ် အတ္တရဲ့ အဓိပ္ပာယ် မဲ့ ပုံဖော်ချက်သာ ဖြစ်တယ် မဟုတ်လား။ မိမိ ကိုယ်ကိုယ် တိရစ္ဆာန် တစ်ကောင်နဲ့ တူတယ်လို့ ခံစားမိတဲ့ အခါ ခင်ဗျား ဘယ်လို ဖြစ်သွားမလဲ။ ဘာတွေများ အမှား ရှိမလဲ။ ဒီလို အကြောင်း တွေနဲ့ လူဟာ အတူ တကွ ဖြစ်တည်ခြင်း၊ အတူတူ ဖြစ်ခြင်း ဆိုတာ ကို နားမလည် နိုင်ဘူး ဖြစ်သွားပါတယ်။ နိုးနိုးကြားကြား ကြည့်ကြည့်ပါ။ အဲ့ဒီ နိုးကြားချက် ကြောင့် ခင်ဗျား ကိုယ်ခင်ဗျား ပြန်တွေ့နိုင် ပါလိမ့်မယ်။ ခင်ဗျားဟာ တိရစ္ဆာန် တစ်ကောင် ဖြစ်နေနိုင်တယ်။ အထက်က ပြောခဲ့တဲ့ ကြောင် တစ်ကောင် ( ဒါမှမဟုတ် ) ဖား တစ်ကောင် ဖြစ်နေနိုင်တယ်။

နိုးကြားစိတ် ၊ သတိ ၊ အပ္ပမာဒ ဟာ ခင်ဗျားရဲ့ ပင်ကိုယ် သဘာဝ ကို ရှင်းလင်း ဖွင့်ပြတယ်။

ကျနော်တို့ “လူ” လို့ ခေါ်တာ ဟာ အရေပြား တစ်ထောက်စာ သာ ဖြစ်ပါတယ်။ ~ အသိဥာဏ် အဆင့်မြင့် တယ် ~ ဘာသာစကား ရှိတယ်~ ဘာသာ အလိမ္မာ ရှိ တယ် ~ အဲ့ဒါတွေ ဟာ စင်စစ် လူ ကို  အရှိန်မြှင့် တွေးခေါ် တဲ့ အရာတွေသာ ဖြစ်လာ တော့တယ်။ ဟုတ်မဟုတ် ခင်ဗျား ကိုယ် ခင်ဗျား မြင်ကြည့်ဖို့တော့ လိုပါမယ်။

တစ်ယောက်ယောက် က ခင်ဗျားကို လာနှိမ်ချရင် ခင်ဗျား ဘာဖြစ်သွားသလဲ။ တစ်ယောက်ယောက်က ခင်ဗျားကို လာစော်ကားရင် ခင်ဗျား ဘာဖြစ်မလဲ။ စင်စစ် ခင်ဗျား ကိုယ်တွင်းက တိရစ္ဆာန် တစ်ကောင် ကောင် ထွက်လာနိုင် ပါတယ်။ ခွေးတစ်ကောင်၊ ဒါမှမဟုတ်၊ ကျား တစ်ကောင် ထွက်လာနိုင်တယ်။ ရာထူး၊ ဥစ္စာ၊ ဓန၊ ဆန့်ကျင်ဘက် လိင်၊ ကာမ နဲ့ ကြုံဆုံ တဲ့ အခါ ခင်ဗျား ရင်ထဲ က မြွေ တစ်ကောင် ထွက်လာ နိုင်သေး တယ်။ ဟုတ်ပါရဲ့လား။

စင်စစ် ဘာဝနာ ( ဝါ ) အပ္ပမာဒနဲ့ ခင်ဗျားကိုယ် ခင်ဗျား ပြန်မြင်လိုက်တဲ့ အခါ လူလို့ ခေါ်တွင်ထားတဲ့ ခင်ဗျားရဲ့ အရေပြား တစ်ထောက် ဟာ ကွယ်ပျောက် သွားတယ်။ ခင်ဗျား ရင်ထဲက အဲ့ဒီ သတ္တဝါတွေကို အစစ်အမှန် အတိုင်း အရှင်းသား  ပြန်မြင်သွားတယ်။ လူလို့ ခေါ်တွင်တဲ့ အဲ့ဒီ ဘဝင်တွေ၊ မာနတွေဟာ အမှား အယွင်းတွေသာ ဖြစ်ကြောင်း ခင်ဗျား အဲ့အချိန်မှာ သိသွားတယ်။  ခင်ဗျားဟာ အစစ်အမှန် သတ္တဝါ ဆန်းကြီး တစ်ကောင်သာ ဖြစ်သွား ပါတယ်။ ဒါကို သိရတာ ကောင်းမြတ်တယ် မဟုတ်လား။

ခင်ဗျား အဲ့ဒီ သတိ စိတ်နဲ့ အမြဲ မပြတ် နိုးကြားတဲ့ အခါ သတ္တဝါတိုင်းအပေါ် ရင်းနှီး  ကျွမ်းဝင်သွား ပါလိမ့်မယ်။ အစစ်အမှန် မရှိတဲ့ အမည်နာမ သက်သက် ဟာ “လူ”  ဖြစ်နေကြောင်း တအံ့တဩ ခင်ဗျား တွေ့သွားပါလိမ့်မယ်။ အစစ်အမှန် တည်ရှိနေတဲ့ ခင်ဗျား ကိုယ်တွင်းက - တိရစ္ဆာန် သဘာဝတွေကို အဲ့ဒီအခါ ပွင့်ပွင့် လင်းလင်း ရှင်းထုတ် သွားနိုင်မယ်။ မိမိ အစစ်အမှန်ကို မိမိ သိမြင်တာဟာ “မြင့်မြတ်ခြင်း” စစ်စစ် ပဲ မဟုတ်လား။ ဒါပေတဲ့ တိရစ္ဆာန်တွေ ကို နှိမ်ချပြီး မြင်တဲ့ ဘဝင် မာန်ကြောင့် - လူအများဟာ မိမိ အစစ်အမှန်ကို သိမြင်ဖို့ရာ ခက်ခဲသွား ပါတော့ တယ်။

ဒါ့ကြောင့် ကျနော် ဒီပို့စ်မှာ ပြောရတာဟာ - တိရစ္ဆာန်တွေကို မဆန့်ကျင်ဖို့၊ မနှိမ့်ချဖို့ တစ်ခုတည်း ဆိုလိုတာ မဟုတ်ဘူး။ အဲ့ဒါ ထက် ~ အမြင်မှား ကို အမြင်မှား အတိုင်း မထားဖို့ သာ ဦးတည် ရည်ရွယ်ရင်း ဖြစ်ပါတယ်။ မှားယွင်း နေတဲ့ လူသတ္တဝါ ပုံစံ မဖြစ်ကြ ပါစေနဲ့ လို့ ပြောလိုရင်း သာ ဖြစ်ပါတယ်။ အတု အယောင် လူတစ်ယောက် ဖြစ်နေမယ့် အစား၊ အစစ်အမှန် သတ္တဝါ တစ်ကောင် ဖြစ်လိုက်တာ ပို အဆင်ပြေမယ် မဟုတ်လား ။ အဲ့လိုမှသာ ခင်ဗျား ဘဝကို ခင်ဗျား စင်စစ် ရှင်သန်နိုင်ပါလိမ့်မယ်။ နိုးကြား သက်ဝင် နေနိုင်ပါလိမ့်မယ်။

မြင့်မြတ်မှု ဆိုတာဟာ လူရဲ့ အသွင်သန္တာန်မှာသာ ရှိတာ မဟုတ်ပါဘူး။ သင်္ကန်းတစ်ထည်ရှိမှ၊ ကောင်းကင်ဘုံ နဲ့ ဘုရားသခင် စိတ်ကူး အနုမာနတွေမှာမှ မဟုတ်ဘူးရယ်။ ဘာဝနာ ပြုနိုင်လာတဲ့အခါ - မြင့်မြတ်မှုဟာ အရာရာမှာ- အတူအမျှ တည်ရှိနေကြောင်း ခင်ဗျား မြင်တွေ့ သွားပါလိမ့်မယ်။ ဘာဝနာ မရှိရင်တော့ ခင်ဗျား ဒါကို မမြင်နိုင်ဘူး။ ပျောက်ကွယ် နေလိမ့် ဦးမယ်။ “ငါတို့က လူတွေကွ” ဆိုတဲ့ မာန်နဲ့ ခင်ဗျားရဲ့ အစစ်အမှန် ကို ဆက်လက် ဖုံးကွယ်နေ ဦးမယ်။ ခင်ဗျား ရဲ့ ဘဝ ဟာ လူသား အရေပြား ဖုံးပြီး တိရစ္ဆာန် တစ်ကောင် ဖြစ်နေ လိမ့်ဦးမယ်။

........................
Ref:  Vigyan Bhairav Tantra
........................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...