Htar Htar Moe
12 October 2011
ဆောင်းပါးအမှတ်စဉ်(၁)
သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်တွင် သောတာပတ္တိမဂ်စိတ်တစ်ခုနှင့် ဆိုင်ရာစေတသိက်များသာဖြစ်သည်၊
သောတာပန်ပုဂ္ဂိုလ် (ဖလဋ္ဌာန်) တွင်မူ စိတ်ပေါင်းငါးဆယ်ဖြစ်နိုင်ပါသည်။ ဤဆောင်းပါးတွင်မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အကြောင်းရေးပါမည်။
အရိယာပုဂ္ဂိုလ်များကို၊ ဖူးမြင်ရခြင်းသည်၊ မင်္ဂလာမည်၏ဟူ၍ မင်္ဂလသုတ်တော်
တွင်မြတ်ဗုဒ္ဓ၏ဟောတော် မူချက် ရှိပါသည်။ ဘုရားရှင်ဟောတော်မူသော
ဆုံးမစကားများကို တိတိကျကျ ကျင့်သုံးတတ်သောကြောင့်
အရိယာပုဂ္ဂိုလ်များကိုမြင့်မြတ်သည့် သူတော်စင်များဟုခေါ်ကြပေသည်။ ထိုအရိယာများကို ပူဇော်ကြသူ လူ အပေါင်းသည် လယ်ယာမြေကောင်းတွင် မျိုးစေ့များ ကြဲချသူပမာ ကုသိုလ်အကျိုးကိုပြည့်ပြည့်၀၀
ရကြ မည်ဖြစ်ပေသည်။ အရိယာပုဂ္ဂိုလ်များကို ရှစ်ပါးအရိယာ
သံဃာဟုခေါ်ဆိုလေ့ရှိပါသည်။ အရိယာပုဂ္ဂိုလ် ရှစ်ယောက်ဟုလည်း
သုံးစွဲလေ့ရှိပါသည်။ဆောင်းပါး အမှတ်စဉ်ရှစ်အထိ ရေးသားရန် ရည်ရွယ်ထားပါသည်။
သံဃာတော်များကို တစ်ပါး၊နှစ်ပါးသုံးပါးဟု သုံးစွဲရိုးရှိပါသည်။
အင်းဝခေတ်က တစ်ခါသော် ခုံတော်မောင် ကျဖမ်းသည် ဆွမ်းခံတန်းစီကြွလာတော်မူခဲ့ကြသော
ရဟန်းသံဃာတော်များကို တစ်ယောက်နှစ်ယောက် စသဖြင့်ရေတွက်ခဲ့ရာ
အရှင်မဟာရဋ္ဌသာရက တစ်ပါးနှစ်ပါးဖြင့် မရေတွက်ဘဲ အဘယ့်ကြောင့် တစ်ယောက်
၊နှစ်ယောက်ဟုရေတွက်ခဲ့သဖြင့်မောင်ကျဖမ်းကိုမနှစ်သက်သဖြင့်မးမြန်းခဲ့ရာတွင်
အရှင်ဘုရား၊ အရိယာ ပုဂ္ဂိုလ်တွေကိုသော်မှ အရိယာရှစ်ယောက်ဟု
သုံးစွဲရိုးရှိပါသည်ဘုရား၊ အရှင်ဘုရားတို့လို ပုထုဇဉ် သံဃာတော်များကို
တစ်ယောက်နှစ်ယောက်နှင့်ရေတွက်ပြောဆိုသည်မှာ အရိယာနှင့် တန်းတူထား လို၍ ပြောဆိုရခြင်းဖြစ်ပါသည်ဘုရားဟု
ခုံတော်မောင်ကျဖမ်းမှ လျောက်ထားသော် အရှင်မဟာရဋ္ဌသာရမှာ ဟင် ဟုသာ
သက်ပြင်းချလိုက်ရသည်ဟု ဖတ်ဖူးထားပါသည်။ စကားကပ်ပြီး အရှင်မဟာရဋ္ဌသာရအပေါ်တွင်
အနိုင်ယူလိုက်ခြင်းဖြစ်ပါသည်။
အရိယာပုဂ္ဂိုလ်ရှစ်ယောက်ဆိုရာတွင် ဆိုင်ရာကိလေသာကို ပယ်သတ်ဆဲ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးယောက်၊ ပယ်သတ်ပြီး ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးယောက်အားဖြင့်
ရှစ်ယောက်ဖြစ်ပါသည်။ ရှစ်ပါး အရိယာ သံဃာဟုလည်းခေါ်ကြပါသည်။ မဂ်စိတ်သည်
တစ်ကြိမ်သာဖြစ်ပါသည်။ ထိုတစ်ကြိမ်သည်လည်း တစ်စက္ကန့် ကို အပုံတစ်သိန်းပုံ
တစ်ပုံစာမျှသာ ဖြစ်ပေသည်။ ထိုအကြိမ်၊ ထိုအချိန်လေး အတွင်း၌သာ
မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ကို ဖူးတွေ့နိုင်ပါသည်။ အမှန်ပြောရပါမူ
ဖူးတွေ့နိုင်ခွင့်ပင် မရှိချေ။ မဂ်စိတ်ဖြစ်ချိန်သည် အလွန်မြန်လွန်း
လှသဖြင့် အဘယ်ကဲ့သိုလျှင်မဂ်ပုဂ္ဂိုလ်ကို ဖူးတွေ့နိုင်မည်နည်း။ မဂ်စိတ်သာလျှင်မြန်လွန်းသည် မဟုတ်၊ အခြားသောစိတ်များလည်း အတူတူပင်ဖြစ်ပေသည်။ ထိုမဂ်စိတ်သည်နာမ်တရားဖြစ်သည်နှင့်အညီ ယှဉ်ဘက်စေတသိက်ပေါင်းအများဆုံးအနေဖြင့် သုံးဆယ့်ခြောက်ပါးလည်း အတူတကွဖြစ်ကြသည်။ အည သမာန်းစေတသိက်တစ်ဆယ့်သုံးပါး၊အပ္ပမညာစေတသိက်ကြဉ်သော သောဘနစေတသိက် နှစ်ဆယ့်သုံးပါးဖြစ်ပေသည်။ သောတာပန်ပုဂ္ဂိုလ်၏ ထိုမဂ်စိတ်သည် ဒုတိယ ဈာန်ရှိသောမဂ်စိတ်ဖြစ်ပါမူ အတူဖြစ်သောစေတသိက် အရေအတွက်သည် တစ်ပါးလျော့ သွားမည်ဖြစ်ပါသည်။ တတိယဈာန်ရှိသောမဂ်စိတ်ဖြစ်မူ ယှဉ်ဘက်စေတ သိက်နှစ်ပါးလျော့ သွားမည်။ စတုတ္ထ ဈာန်ရှိသောမဂ်စိတ်ဖြစ်ပါမူ ၀ိတက်၊၀ိစာရ၊ပီတိဟူသည့် ယှဉ်ဘက်စေတသိက်သုံး ပါးလျော့ပါးသွားမည် စသဖြင့်ပဉ္စမဈာန်အထိ သိထားသင့်ပေသည်။ ဈာန်ရှိသောဟုရေးသားရခြင်းမှာ ဈာန်မရှိသော၊ ဈာန်မရသော အရိယာပုဂ္ဂိုလ်များလည်း ရှိသောကြောင့်ပေတည်း။
သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်ကို ဖူးတွေ့ရန်ခဲယဉ်းသည်ဟု ဆိုပါသော်လည်း
မရှိသည်တော့ မဟုတ်ပေ၊ မဂ်ပုဂ္ဂိုလ်ကို ဖူးတွေ့နိုင်မည့်
အချိန်နည်းလွန်းသည်ဟု ဆိုရပါသည်။ ထိုပုဂ္ဂိုလ်ဖြစ်နိုင်သောစိတ်ကို တွက်ပြထားသည်မှာသောတာပတ္တိမဂ်စိတ် တစ်ပါးတည်းသာဖြစ်ပေသည်။သောတာ ပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် အတွက်မူ ရနိုင်သော စိတ်များမှာ ငါးဆယ်ဖြစ်ပေသည်၊ နောက်ဆောင်းပါးတွင် ဖေါ်ပြပါမည်။
သောတာပတ္တိမဂ်စိတ်သည် လုပ်ငန်းတာဝန်အားဖြင့် တစ်ခုသာရှိပါသည်။ အကုသိုလ် စိတ်ငါး ပါးကို တစ် ကြိမ်တည်း၊တစ်ချိန်တည်းတွင် အမြစ်ပြတ်သုတ်သင်သည့် တာဝန်ဖြစ်ပါသည်။ ယင်းငါးပါးမှာလောဘ မူဒိဋ္ဌိဂတ၀ိပ္ပယုတ်စိတ်လေးပါး (မှားမှာယွင်း အလိုရှိချင်စိတ်များ)နှင့် ၀ိစိကိစ္ဆာစိတ်တစ်ခု (ဘုရား၊ တရား စသည်၌ သံသယစိတ်) တို့ဖြစ်ပါသည်။ဒွေးပဉ္စ၀ိဥာဉ်စိတ် ဆယ်ပါးသည်လည်းမြင်ခြင်း လုပ်ငန်းစသည်ကို တစ်ကြိမ်စီဆောင်ရွက်တတ်ကြပါသည်။ ပဉ္စဒါရာဝဇ္ဇာန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေးတို့သည်လည်း
သူတို့နှင့် သက်ဆိုင်သည့်ကိစ္စများကို တစ်ကြိမ်စီ ဆောင်ရွက် တတ်ကြပါသည်။
ကျန်သည့် သကဒါဂါမိ၊အနာဂါမိနှင့် အရဟတ္တမဂ်ဟူသော စိတ်သုံးပါးသည်လည်း
တစ်ကြိမ်သာ ပြီးပြတ်သွားအောင်ဆောင်ရွက်တတ်ြ
က ပါသည်။ တစ်ကြိမ်သာဖြစ်၊ ဆယ့်ခုနှစ်တည်းဟု၊ နားလည်လွယ်စေရန်အတွက် လင်္ကာများကိုရှေးဆရာများ က သီကုံးပေးထားပါသည်။
မဂ်စိတ်သည် ဆိုင်ရာကိလေသာစိတ်ငါးပါးကို တစ်ကြိမ်တည်းဖြင့် အပြီးသတ်ချုပ်ငြိမ်းစေပါသည်။
ခဏ တဖြုတ် ချုပ်ငြိမ်းစေခြင်း မဟုတ်ချေ။ ဘုရားရှိခိုးနေခြင်း၊
တရားနာယူနေခြင်းစသည့် တစ်ချို့သော ကုသိုလ် စိတ်ကြောင့်
အကုသိုလ်စိတ်များသည်ကောင်းမြှု
ပုစဉ်တွင်
မိမိသန္တာန်၌ မတည်ရှိသော်လည်း ကုသိုလ်နှင့် ဝေးနေသည့် အချိန်မျိုးတွင်
နောင်တစ်ဖန် ထိုအကုသိုလ်စိတ် များသည် ပြန်ပေါ်တတ်ပေသည်။ မဂ်စိတ်နှင့်
ပယ်သတ်ပြီးသည့် အကုသိုလ်ငါးပါးသည် မည်သည့် အခါတွင်မှ ပြန်မပေါ်တော့ပေ။
သောတာပတ္တိမဂ်စိတ် တစ်ကြိမ်သာဖြစ်ပုံကိုလေးသမားသည်
မျက်နှာကိုအ၀တ်ရစ်လျက် (အ၀တ်စည်း ထားသည်) ယန္တယားစက်၌ တည်ရပ်၍
စက်လှည့်သူပေးသော တုတ်သံအမှတ်ဖြင့် ရှစ်ဥသဘအပ်၌ ထားသော(နီးနီးမဟုတ်၊ဝေးသောနေရာတွင်ရှိသော)
ပိတောက်နှစ် ပျဉ်ချပ်တစ်ရာကို (ရိုးရိုးသစ်သား တစ်ချပ်တည်း မဟုတ်၊
မာသောပိတောက်အနှစ်သား အချပ်ပေါင်း တစ်ရာကို) ပစ်ဖေါက်သကဲ့
သို့ဂေါတြဘုဥာဏ်ကပေးသောအမှတ်ကို
မလွတ်ဘဲလောဘ၊ဒေါသ၊မောဟ အစိုင် အခဲကိုဖောက်ခွဲ တတ်သည့်သောတာပတ္တမဂ်ဥာဏ်သည်
တစ်ကြိမ်သာဖြစ်သည်ဟု ပရမတ္ထသရူပဘေဒနီကျမ်း ဆရာရွှေ ကျင်ဒုတိယသာသနာပိုင်
ဆရာတော်ကြီးက ယင်းကျမ်းစာ ဒုတွဲ စာမျက်နှာ ၆၁၉ ကမ္မဋ္ဌာန်းပိုင်းတွင် ဋီကာ
ပါဠိကို ကိုးကားပြီး ရေးသားထားပါသည်။
သောတာပန်အမျိုးအစား လေးမျိုးရှိသည်ဟု မဟာဝဂ္ဂသံယုတ်တွင် ဟောတော်မူပါသည်။ စူဠသောတာပန် သံသယနှင့်အယူမှားများမရှိသောပုဂ္ဂိုလ်။
ဤအဆင့်ရှိသော စူဠသောတာပန်သည် ပုဂ္ဂိုလ်သည်သောတာ ပန်အဆင့်အထိ မမီသေးပေ။
သတ္တက္ခတ္တုပရမသောတာပန် ဘ၀သံသရာတွင် ကာမဘုံခုနှစ်ဘုံ၌ သင့်လျော် သည့်ဘ၀တွင်
ခုနှစ်ကြိမ်၊ ခုနှစ်ဘ၀ဖြစ်ပြီး နိဗ္ဗာန်ဝင်စံသော ပုဂ္ဂိုလ်၊ကောလံကောလသောတာ
ပန်သောတာ ပတ္တိမဂ်ရပြီးနောက် ကာမဘုံ၌နှစ်ဘ၀မှခြောက်ဘ၀အတွင်း အဆင့်အတန်းရှိသော အမျိုးမှ အခြားအဆင့်အ တန်းရှိသော အမျိုးသို့ပြောင်းရွေ့ဖြစ်သောပု
ဂ္ဂိုလ်၊ ဧကဗီဇိသောတာပန် မဂ်ရပြီးနောက် တစ်ဘ၀သာ လူ့ပြည် ၌ ပဋိသန္ဓေနေနိုင်သော ပုဂ္ဂိုလ်အားဖြင့် လေးမျိုး ကွဲပြားသွားပါသည်။
စူဠသောတာပန်ဆိုသည်မှာသောတာပန်အငယ်စားဟု နားလည်ရမည်ဖြစ်ပြီး အစစ်အမှန်သောတာပန်ကိုမူ မဟာသောတာပန်ဟုခေါ်ပြီးသောတာပန်အကြီးစားဟု
မှတ်ယူနားလည်ရပါမည်။ ဤအကြီးစားသောတာ ပန်သည်မြင်စရာရှိသည့် နိဗ္ဗာန်ကို
မှန်းဆကြည့်ခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ မျက်စိနှင့်မြင်ရသကဲ့သို့
ကိုယ်တိုင်မြင်ပြီးဖြစ်ခြင်း၊ရောက်ရမည့် နိဗ္ဗာန်ကို ကိုယ်တိုင်ဥာဏ်ဖြင့် အာရုံပြုခြင်းဖြင့်ရောက်ပြီးဖြစ်ပါသည်။
သိစရာရှိသည့် တရားဓမ္မကို ကိုယ်တိုင်လက်တွေ့ သိပြီးဖြစ်ပါသည်။
ဆင်ခြင်ဥာဏ်ဖြင့်လည်း နက်နက်နဲနဲ သိပြီးဖြစ်ပါသည်။ယောင်ဝါးသိ၊ဖြီးဖြန်းသိ
မဟုတ်ပါ။ ဘုရား၊ တရား၊ သံဃာအပေါ်တွင် မိရိုးဖလာ၊ အစဉ် အလာကိုးကွယ်မှုမျိုး
မဟုတ်ဘဲ ဂုဏ်ကို တကယ်သိ၍ ကြည်ညိုသည်။ မရှင်းလင်းသေးသဖြင့် ယခုခေတ်
မသိနားမလည်သူများသည် ခဏခဏ စောဒကတက်ငြင်းချက်ထွက်သကဲ့သို့စောဒကတက်စရာ
မရှိပေ။ ဘာသာခြားကိုလည်း ကူးပြောင်းမည် မဟုတ်ပေ။ ဘုရားသာသနာကို လုံးဝ
စိတ်ချပြီးဖြစ်ပါသည်။ အထက်ပါ ရှင်းလင်းချက်မှာ ဒိဋ္ဌဓမ္မော၊ ပတ္တဓမ္မော၊
ဝိဒိတဓမ္မော၊ ပရိယောဂါဠှဓမ္မော စသည့် ထိုထိုပါဠိတော်တွင်ပါသည့်
ဘုရားဟောတော်မူချက်ကို စကားတို့ကို အများနားလည်စေရန်ခေတ်မြန်မာစကား
ဖြင့် ရေးလိုက်ခြင်းဖြစ် ပါသည်။
မဟာဝဂ္ဂသံယုတ်တွင်ပင်သောတာပန်၏ အင်္ဂါလေးပါးကိုပြဆိုထားပါသည်။သောတာပတ္တိ
မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တွင် ဘုရားရှင်အပေါ်၌ မတုန်မလှုပ် ကြည်ညိုလေးစားခြင်း၊
ကျင့်စဉ် တရားတော်အပေါ်၌ မတုန် မလှုပ်ကြည်ညိုလေးစားခြင်း၊ သံဃာတော်အပေါ်၌
မတုန်မလှုပ် ကြည်ညိုလေးစားခြင်း၊ငါးပါးသီလကို မည်သည့်အနေအထားကြောင့်ပင်ဖြစ်စေ ချွင်းချက်မရှိပြည့်စုံစွာဆောက်တည်ခြင်းတို့ဖြစ်ပါသည်။ တစ်ခြား မကောင်းမှုများကိုပြုလုပ်ခြင်းနှင့်
မကင်းနိုင်သေးသော်လည်း အပါယ်ဆင်းရဲဖြစ်စေလောက်သော အကု
သိုလ်မျိုးကိုသောတာပန်စသား အရိယာများက မကျူးလွန်ကြပေ။ တချို့ညာချင်သူတွေက
ငါသောတာ ပန်ဖြစ်နေပြီ၊ ငါဘာလုပ်လုပ်အပါယ်မလားတော့ဘူး၊ ကိစ္စမရှိတော့ဘူး၊မင်းတို့ကသောတာပန်မဟုတ် ကြသေးတော့ မင်းတို့ဘာမှ မလုပ်ကြနဲ့လို့ မတော်တရော်လုပ်တဲ့သူတွေရှိတယ်ဟု
အဘိဓမ္မာပို့ချချက်စာအုပ် အတွဲတစ် စာမျက်နှာ ၁၈၉ တွင် ဖတ်ရဖူးပါသည်။
သောတာပန် အပါယ်မလားဘူးဆိုတာ အပါယ်လားစေတဲ့ အကုသိုလ်ကို မလုပ်လို့ကို
အပါယ်မလားတာဟုထောက်ပြခဲ့ပါသည်။
ပရိတ်ကြီး ရတနသုတ် တွင်လည်းသော တာပန်ပြုသော အကုသိုလ်သည် ငရဲ၊တိရိစ္ဆာန်စသော
အပါယ်လေးဘုံရောက်စေတတ်သည့် အကုသိုလ် မျိုးကို မဟုတ်ကြောင်း သံဃာတော်၏
အရည်အသွေးကို သစ္စာပြုပြထားပါသည်။
သံယုတ်ပါဠိတော်တွင် သောတာပန်သည်
ဣဿာ (သူတစ်ပါးကောင်းစားသည်ကို မနာလို သည့်စိတ်ထား) မစ္ဆရိယ (ကိုယ့်ပစ္စည်းကို
မပေးလို၍ သိုဝှက်တတ်သည့် ၀န်တိုစိတ်ထား) များပင် မရှိဟုမြတ်ဗုဒ္ဓကဟော
ထားပါသည်။
နောက်တစ်မျိုးမှာ သူတော်ကောင်းတရားကို နာယူမှတ်သားနိုင်ရန် အရည်အသွေးနှင့်ပြည့်စုံသူကို ဆည်း ကပ်ခြင်း၊ တရားတော်ကို ရိုသေစွာ နာယူခြင်း၊ တရားတော်ကို အားထုတ်ခြင်းတို့ဖြစ်ပေသည်။ ဤသည် မှာ သောတာပန်မဖြစ်ခင် ပြည့်စုံရမည့် အင်္ဂါရပ်များ ဖြစ်ပေသည်။
ထေရ၀ါဒသည် ဤဘ၀တွင်သောတာပန်ဖြစ်လျှင်လည်းကျေနပ်သည့် ၀ါဒတစ်ခုဖြစ်ပါသည်။ မဟာယာန ၀ါဒမှာမူ ဘုရားအဖြစ် လူတိုင်းဆောင်ရွက်ရမည်ဆိုပေရာ
ဤဘ၀တွင်သောတာပန် ဖြစ်ရန်အခွင့် မရှိပါချေ။ ဘုရားအလောင်းတော်များဟူသည်
ဘုရားမဖြစ်သရွေ့ မည်သည့်အခါမှ အရိယာ အဖြစ်သို့ မရောက်ပါချေ။
ပါရမီများကိုဖြည့်ကြရပေမည်။
ထေရ၀ါဒတွင်လည်း ဘုရားအလောင်းဖြစ်ခွင့်ကို ခွင့်ပြုထားပါသည် သို့သော်
အလွန်စွမ်းရည်ရှိသူများ အတွက်သာဖြစ်ပေသည်။ သို့အတွက်
စိတ်ချရသောသောတာပတ္တိမဂ်ရစေရန်
အားထုတ်ကြပါမူ အာမခံရသော ပစ္စည်းကိုဈေးမှ၊ဆိုင်မှ ၀ယ်ယူသကဲ့သို့ပင်
ဤသာသနာတွင် သံသရာ အာမခံချက် ရရှိပေမည်။ အာမခံချက် မရသောပစ္စည်းကို
ဝယ်ယူသုံးစွဲမူ မသေချာသဖြင့် စိတ်လုံခြုံမှု ရမည်
မဟုတ်ပေ။သေချာနေသောဤသာသနာတွင်ေ
သသေချာချာ လုပ်ဆောင်သင့်၊မသင့် ဆုံးဖြတ်ချက်ကို ချ မှတ်ထိုက်ပေသည်။
ကျမ်းကိုးစာရင်း
၁။နိဒါန၀ဂ္ဂသံယုတ်၊
၂။မဟာဝဂ္ဂသံယုတ်၊ သိဂီင်္တိသုတ်ပါဠိ၊
၃။အဘိဓမ္မတ္ထသင်္ဂဟ၊
၎။ပရမတ္ထသရူပဘေဒနီ၊
၅။မဟာဝဂ္ဂကဏ္ဍ၊၀ိနည်းမဟာဝါပါဠိတော် ဒေါက်တာအရှင်နန္ဒက တောင်ကိုရီးယားနိုင်ငံ
0 comments:
Post a Comment