အိုဘားမား မိန့်ခွန်းမှ ‘အိုဘားမား အယူအဆသစ်’ မွေးဖွားခြင်း
ရဲနွယ်မိုး ၊ ၊“လွတ်လပ်မှု အသာငမ်းငမ်း တောင့်တသူတွေရဲ့ တော်လှန်ရေး ထဲကနေ ကျနော်တို့ကို
မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခု သမိုင်းဟာ အရှေ့ အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဘက်ကို
ရွေ့လျားနေတယ်၊ အဲဒီ ရွေ့လျားမှုကိုလူငယ်တွေ ဦးဆောင်နေတယ်ဆိုတဲ့ အချက်ကို ကျနော်တို့ ကြိုဆိုကြရမယ်”
“ဘာကြောင့်လဲ ဆိုတော့ ဘယ်တိုင်းပြည် ဘယ်နေရာမှာဖြစ်ဖြစ် လွတ်လပ်မှုကို တောင့်တသူ၊ တိုက်ပွဲဝင်နေသူတွေဟာ အမေရိကန် ပြည်ထောင်စုမှာ သူတို့ မိတ်ဆွေရှိတာကို တွေကြရလိမ့်မယ်။ ဒါက ကျနော်တို့ရဲ့ အဆုံးစွန် ယုံကြည်ချက် ဖြစ်ပြီး၊ အမေရိကန် ခေါင်းဆောင်မှုကို အစစ်အမှန်တိုင်းတာတဲ့ စံနှုန်းစံထား (ideals) တွေလည်း ဖြစ်ပါတယ်”
တနင်္လာနေ့ညက သမ္မတ အိုဘားမား အမေရိကန်လူထုကို တိုက်ရိုက်ပြောခဲ့တဲ့ မိန့်ခွန်းမှ ကောက်နှုတ်ချက် ဖြစ်သည်။ လစ်ဗျားကို မစ်ဇိုင်း ဒုံးကျဉ်များ လွှတ်ပြီးနောက် လူထုကို ပထမဆုံး တိုက်ရိုက်ပြောတဲ့ မိန့်ခွန်းဖြစ်သည်။
သမ္မတ အိုဘားမားမှာ အာရပ်တော်လှန်ရေးများအတွင်း သူ့ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး မပြတ်မသားမှု၊ ချီတုံချတုံ ဖြစ်မှုတွေကြောင့် အကြီးအကျယ် ဝေဖန်ခံ ထိနေသည်။ လစ်ဗျားကိစ္စအပေါ် အရေးယူ ဆောင်ရွက်မှု နှောင့်နှေးမှု၊ စစ်ရေး ၀င်ရောက်တော့လည်း ကွန်ဂရက်ကို မတိုင်ပင်ခဲ့မှု တွေကြောင့် အမေရိကန် ပါတီကြီးနှစ်ခုစလုံးရဲ့ ဝေဖန်မှုကို ခံရသည်။
ယခု အိုဘားမား က ဝေဖန်မှု အားလုံးအတွက် အဖြေအဖြစ် သူ့မိန်းခွန်းကနေ တုံ့ပြန်ရှင်းလင်း ပြောကြားခဲ့သည်။ လစ်ဗျားမှာ ‘လူသားချင်း စာနာမှုဖြင့် စစ်ရေး ၀င်ရောက်စွက်ဖက်ရမှု’ ကို အိုဘားမား အယူအဆ၀ါဒ (Obama doctrine) တစ်ခု အဖြစ် ရှင်းရှင်းလင်းလင်း ဖော်ထုတ် ပြောဆိုသွားခဲ့သည်။
အိုဘားမား ပြောဆိုမှုအရ လစ်ဗျားကိစ္စအပေါ် သူ့ကိုင်တွယ်မှုတွင် မရေမရာဇဝေဇ၀ါဖြစ်ခဲ့တာ လုံးဝ မရှိဟု ဆိုသည်။ လစ်ဗျားမှာ ဆန္ဒပြ ကတည်းက ယခု ၃၁ ရက်အတွင်း ကဒါဖီရဲ့ ပိုင်ဆိုင်မှုတွေကို အပြင်းအထန် ‘ဆန်ရှင်’ လုပ်နိုင်ခဲ့တယ်၊ လုံခြုံရေးကောင်စီရဲ့ အားအကောင်းဆုံး ဆုံးဖြတ်ချက် ရအောင်ယူနိုင်ခဲ့တယ်၊ နိုင်ငံတကာ ညွှန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့တယ်၊ ကဒါဖီရဲ့ တပ်တွေအပေါ် အမှား အယွင်းမရှိတဲ့ စစ်ဆင်မှုတွေ လုပ်နေတယ်ဟု ဆိုသည်။
ဒါတွေအားလုံးကို လစ်ဗျားမြေပြင်ပေါ် အမေရိကန် စစ်ဖိနပ် တစ်ချက်မနင်းဘဲ၊ အမေရိကန် တပ်သား ကျဆုံးမှု မရှိဘဲ၊ လစ်ဗျား အရပ်သား သေဆုံးမှု အနည်းဆုံးနဲ့ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်သည်ဟု ပြောခဲ့သည်။ ၁၉၉၀ ခုနှစ် ဘော့စနီးယားကို အမေရိကန် ဦးဆောင်တဲ့ နေတိုးတပ်တွေ ၀င်ခဲ့ပုံနဲ့ ခြားနားသွားပြီး၊ ယခု လစ်ဗျား အရေးမှာက အမေရိကန် စစ်ဗိုလ်ချုပ်ကို ကနေဒါ လက်ထောက်နဲ့ တွဲဖက်ပေးထားပြီး ဥရောပ နိုင်ငံတွေရဲ့ တာဝန်ယူမှုလည်း ပိုများလာတယ်ဟု ဆိုသည်။
လစ်ဗျားကို ၀င်ရအောင် အမေရိကန် အကျိုးစီးပွား ဘာရှိလို့လဲ မေးနေတဲ့ အမေရိကန် ကိုယ်ကျိုးစီးပွားကြည့် နိုင်ငံရေး အုပ်စုများ (hyper-realists) အတွက်လည်း အဖြေပေးသွားသည်။ ပထမ၊ မိမိနိုင်ငံရဲ့ ပင်မ အကျိုးစီးပွား ကာကွယ်ဖို့ဆိုရင် တစ်ဖက်သတ် စစ်ရေးအင်အား အသုံးပြုဖို့ သူအနေနဲ့ ဘယ်တော့မှ ချီတုံချတုံ ဖြစ်နေမှာ မဟုတ်။ လစ်ဗျားတွင် အဲဒီလို စွန့်စားရမယ့် အမေရိကန် အကျိုးစီးပွားမျိုး မရှိဟု ဆိုသည်။ သို့သော် အခြား အကျိုးစီးပွား အချို့ ရှိနေသည်ဟု ပြောခဲ့သည်။
ဥပမာ၊ လစ်ဗျားရဲ့ မတည်ငြိမ်မှုက လက်ရှိ အမေရိကန် အကူ အညီပေးနေတဲ့ တူနီရှားနဲ့ အီဂျစ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးတွေ အတွက် အများကြီး ထိခိုက်နိုင်သည်ဟု ဆိုသည်။ တကယ်လို့ အမေရိကန်အနေနဲ့ အကျိုးစီးပွားတွက်ပြီး မျက်စိစုံမှိတ်နေလိုက်ရင် ဘန်ဂါဇီ မြို့ နေထိုင်သူတွေကို ကဒါဖီက အကြင်နာမဲ့ သတ်ဖြတ်ချင်တိုင်း သတ်ဖြတ်တော့မှာ အားလုံး အသိဖြစ်သည်ဟု ဆိုသည်။ ဒါကြောင့် အမေရိကန် က မဟာမိတ်တွေနဲ့ တွဲဖက်ပြီး ကုလမဂ္ဂ လုံခြုံရေး ကောင်စီ အမိန့်အာဏာအောက်ကနေ ၀င်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
အိုဘားမားရဲ့ မိန့်ခွန်းထဲမှာ “ဖိနှိပ်မှုတွေ ရှိတဲ့ နေရာတိုင်းကို အမေရိကန် စစ်တပ် အသုံးမပြုနိုင်ဘူးဆိုတာ မှန်ပါတယ်။ စစ်ရေး ၀င်ရောက် စွက်ဖက်မှုမှာ ကုန်ကျမှုနဲ့ စွန့်စားရမှုတွေ ရှိပါတယ်။ အရေးယူဆောင်ရွက်ရပြီ ဆိုရင် ကျနော်တို့ရဲ့ အကျိုးစီးပွားကို အမြဲ တွက်ချက် ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအယူ အဆဟာ မှန်ကန်တဲ့ အရာနဲ့ လုပ်သင့် လုပ်ထိုက်တာအတွက် ဘယ်တော့မှ ကိုယ်စားမပြု ဘူးလို့လဲ ပြောချင်ပါတယ်”
“အထူးသဖြင့် လစ်ဗျားလို အရေးကိစ္စမှာပေါ့။ ထိတ်လန့်ကြောက်ရွံ့ဖွယ် သတ်ဖြတ်လာမယ့် အတိုင်းအဆကို ကျနော်တို့ မြင်နေကြရတယ်။ အကြမ်းဖက်မှုကို ရပ်တံ့ပေးနိုင်တဲ့ ထူးခြားတဲ့ စွမ်းအားတွေ ကျနော်တို့မှာ ရှိနေတယ်။ နိုင်ငံတကာ မန်းဒိတ်တွေ၊ ကျနော်တို့နဲ့ ပူးပေါင်းလာတဲ့ မိတ်ဆွေနိုင်ငံတွေ၊ အာရပ်အဖွဲ့ချုပ်ရဲ့ ထောက်ခံမှုတွေ၊ လစ်ဗျားလူထုရဲ့ အကူအညီ တောင်းဆိုသံတွေလည်း ရှိနေတယ်။ ဒီလို အခြေအနေ မျိုးအောက်မှာမှ အမေရိကန်က ခေါင်းဆောင်မှုနေရာကို ပစ်ပယ် ခဲ့ရင်တော့ လူသားထူအပေါ် သစ္စာဖောက်မှုသာ ဖြစ်တယ်”
“အချို့သော နိုင်ငံတွေဟာ အာဏာရှင်တိုင်းပြည်တွေရဲ့ ရက်စက်ယုတ်မာမှုကို မျက်စိမှိတ်နေကောင်းနေမယ်။ အမေရိကန် ပြည်ထောင်စု ကတော့ သူတို့နဲ့ ခြားနားတဲ့ နိုင်ငံမျိုးဖြစ်တယ်။ အမေရိကန် သမ္မတ တစ်ယောက် အနေနဲ့ ပြောရရင်၊ အစုလိုက် အပြုံလိုက် သားသတ်သလို ကြောက်မက်ဖွယ် သတ်ဖြတ်နေတာတွေ အပေါ် အရေးမယူဘဲ ထိုင်စောင့်ကြည့်နေဖို့ ကျနော် ငြင်းဆန်ပါမယ်”
နောက် ဒုတိယ၊ ဆန့်ကျင်ဖက် မေးခွန်းဖြစ်တဲ့ ဘာကြောင့် ကာနယ်လ် ကဒါဖီ ကို တစ်ခါထဲ ဖြုတ်ချ သတ်ပစ်တာ အထိ မြန်မြန်ပြီးအောင် မလုပ်တာလဲ ဆိုတဲ့ မေးခွန်းကိုလည်း ဖြေရှင်းသွားသည်။ အိမ်ဖြူတော် အနေနဲ့ ၁၉၇၃ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရပ်သား လူထုတွေကို အကာအကွယ်ပေးရေး ဆုံးဖြတ်ချက် မန်းဒိတ်ကို ကျော်ပြီး လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါက အမေရိကန်အနေနဲ့ ရှုပ်ထွေးတဲ့ အကျိုးရလဒ်တွေ မချန်ထား ခဲ့ချင်တာကြောင့်ဟု ဆိုသည်။ ‘လစ်ဗျားကို ၀င်ရောက်စွက်ဖက်ရမှုမှာ ဘယ်နည်းနဲ့မဆို ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်၊ တကယ်လို့ ဖြစ်လာရင်တောင်မှ အမေရိကန် တစ်ဦးတည်းထက် နိုင်ငံတကာနဲ့ ပူးတွဲ ဆောင်ရွက်မှုကိုပဲ လိုလားတယ်’ ဟု ပြောဆိုသွားသည်။
ဒီလို အမေရိကန်ရဲ့ လစ်ဗျားအပေါ် အထီးကျန် ဆောင်ရွက်မှုက ကဒါဖီကို ရက်ပိုင်း လပိုင်းအတွင်း ကြိုးပေးနိုင်မလား၊ ဒီထက် ကြာကောင်း ကြာမလား။ သူ လစ်ဗျားက ဘန်ကာထဲမှာ အတန်ကြာ ပုန်းနေကောင်း နေနိုင်မည်။ သို့သော် အမေရိကန်နဲ့ မဟာမိတ်တွေ အကာကွယ် ပေးထားတဲ့ လစ်ဗျားလူထုက သူ့ကို ၀ိုင်းထားကြလိမ့်မည်။ အိမ်ဖြူတော်အနေနဲ့တော့ လက်တွေ့မှာ ကဒါဖီ လစ်ဗျားကို ဆက်ပြီး အုပ်ချုပ်နိုင်ဖို့ လမ်းစမမြင်တော့ ဟုဆိုသည်။
တတိယ မေးခွန်းကတော့ အိုဘားမား ပေါ်လစီရဲ့ ရှေ့နောက် မညီမှုအပေါ် ဝေဖန်ချက်များ ဖြစ်သည်။ ယီမင်၊ ဘာရိန်း၊ ဆီးရီးယား တို့မှာလည်း ဆန္ဒပြ နေသူတွေကို သတ်ဖြတ်နေတာ တွေ့ရက်နဲ့ ဘာကြောင့် လစ်ဗျားကိုမှ ရွေးချယ် တိုက်ရ ပါသလဲ ဆိုတဲ့ ဝေဖန်သံများ ဖြစ်သည်။ အာရပ်ကမ္ဘာရဲ့ ကျယ်ပြန့်မှု၊ နိုးကြား လာမှု တွေအပေါ် အမေရိကန် အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတဲ့ တူညီတဲ့ လားရာသာ ရှိသည်ဟု ပြောသည်။
သို့သော် လစ်ဗျားနဲ့ အနေအထား ခြားနားမှုတွေ ရှိသည်။ ဥပမာ၊ ဘာရိန်းတွင် ဆန္ဒပြသူများကို ဖိနှိပ်မှုရှိပေမဲ့ အစိုးရအနေနဲ့ ရေရှည် သတ်ဖြတ်ဖို့ မဖြစ်နိုင်။ အမေရိကန် ရေတပ် ဘာရိန်းမှာ ရှိနေတာကြောင့် ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေနဲ့ အချိန်အခါပေါ်တွင် ဆက်လက် ဆောင်ရွက်သွားမည့်သဘော ပြောဆိုခဲ့သည်။
အိုဘားမားက သူ့ရဲ့ နောက်လ နောက်လ မိန့်ခွန်းတွေအတွက် ပြင်ဆင်နေပုံရသည်။ နောက်ပြောမယ့် မိန့်ခွန်း ကြီးကြီးတိုင်းမှာ၊ ဘယ် အာဏာ ရှင် နိုင်ငံအတွက် ဦးစားပေး ပြောရမလဲ။ ဘာရိန်း လား၊ ယီမင် လား၊ ဆီးရီးယား လား၊ အိုင်ဗရီ ကိုစ့် လား..၊ ဒါမှမဟုတ်…..။
ရဲနွယ်မိုး
င်္မှတ်ချက်။ ။Freedom News Group မှ ကူး ယူ ဖေါ် ပြ ပါ သည်။
0 comments:
Post a Comment