“၉၀ ဒီဂရီအရွေ့ (သို့) ပညာအလင်းတံခါး
ဝေမော်- ၁၅ သြဂုတ် ၂၀၁၀
ကျွန်တော်ရည်ညွှန်းလိုသော ၉၀ ဒီဂရီဆိုသည်မှာ ဂျီသြမေတြီ သင်္ချာဘာသာရပ်မှ ၉၀ဒီဂရီမျဉ်း မတ်တစ်ကြောင်း (သို့မဟုတ်) ၉၀ဒီဂရီရှိသော ထောင့်မှန်ထောင့်တစ်ခုမဟုတ်ပေ။
လူတစ်ယောက်၏ အတွေးအခေါ်အသိအမြင်ရော အမူအကျင့်ပါ တစ်ဆစ်ချိုး ပြောင်းလဲသွားစေသော အတွေ့အကြုံဖြစ်ရပ် ကိုဆိုလိုပေသည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ် ကျော်ကာလ (၁၉၈၈ ၀န်းကျင်) ကကျွန်တော် ဇာတိချက်ကြွေမွေးရပ် မြေမှာရှိနေဆဲ။ ကျွန်တော် တို့ရွာနင့် နှစ်မိုင်ကျော်ဝေးသော ကျေးပင်စုရွာရှိ “ရောင်နီ” စာကြည့်တိုက်သို့ တစ်လနှစ်ကြိမ် မှန်မှန်ရောက်မြဲ။ ထိုစာကြည့်တိုက်က နှယ်နှယ်ရရ တော့မဟုတ်။ မြန်မာ့ ကျေးလက် ကျက်သရေဆောင် ပညာအလင်းပြ ဘဏ်တိုက် တစ်ခုဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှု ရှိအောင်လည်း နှစ်ရှည် လများထိန်းသိမ်း စောင့်ရှောက် ခဲ့သည့်အတွက် စာအုပ်စာတမ်း အတော်စုံလင် လှသည်။ ကျွန်တော်တို့ နယ်သို့ စာပေခရီးဖြင့် ရောက်ရှိလာသော ဆရာမြသန်းတင့်နှင့် ဆရာ မောင်နေ၀င်းတို့က တောရွာများတွင် တွေ့ရခဲသော ဤစာကြည့်တိုက် ကလေးကို တွေ့မြင်ရ သောအခါ အားတက်ရွှင်လန်း မှုနှင့်အတူ ချီးမွမ်း ထောပနာ စကားတွေ အားရားပါးရ ပြောကြားခဲ့ဖူး လေသည်။
ကျွန်တော်စာကြည့်တိုက်သို့ ရောက်သည့်အခါတိုင်း ကိုယ်လိုချင်သည့် စာအုပ်များကို ရွေးချယ် စာရင်းပြုစု အပြီး၌ မဂ္ဂဇင်း စာအုပ်ပုံကို မွှေနှောက်ကာ ၀တ္ထုတို(သို့) ဆောင်းပါး တစ်ပုဒ်နှစ်ပုဒ် ဖတ်လေ့ရှိ သည်။ တစ်နေ့သားမှာတော့ မဂ္ဂဇင်း အဟောင်းတစ်အုပ်ကို လှန်လှော ကြည့်ရင်း ဆောင်းပါး တစ်ပုဒ်ဆီ မျက်စိ ရောက်သွားသည်။ ဆောင်းပါး ခေါင်းစဉ်က “မြှားပစ်သူများ” စာရေးသူက (ဒေါ်)စမ်းစမ်းနွဲ့ (သာယာ ၀တီ)။ စာရေးသူ တွေ့ကြုံခဲ့ဖူးသော စာပေဟောပြောပွဲ တစ်ခုအကြောင်း အမှတ်တရရေးဖွဲ့ထားခြင်းဖြစ် လေသည်။
တစ်ခါက ရွာတစ်ရွာမှာလူအများ ကြည်ညှိ လေးစားရသော ရွာသူကြီးတစ်ဦး ရှိလေသည်။သူ့မှာ အရွယ်ရောက်ပြီး ဖြစ်သော သား တစ်ယောက် ရှိလေရာ သူကြီးကသူ့သားကို ပညာတတ် လူရည်မွန်တစ် ယောက်ဖြစ်စေ ချင်သည်။
သို့သော် သားဖြစ်သူက ကောင်းစားဖို့ လမ်းညွှန်ပေးသည်ကိုလက်မခံ မိဘ စကားလည်းနားမ၀င် အပေါင်း အသင်းများနှင့် တော်သလို ရော်သလို ပေါ့ပေါ့လျော့လျော့ နေလေသည်။ သူကြီးလည်း ဆိုဆုံးမရ ခတ်ခဲသော သားငယ်၏ ဘ၀ရှေ့ရေးကို တွေးကာ စိတ်မချမ်းမသာ ဖြစ်ရလေသည်။
သည်လိုနှင့်သားအတွက် ရတက်မအေး ဖြစ်နေရတုံး တစ်နေ့မှာယခင်ကနှင့်မတူ ဆက်ဆံရေး ရော အပြုအမူပါ လုံးဝပြောင်းလဲသွားသော သားဖြစ်သူကိုကြည့်ကာ မယုံရဲယုံရဲစိတ်ဖြင့်လေ့လာစုံစမ်း ကြည့်တော့မှ ပိုပြီး အံ့သြဖွယ်ရာ ကြုံရသည်။ သက်မဲ့ကဗျာတစ်ပုဒ်က သက်ရှိလူသားတစ်ဦး၏ တွေးခေါ်မှု့ အစဉ်ကို သွက်သွက်ခါအောင် လှုပ်ရမ်း တုန်ခါပစ်လိုက်သည်ဆိုသည်မှာ ဟုတ်နိုင်ပါသလား။
သံသယ အတွေးတစ်ဝက်ဖြင့် ပြောင်းလဲမှုဖြစ်စဉ်ကို လက်ခံ လိုက်ရသည်။ မည်သို့ဆိုစေ သားဖြစ်သူမောင်တေ ကတော့ ကဗျာဆရာ ဓနုဖြူကျော်ထွန်း (နောင်ဟာသ စာရေးဆရာကြီး အီကြာကွေး)ရေးသားသော “တိုက်ပွဲပျော်” ကဗျာကို ဖတ်အပြီးမှာ အတွေးအမြင် တဆစ်ချိုး ပြောင်းလဲ သွားသည်မှာ အမှန်အကန်ပင်။
အစစအရာရာ ပြောင်းလဲသွားပြီး လူ့အဖိုးတန် စာရင်း ၀င်လာသော သား ဖြစ်သူ ကို ကြည့်ကာ ကြည် နူးမဆုံးဖြစ်ရသော သူကြီး၏ ခေါင်းထဲမှာ အတွေးတစ်ခုလင်းလက်သွားသည်။
အဲဒါက ဆရာဓနုဖြူကျော် ထွန်းအပါအ၀င် စာရေးဆရာအချို့ကို ဖိတ်ကြား ကာ ရွာမှာ စာပေဟောပြောပွဲလေး တစ်ခုကျင်းပဖို့။ပြီး တော့ သားဖြစ်သူနှင့် အတုဆရာ ဓနုဖြူကျော်ထွန်းကို ကျေးဇူးဆပ် ကန်တော့ဖို့။ စာပေ ဟောပြောပွဲ၌ ကျေး ဇူးတင်အမှာ စကားပြောကြားတဲ့ သူကြီးက ဖြစ်ကြောင်း ကုန်စင် ပြောပြတဲ့ အခါ ဆရာကြီး အီကြာကွေးခမျာ မျက်ရည်တွေ ၀ဲလို့တဲ့။
ဆရာမ ဒေါ်စမ်းစမ်းနွဲ့က ကမ္ဘာကျော် ကဗျာ ဆရာကြီးတစ်ဦး၏ “မြှားပစ်သူများ”က ဗျာနှင့် ဆောင်းပါးကို နိဂုံးချုပ် လိုက်သည်။
ဆရာဓနုဖြူ ကျော်ထွန်း ပစ်လွှတ် လိုက်သော မြှားတစ်စင်းက ခပ်ပေပေ လူငယ်တစ်ဦး၏ နှလုံးသားကို တည့်တည့်ကြီး ထိမှန်သွားကာ လူ့အဖိုးတန် ကလေး အဖြစ်ဖန် ဆင်းပေး လိုက်ပေပြီ။
ကျွန်တော်တို့ စာကြည့်တိုက်က အဖွဲ့ဝင်တစ်ဦး။ သူ့နာမည်က ကိုစိန်။စစ်မှုထမ်း ဘ၀နှင့်မျက်လုံး တစ်ဖက်ကို (တိုင်းပြည် အတွက်) စွန့်လွှတ်ပြီး တပ်မတော် ဆေးပင်စင်စား ဘ၀နှင့် မွေးရပ်မြေကို ပြန်ရောက် လာသူ။ သူပြောသမျှ စကားတွေမှာ စစ်တပ် ကောင်းကြောင်းနှင့် စစ်တပ်ထဲက စွန့်လွှတ်သူ သူရဲကောင်း များအကြောင်း ချည်းသာ။ (ဘယ်သူ့အတွက် စွန့်လွှတ်စတေး ရတာလဲဆိုတာတော့ သူအသေအချာ မသိ) သူ့သဘောထားက ရွာကလူများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း။ သူဖတ်တာက အချစ်ဝတ္ထု၊ သိုင်းဝတ္ထု။ သူသည်လည်း ပြောင်းလဲမှု အချိုးအကွေ့နှင့် မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသည်။
ဆရာမောင်စွမ်းရည် ရေး သားသော “ဗမာစာပေ ဘာလဲဘယ်လဲ”စာအုပ်ကို ဖတ်ပြီးနောက်ပိုင်း သူ့လေသံတွေ သိသိသာသာ ပြောင်းလဲသွားသည်။
ဖိနှိပ်သူနှင့် အဖိနှိပ်ခံရသူ တို့အကြား ပြတ်ပြတ်သားသား စည်းခြားတတ်သွား လေပြီ။နောက်တော့ စာပေလေ့လာရေး အဖွဲ့၏ ခိုင်မြဲသော ရဲဘော်တစ်ဦးဖြစ်လာသည်။ သူ့ကိုတွေ့လိုက် တိုင်း လွယ်အိတ်ကလေး တစ်လုံးနှင့် လွယ်အိတ်ထဲမှာတော့ စာအုပ်တစ်အုပ် ပါတတ်မြဲ။ “ငုယင်ဗန်ထွိုင်း” “အိုယန်ဟိုင်း”တို့ ဟာသူ့အတွက် စံနမူနာ သူရဲကောင်းတွေ ဆိုပါလား။
၂၀၀၅ ခုနှစ်မှာ မမျှော်လင့်သော ကံကြမ္မာ တစ်ခုကြောင့် ကျွန်တော် ထိုင်းနိုင်ငံ ဖက်ကို ကူးလာခဲ့ သည်။ တစ်ခါမှ မရောက်ဘူးသော မဲဆောက်မြို့မှာ လုပ်စရာကိုင်စရာ ကမယ်မယ်ရရ မရှိ ။
အသိအကျွမ်း မိတ်ဆွေလည်းသိပ်မများသေး တာကြောင့် နေရထိုင်ရ အထီးကျန် ဆန်လှသည်။ ဤလိုအချိန်မှာ ရွာကစာ ကြည့်တိုက ကလေးကို ပြေးသတိရ မိသည်။ဖတ်စရာ စာအုပ်ကောင်း လေးသာရှိနေလျှင် ကိုယ့်အတွက် မိတ်ဆွေကောင်း တစ်ယောက် ရှိနေသလိုပါပဲ။
သို့နှင့်မိတ်ဆွေ တစ်ဦး၏ အကူအညီဖြင့် ကိုငြိမ်းဝေ၏စာ ကြည့်တိုက်သို့ ရောက်ရှိသွားသည်။ စာအုပ်တွေက တော်တော်စုံသည်။ ကျွန်တော် ဖတ်ဖူးသော စာအုပ်တွေ ရှိသလို မဖတ်ရ သေးသည့် စာအုပ်တွေက တစ်ပုံကြီး။ စာကြည့်တိုက်ကို သုံးကြိမ်မြောက် ရောက်သည့်အခါ ဆရာကျော်ဝင်း၏ “ကမ္ဘာကြီးရဲ့ မနက်ဖြန်” စာအုပ်ကလေး ပါလာသည်။ဖတ်ကြည့်လိုက်တော့ သတင်း နည်းပညာ ပေါက်ကွဲ တိုးတက်မှုနင့် အတူ ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေး၊ လူမှုဆက်ဆံရေး ပုံစံများနှင့် အတွေးအမြင် ရူထောင့်များ ပြောင်းလဲလာပုံကို မိတ်ဆက် တင်ပြထားသည်။
စာအုပ်ထဲမှာ ကျွန် တော်ခံတွင်း အတွေ့ဆုံး စာကြောင်းက “ယခုအခါ ပြဿနာများကို ချည်းကပ် လေ့လာရာဝယ် အိုင်ဒီအိုလို ဂျီ တစ်ခုတည်း၏ အထိုင်ပေါ်မှ စဉ်းစားသုံးသပ်၍ မပြည့်စုံနိုင်တော့” ဟူ၍။ သည်တော့မှ ကျွန်တော့်နှလုံး သားမှာ အနှစ်နှစ်ဆယ် နီးပါးမျှ လွှမ်းမိုးနေရာ ယူထားသော အတွေးအခေါ်တစ်ရပ်ကို ပြန်လည် စစ်ကြော ကြည့်မိသည်။
ကျွန်တော့်မှာလည်း အရွယ်ရောက်ခါစ သားတစ်ယောက် ရှိလေသည်။ဆိုးဆိုးဝါးဝါး လူဆိုးလူပေ တစ်ဦး မဟုတ်ပေမဲ့ ကျွန်တော်သူ့ အပေါ်မှာ ကျေနပ်အားရမှု မဖြစ်မိ၊ အဓိက အကြောင်းက သူစာမဖတ်ခြင်း ပင်။
ကျွန်တော်ဖတ်သော စာအုပ်များကို ယောင်၍ပင် ကောက်ကိုင်မကြည့်။ သူနှင့်သင့်တော်မည် ထင်သော စာအုပ်များ ရွေးချယ် ပေးပြန်တော့ မသိမသာ တစ်မျိုးပြောင်ပြောင် တင်းတင်းတစ်ဖုံငြင်းပယ် တတ်သည်။ ကျွန်တော်စိတ် ကသိကအောက် ဖြစ်ရသည်။ မကြာခဏလည်း သူနှင့် ကျွန်တော်ဆက်ဆံရေး အဆင်မပြေဖြစ်ရ သည်။ သို့သော် အခြေအနေ တိုးတက် ကောင်းမွန် မလာ။ သည်လိုနှင့် နှစ်ကာလ အတန်ကြာလာသည်။
“သတ္တ၀ါ တစ်ခုကံတစ်ခု” ဟူသော ဥပေက္ခာ စိတ်ကိုကြိုးစား မွေးမြူကြည့်သည်။ တစ်နေ့ နံနက်မှာတော့ လဘက်ရည် သောက်ရင်း သူကျွန်တော့်ကို မေးခွန်းတချို့ မေးလာသည်။ တိုးတက် အောင်မြင်ဖို့ ဘာတွေ ပြင်ဆင်ရမလဲ? စာဖတ်ခြင်းဖြင့် ဘယ်လိုအကျိုး ကျေးဇူးတွေရ သလဲတဲ့။ ကျွန်တော် သိသလောက် မှတ်သ လောက် အကျဉ်းရုံး ပြောပြ လိုက်သည်။ သူစိတ်ဝင်စားပုံ ရတာကြောင့် အိမ်မှာ အလွယ်ရှိသော ဆရာဖေမြင့် ၏ “ကိုယ်ပိုင် လုပ်ငန်းနဲ့ ကြီးပွား အောင်မြင်မယ့် ပုဂ္ဂိုလ်” စာအုပ်ကလေး ပေးဖတ်ကြည့်သည်။ သူ့ ဟဒယ နှင့် တွေ့သွားပုံ ရသည်။ စာအုပ်ကို စူးစူးစိုက်စိုက် ဖတ်ရှုပြီးသူသိချင်တာတွေကို ကျွန်တော်နှင့် ဆွေးနွေးသည်။ အဲ ဒီစာအုပ် ဖတ်ပြီးတော့ နောက်ထပ်ရှာပေးသော စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ဖတ်တော့သည်။ ခုတော့ လည်း အဟုတ်သား ။ဘာပဲဖြစ်ဖြစ် သူ့အတွက် အသိပညာ အလင်းတံခါး ပေါက်ကို တွေ့မြင်လိုက်ရပြီး ဖြစ်သ လို ကျွန်တော့် အနေဖြင့်လည်း အတော်လေး စိတ်သက်သာရ ရသွားသည်။
ဆိုလိုသည်က လူတွေအားလုံး စာဖတ် စေချင်သည်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်များကို အသိပညာ တံခါးပွင့်လင်း စေချင်သည်။ မည်သည့်အခါ မဆို စာပေနှင့် ကင်းကွာ၍ မရ။
သို့သော် ချင့်တွက်စဉ်း စားရမည့်အချက်က အစဉ်ပြောင်းလဲ နေသော ခေတ်ရေစီးကြောင်း။ ကျွန်တော်တို့ ခေတ်၏ တိမ်းညွှတ်မှုက “စွန့်လွှတ် အနစ်နာခံခြင်း (Sacrifice)’’၊ လက်ရှိ ခေတ်၏ တောင်းဆိုမှုက “တစ်ကိုယ်ရေ သန်စွမ်းမှု (Indivi- dualism)”။ ခေတ်နှင့် လျော်ညီသော လိုအပ်ချက်ကို နားလည်ပြီး အသိပညာ လေ့လာလိုက်စားပါက ခေတ် ကိုကိုယ်စားပြုသော လုချွန်လူမွန်များ ပေါ်ထွက် လာမည်မှာ မလွဲဧကန်ဖြစ်တော့သည်။
ဝေမော်
၁၅ သြဂုတ် ၂၀၁၀

0 comments:
Post a Comment