Tuesday, April 5, 2011

ဖေ့စ်ဘွတ်ခ်နတ်မင်းနှင့် မော်ဒန်သင်္ကြန်ပုံပြင် (၁)

by Han Thit Nyeim on Tuesday, April 5, 2011 at 10:31pm
တစ်နေ့သ၌ ကျွန်တော့်၏ မိတ်ဆွေ အရင်းခေါက်ခေါက်ကြီးဖြစ်သည့် ဖေ့စ်ဘွတ်ခ်စောင့် နတ်မင်းကြီးသည် ကျွန်တော့်ထံသို့ အလည်အပတ်အဖြစ် ရောက်လာပြန်တော့သည်။ ထိုနတ်မင်းသည် ကျွန်တော်နှင့် ဆွေးမျိုးအရင်းအချာကဲ့သို့ အင်မတန်မှ ခင်မင်ရင်းနှီးပြီး ပြောမနာဆိုမနာ ရှိကြသူများလည်း ဖြစ်လေသည်။
သူသည် ခေတ်ဟောင်းပုံတုံးကြီး မဟုတ်သလို ခေတ်သစ် မော်ဒန်အလန်းလေးလည်း မဟုတ်သဖြင့် ကျွန်တော်က သူ့ကို ရှေ့မီနောက်မီ နတ်မင်းကြီးဟု နောက်ပြောင်ကျီစယ် ခေါ်ဝေါ်လေ့ ရှိလေသည်။ (နတ်မင်းနှင့် တွေ့ဆုံခဲ့ပုံကိုတော့ နောက်များ အလျဉ်းသင့်လျှင် ပြောပြပါမည်။)


နတ်မင်း။ ။ မောင်ဟန်သစ်...

ကျွန်တော်။ ။ အောင်မြတ်လေး... ငါး... ခြောက်... ခွန်...

နတ်မင်း။ ။ ဟဲ့... ဟဲ့ ဘာဖြစ်သတုန်း၊ လန့်လိုက်တာနော်... ဘာတုန်းဟ

ကျွန်တော်။ ။ အာ... ဘာမှ မရှိပါဘူး... အရှင်က အသံမပေး ဘာမပေးနဲ့ ရောက်လာလို့ လန့်နေတာပါ ဘုရား...

နတ်မင်း။ ။ အော်... သိပါဘူးကွာ...

ကျွန်တော်။ ။ ဒါနဲ့ အရှင်က ဘာကိစ္စကြောင့် ဗြုန်းစားကြီးရောက်ချလာတုန်း... ဘုရား

နတ်မင်း။ ။ အင်း... ငါလည်း ပျင်းပျင်းရှိတာရယ်... နောက်အပတ်ဆို သင်္ကြန်လေကွာ... မင်းကို တွေ့လို့ ရတော့မှာ မဟုတ်ဘူး...

ကျွန်တော်။ ။ ဘာလို့တွေ့မရမှာလဲ အရှင်... အရှင်တို့ နတ်ပြည်မှာ မဏ္ဍပ်ထိုးပြီး ကဲကြမလို့လားဘုရား

နတ်မင်း။ ။ အာ... ဘယ်ကလာ... သင်္ကြန်တွင်းကြီး မောင်မင်းတို့လူ့ပြည်လာရင် ရေပက်ခံရမှာ စိုးလို့ဟေ့

ကျွန်တော်။ ။ အရှင်က ရေပက်တာ ကြောက်တယ်လား...

နတ်မင်း။ ။ ဟ... မကြောက် ရှိမလားကွ... မင်းတို့ တွေက ငါတို့ ဟိုးရှေးရှေးကလို သပြေခက်နဲ့ ရေပက်တာမှ မဟုတ်ဘဲ... မီးသတ်ပိုက်တွေ... ခွက်စောင်းတွေ၊ ခွက်ပုန်းတွေ... ကြားမကြားဖူးပေါင်ကွာ... ဒါတောင် ဆပ်ပြာရည်တွေ၊ ရေပူဖောင်းတွေ ဆော့ခွင့်မရလို့သာပဲ...။

ကျွန်တော်။ ။ ဒါနဲ့ သင်္ကြန်စာထဲက ဆယ်လယ်ဘရစ်တီး ဖြစ်တဲ့ အရှင်တို့ သခင် သိကြားမင်းကြီးကကော လူ့ပြည်ကို နှစ်တိုင်း ဆင်းနေတာ ဘာမှ မဖြစ်ပါလားဘုရား။

နတ်မင်း။ ။ ဟ... သူက မဆင်းတာ ကြာပြီလေကွာ... နေဦးကွ... မင်းမှားနေတာ

ကျွန်တော်။ ။ ဘာမှားတာလဲ အရှင်...

နတ်မင်း။ ။ အာ... သင်္ကြန်စာထဲ ပါတာက သိကြားမင်း မဟုတ်ဘူးကွ။ တနင်္ဂနွေဂြိုဟ်မင်းကွ... သိကြားမင်းက သူ့ဘာသာ ရထားမှူး မာတလိနဲ့ သပ်သပ်လာတာကွ။

ကျွန်တော်။ ။ အော်... အဲလိုလား... ဒါနဲ့ သူက ဘာလို့ မဆင်းတော့တာလဲအရှင်ရ... ဘယ်တုန်းကတည်းကလဲ ဘုရား

နတ်မင်း။ ။ အင်း ငါသိသလောက် ပြောရရင်... လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကလို့တော့ ထင်တာပဲ

ကျွန်တော်။ ။ ခုနောက်ပိုင်းက ဘာလို့ မဆင်းတော့တာလဲ ခွေးသာရေချပ် ကုန်သွားလို့လား ဘုရား။

နတ်မင်း။ ။ ဟုတ်ဘူး... မင်းတို့လူတွေကို ကြောက်လို့ မဆင်းတော့တာကွ...

ကျွန်တော်။ ။ ဟုတ်လား ဘုရား၊ လူတွေကို ကြောက်ရတယ်လို့ ဟုတ်ပါ့မလား

နတ်မင်း။ ။ ဟုတ်ပါတယ်ဆို... လူတွေနှိပ်စက်လို့ဟေ့

ကျွန်တော်။ ။ ဒါဆိုရင် အရှင်သိသလောက်လေး ပြောပြပါလား အရှင်... သိကြားမင်းအကြောင်း ဂေါ့ဆစ်ပ်ပေါ့... အဟိ...

နတ်မင်း။ ။ မင်း နားထောင်ချင်တယ်ဆို သေချာနားထောင်၊ ကြားထဲ ဖြတ်ဖြတ် မပြောနဲ့ကွာ...

ကျွန်တော်။ ။ တင်ပါဘုရား၊ မဖြတ်ပါဘူးဘုရား

နတ်မင်း။ ။ အင်း... အဲတုန်းက တို့သခင် သိကြားမင်းကြီး ဦးမာဃက လူ့ပြည်ကို လူသားအသွင် ဟန်ဆောင်ပြီး ဆင်းတာကွ...

ကျွန်တော်။ ။ ဟုတ်လား... သူက ဘာလို့ အဲလို လုပ်ရတာတုန်းဘုရား

နတ်မင်း။ ။ အင်း... မင်းတို့ခေတ်မှာ လူတွေ ပျော်ပါးကြတဲ့ သင်္ကြန်ဆိုတာ ဘယ်လိုမျိုးလဲ သူလည်း သိချင်ရှာတာကိုးကွ...

ကျွန်တော်။ ။ အော်...

နတ်မင်း။ ။ ဒါနဲ့ပဲ သူ့ရထားထိန်း မာတလိကိုခေါ်ပြီး လူ့ပြည်ကို တိတ်တိတ်လေးဆင်းလာတာပေါ့ကွာ...

ကျွန်တော်။ ။ သူ့မိဖုရားတွေ ပါလာမှာ စိုးလို့လား...

နတ်မင်း။ ။ အင်းပေါ့... အဓိကက မိဖုရားလေးပါးကို မသိစေချင်တာကွ... အဲဒီ တစ်ခေါက်က အရင်လို နတ်ဝတ်နတ်စား၊ နတ်တန်ခိုးနဲ့ ကြွတာမဟုတ်ဘူးလေကွာ...

ကျွန်တော်။ ။ အော်... ဒါဆို ဆိုက်ကားစီးပြီး ကြွတာပေါ့လား ဘုရား။

နတ်မင်း။ ။ အာ... ဟုတ်ပါဘူးကွာ

ကျွန်တော်။ ။ ဒါဆိုရင် တက်စီနဲ့ပေါ့...

နတ်မင်း။ ။ တယ်... သိကြားမင်းပဲ ဒီလောက် အဆင့်နိမ့်မလားကွ... ဆိုင်ကယ်နဲ့ပေါ့ကွ... ဆိုင်ကယ်တောင်မှ ဟားလီဒစ်ဗစ်ဆင်နဲ့ ဆင်းလာတာ။ ရထားထိန်း မာတလိက မောင်းတာပေါ့ကွာ... ဝတ်စားပုံကတော့ မင်းတို့ ဒီဘက်ခေတ်က ကြော်ငြာပုံတွေထဲက စတိုင်မျိုးပေါ့ကွာ... ဂျင်းပန်တွေ၊ ဆွဲ ကြိုးတွေ၊ မျက်မှန်တွေ ဘာညာတွေလည်း ပါတာပေါ့...

ကျွန်တော်။ ။ အလဲ့... သိကြားမင်းက အမိုက်စားပဲ ဘုရား၊ ဆံပင်ကိုရော အရောင်ဆိုးသေးလား ဘုရား

နတ်မင်း။ ။ အဲ... ငါလည်း သိဘူးကွ... ထားကွာ... အဲဒါနဲ့ သူတို့ နှစ်ယောက်က ရန်ကုန်မြို့ကြီးရဲ့ လမ်းတွေပေါ် ရောက်လာတယ်ပေါ့ကွာ။ မာတလိက သူ့ဘော်ဒါတွေကို ဖုန်းလှမ်းဆက်တယ်။ ဘယ်နားမှာ စည်ကားသလဲပေါ့... ဆရာစံတို့ အင်းယားတို့ဘက်က စည်တယ်ဆိုတာနဲ့ သူတို့လည်း အဲဒီဘက်ကို ဆိုင်ကယ်ကြီးတကားကားနဲ့ မောင်းတော့တာပေါ့...

ကျွန်တော်။ ။ ဓာတ်ဆီကော အလုံအလောက်ပါရဲ့လား ဘုရား

နတ်မင်း။ ။ အာ... သိကြားမင်းဆိုင်ကယ်ပါဆိုမှပဲ ဓာတ်ဆီတွေ၊ ဒီဇယ်တွေ လိုမလားကွ... မင်းမရှည်နဲ့ကွာ၊ ကောင်းကောင်းနားထောင်စမ်းပါ

ကျွန်တော်။ ။ တင်ပါ

နတ်မင်း။ ။ သူတို့က အဲလို မောင်းလာတာ လမ်းမှာ အင်္ကျီအဖြူ ဦးထုပ်အဖြူနဲ့ လူတစ်ယောက်က လှမ်းတားတယ်။

ကျွန်တော်။ ။ အဖြူဝမ်းဆက်နဲ့ဆိုတော့ ဖိုးသူတော် ဖြစ်မယ်... အလှူခံပေါ့...

နတ်မင်း။ ။ အာ... ဟုတ်ပါဘူးကွာ... သူတို့ဆိုင်ကယ်ကို အမြန်နှုန်းထက် ပိုမောင်းလို့ တားတာကွ...

ကျွန်တော်။ ။ အော်... သိပြီ အဲဒီဆရာကြီးတွေက ဖမ်းတာပေါ့...  မူးရင်မမောင်းနဲ့ မောင်းရင် မမူးနဲ့ ဆိုတာ ရှိတယ်လေ ဘုရား...

နတ်မင်း။ ။ အာ... သိကြားမင်းပါဆိုမှ အရက်သေစာတွေ သောက်မလားကွ၊ မင်းမရစ်နဲ့ကွာ ကောင်းကောင်းနားထောင်စမ်းပါ။

ကျွန်တော်။ ။ တင်ပါ့ဘုရား

နတ်မင်း။ ။ အေး... အဲလိုလဲ မိရော... ဟိုဆရာကြီးက ခင်ဗျားကတ်ပြပါလို့ ပြောတယ်။ နတ်တွေဆိုတော့ လူ့ပြည်က ကတ်တွေ ဘယ်ရှိမှာလဲကွ... ဒါနဲ့ မရှိဘူး ပြောတာပေါ့...

ကျွန်တော်။ ။ အဲဒီတော့ ဖမ်းရောလား...

နတ်မင်း။ ။ အာ... မဖမ်းသေးပါဘူးကွာ... ခင်ဗျား ကတ်မရှိရင် ဘာလို့ မောင်းတာတုန်းလို့ ပြောတယ်ကွာ...

ကျွန်တော်။ ။ အဲဒီတော့ သိကြားမင်းက နတ်သားကတ် ထုတ်ပြလိုက်ရောလား... ဘုရား

နတ်မင်း။ ။ မဟုတ်ပါဘူးကွာ... အေးဆေး နားထောင်စမ်းပါ... ငါပြောတာကို...

ကျွန်တော်။ ။ တင်ပါဘုရား

နတ်မင်း။ ။ အဲဒီမှာ မာတလိက သူ့ဘော်ဒါတွေကို ဖုန်းခေါ်တာပေါ့... ဒီမှာ ဝတ်ဖြူစင်ကြယ်နဲ့ လူကို တွေ့နေတယ်... ဘယ်လို လုပ်ရမလဲပေါ့... အဲဒီမှာ သူ့ဘော်ဒါတွေက ဒီလိုလုပ်ပေါ့ ဘာညာအကြံပေးလိုက်ရော...

ကျွန်တော်။ ။ ဘယ်လို လုပ်လိုက်တာလဲ ဘုရား

နတ်မင်း။ ။ မာတလိက သူ့ဘောင်းဘီထဲ အရင်လက်နှိုက်လိုက်တယ်ကွာ... ပြီးတော့ အဲဒီ ဝတ်ဖြူစင်ကြယ်ပုဂ္ဂိုလ်ကို လက်ဆွဲနှုတ်ဆက်လိုက်တယ်... သိဟောင်းကျွမ်းဟောင်းတွေ အတိုင်းပဲ တဟီးဟီးနဲ့တောင် အပြန်အလှန် ပြုံးပြကြသေးတယ်။

ကျွန်တော်။ ။ အော်... မာတလိက အဲလိုလုပ်တာမှာ... သိကြားမင်းကြီး ကြောင်နေမှာပေါ့...

နတ်မင်း။ ။ အင်းပေါ့... ဟိုလူထွက်သွားတော့မှ ဟေ့ကောင် မာတလိ မင်းလက်ဆွဲနှုတ်ဆက်လိုက်တာနဲ့ ပြုံးပြီး ထွက်သွားပါရောလား ဆိုတော့... မာတလိက “ဒါ အပိုင်းလေးကို လုပ်ဆောင်လိုက်တာပါ အရှင်” လို့ ပြောတယ်...

ကျွန်တော်။ ။ “အပိုင်းလေး” ဟုတ်လား... အဟီး... သိကြားမင်းကြီးက သိလား...

နတ်မင်း။ ။ သိမယ် ထင်တာပဲ... ဒါနဲ့ပဲ သူတို့ အင်းယားလမ်းဘက်က မဏ္ဍပ်တွေဆီကို ရောက်လာတယ်ပေါ့ကွာ... အဲဒီမှာတင် သိကြားမင်းကြီး အတော်စိတ်လေနေပြီ

ကျွန်တော်။ ။ ဘာလို့လဲ အရှင်ရ...

နတ်မင်း။ ။ အာ... မင်းတို့ မဏ္ဍပ်တွေမှာ တီးတဲ့ သီချင်းသံတွေလေကွာ... ဘိုမကျ၊ မြန်မာမကျ၊ ဒီဂျေဆိုလား ဘာဆိုလား၊ ရီမစ်ဆိုလား အဲဒါတွေကြားတော့ သူ့ခမျာ အတော့်ကို အန်ချင်စိတ် ဖြစ်တယ်ဆိုပဲ...

ကျွန်တော်။ ။ ဒါနဲ့ နေပါဦး အရှင်က သိကြားမင်း အကြောင်းကို ဘယ့်နှယ်ကြောင့် အသေးစိတ် သိနေရတာတုန်း

နတ်မင်း။ ။ အာ... ငါလည်း နတ်သဘင် အစည်းအဝေးမှာ ပြန်ကြားရတာပေါ့ကွ... ကောင်းကောင်း နားထောင်စမ်းပါကွာ... မရှည်နဲ့...

ကျွန်တော်။ ။ တင်ပါ့ဘုရား

နတ်မင်း။ ။ အဆိုတော်တွေကလည်း အနောက်တိုင်းကအားကစားဝတ်စုံအကြီးကြီးတွေကို မတော်တရော် ဝတ်လိုဝတ်... တချို့ကျတော့လည်း နားပေါက်တွေ၊ ဆွဲကြိုးတွေ ဘညာတွေနဲ့ တစ်ကိုယ်လုံးကို ဖောက်ထားတာ... ကောင်မလေးတွေကျတော့လည်း ဝတ်ထားတာက မဝတ်ထားသလောက်ပါပဲကွာ...

ကျွန်တော်။ ။ အင်း... သိကြားမင်းက တကယ့်ကို အလန်းမဏ္ဍပ်ကို ရောက်သွားတာကိုး...

နတ်မင်း။ ။ ဒါတင်မကသေးဘူး... မဏ္ဍပ်ကြီးတစ်ခုရှေ့လည်း ရောက်ရော... ပိုက်တွေနဲ့ ဝိုင်းထိုးလိုက်တာ... တို့သခင် သိကြားမင်းခမျာ... အသည်းတွေတောင် လွင့်မတတ် ဖြစ်သွားတယ်ဆိုပဲ...

ကျွန်တော်။ ။ မီးသတ်ပိုက်နဲ့လား ဘုရား

နတ်မင်း။ ။ ဟုတ်သေးဘူး၊ ရိုးရိုးမဏ္ဍပ်က ဝိုင်းထိုးတဲ့ ပိုက်စူးစူးတွေပေါ့ကွာ...

ကျွန်တော်။ ။ သိကြားမင်းက အဲလောက်တောင် နုရသလားဘုရား...

နတ်မင်း။ ။ အာ... သူက တာဝတိဿာမှာ စည်းစိမ်ခံစားတဲ့ သူပဲလေကွာ... ဒါနဲ့ နောက်မဏ္ဍပ်တစ်ခု ရောက်တော့ ဟိုက မီးသတ်ပိုက်ကြီးနဲ့ ထိုးလိုက်တာမှာ သိကြားမင်းခမျာ... ငရဲပြည် အလည်ရောက်သလိုတောင် ခံစားရတယ်ဆိုပဲ...

ကျွန်တော်။ ။ အဲလောက်တောင်ပဲ ဆိုးသလား ဘုရား။

နတ်မင်း။ ။ ဟ... မင်းတို့ဟာ မဆိုးရှိမလားကွ... ဒီလောက်ပိုက်ကြီးနဲ့ ထိုးတာ မင်းတို့မို့လို့ အဲဒီ ဒုက္ခတွေကို အပျော်မှတ်ရတယ်လို့ကွာ...

ကျွန်တော်။ ။ ဒါနဲ့ပဲ သိကြားမင်းကြီး လစ်ပြေးရောလား ဘုရား

နတ်မင်း။ ။ မပြေးသေးဘူးကွ... သူက လူကြီးတွေရေပက်တာနဲ့ ငါနဲ့တော့ အဆင်မပြေပါဘူးကွာ... ဆိုပြီးတော့ လူနည်းနည်းရှင်းတဲ့ လမ်းတစ်လမ်းထိပ်မှာ ဆိုင်ကယ်လေး ရပ်ပြီး ခဏနားကြတာပေါ့ကွာ...

ကျွန်တော်။ ။ အင်း...

နတ်မင်း။ ။ အဲဒီမှာပဲ... သူ့ကျောကုန်းကို “ဗျန်း” ဆိုပြီးတော့ ရေနဲ့ပက်လိုက်တာမှာ... သိကြားမင်းလည်း အတော်လေး အီစိမ့်သွားတာပေါ့... ဒေါသနဲ့ လုပ်မယ်လည်း ကြည့်လိုက်တော့ ပက်တဲ့လူက ကလေးဖြစ်နေတယ်။ လက်ထဲမှာလည်း နို့ဆီခွက်ကို သားရေကြိုးနဲ့ ပတ်ထားတာ...

ကျွန်တော်။ ။ ဟား... ဟား... သိကြားမင်း ခွက်စောင်းခုတ်ခံလိုက်ရတာပေါ့ ဘုရား... အဟီး...

နတ်မင်း။ ။ အင်းကွ... လူကြီးတွေတင် မဟုတ်ဘူး ကလေးတွေလည်း အတော်ဆိုးတာပဲ… အဲဒီလို ခွက်စောင်းခုတ်ခံရလို့ လန့်တုန်းရှိသေးတယ်... နောက်ထပ် ကလေး သုံးယောက်က ကုလားမခြေထောက်တွေ မမီမကမ်းနဲ့ စီးလာပြီး သိကြားမင်းကြီးရဲ့ မျက်နှာကို အိုးမည်းသုတ်သွားကြသေးတယ်ကွာ...

ကျွန်တော်။ ။ ဟား... ဟား... အဟား... ဟား...

နတ်မင်း။ ။ အင်း... ဒါနဲ့ပဲ သိကြားမင်းလည်း ငါနဲ့ လူပြည်သင်္ကြန်တော့ မဖြစ်ချေဘူး ဆိုပြီး ပြန်မယ် အလုပ်မှာပဲ... သူတို့နားက ဖြတ်သွားတဲ့ ဂျစ်ကားပေါ်က ကောင်မလေးတစ်သိုက်က ရေခဲရေနဲ့ ပက်ချလိုက်တာမှာ... တို့သခင် ဦးမာဃကြီးလည်း တစ်ခါတည်း ဖျားသွားပါလေရောကွာ...

ကျွန်တော်။ ။ အဟား... ဟား... တကယ်လား ဘုရား

နတ်မင်း။ ။ အင်းပေါ့... နတ်ပြည်ရောက်မှ ဆေးထိုးဆေးသောက်တွေ လုပ်ရတော့တာပေါ့ကွာ... သိကြားမင်းရဲ့ မိဖုရားလေးပါးက တို့ကိုကို မာဃကို ရေခဲရေနဲ့ ပက်တဲ့သူတွေ နောက်နှစ်ကျ လက်စားချေတဲ့အနေနဲ့ ငါတို့လည်း လူ့ပြည်ဆင်းပြီး ကောင်လေးချောချောတွေကို ရေခဲရေနဲ့ လိုက်ပက်မယ် ဘာညာတောင် ဖြစ်ကြသေးတာကွ...

ကျွန်တော်။ ။ အဟီး... ဟီး...

နတ်မင်း။ ။ အဲဒီကတည်းက ငါတို့သခင် သိကြားမင်း သင်္ကြန်ဆို လူ့ပြည်ဘက် မသွားတော့တာပါပဲ... မင်းတို့ လူတွေက ကောင်းကို မကောင်းပါဘူးကွာ...

ကျွန်တော်။ ။ ကျွန်တော်မျိုးတို့ လူတွေက ဆန်းလေကြိုက်လေမို့ပါ ဘုရား...

ဆက်ရန်...

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...