Saturday, April 2, 2011

ကျွန်မရဲ့ စာဖတ်တဲ့ပုံစံ


[By Moe Thu]
ကျွန်မ စာအုပ်တွေကို ချစ်ပါတယ်။ မြတ်မြတ်နိုးနိုးနဲ့ ချစ်တာ မဟုတ်ဘူးလို့ ပြောလို့ရတယ်ဆိုရင်တောင် စွဲစွဲလမ်းလမ်းနဲ့ ချစ်ပါတယ်...။ ကျွန်မရဲ့ အထီးကျန်တဲ့ ခံစားမှု၊ အလိုမကျတဲ့ ဘ၀အမော၊ အားမပါတဲ့ ခြေလှမ်းတွေ အတွက် စာဖတ်ခြင်းနဲ့ ကုစားခဲ့တာ ကျွန်မ စာဖတ်တတ်စ မိုးသောက်ပန်း၊ တေဇ၊ မြတ်မင်္ဂလာ၊ ရွှေသွေး၊ ငွေတာရီ ကနေစခဲ့ရာက.....ခု "တစ်ဘ၀ တစ်သာသနာ" ဖတ်...ဖို့ စိတ်က လှိုက်လှိုက်လှဲလှဲ အာသီသ ဖြစ်လာတဲ့ အရွယ်ထိပဲပေါ့.....။ 

လိုင်းတားမှတ်သားမှု

လက်ထဲမှာ စာတစ်အုပ်ရလာပီဆိုရင် ကျွန်မ ဘာအရင်လိုက်ရှာတတ်လဲဆိုတော့ ခဲတံပါ။ စာအုပ်အငှားဆိုင်က ဆိုရင် ခဲတံပေါ့...။ အပိုင်ဝယ်တဲ့ စာအုပ်မျိုးဆို တစ်ခါတစ်လေ Highlight Pen လေးနဲ့တောင် တို့တတ်ပါသေးတယ်..။ ပီးရင် ကျွန်မရဲ့ မှတ်စုထဲ ပြန်ကူးထဲ့တတ်ပါတယ်..။ များသောအားဖြင့်ကတော့ Diary ထဲ ရေးထဲ့ပစ်တာများပီး...ကျွန်မ Diary ဟာလဲ အချိန်တိုင်း စိတ်ညစ်စရာတွေနဲ့ ပြည့်နေလို့ တစ်နှစ် အကြာ နှစ်နှစ် အကြာတွေ မှာ ပုံစံမျိုးစုံနဲ့ ပျောက်ပျောက် သွားတော့တာပဲ..။ ဒါကြောင့် သီးသန့် မှတ်စုလေး လုပ်ဖြစ်တယ်..။ခုတော့ ကျွန် မတော်တော်လေးကို စိတ် ကသိကအောင့် ဖြစ်နေရတဲ့ ကိစ္စရှိတယ်။ အင်တာနက်ဆိုတာကြီး ပေါ်လာတာ ဖော်မပြနိုင်လောက်တဲ့ အကျိုးတွေ အများကြီး ပေမယ့် စာကို အဲ့ဒီ Screen တွေ ပေါ်မှာဖတ်ရတာ ကျွန်မအဖို့ ဘယ်လိုပြောရမလဲ ချစ်သူဆီက Fly Kiss ရသလို ရင်တော့ ခုန်ရဲ့ ဟာတာတာ...အဲ့လိုပဲ ဥပမာ ပေးရမလား...မသိတော့ပါဘူး..။ ဘာလိုမှန်းတော့ မသိဘူး...လိုတော့လိုနေတာပဲ..။ စာဖတ်မီးရောင်လေး အောက်မှာ စာအုပ်လေး လက်ကကိုင် နောက် ရင်ဘတ်လေးပေါ်တင်ပီး အိပ်ပျော်သွားတဲ့ အရသာက ကျွန်မ အကြိုက်ဆုံး အရသာတွေထဲမှာပါတယ်...။ အကြိုက်ဆုံး ပထမတန်းစား အရသာလို့ ပြောပါရစေ။ခုတော့ ဖတ်မိတဲ့စာသားတွေကို Bold လုပ် မျဉ်းသား၊ နဲ့ Mouse မကိုင်တတ်တဲ့ ကျွန်မ လက်ခလည်က ဗွေတွေလဲ ကုန်ခါနီးပါပီ..။

စာတစ်အုပ် ၃ လကြာ

နောက်တစ်ခု ကောင်းတာလား...မကောင်းတာလား မသိပေမယ့် ကျွန်မ စာတစ်အုပ်ကို ၃လ ကနေ ၆လလောက်အထိ စွဲဖတ်တတ်တာ ဘာအကျင့်မှန်း မသိပါဘူး..။ ခု မြန်မာပြည်မြောက်ပိုင်း ငှားထားတဲ့ ကိုအေးကြူ နောက်နှစ် New Year လောက်မှာတော့ ပြန်ပေးနိုင်မယ် ထင်ပါရဲ့။ :Pဆိုင်ကငှားတဲ့ စာအုပ်တွေကိုတော့ တစ်ထိုင်တည်း အပီး ဖတ်ပေမယ့် အဲ့ဒီမှာ တွေးစရာတွေ ပါလာရင်တော့ နောက်ရက် စာအုပ်ဆိုင် သွားဝယ်တော့တာပါပဲ..။ အထူးသဖြင့် ဆရာမ "ဂျူး" ရဲ့စာအုပ်တွေပေါ့...။စာတစ်ကြောင်းဖတ်လိုက် အတွေးတွေ နဲ့ ပြန်စဉ်းစားလိုက်...ကျွန်မမှာ တွင်းကနှိုက်လို့ ရတဲ့ ငွေတွင်းကြီးရှိရင် သိပ်ကောင်းမှာပဲ။ ဒီလိုလေးပဲ လောက စည်းစိမ် ယစ်မူးချင်လို့လေ..။ ဖေဖေ အမြဲပြောတယ်..."ငါ့သမီးစာအုပ်မကိုင်ခင် ပြောစရာရှိတာပြောဟေ့...မဟုတ်ရင် "အင်း အင်း ဟုတ် ဟုတ်" သာလိုက်နေတာ ဘာမှ သူကြားတာမဟုတ်ဘူး" ဆိုတာ..။ စကားကြီးကြီးကျယ်ကျယ်ပြောတာ မဟုတ်ပါဘူး။ ကျွန်မဖတ်တဲ့စာမှာ ဘောလုံးဂျာနယ်လဲ ပါတာပါပဲ...။ (ဂျရတ် ကို အဖေကြိုက်ရင် အဲ့ ဂျပု ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဖေဖေ့ကို စနိုင်ဖို့လောက် ၊ ပေါက်ခေါလေး "ရောနယ်ဒင်ဟို" တော့ နောက်နှစ် ဘယ်ရောက်တော့မလဲ မသိဘူး ဆိုတာမျိုးလေး ပြောနိုင်ဖို့လောက် ဖတ်တာမျိုးလဲ ရှိပါတယ်...။

ဖြန့်တွေးသိ

စာရေးသူကို ဦးစားပေတတ်လာမှုကတော့ ကျွန်မ အသက် ၂၃ နောက်ပိုင်းလောက်မှ ဖြစ်လာတာပါ...။ စာတစ်အုပ်ဖတ်လိုက်ရင် ဇာတ်ကောင်တွေ စရိုက်ကို လေ့လာပီး စာရေးသူ ဘာပေးချင်တာလဲ ပေးချင်တာထက်ပိုယူနိုင်အောင် ဖတ်ဖြစ်ပါတယ်..။ ဒါကြောင့် စာတွေလဲ ရွေးလာပါတယ်။ နောက် ပိုလဲ လေးနက်လာပါတယ်...။ စာဖတ်အားပါ ကျလာပါတယ်..။ အရင်လို စာတွေ ဖောဖောသီသီ မဖတ်ဖြစ်တော့ပါဘူး။

အဆိပ်စာ၊ အလိမ္မာစာ

စာဆိုတိုင်းလဲ ကောင်းတာတော့ မဟုတ်ပါဘူး။ ဒီလိုလေးရေးလိုက်တာ အန္တရာယ်များပါတယ်...။ နောက် "ငါ့မိန်းမက အတင်းပြောတတ်တဲ့ အကျင့်ရှိတယ်ကွာ"လို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ခံစားမှုမျိုးဖြစ်ပါတယ်။ အမှန်တရားမို့ပြောကိုပြောရအုံးမယ်...။ ပီးခဲ့တဲ့ရက်ပိုင်းကတင် လက်တဲ့စမ်းရေးထားတဲ့ ၀ါသနာသည်တစ်ဦးရဲ့စာပါ...။ဒီလို ခေါင်းစဉ်နဲ့ "တစ်အိမ်ကျော်က မိန်းမဟာ ငါ့ဟော်မုန်းတွေကို ကြီးထွားစေတယ် " တဲ့။ ကျွန်မ သူငယ်ချင်းစာရင်းထဲမှာ မတွေးနိုင်တဲ့ ၁၆ နှစ်အောက် မပါလို့ ဒီမှာ ဖော်ပြပေးလိုက်တာပါ...။ ဒါမျိုးစာတွေမှာ ဘာရသမှ မပါတဲ့အပြင် ဘာကျောရိုးမှ မပါလို့ အဆိပ်လို့ သတ်မှတ်ပါတယ်..။ ကျွန်မပြောအုံးမယ်...။ ငယ်ငယ်က ဖတ်ဖူးတဲ့ ၀တ္ထု အမှတ်မမှားရင် သုမောင် ၊ သာဓု တစ်ယောက်ယောက်ဖြစ်မယ်...အဲ့ အဖွဲ့ထဲကပဲ...။ ဘာစာအုပ်လဲ ဘာလဲ ဘာမှ မမှတ်မိတော့ဘူး..ရသပါပဲ..။ မှတ်မိနေတာလေးတစ်ခုက အခန်းထဲ ၀င်သွားချိန် ရေချိုးပီးစ မိန်းကလေးတစ်ဦး အ၀တ်လှမ်းပုံကို မြင်လိုက်ရလို့ ရေးဖွဲ့ထားတာ...ဆရာ့ ဆရာကြီးတွေ ရေးတာဆိုတော့ ရသကတော့ အလွန်ကောင်း.... အကယ်ဒမီ ရုပ်လေးနဲ့ ညွှန်းဆိုထားတော့ မျက်လုံးထဲကို ပြောချင်တာတန်းကိုပုံပေါပေါ့။ ကျွန်မကတော့ အဲ့ဒီကတည်းက ထမီ ရေလျား မ၀တ်ရဲတော့ပဲ လူရှေ့ (မိဘ) ရှေ့လဲ မနေရဲဘဲ Shower Dress နဲ့ ခုထိပဲ။ အဲ့လိုပေါ့...စာလေးတွေ အရွေးတတ်ဖို့...ဖတ်မိရင်တောင် ဝေဖန်ပိုင်းခြားတတ်ဖို့...။ အသိလေးတော့ ရအောင် အရင်ထဲ့ထားပေါ့..။ကျွန်မကို ဒုက္ခပေးခဲ့တဲ့ စာတစ်အုပ်တော့ရှိတယ်..။ ဒုက္ခလို့ပဲပြောပါရစေတာ့...။ ကျွန်မက ဆက်ဆော့မိတာပါ။ အသက် ၁၂၊ ၁၃ လောက်မှာ ကျွန်မ ဖတ်မိတာ..."ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း" ဘယ်သူရေးမှန်းလဲ မသိ ဘာတွေ ရေးမှန်းလဲ မသိ...။ မွန်နာမည်ပေါင်း များစွာကို ဖတ်ရင်း မှတ်ရင်း.....နောက် သမိုင်းကို ကြောက်သွားခဲ့တာ...။ ၁၀ တန်းမှာ ၄မှတ် တန်ကျက်ရတဲ့ သမိုင်းမှာ မြန်မာ့သမိုင်းဆို လုံးဝကို မထိခဲ့တော့တာ...အရှုံးပေါ်တာပဲ...။ အဲ့လိုပေါ့ အရွယ်နဲ့ တန်တဲ့ စာတွေ ဖတ်ဖြစ်အောင် ပံ့ပိုးပေးမယ့် ပတ်ဝန်းကျင်လဲ လိုသေးတယ်။

အကြီးဆုံး အလှူ၊ သတိအရဆုံး သက်မဲ့

လွန်ခဲ့တဲ့ တစ်နှစ်ခွဲ ဒီလို အချိန်မှာ ကျွန်မတို့ မိသားစု အစိပ်စိပ် အမွှာမွှာ ကွဲတာပါ..။ အင်းးးး အဆိပ်အမွှာလို့ သုံးလိုက်တာ သိပ်တော့ မကောင်းဘူးထင်တယ်... ၃ယောက် ထဲရှိတဲ့ မိသားစုလေးလေ..။ ဖေဖေဆုံးတော့ နောက်မှာ ကျန်ခဲ့တဲ့ သောကတွေ က ပိုတယ်..။ ပင်စင် စားပီး နေနေပီဖြစ်တဲ့ မိခင်အိုကို လဲအခြေအနေ မပျက် နေထိုင်စေချင်တယ်..။ ကြားထဲမှာလဲ အကြီးဆုံးသော စီးပွားရေး လှည့်ကွက် ဂယက်ထဲမှာ ဖေဖေက စခဲ့လို့ အဆုံးသတ်ပေးဖို့ လိုက်ကခဲ့ရတဲ့ ကျွန်မ ဘာကိုမှ မနှောမြောနေနိုင်တော့ဘူး။ အနာဂတ်အတွက် အားအင်တွေ ရှိပေမယ့် ပစ္စုပ္ပန် အတွက် ကျွန်မ တို့ နေတဲ့အိမ်ကြီးကို ရောင်း ပစ္စည်းတွေ အတွက် ပြင်ဆင်နေတဲ့ အချိန် ကျွန်မရဲ့ စာအုပ်စင်(ကြီး) နဲ့ စာဖတ်ခန်းက ညတိုင်း တိတ်တိတ်လေး မျက်ရည်ကျနေခဲ့ရတယ်..။ မေမေရဲ့ စာတွေက ပိုများတယ်...။ ငယ်ငယ်ကတည်း ဖတ်ခဲ့တဲ့ နက္ခတရောင်ခြည်လို စာမျိုးတွေ ပါရှိနေတော့ မေမေ့မှာ မထိန်းသိမ်းချင်တော့ဘူးပေါ့...။
သူ့ရဲ့ ဘာသာရေးနဲ့ ကျွန်မရဲ့ Engineering စာအုပ်တွေ ကလွဲပီး ကျန်တာတွေ ကို ရပ်ကွက် စာကြည့်တိုက် လှူဖို့ ဆုံးဖြတ်ချက် လျှာကိုက်ပီး ချလိုက်ရတယ်...။ ကျွန်မ အလှူ အတွက် ပျော်ခဲ့ပါတယ်။ တစ်ခါတစ်လေတော့ အဲ့ဒီက စာအုပ်တစ်ချို့ကို လွမ်းတာ ကျွန်မ ရင်တွေမှာတောင် ပူလောင်လောင် ဖြစ်ရပါတယ်...။ ကျွန်မရဲ့ တစ်ခုတည်းသော သက်မဲ့ အလွမ်းလေးပေါ့..။
ခုတစ်ခေါက်တော့ အခွင့်အရေးရရင် မေမေမသိအောင် ဆရာမ "ဂျူး" စာအုပ်တွေ အကုန် ၀ယ်ပါအုံးမယ်..။ နောက် တစ်ကြိမ် မသိမ်းထားနိုင်လဲ နောက်တစ်ခါ ထပ်လှူလိုက်တာပေါ့...။

ကျွန်မ အခု တစ်ယောက်ထဲ ဖြစ်နေပါပီ..။ တစ်ကယ်ကို တစ်ယောက်ထဲပါ။ ပိတ်ရက်များရောက်ရင် ငါ အသက်ရှင်နေတာ ဘာအတွက်ပါလိမ့်လို့ ကြောင်တောင်တောင် အတွေးတွေ ၀င်လာနေတဲ့အထိ ဆိုးဝါးနေပါပီ..။ ဆိုတော့ ကျွန်မ စာပြန်ဖတ်ဖို့ အခွင့်အရေး နောက်တစ်ခါ ရလာပြန်ပီပေါ့.....။

တစ်ကယ်တော့ အလိမ္မာစာမှာရှိလို့ ရှေး ပညာရှိတွေ ကဆိုခဲ့ပေမယ့်.... ကျွန်မ အဖို့ကတော့ "အဆိုးချိန်တွေ အောင်နိုင်ရာ စာဖတ်တဲ့သဘောပါ"။ အရိုးရင့်နေတဲ့ ကျွန်မထူးပီး မလိမ္မာချင်တော့ပါဘူး..။ မမိုက်ဖြစ်အောင်တော့ နေသွားလို့ ရနေပီလေ.....။
ကျွန်မကို စာဖတ်ဖို့ အသိပေးခဲ့တဲ့ ကျွန်မ သိပ်ကိုချစ်ရတဲ့ ဖေဖေ့ကို ဒီနေရာကနေ ကန်တော့ပါတယ်။
ခင်နှင်းယုရဲ့ "မွှေးဆိုသော မိန်းကလေး" ၀တ္ထုကို ပထမဆုံး စဖတ်စေတဲ့ မေမေ့ကိုလဲ ကျေးဇူးတင်ပါတယ်။
ဖေဖေနဲ့ မေမေရဲ့ သမီး ဖြစ်ခွင့်ရပီး စာဖတ်ပျင်းပေမယ့် စာတွေ ကိုစိတ်ဝင်စားမှု ရှိလာအောင် လမ်းညွှန်ပေးခဲ့တဲ့ မိဘနှစ်ပါးကို အစဉ်ကျေးဇူးတင်ရင်း....................။

ပိစိ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...