ကျနော်သိသမျှ ယဉ်ကျေးမှုတန်ဖိုး (Civic Virtue)
လူအများကကောင်းတယ်လို့ လက်ခံသတ်မှတ်ထားတဲ့အရာတွေကို ယဉ်ကျေးမှုလို့ခေါ်ကြောင်းနဲ့ ထိုသတ်မှတ်ချက်များကို ကျင့်သုံးအကောင်အထည်ဖော်ရာမှ ထွက်ရှိလာတဲ့ရလဒ်တွေကိုတော့ ယဉ်ကျေးမှုတန်ဖိုးလို့ခေါ်ကြောင်း လေ့လာမှတ်သားဖူးပါတယ်။ ဒီယူဆချက်ကို မိမိတို့တဦးချင်စီရဲ့ ယဉ်ကျေးမှုအပေါ် သမရိုးကျသိနားလည်မှုတွေနဲ့ စံထိုးကြည့်တဲ့အခါမှာ လက်ခံဖို့ ခက်ကောင်းခက်နိုင် ပါတယ်။ နားလည်လွယ်အောင် လက်တွေ့ကျကျ အနီးစပ်ဆုံးဥပမာတခုပေါ်တင်ပြီး ဆင်ခြင်ကြည့်ချင် ပါတယ်။
လူအများက လူသတ်မှုဟာမကောင်းဘူး၊ လူ့အသက်ကိုမသတ်ခြင်းဟာကောင်းတယ်လို့ သတ်မှတ်ကြ တယ်ဆိုကြပါစို့။ လက်ခံသူ များလာလေလေ လူသတ်မှုနည်းလာလေလေဖြစ်မှာပါ။ သတ်မှတ်ခြင်းကို လက်ခံတဲ့ကာလနဲ့ နယ်ပယ် ကျယ်ဝန်းလာမှု အခြေအနေများအပေါ်မူတည်ပြီး ယဉ်ကျေးမှုအနည်းအများကို တိုင်းတာသတ်မှတ်နိုင်ပါတယ်။ ယဉ်ကျေးမှုဘယ်လောက်ရှိလာတယ်ပေါ့။
လူအများက လူသတ်မှုဟာမကောင်းဘူး၊ လူ့အသက်ကိုမသတ်ခြင်းဟာကောင်းတယ်လို့ သတ်မှတ်ကြ တယ်ဆိုကြပါစို့။ လက်ခံသူ များလာလေလေ လူသတ်မှုနည်းလာလေလေဖြစ်မှာပါ။ သတ်မှတ်ခြင်းကို လက်ခံတဲ့ကာလနဲ့ နယ်ပယ် ကျယ်ဝန်းလာမှု အခြေအနေများအပေါ်မူတည်ပြီး ယဉ်ကျေးမှုအနည်းအများကို တိုင်းတာသတ်မှတ်နိုင်ပါတယ်။ ယဉ်ကျေးမှုဘယ်လောက်ရှိလာတယ်ပေါ့။
အဲဒီယဉ်ကျေးမှုရဲ့ ရလဒ်အဖြစ်ကတော့ လက်ခံကာလနဲ့ ဒေသအတွင်းမှာ လူအသတ်ခံရမှာကို စိုးရိမ်စရာမလိုတော့သလို၊ လူသတ်မှုဆိုတဲ့ အနိဋ္ဌာရုံသတင်းတွေကို မကြားရတော့ဘူးပေါ့။
သမိုင်းနဲ့ချီပြီး အကျယ်သဘောပြောကြမယ်ဆိုရင်တော့ လူ့သမိုင်းအစမှာ လူနဲ့တရိစ္ဆာန်တွေဟာ ယဉ်ကျေးမှုအဆင့် အတူတူပဲလို့ ဆိုကြပါတယ်။ မိသားစုဘ၀မရှိခြင်း၊ အတည်တကျ မနေထိုင်ကြခြင်းနှင့် လက်ရှိတရိစ္ဆာန်များရဲ့အခြေအနေများ အတိုင်းလို့ဆိုနိုင်ပါတယ်။ ကာလရွေ့လျားလာတာနှင့်အမျှ လူတွေရဲ့ဖြစ်ပေါ်တိုးတက်မှုတွေဟာ တစတစပြောင်းလဲခဲ့ကြပါတယ်။ တဦးချင်းနေထိုင်ရာမှ အစုအဖွဲ့နေထိုင်တတ်လာခြင်း၊ ခေါင်းဆောင်များကို အသိအမှတ်ပြုလာခြင်း၊ စည်းကမ်းများချမှတ်လာ ခြင်းအပါအ၀င် လူ့အဖွဲ့အစည်းပီသလာတဲ့လက္ခဏာတွေအဖြစ် ပြောင်းလဲလာရာမှ ယနေ့အခြေအနေထိ ရောက်လာကြတာပေါ့။ ဒီနေရာမှာ အဓိကပြောချင်တာကလူတွေဟာ ယဉ်ကျေးလာကြတယ်ဆိုတာပါပဲ။ ဘယ်လောက်အထိ ယဉ်ကျေးလာကြပြီလဲ ဆိုတာကိုတော့ မှုလတိရိစ္ဆာန်တွေနဲ့တန်းတူ ယဉ်ကျေးမှုအဆင့် ကနေ လမ်းခွဲပြီး ဘယ်လောက် ဖွံ့ဖြိုးတိုးတက်လာပြီဆိုတာတွေနဲ့တိုင်းတာနိုင်ပါတယ်။ ဒါကိုပဲ ယဉ်ကျေးမှုလို့ခေါ်ခဲ့ကြပြန်ပါတယ်။ အချက်အလက်အားဖြင့် ပြောနိုင်တာတွေကတော့ စုဖွဲ့နေထိုင်ခြင်း၊ ခေါင်းဆောင်၊ စည်းကမ်း ဥပဒေများနဲ့ နေထိုင်လာခြင်းတွေပေါ့။ ပိုပြီးအနုစိတ်သဘောဆိုရရင် စုဖွဲ့နေထိုင်ရာက မြို့ ရွာ၊ နိုင်ငံ အသီးသီးဖြစ်ပေါ်လာသလို၊ ခေါင်းဆောင်မှုတွင်လည်း၊ အကြီးအကဲ၊ မြို့စားရွာစား၊ ဘုရင်၊ အစိုးရ၊ ၀န်ကြီးချုပ်၊ သမ္မတစသဖြင့် အုပ်ချုပ်မှုပုံစံစနစ်တွေ ဖြစ်ပေါ်လာခဲ့ကြပါတယ်။ ဥပဒေပိုင်းတွင်လည်း စည်းမျဉ်းစည်းကမ်းများမှလည်း ဓလေ့ထုံးစံများ၊ ထိုမှတဆင့်ဥပဒေများကို နေရာဒေသအလိုက်၊ လုပ်ငန်းအလိုက်အသေးစိတ် ချယ်မှုန်းလာ ကြတဲ့သဘောရှိပါတယ်။ ဒါတွေကိုက လူတွေဟာ တိရိစ္ဆာန်တွေနဲ့ မတူတော့တဲ့ ယဉ်ကျေးမှုတွေအဖြစ် ကြည့်မြင်နိုင်ကြပါတယ်။ ဒီယဉ်ကျေးမှုတွေရဲ့ တန်ဖိုးအားဖြင့် လူ့အဖွဲ့အစည်းဟာ လွတ်လပ်ခြင်း၊ ငြိမ်းချမ်း သာယာခြင်း၊ တရားမျှတခြင်းနဲ့ဖွံ့ဖြိုးတိုးတက်ခြင်းတွေကို ခံစား စံစားရတယ်ပေါ့။
အထက်ကဖော်ပြခဲ့တာတွေထက် အနှစ်သာရပိုကျတဲ့ အပိုင်းတွေကတော့ လူတွေဟာစုဖွဲ့နေထိုင်ခြင်း၊ အုပ်ချုပ်မှုကို ခံယူတတ်လာခြင်းနဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ နေထိုင်တတ်လာကြခြင်းတွေရဲ့ အကြောင်းရင်းခံတွေလို့ပြောနိုင်ပါတယ်။ ဒီအကြောင်းရင်းကို အချုပ်အားဖြင့် ပြောနိုင်တာကတော့ လုံခြုံမှုကြောင့်လို့ တခုထဲပြောနိုင်ပါတယ်။ သားရဲတိရိစ္ဆာန်၊ လူလူချင်းနဲ့ သဘာဝ ဘေးအန္တရာယ်တွေရဲ့ ဘေးရန်က လုံခြုံမှုပါပဲ။ အသေးစိတ်သဘောဆိုရင်တော့ အသက်ရှင်သန်ပိုင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နဲ့ အခြေခံလွတ်လပ်ခွင့်တို့လိုဆိုနိုင်ပါတယ်။ ဆိုလိုတာက့ ဒီ(၃)ချက်ကို လူ့အဖွဲ့ အစည်းတခုမှာ အာမခံချက် ပေးနိုင်မှသာ ယဉ်ကျေးပြီလို့ အနှစ်သာရအားဖြင့် သတ်မှတ်နိုင်မယ့်သဘောပါ။ ဥပမာအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီ ၃ချက်ရှိနေပြီလား။ အုပ်ချုပ်မှုသဘောအရ အစိုးရက ဖြစ်စေ၊ ဥပဒေအရဖြစ်စေ ဘယ်လောက်အထိ အာမခံချက်ပေးထားပြီလဲ။ အာမခံချက်ရှိနေပြီဆိုရင်တော့ ယဉ်ကျေးတဲ့လူ့အဖွဲ့ အစည်း တရပ်လို့ ဆိုနိုင်ပြီပေါ့။
ဒီနေရာမှာ ဘယ်လောက်အထိ ယဉ်ကျေးနေပြီလည်းဆိုတာကိုတော့ လူအများကသတ်မှတ်လက်ခံတဲ့ စံတွေကို အနုစိတ်နိုင်ရင် စိတ်နိုင်သလောက် ခွဲချမ်းစိတ်ဖြာပြီး ကျင့်သုံးနိုင်ရင် ကျင့်သုံးနိုင်သလောက် ယဉ်ကျေးပြီလို့ ပြောနိုင်မှာပါ။ အသက်ရှင်သန်ခွင့်ဆိုတဲ့ အချက်တချက်ကိုပဲ သရုပ်ခွဲကြည့်မယ်ဆိုရင်တောင်၊ လူ့အသက်ကိုသတ်ခြင်းမှ ကင်းလွတ်ခြင်းလို့ အကြမ်းဖျင်းသတ်မှတ်ခြင်းထက်မက စားဝတ်နေရေး မပြည့်စုံမှု တွေကြောင့်ဖြစ်စေ၊ ကျန်းမာရေး၊ ပညာရေးစသဖြင့် ချို့တဲ့မှုများကြောင့် ဖြစ်ပေါ်လာသော အသက်အန္တရာယ် များကိုဖြစ်စေ၊ လူ့အဖွဲ့အစည်းက ဘယ်လောက်အထိ တာဝန်ယူအာမခံနိုင်ပြီလည်းဆိုတာတွေနဲ့ဖြစ်စေ အသေးစိတ်တိုင်းတာ ကြည့်နိုင်ပါတယ်။ နောက်ဆုံးအဆင့်မှာ ပြစ်မှုကြီးလွန်းတဲ့ သေဒဏ်ကိုတောင်ပယ်ဖျယ်ဖို့ လိုအပ်ပြီလို့ တွေးခေါ်လာကြတဲ့အထိ ယဉ်ကျေးလာကြတဲ့နိုင်ငံတွေလည်း ရှိနေကြပါပြီ။
ယဉ်ကျေးမှုဆိုတာတွေဟာ လူတွေကိုယ်တိုင် တည်ဆောက်ခဲ့ကြရတာချည်းပါ၊ ဒီယဉ်ကျေးမှုကို ခေါင်းဆောင်ခဲ့သူတွေကို ယဉ်ကျေးမှု ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ကြလေ့ရှိပြီး၊ နိုင်ငံ (သို့) လူ့အဖွဲ့အစည်းက စံထား၊ တန်ဖိုးထား အသိအမှတ်ပြုလေ့ရှိကြပါတယ်။ ပမာအားဖြင့် တိုင်းတပါးရဲ့ လက်အောက်ခံ ကျွန်အဖြစ်ရှိနေခြင်းဟာ မကောင်းဘူး၊ လွတ်မြောက်ခြင်းဟာကောင်းတယ်ဆိုတဲ့ ယဉ်ကျေးမှုကို ဦးဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဒီ အစရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေရှိခဲ့ကြသလိုပါ။ ၄င်းတို့ဦးဆောင်ခဲ့တဲ့ ယဉ်ကျေးမှုရလဒ်အဖြစ် ၄င်းတို့နေထိုင်ရာ တိုင်းပြည် သို့မဟုတ် လူ့အဖွဲ့အစည်းဟာ လွတ်လပ်ခြင်းဆိုတဲ့ ယဉ်ကျေးမှုတန်ဖိုးကို ခံစားခွင့်ရကြရတာပေါ့။ ဒီလိုပဲ အခြားအခြားသော ကဏ္ဍများအဖြစ် ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိးခြင်းနှင့် တရားမျှတခြင်းစတဲ့ ယဉ်ကျေးမှုများကို ဦးဆောင်ခဲ့ကြတဲ့ ခေါင်းဆောင်အသီးသီး ပေါ်ထွက်ခဲ့ဖူးကြသလို လူ့အဖွဲ့အစည်းတွေဟာလည်း ပိုပိုပြီး ယဉ်ကျေးမှုတန်ဖိုး တွေကို တွေ့မြင်ခံစားနေကြ ရပါပြီ။
လက်ရှိအနေအထားအရ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီယဉ်ကျေးမှုကို တည်ဆောက်နေတာ အနှစ် (၂၀) ကျော်လာပါပြီ။ ခေါင်းဆောင်တွေအသီးသီးလည်း ပေါ်ထွက်နေကြပါပြီ။ ဒီမိုကရေစီယဉ်ကျေးမှု ဘယ်လောက်အထိရှိနေပါပြီလဲ။ ဒီမိုကရေစီ ယဉ်ကျေးမှုတန်ဖိုးကို ပြည်သူတွေဘယ်လောက်မြင်တွေ့ခံစား နေရပါပြီလဲ။ သေခြာတာကတော့ ဒီမိုကရေစီယဉ်ကျေးမှုအပေါ် လူတွေရဲ့ လက်ခံကျင့်သုံးနိုင်မှု အတိုင်းအ တာပေါ်မှာ တည်မှီနေသည်ဟုသာ ထင်မြင်မိပါတော့တယ်။
လူဗိုလ်
0 comments:
Post a Comment