Thursday, March 31, 2011

သမ္မတသစ်ဦးသိန်းစိန် အစိုးရအဖွဲ့ကို မိန့်ခွန်းပြောကြား

by ဆန်း သစ် on Friday, April 1, 2011 at 1:25am
မတ် ၃၀ ရက်နေ့က ရာထူး လက်ခံခဲ့တဲ့ သမ္မတသစ် ဦးသိန်းစိန်က မတ် ၃၁ ရက် မနက်မှာ အစိုးရအဖွဲ့အစည်း အသီးသီးက အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်များကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မိန့်ခွန်းထဲက အရေးကြီးတဲ့ အချက်များကို အခုလို စုစည်း တင်ပြပေးလိုက်ပါတယ်။

သမ္မတနဲ့ ၀န်ကြီးများရဲ့လစာ

သမ္မတသစ်က နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက သမ္မတနဲ့ အစိုးရအဖွဲ့ဝင်များရဲ့ လစာကို သတ်မှတ် ပေးထားပြီး ဖြစ်ပေမယ့် နိုင်ငံတော်ရဲ့ ငွေကြေး အခြေအနေ၊ နိုင်ငံသားများရဲ့ အကျိုးကို ရှေ့ရှုပြီး လစာနှုန်းထား အသစ်များကို ခံစားခြင်း မပြုဘဲ ယခင်နယက လက်ထက်က သတ်မှတ်ထားတဲ့ လစာများအတိုင်းဘဲ ခံစားမယ်လို့ ကြေညာ သွားပါတယ်။ ယခင် လစာဟောင်းက သမ္မတ (နယက ဥက္ကဌ) ၁၂ သိန်း၊ ၀န်ကြီး ၆ သိန်း၊ ဒုဝန်ကြီး ၄ သိန်းဖြစ်ပြီး လစာနှုန်းသစ်က သမ္မတ သိန်းငါးဆယ်၊ ၀န်ကြီး သိန်းသုံးဆယ်၊ ဒုဝန်ကြီး သိန်း ၂၀ ဖြစ်ပါတယ်။


သမ္မတသစ်က တိုင်းပြည်ဟာ တိုးတက်လာတာ မှန်ပေမယ့် စားဝတ်နေရေး ပြည့်စုံမှု မရှိသေးသူတွေ၊ တစ်နေ့စာ တစ်နေ့ ရှာဖွေ စားသောက်နေရတဲ့ လက်လုပ် လက်စားသမားတွေ၊ အလုပ်အကိုင် မရှိသူတွေ ရှိနေဆဲဖြစ်တယ်။ ဒီအချိန်မှာ နိုင်ငံတော်ကို ဦးစီး ဦးဆောင် လုပ်မယ့် အဆင့်ဆင့်သော အစိုးရအဖွဲ့အနေနဲ့ ရသင့်တဲ့ အခွင့်အရေး ဆိုပေမယ့် ဒီအခွင့်အရေးကို အပြည့်အ၀ မယူသင့်ဘူးလို့ ကျိုးကြောင်း ပြသွားပါတယ်။ ဒါ့ကြောင့် သမ္မတကစပြီး ပြည်နယ် ၀န်ကြီးများအထိ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်ဝန်ကြီးများ၊ အရာရှိကြီးများ အားလုံးဟာ လစာနှုန်း အဟောင်း အတိုင်းပဲ ခံစားရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းလစာ

သမ္မတက လွှတ်တော် ကိုယ်စားလှယ် အသီးသီးရဲ့ တင်ပြချက်များ အရ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနဲ့ ပင်စင် လစာများကိုလည်း သင့်လျော်သော ကာလမှ တိုးမြှင့် ပေးပါ့မယ်လို့ ဂတိပေးသွားပါတယ်။

ကောင်းမွန်သော အုပ်ချုပ်မှု

သမ္မတက အစိုးရသစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ သန့်ရှင်းသော အစိုးရ ပေါ်ပေါက် လာအောင် လုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ အဲဒီလို ဖြစ်နိုင်ဖို့အတွက် အစိုးရ လုပ်ငန်းများဟာ ပွင့်လင်းမှု ရှိရမယ်၊ တာဝန်ခံမှု ရှိရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ ကိုက်ညီရမယ်၊ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီပြီး အားလုံး ပါဝင်နိုင်မှု ရှိရမယ်၊ လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိရမယ်လို့ ပြောသွားပါတယ်။

ဒီမိုကရေစီကျင့်စဉ်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင် မာမာ၊ အနှစ်သာရ ရှိရှိ၊ မှန်မှန် ကန်ကန် ကျင့်သုံးနိုင်ဖို့ အတွက် ပြည်သူများက လွတ်လပ်ခွင့်နဲ့ အခွင့်အရေးများကို ကျင့်သုံးရာမှာ ဥပဒေနဲ့ အညီ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများနဲ့ အညီ ကျင့်သုံးဖို့ လိုသလို၊ အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ ဘက်ကလည်း လုပ်ငန်း ဆောင်ရွက်ရာမှာ ဖြစ်စေ၊ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို အကောင် အထည်ဖော်ရာမှာ ဖြစ်စေ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို ဟန့်တား ပိတ်ပင်သကဲ့သို့ မဖြစ်စေဘဲ အဲဒီ အခွင့်အရေးများကို နည်းမှန်၊ လမ်းမှန်နဲ့ ပြည်ထောင်စု အကျိုး၊ လူအဖွဲ့အစည်း အကျိုးကို မထိခိုက်စေဘဲ ကျင့်သုံး နိုင်အောင် ကူညီ ထိန်းကျောင်း ပေးတာမျိုးပဲ ဖြစ်သင့်တယ်လို့ ရှင်းပြသွားပါတယ်။

တရားဥပဒေ စိုးမိုးရေး ( Rule of Law)

သမ္မတက တရားစီရင်ရေး အဖွဲ့အစည်းများ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တရားစီရင်ရေး မူများအတိုင်း လိုက်နာဖို့၊ ဥပဒေ စိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်းများကလည်း ကျောသား ရင်သား မခွဲခြားဘဲ လုပ်ဆောင်ဖို့၊ မိမိတို့ ကိုယ်တိုင်လည်း တရားဥပဒေကို စံနမူနာပြ လိုက်နာဖို့ တိုက်တွန်း သွားပါတယ်။

အစိုးရလုပ်ငန်းများ

အစိုးရလုပ်ငန်းများ လုပ်ဆောင်ရာမှာ လျင်မြန် သွက်လက်ဖို့နဲ့ ထိရောက်မှုရှိဖို့ လိုတယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့် ရည်မှန်းချက် အောင်မြင်ရေး အတွက် လုပ်ထုံး လုပ်နည်းများကို လျစ်လျူရှုခြင်း၊ ကုန်ကျစရိတ်နဲ့ အလေအလွင့်များကို အလေးမထားခြင်း ဆိုတဲ့ အစွန်းတရားများကို ရှောင်ဖို့ လိုတယ်လို့ သတိပေးသွားပါတယ်။ နောက်ပြီး ပြည်သူ့ဆန္ဒကို အလေးထားဖို့နဲ့ စာနယ်ဇင်းများရဲ့ ကဏ္ဍကိုလည်း အလေးထားရမယ်လို့ ထောက်ပြ သွားပါတယ်။

ဒါ့အပြင် အုပ်ချုပ်မှု ရေးရာများဟာ ပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ အပေါ် အဓိက လွှမ်းမိုးနေတဲ့ ကိစ္စတွေ ဖြစ်တယ်၊ ပြည်သူတွေဟာ စနစ်တစ်ခု ကောင်း မကောင်း ဆုံးဖြတ်ရာမှာ သူတို့ရဲ့ နေ့စဉ် လူနေမှုဘ၀ အပေါ် ဘယ်လို အကျိုး သက်ရောက်တယ် ဆိုတာနဲ့ပဲ တိုင်းတာကြမှာ ဖြစ်တယ်လို့ သတိ ပေးသွားပါတယ်။ ဒါ့ကြောင့် အုပ်ချုပ်မှု ယန္တရားကလည်း ပြည်သူတွေရဲ့ လူနေမှုဘ၀ကို အဆင်ပြေအောင် ဆောင်ရွက်မယ်၊ ပြည်သူ့ ၀န်ထမ်းများကလည်း ပြည်သူတွေကို မျှမျှတတ ဆက်ဆံမယ်၊ ပြည်သူတွေဟာ တရားဥပဒေရဲ့ ကာကွယ် စောင့်ရှောက်မှု အောက်မှာ အေးချမ်းစွာ နေထိုင် နိုင်တယ် ဆိုရင် အခြေခံဥပဒေကို ယုံကြည် ကိုးစားလာမှာပဲလို့ ဆက်ပြောသွားပါတယ်။

အသွင်ကူးပြောင်းရေး

သမ္မတသစ်က ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်တဲ့ နေရာမှာ ပထမငါးနှစ်က အရေးအကြီးဆုံးပဲ၊ ဒီကာလမှာ မှန်ကန် ခိုင်မာတဲ့ ခြေလှမ်းတွေ လှမ်းနိုင်ဖို့ အတွက် အုပ်ချုပ်မှုစနစ် ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့ လိုတယ်လို့ ထောက်ပြ သွားပါတယ်။

အဂတိလိုက်စားမှု

သန့်ရှင်းတဲ့ အစိုးရ ဖြစ်ဖို့အတွက် အဂတိတရား ကင်းရှင်းဖို့ လိုတယ်၊ လာဘ်ပေး လာဘ်ယူ ကိစ္စ ကင်းရှင်းဖို့ အတွက် မိမိ ကိုယ်တိုင်နဲ့ မိမိ တာဝန်ယူရတဲ့ ဌာနကို ထိန်းကျောင်းသွားဖို့၊ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အပေါင်းအသင်းများ၊ ဆွေမျိုးသားချင်းများ အတွက် အခွင့်အလမ်းများ ဖန်တီးပေးတာကို ရှောင်ရှားဖို့ တိုက်တွန်း သွားပါတယ်။

သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းနှစ်ခုလုံးမှာ ဒီမိုကရေစီ စနစ်မှာ ပြည့်စုံရမယ့် အင်္ဂါရပ်များ ဖြစ်တဲ့ နိုင်ငံသားများရဲ့ အခွင့်အရေး၊ ကောင်းမွန်သော အုပ်ချုပ်မှု စနစ်၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှုကို အလေးပေး ပြောသွားတာ၊ အခြေခံဥပဒေ ဘောင်ထဲကနေ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ဖို့ အတွက် အားလုံးပါဝင်ဖို့ ဖိတ်ခေါ် ခဲ့တာတွေဟာ ထူးခြားတဲ့ အချက်များ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြဋ္ဌာန်းခဲ့တဲ့ လစာ နှုန်းထားသစ်များကို အသုံးမပြုဖို့ ဆုံးဖြတ် ခဲ့တာဟာလည်း မှတ်သားသင့်တဲ့ အချက်ပါပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...