Friday, March 25, 2011

ကလေးများနှင့် ငွေကြေးစီမံခန့်ခွဲမှု


Image and video hosting by TinyPic

သင့်ရဲ ရင်သွေးငယ်လေးတွေ အောင်မြင်မှုတစ်ခုခု လုပ်လာတိုင်း ၊ မိဘကို ကူညီတိုင်း သင်ဆုချီးမြှင့်ဖူးပါသလား။ သူတို့ ရဲ့ ဝေယျာဝစ္စလေးတွေ သူတို့ကိုယ်တိုင် လုပ်ပေးတိုင်း သင် သူတို့ကို ငွေသားဖြစ်စေ ၊ လက်ဆောင်ပစ္စည်း တစ်ခုခုဖြစ်စေ ဆုအနေနဲ့ ပေးခဲ့ ဖူးပါသလား။

ကျောင်းက သင့်ကလေးတွေအတွက် ဂဏန်း သင်္ချာတွေ ၊ အတွက် အချက်တွေ ၊ ဂဏန်းသင်္ချာပုစ္ဆာ တွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ ချဉ်းကပ်နည်းတွေ သင်ပေးပါလိမ့်မယ်။ သို့သော်လည်း ကလေးတွေ သူတို့ရဲ့ ငွေကြေး ကို ဘယ်လို အကျိုးရှိစွာ စီမံခန့်ခွဲပြီး အသုံးပြုမလဲဆိုတာ သင်ပေးမှာတော့မဟုတ်ပါဘူး။ ဒီလို ငွေကြေးစီမံခန့်ခွဲမှုကို ငယ်ငယ်ကတည်းက မသင်ယူခဲ့ကြရတဲ့ အတွက် အတော်လေး အရွယ်ရောက်တဲ့ အခါမှာ အမှားတွေနဲ့ စမ်းသပ်မှုတွေ ရင်ဆိုင်ကြုံတွေ့ ကြရမှာဖြစ်ပါတယ်။


ဒါတွေ ရှောင်လွှဲနိုင်ဖို့ သင့်ရဲ့ကလေးတွေနဲ့ ငွေကြေးဆိုင်ရာအကြောင်းကို ဆွေးနွေးကြည့်မယ်။ ငွေကြေးရဲ့ အသုံးဝင်ပုံလေးတွေ ၊ တန်ဖိုးရှိပုံလေးတွေ ၊ ငွေကြေးနဲ့ ပတ်သက်ပြီး အစီအစဉ်ကောင်းလေးတွေ (ဥပမာ - ဝင်ငွေ ၊ ထွက်ငွေ ၊ စုဆောင်းငွေ ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်း) စသည်တို့ကို သင့်ကလေးလေးတွေနဲ့ ဆွေးနွေးကြည့်မယ် ဆိုရင် သင့်ကလေးဟာ သိပ်မကြာခင်မှာပဲ ငွေကြေးကို ဘယ်လို အကျိုးရှိရှိသုံးစွဲမလဲ ၊ ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာ ကျင့်သားတကျ လုပ်တတ်နေမှာဖြစ်ပါတယ်။

တကယ်တမ်းတော့ ငွေကြေးကို စီမံခန့်ခွဲဖို့ အတွက် နည်းလမ်းများစွာရှိပါတယ်။ အခြေခံဆိုတာကို ငယ်ကတည်းက မှန်ကန်စွာ သင်ယူလေ့လာခဲ့တဲ့ ကလေးဟာ အကောင်းဆုံး စီမံခန့်ခွဲမှု အရည် အသွေးတွေကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ The Earlier The Better…… စောလေ ကောင်းလေပါ။

တစ်ခါတစ်ရံ ရှုပ်ထွေးတဲ့ ငွေကြေးစနစ်တွေကို သင့်ကလေးကို သင်ကြားပေးရတာဟာ ကလေးအတွက် စိတ်ပျက်စရာ ၊ စိတ်အားလျော့ချင်စရာကောင်း နေပေလိမ့်မယ်။ ဒါပေမယ့် သင်ဟာ သင့်ကလေးအတွက်မှန်ကန်တဲ့ ၊ လည်လည်ဝယ်ဝယ် ချက်ချက်ချာချာဖြစ်တဲ့ အကျင့်ကောင်းလေးတွေကို ငယ်ကတည်းက သင်ပေးသင့်ပါတယ်။ ဖြည်းဖြည်းချင်း နည်းနည်းချင်း သင်ပေးသင့်ပါတယ်။ သင့်ကလေးတွေနဲ့ ဆွေးနွေးတဲ့ အခါမှာလည်း ကလေးတွေရဲ့ မေးခွန်းလေးတွေကို ရိုးသားစွာဖြေပေးပြီး ငွေကြေးကို ဘယ်လို ၊ ဘာကြောင့် ဘယ်နေရာမျိုးမှာ ရွေးချယ်အသုံးပြုမလဲဆိုတာကို ရှင်းပြပေးနိုင်တာ အကောင်းဆုံးပါ။

သူတို့ အသုံးစရိတ်အတွက် တွက်ချက်တာကို သူတို့ ကိုယ်တိုင် တွက်ချက်ပါစေ။ မူကြို ၊ သူငယ်တန်း ကတည်း ကစပြီး ငွေကြေးကိုင်တွယ် သုံးတတ်နေတဲ့ ကလေးတွေ ရှိကောင်းရှိပါမယ်။ ဥပမာ - မုန့်ဖိုးငွေ ၅၀၀ ကျပ် ပေးလိုက်ပြီဆိုပါစို့။ သင့်ကလေး ဒီငွေကြေးကို ဘယ်လို အသုံးပြုမလဲ ၊ မုန့် နဲ့ အအေးနဲ့ သောက်လို့ ရအောင် ခွဲဝေတတ်မလား ၊ တစ်ချို့ကို စားပြီး တစ်ချို့ကို စုမလား ၊ ဒါမှ မဟုတ် အိမ်ကနေ ထမင်းဗူးထုပ် သွားပြီး မုန့်ဖိုးအားလုံး စုမလား စတာတွေကို ဆွေးနွေးကြည့်နိုင်ပါတယ်။ ကိုယ်က ဦးဆောင်ဆွေးနွေး ၊ သင်ပြပေးရင် တော့ အရွယ်နည်းနည်းရောက်လာတဲ့ အခါမှာ (တက္ကသိုလ် ၊ ကောလိပ်သွားတဲ့ အရွယ်မှာ) နေ့စဉ် ၊ လစဉ် ငွေကြေးဘယ်လို စီမံခန့်ခွဲပြီး သုံးမလဲဆိုတာ အတော် ကျွမ်းကျင်သွားမယ့် ကိစ္စတစ်ခုပါ။

နောက်ထပ် ကိုယ့်ရင်သွေးကို လက်ဆင့်ကမ်း ဖို့တစ်ခုက တကယ့်တကယ် လက်တွေ့ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေပေါ်မှာ ကိုယ်သင်ထားပေးခဲ့တဲ့ အချက်တွေ တကယ် အသုံးချနိုင်ဖို့ အတွက် ကူညီအားပေး ဖို့ပါပဲ။ ဥပမာ - ကြော်ငြာ အရမ်းသုံးထားတဲ့ ပစ္စည်းနဲ့ ကြော်ငြာသိပ်မသုံးထားတဲ့ ပစ္စည်း ယှဉ်ကြည့်ပြီး ဘယ်ပစ္စည်းက ဈေးပိုကြီးနိုင်သလဲ ၊ ကြော်ငြာတိုင်း ကောင်းသလား ဆိုတာလေးတွေ အသိပေးရှင်းပြသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဒီလို အသိလေးတွေရှိဖို့ ၊ ရင်သွေးငယ်လေးတွေကို ပြောပြဖို့ လေ့လာထားသင့်ပါတယ်။ ဒါဆိုရင် သင်ကိုယ်တိုင်လည်း ကြော်ငြာဆိုတာ လူတွေကို ဘယ်လို သက်ရောက်တယ်ဆိုတဲ့အကြောင်း ၊ စားသုံးသူတွေကို ဘယ်လိုလွှမ်းမိုးဖို့ ကြိုးစားကြောင်း သိလာသလို သင့် ရင်သွေးလေးတွေကို ရှင်းပြပေးနိုင်ဖို့ အခွင့်အရေးကောင်းလည်း ဖြစ်ပါတယ်။

တချို့နိုင်ငံတွေမှာတော့ ဖုန်းခ ၊ အင်တာနက်ခ စတာတွေကို ကိုယ်သုံးသလောက် ကိုယ်ပြန်ပေးရတဲ့ စနစ်မျိုးလေး ကလေးတွေကို အကျင့်လုပ်ပေးပါတယ်။ ဒီတော့ ကလေးတွေက ကိုယ်ကိုယ်တိုင် ဘယ်လို အခွန်အခတွေ ပေးဆောင်ရတယ် ဆိုတာတွေ သိလာတဲ့ အပြင် ၊ နောက်ကျကြေး တွေ အကြောင်း လည်း သိလာပါတယ်။ ဒါ့အပြင် သူတို့နိုင်ငံက ကလေးတွေ ကို စတော့ရှယ်ယာတွေ ဝယ်ဖို့လဲ အားပေးကြတာတွေ့ရတယ်။ ဥပမာ - ကလေးတွေကြိုက်နှစ်သက်တဲ့ တံဆိပ်ဖြစ်တဲ့ MacDonald’s က စတော့ရှယ်ယာမျိုးတွေပေါ့။ ဒါဆို ကလေးက ရင်းနှီးမြှုပ်နှံရတယ်ဆိုတာကိုလည်း သိလာပါတယ်။ အဲဒီက ရလာမယ့် အမြတ်ခွဲဝေမှုတွေလည်း သိမြင်လာစေပါတယ်။

ကလေးတွေကို သူတို့ လိုချင်တဲ့ အရုပ် ၊ ဂိမ်းခွေ ၊ သီချင်းခွေ ၊ ကာတွန်းစာအုပ် စသည်တို့ ဝယ်ချင်တိုင်း လက်ဝါးဖြန့် တောင်းတတ်တဲ့ အကျင့်မျိုး မပျိုးထောင်ပေးမိပါစေနဲ့။ သူတို့ကို အခကြေးငွေနဲ့ အလုပ် တစ်ခုခု ပေးပြီး ကိုယ်တိုင် ငွေရှာတတ်ပြီး ကိုယ်တိုင်သုံးတတ်တဲ့ အကျင့်မျိုးလေးတွေ ပျိုးပေးသင့်ပါတယ်။ (ဥပမာ -တစ်နာရီ အိမ်သန့်ရှင်းရေး ကူလုပ်ပေရင် ၁၀၀၀ ကျပ်လို့ သတ်မှတ်တာမျိုး လေးပေါ့)

နောက်ပြီး ပိုက်ဆံ စုတတ်အောင် သင်ပေးပါ။ ဖြစ်နိုင်ရင် ငွေစု စာအုပ်လေးတွေလုပ်ထားပေးပါ။ သူတို့ ကြီးပြင်းလာတာနဲ့ အမျှ စုငွေလေးတွေ ပိုတိုးလာအောင် လေ့ကျင့်ပေးပါ။ နောက်ပြီး ငွေနဲ့ ငွေကို ဘယ်လို တိုးပွားလာအောင်လုပ်မလဲ။ ငွေ နဲ့ ငွေ ဘယ်လိုရှာမလဲ စသည်တို့ကို ငယ်စဉ်ကတည်းက လေ့ကျင့် သင်ကြားထားသင့်ပါကြောင်း နှင့် နောင်တချိန်မှာ ကိုယ့်အားကိုယ်ကိုး ကြိုးစားပြီး ငွေကြေးစီမံခန့်ခွဲမှု အထူးကျွမ်းကျင်သော မျိုးဆက်သစ် ပေါ်ပေါက်စေကြောင်း စေတနာဖြင့်……..

စာဖတ်သူရင်ထဲကို တစ်ခုခုပေးနိုင်မည်ဟု မျှော်လင့်လျက်......
မေသိမ့်သိမ့်ကျော်

www.maytheint2kyaw.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...