Wednesday, March 30, 2011

ဦးသန့်

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၁

လွန်ခဲ့သောနှစ်ပေါင်း ၄ဝ ကျော်က ကမ္ဘာ ကြီးကိုတတိယစစ်ကြီးဖြစ်မည့်ဘေး မှ ကယ်တင်နိုင်ခဲ့သူမှာ မြန်မာနိုင်ငံ တောမြို့လေးတမြို့တွင် သာမန်ကျောင်းဆရာလေးတယောက်ဖြစ်ခဲ့ဖူးသူဟုဆိုလျှင် ကြားရသူ အပေါင်း အံ့သြပေလိမ့်မည်။ ထိုသို့ ကမ္ဘာကြီးကို စစ်မီးလျှံ အန္တရာယ်က ကယ်တင်ခဲ့သောပုဂ္ဂိုလ်မှာ အခြားသူမဟုတ် မြန်မာ့သားကောင်းရတနာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ဆိုသူပင်ဖြစ်သည်။

ဦးသန့်ကို ၁၉ဝ၉ ခုနှစ်ဇန်နဝါရီလ ၂၂ ရက်သောကြာနေ့တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ အဖဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့ မှ ဖွားမြင်ခဲ့လေသည်။ မွေးချင်း ၄ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင်ဦးဖိုးနှစ်သည် ကာလကတ္တား မြို့ (ယခုကိုလ်းကားတား) အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကိုကောင်းစွာတက်ကျွမ်းသူဖြစ်သည်။ ထိုခေတ်က မြန်မာလူမျိုးများတွင် အင်္ဂလိပ်စာ တတ်ကျွမ်းသူ ရှားပါလှရာ၊ မောင်သန့်လေးမှာ ဖခင်ထံမှ အင်္ဂလိပ်စာနှင့်စာပေ ဗဟုသုတတို့ကို သင်ယူလေ့လာ ဆည်းပူးခွင့် ရရှိခဲ့လေသည်။

မောင်သန့်သည် ငယ်စဉ်ကပင် စာရေးဆရာလုပ်ရန် ဝါသနာ ထုံခဲ့သည်။ ရှေးခေတ်မြန်မာစာပေ ပညာရှင်ကြီးများရေးသားခဲ့သော ပျို့၊ ကဗျာ၊ မော်ကွန်းရာဇဝင်စသည့် ရှေးစာဟောင်း ပေ ဟောင်းများနှင့် ရာဇဝင်များကို အချိန်ရလျှင်ရသလို လေ့လာလိုက်စားခဲ့သည်။ ဤသို့ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလံဝံသမှ စ၍ နတ်ရှင်နောင်၊ နဝဒေး၊ လှိုင်ထိပ်ခေါင်တင်၊ မြဝတီမင်းကြီးဦးစ၊ စလေဦးပုည အဆုံး မြန်မာစာဆို တော်ကြီးများ၏ လက်ရာအဖုံဖုံကို လေ့လာဖတ်ရှုမှတ်သားခဲ့သည်။

မောင်သန့် ၁၂ နှစ်သားအရွယ်မှာပင် ဖခင်ဖြစ်သူ၏စာအုပ်စင်မှ ရှိတ်စပီးယား၊ နာမည်ကျော် စုံထောက် စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်း စသူတို့၏ အင်္ဂလိပ်ဝတ္တုကြီးများကို မွှေနှောက်ရှာဖွေ၍ ဖတ်ရှုတက် နေလေပြီ။

သို့သော် မောင်သန့်အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့ရာ၊ မိခင်ဖြစ်သူ ဒေါ်နန်းသောင်မှာ သားလေးယောက်နှင့်ဘဝကို ရုန်းကန်ကြိုးစားရတော့သည်။

၁၉၂၆ ခုနှစ်တွင် ကိုသန့် ပန်းတနော်အမျိုးသားအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲ အောင်မြင်၍ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးခွင့်ရခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် ကိုသန့်နှင့်ရင်းနှီးခင်မင်စွာ ပေါင်းသင်းကြသည့် သူငယ်ချင်းများတွင် နောင်တချိန်တွင် ထင်ရှားလာမည့် မိတ်ဆွေအများအပြားပါဝင်ကြသည်။

အဝတ်အစားကို ပါးပါး လွှားလွှားဝတ်ဆင်လေ့မရှိပဲ၊ သေသေသပ်သပ် ဖြူဖြူစင်စင် ဝတ်စားပြီး အမြဲအေးဆေး၍လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင် နေတက်သော ကိုသန့်ကို မိတ်ဆွေသူငယ်ချင်းများက ချစ်ခင်လေးစားကြသည်မှာ မဆန်းလှပေ။

သို့သော် ကိုသန့်တက္ကသိုလ်တွင် ဥပစာတန်းအောင်မြင်သည့်နှစ်တွင် ညီဖြစ်သူဆယ်တန်းအောင်၍ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် မိခင်ဖြစ်သူမှာထောက်ပံ့ရန် ဝန်ပိနေမည်စိုး၍ မိမိကိုယ်ကျိုးကို အနစ်နာခံပြီး တက္ကသိုလ် ကျောင်းမှထွက်ခဲ့ရရှာသည်။ တက္ကသိုလ်မှထွက်ပြီး ပန်းတနော်မြို့ အထက်တန်း ကျောင်း ကျောင်းဆရာလုပ်ရင်း ဂန္တလောက မဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း စသည်တို့၌ ဘာသာပြန် ဆောင်းပါးများရေးခဲ့သည်။ ဦးသန့်သည်အခြေအနေအရ ကျောင်းဆရာ လုပ်နေသော်လည်း သူအဖြစ်ချင်ဆုံး အလုပ်မှာ သတင်းစာဆရာဖြစ်သည်။

ထို့နောက်ဦးသန့်သည် ၁၉၃၁ ခုနှစ်တွင် Anglo-Vernauclar Secondary Teachership ဆရာဖြစ် စာမေးပွဲ၌ ပထမနေရာဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပန်းတနော်အထက်တန်းကျောင်း၌ ကျောင်းအုပ်ကြီးအထိ တိုးမြှင့်ခြင်းခံရသည်။

ဒုတိယကမ္ဘာစစ် မတိုင်မီက ဦးသန့်သည် မြန်မာနိုင်ငံ ပြဌာန်းစာအုပ်ကော်မတီနှင့် အမျိုးသား ပညာရေးကောင်စီ၌ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာများအသင်း၏ အမှုဆောင်ကော်မတီဝင်ဖြစ်ခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဦးသန့်သည် မြန်မာနိုင်ငံပညာရေးစနစ် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ အတွင်းရေးမှူး အဖြစ် လအနည်းငယ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်၊ အမျိုးသားအထက်တန်းကျောင်းသို့ ပြန်ရာက်ခဲ့ပြီး ကျောင်းအုပ်အဖြစ် (၄)နှစ်ကြာ ထပ်မံတာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီး ဂျပန်ခေတ်တလျှောက်လုံး ပန်းတနော်မြို့၌နေထိုင်၍ နိုင်ငံရေးအဖွဲ့အစည်းများကို တိတ်တဆိတ်ကူညီ ထောက်ပံ့ပေးခဲ့သည်။

စစ်ပြီး၍ မြန်မာနိုင်ငံလွတ်လပ်ရေးရသောအချိန်တွင် ဦးသန့်၏ အခင်မင်ဆုံး သူငယ်ချင်း တယောက် ဖြစ်သူ ဦးနုသည် ဖဆပလ ခေါင်းဆောင်တယောက်ဖြစ်နေရာ ဦးသန့်ကို အစိုးရအမှုထမ်းလုပ်ရန် တိုက်တွန်း လေသည်။ မဂ္ဂဇင်းထုတ်ဝေရန် ရန်ကုန်မြို့သို့ တက်လာသောဦးသန့်မှာ ဦးနု၏ တိုက်တွန်းချက်ကို မဖြစ်မနေ လက်ခံရတော့သည်။

သို့ဖြင့် ဦးသန့်သည် မြန်မာနိုင်ငံအစိုးရ၏ သတင်းဆိုင်ရာညွှန်ကြားရေးမှူးအဖြစ် တာဝန် ပေးခံခဲ့ရသည်။ ထို့နောက်အသံလွှင့်ဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ်တာဝန်ပေးခြင်းခံရပြီးနောက် ၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရပြန်ကြားရေးဝန်ကြီးဌာန၌ အတွင်းရေးမှူး အဖြစ်တာဝန်ပေးခြင်းခံခဲ့ရသည်။ ၁၉၅၃ ခုနှစ်တွင် ဦးသန့်သည်ဝန်ကြီးချုပ်ရုံး၌ စီမံကိန်းဆိုင်ရာ အတွင်းရေးမှူးအဖြစ် တာဝန် ပေးခြင်းခံခဲ့ရသည်။ ၁၉၅၅ ခုနှစ်တွင် ဦးသန့်အား မြန်မာနိုင်ငံစီးပွားရေးနှင့် လူမှုရေးဘုတ်အဖွဲ့၏ အမှုဆောင်အတွင်းရေးမှူး အဖြစ် ထပ်မံတာဝန်ပေးခြင်းခံခဲ့ရသည်။

သို့ကလို ဝန်ကြီးချုပ်ဦးနုသည် ဦးသန့်အား အဆင့်မြင့်တာဝန်အမျိုးမျိုးခန့်အပ်လုပ်ကိုင်စေပြီးနေ
ာက် နောက်ဆုံး ဝန်ကြီးချုပ်ရုံးအတွင်းဝန်အဖြစ် ခန့်အပ်ခဲ့လေသည်။ နိုင်ငံတော်အဆင့်မြင့်တာဝန်အမျိုးမျိုး လုပ်ကိုင် နေစဉ်အတွင်း ဦးသန့်သည် ‘ပြည်တော်သာခရီး’စာအုပ်ကိုအတွဲ ၂ တွဲခွဲ၍ပြုစုခဲ့သည်။ထို့ပြင် မြို့ပြပုံပြင်များ စာအုပ်နှင့်အင်္ဂလိပ်မြန်မာဆောင်းပါးများကို စာနယ်ဇင်များ၌ရေးသားခဲ့သည်။

၁၉၅၇ ခုနှစ်တွင် ဦးသန့်အားကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်ကြီးအဖြစ် ဝန်ကြီးချုပ်ဦးနုက ခန့်အပ်တာဝန် ပေးသည်။ သို့ကလို ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အဖြစ် ၁၉၅၇ မှ ၁၉၆၁အထိ တာဝန်ထမ်းဆောင် နေစဉ်အတွင်း ကုလသမဂ္ဂ၏ ယာယီအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည်။ ထိုကာလတွင် ဦးသန့်သည် အထွေထွေညီလာခံကိုတက်ရောက်ခဲ့သော မြန်မာနိုင်ငံ အဖွဲ့ကိုဦးဆောင်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဦးသန့်သည် ၁၄ ကြိမ် မြောက် ကုလညီလာခံ၌ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။

၁၉၆၁ ခုနှစ်တွင် ဦးသန့်သည်ကွန်ဂိုနိုင်ငံရင်ကြားစေ့ရေး ကုလသမဂ္ဂကော်မရှင်(UN Congo Conciliation Commission) ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ ငွေရင်းငွေနှီး တည်ဆောက် ရေး ရန်ပုံငွေအဖွဲ့၏ ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးသန့်၏ သံတမန်သက်တမ်းတလျှောက်တွင် မြန်မာနိုင်ငံဝန်ကြီးချုပ်၏ အကြံပေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ဦးသန့်သည် ၁၉၆၁ ခုနှစ်နိုဝင်ဘာ ၃ ရက်နေ့မှစ၍ ယာယီအတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုအချိန်တွင်သူ့အား ကွယ်လွန်သွားသောအတွင်းရေးမှူးချုပ်ဒက်ဟမ္မားရှိုး မပြီးမြောက်ခဲ့သော အလုပ် တာဝန်သက်တမ်းကို ဆက်လက်ခံယူရန်အထွေထွေညီလာခံက လုံခြုံရေး ကောင်စီ၏ တခဲနက်ထောက်ခံမှုဖြင့် ခန့်အပ်လိုက်သည်။ တဖန် အထွေထွေညီလာခံသည် ၁၉၆၂ နိုဝင်ဘာ ၃ဝ ၌ ဦးသန့်အားအတွင်းရေးမှူးချုပ်နေရာကို ၁၉၆၆ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ သက်တမ်းကာလ အတွက် ထပ်မံ၍ တခဲနက်ခန့်အပ်ခဲ့သည်။

ယင်းနောက် လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၂၉-၁၉၆၆ ၏တခဲနက်ဆုံးဖြတ်ထောက်ခံချက်အရ အထွေထွေ ညီလာခံက ၁၉၆၆ ဒီဇင်ဘာ ၂ ရက်နေ့တွင် ဦးသန့်အား အတွင်းရေးမှူးချုပ် ရာထူး ဒုတိယ သက်တမ်းအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။ ထိုရာထူး၏ သက်တမ်းမှာ ၁၉၇၁ ဒီဇင်ဘာ ၃၁ နေ့တွင် ကုန်ဆုံးခဲ့သည်။

ဦးသန့်သည် ကုလအတွင်းရေးမှူးချုပ်အဖြစ် စတင်ထမ်းရွက်စဉ် ကမ္ဘာ့အရေးအခင်းများစွာတွင် ကျူးဘားနိုင်ငံ၌ ရုရှားနျူကလီးယားဒုံးပျံများဖြန့်ကျက်ချထားမှု နိုင်ငံအရေးအခင်းများကြောင့် အမေရိကန်နှင့် ဆိုဗီယက်တို့ ပင်လယ်သမုဒ္ဒရာ၌ ရင်ဆိုင်တွေ့ရပြီး တတိယကမ္ဘာစစ် ဖြစ်လုဆဲဆဲအခြေအနေမှ ကြားဝင် စေ့စပ်ပေး၍ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဦးသန့်က တရားဥပဒေစိုးမိုးသော ငြိမ်းချမ်း၍သာယာဝပြောသော လူ့ဘောင်တရပ်ဖန်တီးပေးနိုင်လျှင် နောက်ထပ်စစ်ပွဲအန္တရာယ် ရှောင်ရှားနိုင်ကြောင်း၊ တရားမျှတသော နိုင်ငံ တကာ ဆပ်ဆံရေးအခြေအနေရှိလျှင် စည်းလုံးညီညွှတ်သောလူသားတရပ်လုံးသည် ငြိမ်းချမ်းစွာ နေထိုင်နိုင် သည်ဟု စွဲမြဲစွာယုံကြည်ခဲ့သူဖြစ်သည်။

ဦးသန့်သည် ၁၉၇၁ ခုနှစ်တွင် မိမိ၏အလုပ်တာဝန်ကို ဒုတိယသက်တမ်းကုန်ဆုံးပြီးနောက် အငြိမ်းစား ယူခဲ့သည်။ ထို့နောက် ဦးသန့်သည်အသက် ၆၅ နှစ်အရွယ်မှစ၍ ကျန်းမာရေးတဖြည်းဖြည်းဆိုးဝါးလာကာ အချိန်ကြာမြှင့်စွာ မမာမကျန်း ဖြစ်ခဲ့ပြီးနောက် ၁၉၇၄ ခုနိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကွယ်လွန် အနိစ္စရောက်ခဲ့လေသည်။ ဦးသန့်သည်ကမ္ဘာ့နိုင်ငံ အသီးသီးမှ ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့(ဒေါက်တာဘွဲ့)မြောက်များစွာကို ရရှိခဲ့သော်လည်း မိမိနာမည်အရှေ့၌ မည်သည့်အခါ မှအသုံးမပြုခဲ့ပေ။

ကုလသမဂ္ဂ တက္ကသိုလ်တွင်ထားရှိမည့် ဦးသန့်ကြေးရုပ်တု ဖွင့်လှစ်ပွဲအခမ်းအနား၌ ကုလ အတွင်းရေးမှူးချုပ် ကွတ်ဝါးလ်ဟိုင်းက အောက်ပါအတိုင်းပြောကြားခဲ့သည် –

“ကုလသမဂ္ဂအဖွဲ့မှ ဖွင့်လှစ်တဲ့တက္ကသိုလ်မှာ အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ ကိုယ်တပိုင်း ကြေးရုပ်တု စိုက်ထူ ထားရှိတာဟာ အလွန်သင့်မြတ်လှပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားအချင်းချင်း နာလည်မှုရှိရေးအတွက် ဦးသန့်ရဲ့ မဆုတ် မနစ်သောလုံးလနှင့်ကြိုးပမ်းသွားခဲ့တာကို ကျောင်းသားကျောင်းသူ၊ မိဘများက စိတ်အေးထက်သန် အမှတ်တရရှိနေကြမှာပါပဲ။ ဦးသန့်က ပညာရေးကိုအလွန်အားပေးလိုပြီး စာသင်ကျောင်းရန်ပုံငွေရအောင် ဆောင်ရွက်ခဲ့ပြီး ဒီကျောင်းအတွက် အဘက်ဘက်က မနားမနေ ကြိုးပမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ အပြည်ပြည်ဆိုင်ရာနားလည်ရေးအတွက် အိန္ဒိယမှ ဂျဝါဟာလာ နေရူးဆုကို ဦးသန့်လက်ခံရရှိစဉ်က ဆုငွေအားလုံးကို ဦးသန့်က ပညာတော်သင်ဆုအဖြစ်သတ်မှတ်ပြီး ဒီကျောင်းအတွက် အားလုံးလှူဒါန်းခဲ့ပါတယ်။ နှစ်စဉ်ကျောင်းဆင်းပွဲရောက်တိုင်း ဦးသန့်ကိုယ်တိုင်ကျောင်းကိုလာရောက်ပြီး ကျောင်းသားများအတွက် အမြဲတစေ သြဝါဒစကားပြောကြားတဲ့အတွက် များစွာအကျိုးရှိပါလိမ့်မယ်”ဟူ၍ ပြောကြားသွားခဲ့သည်။

အမေရိကန်သမ္မတ ဖို့ဒ်ကလည်း -

“ဦးသန့်သည် မိမိကိုယ်ကျိုးကိုမငဲ့ဘဲ လူသားတို့အကျိုးအတွက် အမြတ်ဆုံးသောတာဝန်ဝတ္တရားတို့ကို ထမ်းဆောင် သွားသည့်ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသော ပုဂ္ဂိုလ်ကြီးတဦးဖြစ်ကြောင်း၊ ယင်းပုဂ္ဂိုလ်ကြီးက သာဓကကောင်း ပြခဲ့သည့်အတွက်လည်း ကမ္ဘာကြီးတိုးတက်လာခဲ့သည်ကိုငြင်းကွယ်၍ မရကြောင်း၊ ဦးသန့် ကွယ်လွန်ခြင်းအတွက်ကြေကွဲမဆုံး ဖြစ်မိပါကြောင်း” ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဝါရှင်တန်ပို့စ် သတင်းစာကလည်း -

ကုလသမဂ္ဂအဖွဲ့ကြီးအတွက် အခက်အခဲဆုံးအခြေအနေတွင် အောင်မြင်မှုရှိပုံကို အသိအမှတ်ပြုရမည် ဖြစ်သည်။ မြင့်မြတ်သည့်စိတ်နှင့်ဗုဒွဘာသာ၏ အဆုံးအမကြောင့် ဦးသန့်အောင်မြင်ခြင်းဖြစ်သည်။ ကုလသမဂ္ဂ တွင် အတွင်းရေးမှူးချုပ်အဖြစ် ရာထူးလက်ခံစဉ်မှစ၍ အနားယူချိန်အထိ တဆက်တည်းတိုးတက်ဖွံ့ဖြိုးအောင် ဦးသန့်ကြိုးပမ်းခဲ့သည်။ နာတာ ရှည်ရောဂါသည်ကြီးနှင့် တူသော ကုလသမဂ္ဂအဖွဲကြီးကို နာလံထလာအောင် ဦးသန့်က ကုသပေးခြင်းအတွက် ကျေးဇူးတင် ကြရမည်ဖြစ်ကြောင်း”ဟူ၍ ရေးသားဖေါ်ပြခဲ့လေသည်။

မည်သို့ဆိုစေ နိုင်ငံအချင်းချင်း ကွဲပြားခြားနားမှုများကိုစေ့စပ်ပေး၍ စည်းလုံးညီညွှတ်မှုဖြင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သော ဦးသန့်အား မြန်မာနှင့်ကမ္ဘာ့ပြည်သူတို့က ထာဝရအမှတ်တရ ရှိနေသည်မှာ မလွဲဧကန်ပင်တည်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...