Monday, March 28, 2011

*လူငယ်တို့ရဲ့မျှော်လင့်ချက်နဲ့လက်ရှိတပ်မတော်*

လူငယ်တွေဘာကြောင့် စစ်တပ်ထဲဝင်တယ်ဆိုတာနဲ့ ပတ်သက် ပြီး နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျနော်တို့ အခြေခံ စစ်ပညာသင်တန်း ပြီးတဲ့အခါ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာသည် အုပ်စု (အတိုကောက် “ပည” လို့ ခေါ်ပါတယ်) ဆိုင်ရာ အတန်း (၃) သင်တန်းမတက်ရခင် သက်ဆိုင်ရာတပ်တွေမှာ ခေတ္တတွဲ ဖက်နေရတယ်။ တနေ့မှာတော့ ကျနော်တို့အုပ်စုကို ဒုတပ်မှူး က ဟောခန်းတခုထဲမှာ ခေါ်ပြီးတွေ့တယ်။ အဲဒီ ဗိုလ်မှူးက ခပ် ပျော်ပျော်နေတတ်ပုံရတယ်။ ကျနော်တို့တတွေကို ညီအကိုလို ရင်းရင်းနှီးနှီးပဲ ခေါ်ပြောဆက်ဆံတယ်။
စစ်သည်တွေအားလုံး တစ်ယောက်စီထပြီး ကိုယ့်ကိုယ်ကိုမိတ် ဆက်ရတယ်။ ပြီးတော့ သူကတယောက်ချင်းကို ဘာအားက စားဝါသနာပါသလဲ။ ဘာဖြစ်လို့ စစ်တပ်ထဲ ၀င်တာလဲလို့မေး တယ်။
အားကစားကိစ္စမှာတော့ ကိုယ်သန်ရာသန်ရာ ဖြေကြပေမယ့် စစ်တပ်ထဲဝင်တဲ့ ရည်ရွယ်ချက်ကို ပြောတဲ့နေ ရာမှာတော့ အားလုံး တထေရာတည်းလိုပဲ “ကိုယ့်ဘ၀တိုးတက်မှုကိုဖြစ်စေ လိမ့်မယ်ထင်လို့ဝင်တာ” လို့ ဖြေကြတယ်။
……….
စစ်သည်အားလုံးလိုလိုက ကိုယ်ရေးကိုယ်တာကိစ္စကို ရှေ့တန်းတင်ပြောလိုက်တဲ့အခါ လူ့လောကအတွေ့အကြုံ နည်း နည်းရှိထားသူတွေက စိတ်ပူပန်ကြတယ်။ ကိုယ်ဖြစ်ချင်တာကို တည့်တိုးကြီး ပြောလိုက်တဲ့အခါကျတော့ ဟိုအရာရှိများ စိတ်ဆိုးသွားလေမလားပေါ့။ ၀န်ထမ်းလောက ဆိုတာ “ဂါရ၀” တရားနဲ့သတိထားပြီး ဆက်ဆံရတာမဟုတ်လား။
ဒါပေမယ့် ကျနော်တို့ထင်ထားသလို ဖြစ်မလာဘူး။ ဒုတပ်မှူးက စစ်သည်တွေပြောသမျှကို ပြုံးပြုံးကြီးနဲ့ နားထောင်နေ တယ်။ တခါတခါ ခေါင်းပါညိတ်လိုက်သေးတယ်။ အားလုံးပြောပြီးတော့မှ …
“ရဲဘော်တို့ ကိုယ့်ဘ၀တိုးတက်ဖို့ စိတ်ဝင်စားတာကောင်းပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဘွဲ့မရသေးသူက ဘွဲ့ရအောင်ကြိုးစား။ ဘွဲ့ရပြီးသူက သတ်မှတ်တဲ့အချိန်တစ်ခုစောင့်ပြီ
း ရင် ဗိုလ်သင်တန်းဖြေကြ။ စစ်တပ်ထဲမှာတော့ ဒီ နည်းကအကောင်းဆုံးပဲ။ ပုံမှန်တဆင့်ပြီးတဆင့်တက် နဲ့ အရာခံဗိုလ်စောစောစီးစီးဖြစ်မယ်ဆိုရင်တော့ အသက် ၆၀ ပြည့် အငြိမ်းစားယူတဲ့အခါ ကော်မရှင် ပြန်တမ်းဝင်ဗိုလ်ကြီးဘ၀နဲ့ ပင်စင်ရမယ်။ ဒီတော့ ကိုယ့်အခြေအနေနဲ့ကိုယ် ချင့်ချိန်ပြီး ကြိုးစားကြ။ လူငယ်ဘ၀မှာ မျှော်လင့်စရာတွေများတယ်။ အသက်ကြီးလာရင်တော့ ရွေးချယ်စရာတွေ နည်းသွားတတ် တယ်။ အဲဒါကိုလည်း ထည့်စဉ်းစားကြအုံး” လို့ အေးအေးဆေးဆေး ပြောပြတယ်။ အဲဒီလို အမြင်ကျယ်တဲ့လူက တပ်ထဲ မှာ ရှားတော့အရှားသား။
အပေါ်ယံကြည့်ရင်တော့ ဒီကောင်တွေကိုယ်ကျိုးကိုရှေ့တန်
းတင်ပြီး တပ်ထဲကိုဝင်တာပဲ။ ဘာမျိုးချစ်စိတ်မှ မရှိဘူးလို့ ထင်ကြမယ်။ ကျနော်တို့ သင်တန်းဆင်းအုပ်စုမှာ လူတရာကျော်ရှိတယ်။ ပညာအရည်အချင်းက အားလုံးဆယ်တန်း အောင်ပြီးသားတွေ။ အသက်အရွယ်အားဖြင့်တော့ ၂၃ နှစ် ၂၄ နှစ် အရွယ်က ဆယ်ယောက်လောက်ရှိတယ်။ အဲဒီအထဲ မှာ ဘွဲ့ရပြီးသား သုံးဦးလောက်ပါတယ်။ အဝေးသင်တက္ကသိုလ်တက်နေဆဲ လူတွေပါတယ်။ အချို့ ၀န်ထမ်းဌာနတွေမှာ လုပ်ခဲ့ဖူးသူတွေလည်း ပါတယ်။ ကျန်တဲ့သူတရာလောက်က အသက် နှစ်ဆယ်အောက်တွေချည်းပဲ။ ဆယ်တန်းအောင် ပြီးခါစ အရွယ်တွေ။
လူငယ်တွေရဲ့အတွေးက ရိုးရှင်းပါတယ်။ ကိုယ့်ဘ၀တိုးတက်ကောင်းမွန်ဖို့
အတွက် ဖြစ်နိုင်ခြေပေါ်မှာ စဉ်းစားဆုံးဖြတ်ကြ တာပါ။ တချို့တလေကျတော့ စိတ်ကြိုက်ရွေးချယ်မှု တွေရှိနိုင်ပါတယ်။ ကျနော်တို့အထဲမှာ အများစုက တက္ကသိုလ်ဆက် တက်ဖို့ အခြေအနေ မပြည့်စုံကြပါဘူး။ အဲဒီအချိန်က ပြင်ပအလုပ်ဆိုတာလည်း အတော်ရှားသေးတာ။ ပုဂ္ဂလိက ကုမ္ပဏီ တွေ ခေတ်မစားသေးဘူး။ ရေတပ်မှာစစ်မှုထမ်းရင်း ရလာနိုင်တဲ့ အခွင့်အလမ်းတွေအတွက် စိတ်ကူးယဉ်အိပ်မက်ကိုယ်စီ နဲ့ တပ်ထဲကိုဝင်လာကြတာ။ ရေတပ်ကထွက်ပြီး နိုင်ငံခြားသင်္ဘော တက်သွားကြတဲ့ နောင်တော်ကြီးတွေကို အားကျတာ လည်း ပါမှာပေါ့။
ဒါပေမယ့် ကျနော်တို့တတွေ ရည်မှန်းထားတဲ့အတိုင်း ပေါက်မြောက်ခဲ့သလားလို့ မေးရင် အများစုမအောင်မြင်ဘူးလို့ ဖြေ ရမှာပါ။ တပ်ထဲမှာက ကျနော်တို့ထင်ထားသလို ကိုယ်ရည်ကိုယ်သွေး ပြခွင့်မရှိဘူးလေ။ အရည်အချင်းအလိုက် မြှောက် စားတာမျိုး မဟုတ်ဘဲ လက်သင့်ရာစားတော်ခေါ်တဲ့ စနစ်ကြီးစိုးတယ်။ စီမံခန့်ခွဲမှု မညီမျှတာကြောင့် အခွင့်အရေးတွေ လည်း ကွာခြားလာတယ်။ ရုန်းထွက်ဖို့ခက်ခဲတဲ့ အဖြည့်ခံဘ၀မှာ အရက်သောက်ပြီး စိတ်ထွက်ပေါက်ရှာသူတွေ များလာ တယ်။ ဒါတောင် ကျနော်တို့က ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းနော်။ ရွေးချယ်ခွင့်မရှိဘဲ ရောက်လာသူတွေ အဖို့ဆိုရင် ပို ပြီးဆိုးမှာသေချာတယ်။( တခုတော့ရှိတယ် ခုနောက်ပိုင်းတပ်ထဲရောက်လာတဲ့ လူငယ်တွေဟာ ကျနော်တို့တုန်းကထက် ပိုပြီး ပြောရဲဆိုရဲ ရှိလာတာတွေ့ရတယ်။)
ဘာဖြစ်လို့လဲဆိုတော့ တပ်ထဲမှာ ထက်မြက်မှု၊ကြိုးစားမှုနဲ့ ထိုက်တန်မှုကို တိုက်ရိုက်ညီမျှခြင်း ချလို့ မရဘူး။ ဒီအနေအ ထားက အခြေခံသင်တန်းမှာကတည်းက သိသာတယ်။ ကျနော်တို့ထဲက သင်တန်းသားတဦးဟာ စံပြကျောင်းသားဆုကို ဆွတ်ခူးချင်လို့ သင်တန်းကာလတလျှောက်လုံး ပြောစရာမရှိအောင် ကြိုးစားတယ်။ သင်တန်းသားတွေသာမက သင် တန်း ဆရာတချို့ကတောင် သူ့ကိုထင်ကြေးပေးထားကြတာ။ တကယ်ရွေးချယ်တော့ သူမဟုတ်ဘဲ အခြားမသိသာသူ တွေထဲက တယောက်ဖြစ်နေတယ်။ အဆင့်တိုးစာမေးပွဲဖြေဆိုမှုမှာ
လည်း ဒီအတိုင်းပါပဲ။ တပ်မှာလုပ်ငန်း ဘယ်လောက် ကျွမ်းကျင်ကျွမ်းကျင် သူတို့အဓိကထားမေးတဲ့ ပေါ်လစီဆောင်ပုဒ်တွေ ရွတ်မပြနိုင်ရင် မျှော်လင့်ချက်မရှိဘူး။ ကျနော့ သူငယ်ချင်းတယောက် ဗိုလ်သင်တန်းဖြေဖို့သွားခါနီးမှာ ဌာနချုပ် G1 သြ၀ါဒ ပေးလိုက်ပုံက မှတ်သားစရာ။
“မင်း ဟိုကို ရောက်ရင် သိပ်ပြီး smart ဖြစ်အောင်မနေနဲ့။ ငါတို့တုန်းကအရမ်း smart ဖြစ်သူတွေ ပြုတ်ကျန်ခဲ့တယ်”
တဲ့။ ဟုတ်တယ်..စစ်ခေါင်းဆောင်ကြီးတွေ လိုချင်တဲ့အရည်အချင်းက ထက်မြက်မှု မဟုတ်ဖူး၊ ခိုင်းသမျှအမိန့်နာခံရေးပဲ ဖြစ်ပါတယ်။

ခုဆိုရင် ကျနော်တို့အုပ်စုထဲမှာ ကြည်းတပ် အရာရှိဖြစ်သွားတာ (၅) ဦး၊ ရေတပ်အရာရှိဖြစ်သူက (၄) ဦး ရှိတယ်။ တပ် မှာ မနေနိုင်လို့ ထွက်ပြေးသွားသူတွေရှိတယ်။ ကျန်းမာရေးအကြောင်းပြချက်နဲ့ နှုတ်ထွက်သူတွရှိတယ်။ ဟိုမရောက် ဒီမ ရောက် စခန်းသွား နေသူတွေလည်းရှိတယ်။ ကိုယ့်ဖြစ်နိုင်ခြေနဲ့ကိုယ် လျှောက်လှမ်းနေကြတာဖြစ်သလို တစ်ဖက် က လည်း တူညီတဲ့အခွင့်အရေးကို ဖန်တီးပေးမထားပြန်ဘူး။ အမှန်ကတော့ တူညီတဲ့အခွင့်အရေး ရှိနေတာတောင်မှ အရည် အချင်း မတူညီမှုကြောင့် အားလုံးတပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဒါပေမယ့် တန်းတူကြိုးစားခွင့်ရှိပြီး မအောင်မြင်တာဆိုရင် တော့ ကိုယ်ညံ့တာပဲလို့ ဖြေသာတာပေါ့။
ခုနောက်ပိုင်း အချိန်တွေမှာ အဲဒီဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်တော့ လူငယ်တွေ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မကွယ်မ ၀ှက် ပွင့်ပွင့်လင်းလင်းပြောရဲတာ ကောင်းတယ်ဗျ။ အဲဒါကို လူကြီးတွေကလည်း နားလည်ပေးဖို့လိုတယ်။ လူတယောက် တိုးတက်အောင်မြင်တယ်ဆိုရာမှာ သူ့ဘ၀ရဲ့ အနာဂတ်မျှော်လင့်ချက်က မက်လုံးတခုအနေနဲ့ စေ့ဆော်အားပေးနေ တယ်။ သဘာဝလည်းကျတယ်။ ဒါကြောင့် တဦးချင်းဖွံ့ဖြိုးတိုးတက်မှုကို ကြိုဆိုရမယ်။ အားပေးအားမြှောက်ပြုရမယ်။ တဦးချင်းဖွံ့ဖြိုးမှုကို လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် သဟာဇာတဖြစ်အောင်၊ ချိတ်ဆက်မိအောင် တည့်မတ်ပေးဖို့ပဲလိုတယ်။ အတ္တကြီးတယ် ကိုယ်ကျိုး ကြည့်တယ်လို့ မမြင်စေချင်ပါဘူး။

အဲလိုမဟုတ်ဘဲ လူငယ်တွေကလည်း လူကြီးတွေရှေ့မှာ အားနာသလိုလို ကြောက်ရွံ့သလိုလိုနဲ့ ကိုယ့်ရင်ထဲရှိရာကို အ မှန်မပြောရဲဘဲ ဖုံးကွယ်ထိန်ဝှက်ထား။ လူကြီးတွေကလည်း လူငယ်တွေပါးစပ်ဖျားက အတ္တထက် ပရကို ဦးစားပေး ပြော ဆိုတာတွေသာကြားချင် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းမျိုးမှာတော့ ရိုးသားမှုတွေ ကွယ်ပျောက်နေပြီး ကြာလာရင် လောက ကို မချင့်မရဲဖြစ်တဲ့ အငုံ့စိတ်တွေကြီးထွားလာတတ်တာ သဘာဝပဲ။ စိတ်မလွတ်လပ်သူတဦးဟာ လူ့အဖွဲ့အစည်းအပေါ် မှာ ဘယ်လိုများ အကောင်းမြင်သဘောနဲ့ ဆက်ဆံနိုင်ပါ့မလဲ။ တပ်မတော်ထဲမှာတော့ မချစ်သော်လည်း အောင့်ကာနမ်း နေရတဲ့ ယဉ်ကျေးမှုနဲ့ စခန်းသွားလို့ ကောင်းနေတုန်း။
ကျနော့သိမြင်မိသလောက် ပြောရရင်တော့ ဒီခေတ်မှာ မျိုးချစ်စိတ်ရှိရမယ်၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးရမယ် စသဖြင့် ယေဘူယျဆန်ဆန် လက်ဆုပ်လက်ကိုင်မရှိတဲ့ စကားလုံးတွေနဲ့ လူငယ်တွေရဲ့ စိတ်ကိုတင်းတင်းကျပ်ကျပ်ချည် နှောင် မထားသင့်တော့ဘူးလို့ ထင်မိတယ်။ တကယ်လက်တွေ့မှာလည်း အဲဒီစကားတွေဟာ လူငယ်တွေအတွက် အားမ ဖြစ်ဘဲ ကိုယ့်ကိုယ်ကို အကာအကွယ်ယူတဲ့ ခြုံလွှာ တွေလိုဖြစ်နေတတ်တယ်။ လူငယ်တွေရဲ့ပင်ကိုယ်စရိုက်မှာကု
ိက ပရ စိတ်တွေ ကိန်းအောင်းနေပြီးသားပါ။ အရေးကြီးတာက အတွေးအခေါ်လွတ်လပ်မှုရှိဖို့ကိုပဲ လမ်းဖွင့်ပေးရမှာ။ တိုင်းပြည် မှာ အရေးကြုံတဲ့အခါ စိတ်လွတ်လပ်မှု ရှိသူတွေကသာ ပြဿနာကို ရင်ဆိုင် ဖြေရှင်းတတ်တာမဟုတ်လား။
လက်ရှိတပ်မတော်အတွင်း ကျင့်သုံးနေတဲ့ အမိန့်နာခံရေးဗဟိုပြု အုပ်ချုပ်ရေးစနစ်အောက်မှာ လူငယ်တွေရဲ့ လွတ်လပ်မှု နဲ့ ရွေးချယ်ခွင့်တွေ ပျောက်ဆုံးနေတယ်လို့ထင်မိတယ်။ သူ့စိတ်နဲ့ကိုယ့်ကိုယ် နေသားကျလာတဲ့ ခေါင်းဆောင်ဖြစ်သူ တွေဟာ လူ့အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် ချမှတ်ဆောင်ရွက်ပေးနိုင်ပါ့ မလား။
ကျနော့စေတနာက လူငယ်တွေကို လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက် ဆွေးနွေး လုပ်ကိုင်တတ်သူ တွေ ဖြစ်လာစေချင်တာပါ။ စကားလုံးတွေနဲ့ ၀န်ပိမနေစေချင်ဘဲ လက်တွေ့ဖြစ်နိုင်ခြေမှာ ရှင်သန်နေစေချင်တာပါ။
လူငယ်တွေအားလုံး လွတ်လွတ်လပ်လပ်တွေးခေါ်ဆောင်ရွက်
နိုင်ကြပါစေ။

နေမင်းသူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...