Wednesday, March 30, 2011

အစိုးရသစ်ကို အရှိအတိုင်း NLD လက်ခံ

by Voa Burmese on Wednesday, March 30, 2011 at 9:32am
 
အခုလက်ရှိ အစိုးရသစ် ဖွဲ့စည်းလိုက်တဲ့အပေါ် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေကရော ဘယ်လို တုံ့ပြန် ပြောဆိုကြသလဲဆိုတာ နော်ရှိုးက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို အစကတည်းကနေ တောက်လျှောက် သပိတ်မှောက်လာတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အခု ဒီရွေးကောက်ပွဲကနေပဲ ပေါ်ပေါက်လာတဲ့၊ ဒီနေ့ကြေညာတဲ့ အစိုးရသစ်ပေါ်မှာ ဘယ်လိုသဘောထားလဲဆိုတာ သိရအောင် မေးကြည့်တော့ ဦးဉာဏ်ဝင်းက အခုလိုပဲ တိုတိုတုတ်တုတ် ဖြေကြားခဲ့ပါတယ်။


“အခုလက်ရှိ ပြည်သူ့လွှတ်တော်က အစိုးရအဖွဲ့သစ်တရပ် ဖွဲ့စည်းပြီးသွားပြီဆိုတဲ့ အခြေအနေကို အရှိအတိုင်း ကျနော်တို့ လက်ခံပါတယ်။ အရှိအတိုင်း အသိအမှတ် ပြုပါတယ်။ အဲတော့ NLD အနေနဲ့ကတော့ အစိုးရအဖွဲ့သစ်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လောလောဆယ် ကျနော်တို့ရဲ့ သဘောထား ဒီ ၂ ခုပါပဲ။”

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက ဦးအေးသာအောင်ကတော့ ပြည်သူတွေ လိုချင်တဲ့ အပြောင်းအလဲအတိုင်း ပြောင်းလဲလာတဲ့ အရပ်သား အစိုးရ မဟုတ်တဲ့ အတွက်ကြောင့် ဒီအစိုးရအဖွဲ့ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အမှန်တကယ် ဆောင်ရွက်နိုင်စွမ်း ရှိမရှိ အပေါ်မှာတော့ သံသယရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“အစိုးရသစ် ဆိုပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကနေ အစိုးရသစ်၊ အဲတော့ ဒီလိုဖြစ်လာမယ် ဆိုတာတော့ ကျနော်တို့လည်း တွက်ပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့ ဖြစ်စေချင်တဲ့၊ ပြည်သူတွေက ဖြစ်စေချင်တဲ့ အပြောင်းအလဲပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ အစိုးရမျိုးတော့ မဟုတ်ဘူးပေါ့။

“ဒီနေ့ တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားများနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲ အပါအ၀င် အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြောင်းအလဲတခုကို ဖြစ်ဖို့အတွက် ဆောင်ရွက်နိုင်မယ့် အစိုးရသစ်လို့တော့ ကျနော်တို့က မဆုံးဖြတ်ဘူးခင်ဗျ။

“အခု ကျနော်တို့ ပြည်သူတွေကြားကို ရောက်တဲ့အခါမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ကျနော် မနေ့ညနေကမှ ရောက်ပါတယ်၊ ပြည်သူတွေကြားမှာ၊ ရွာတွေမှာ ကျနော်ရောက်တဲ့ အခါကြတော့ တကယ့် အားကိုးတကြီးနဲ့ သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့ရဲ့ အကျပ်အတည်းတွေကို တင်ပြနေတာက ကျနော်တို့ကိုပဲ တင်ပြနေတာ ဖြစ်နေတယ်။ အဲတော့ တကယ်ဆိုရင် ပြည်သူတွေက အစိုးရသစ်နဲ့တကွ ကိုယ်စားလှယ်တွေကို အားကိုးတယ်ဆိုရင် သူတို့ကို တင်ပြရမှာပေါ့။ ဒီတော့ ပြည်သူတွေရဲ့ အမြင်မှာက တမျိုးဖြစ်နေတယ်။ ဒါကြောင့်မို့ ပြည်သူ့အကျိုးအတွက် ကျနော်တို့ကတော့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ NLD က ခွဲထွက်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဦးခင်မောင်ဆွေက ဒီအစိုးရသစ်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်နိုင်မယ် ဆိုတာကို အားထားနိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။

“NDF ကတော့ဗျာ ဒါကတော့ စစ်အုပ်ချုပ်ရေးကို ကျနော်တို့ ကိုယ်တိုင်လည်း မလိုချင်ဘူး၊ ပြည်သူတွေလည်း မလိုချင်ဘူး ဆိုတော့ စစ်အုပ်ချုပ်ရေးကို ပြောင်းလဲသွားအောင် ရွေးကောက်ပွဲနဲ့ ၀င်ရောက်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ မှတ်တိုင်တခုကတော့ဖြင့် အောင်မြင်သွားပြီပေါ့ဗျာ။ ဒီလိုပဲ ကျနော်တို့ ယူဆပါတယ်၊ နံပါတ်တစ် အချက်ပေါ့။

“ကျနော်တို့ မျှော်မှန်းတာကတော့ မျှော်မှန်းထားပါတယ်။ အားထားလို့ကတော့ မရဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ မျှော်မှန်းတာကတော့ ကျနော်တို့ ကိုယ်ပိုင်တဲ့ ဒိုမိန်းပေါ့၊ ကိုယ့်အ၀န်းအ၀ိုင်းထဲမှာတော့၊ လွှတ်တော်ထဲမှာတော့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ ကောင်းရာကောင်းကျိုးတွေ၊ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ဥပဒေကြမ်းတွေ၊ အဆိုတွေ တင်သွင်းဖို့ကတော့ စဉ်ဆက်မပြတ် ဖန်တီးပြီး ဆောင်ရွက်သွားမှာပါပဲ။

“ဆောင်ရွက်သွားတဲ့အပေါ်မှာ ဖန်တီးပေးမှုကို အားထားဖို့ကြတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်မှာ အများစု အနိုင်ရထားတဲ့ ပါတီတွေက ဒါကို လိုက်လျောညီထွေနဲ့ ပြည်သူ့အကျိုးစီးပွားကို သူတို့ကလည်း တကယ်တမ်း ရှုမြင်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလို ရှိမှသာလျှင် အားထားလို့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ လူများစုနဲ့ အနိုင်ရထားတဲ့ ပါတီကြီးဖြစ်လို့ လွှတ်တော်ထဲမှာရော အစိုးရထဲမှာရော သူတို့လူတွေချည်းပဲ ဆိုတော့ သူတို့ကိုယ်တိုင်က လူများစုနဲ့ အနိုင်ကျင့်တဲ့အဖြစ်ကို မရောက်အောင် နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရေးသိက္ခာ အပြည့်နဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ အားထားဖွယ်ရာ ရှိလာစရာ ရှိတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

အလားတူ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးသုဝေကလည်း အရပ်သား အစိုးရ ပြောင်းလဲလာတာဟာ ကောင်းတဲ့လက္ခဏာဖြစ်တယ်၊ ဒါပေမဲ့ ဒီမိုကရေစီ ပီပြင်လာအောင်တော့ လုပ်ဆောင်စရာတွေ အများကြီး ရှိသေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“ဒါ တိုးတက် ဖြစ်ပေါ်လာတဲ့ ကောင်းတဲ့လက္ခဏာလို့ ကျနော်တို့ကတော့ ဒီလိုပဲ ယူဆတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ပီပြင်အောင်ကတော့ အများကြီး ကြိုးစားဖို့ လိုတာပေါ့နော်။ အဲတော့ အစိုးရကိုချည်း အားကိုးနေလို့ မရဘူး။ ကျနော်တို့လည်း ၀ိုင်းပြီးတော့ ပံ့ပိုး ကြိုးစားရမယ်လို့ ယူဆပါတယ်။”

အစိုးရသစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့အပေါ် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းက တုံ့ပြန်ပြောဆိုမှုတွေ ဖြစ်ပါတယ်။

Audio download @ http://www.voanews.com/MediaAssets2/burmese/2011_03/03-30-11_NLD-_react_SE.Mp3
· · Share
  • You like this.
    • Mya Maung ပြည်သူတစ်ဦးအနေနဲ့ ပြောမယ်ဆိုရင် ပြည်သူများ သာယာဝဖြိုးပြီး အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်နိုင်အောင် လုပ်ကိုင်နိုင်တဲ့ အစိုးရမျိုးကိုပဲ လိုလားမိပါတယ်။
      51 minutes ago ·
    • Boon Myo Myo ကျနော့် အမြင်ရတော့ အစိုးရအသစ် ပေါ်ပေါက်လာတယ်လို့ မမြင်ပါဘူး။ ဂျိန်းဘုရင်ကြီး ဦးသန်းရွှေနဲ့ ဘုရင်မကြီး အဲလိစဘက်ကြိုင်ကြိုင်တို့ကနေပြီး မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေး ပေးလိုက်တာလောက်ပဲ့....ဆြာသိန်းစိန်က ဘုရင်ခံပေါ့ဗျာ။
      29 minutes ago · · 1 personKo Htut Htut likes this.
    • Saing Winhtoo နောက်ခံရှုခင်းတွေက အဓိက မကျဘူး .. မီးဆလိုက်က အဓိက ကျတယ်လေ..NLD မှာ ပေးဆပ်ရတာတွေ များနေတယ်ကွယ်.. မီးစင်ကြီးပြီး က နေရတာကို နားလည်ပါ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...