Friday, March 25, 2011

စာအုပ်အသစ်ထွက်ရှိခြင်းနှင့် တွေ့ဆုံပွဲ

အားလုံး မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်ကတော့ ဂျူး - Ju Page ရဲ့ Admin တစ်ယောက်ပါ။
မနေ့ညက ပြောခဲ့သလိုပဲ ကျွန်တော် အားလုံးကို ကြေငြာစရာ သတင်းစကားတစ်ခု ရှိပါတယ်။ ဒီသတင်းစကားကို ကြေငြာ ရုံသက်သက် မဟုတ်ပါဘူးခင်ဗျာ။ Fans အားလုံးရဲ့ ဒီသတင်းနဲ့ ပတ်သက်တဲ့ အမြင်၊ သဘောထား၊ ခံစားချက်၊ ပါဝင်ပတ်သက်လိုမှု အားလုံးကို ကျွန်တော် မျှော်လင့်ထားပါတယ် ခင်ဗျာ။ ဒီသတင်းဟာ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ Page ရဲ့ အောင်မြင်မှု လို့လည်း ခံစားလိုက်ရပါတယ်။
အဲ့ဒီအိပ်မက်ဟာ ဆရာမရဲ့ စာအုပ်အသစ်နဲ့ အတူတူ မွေးဖွားလာတာ ဖြစ်ပါတယ်။ အားလုံးကို ကျွန်တော်တို့ ပြောကြားခဲ့သလိုပဲ ဒီနှစ်အစောပိုင်းမှာ ဆရာမရဲ့ စာအုပ်အသစ်ထွက်မယ်။ ဒါပေမဲ့ တစ်လ တစ်လနဲ့ ခုဆို ၃ လပိုင်းထဲ ရောက်လာခဲ့ပါပြီ။ Fans တွေ မျှော်လင့်ထားသလိုပဲ ကျွန်တော်တို့လည်း ဆရာမရဲ့ စာအုပ်အသစ်ကို ဖတ်ချင်နေပါပြီ။ ဒါကြောင့် ဆရာမကို ဟောပြောပွဲတွေမှာ တွေ့တိုင်း မေးခဲ့ပါတယ်။ ခုတော့ သေချာတဲ့သတင်းအရ ဒီလကုန်မှာ ဆရာမရဲ့ စာအုပ်အသစ် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ စာအုပ်အမည်ကိုလည်း Fans တော်တော်များများက သိပြီးသား ဖြစ်ပါတယ်။ ဆရာမရဲ့ လုံးချင်းဝတ္ထု အသစ်ရဲ့ အမည်က “ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ” တဲ့ဗျ။

အဲ့ဒီစာအုပ်ထွက်ရှိခြင်းနဲ့ အတူ အားလုံး ဝမ်းသာရင်ခုန်ရမယ့် သတင်းစကားက ရှိနေပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ စာအုပ်အသစ်ထွက်ရှိခြင်းနဲ့အတူ ကျွန်တော်တို့ ဒီ Facebook က Fan Page က Fans တွေဟာ ဆရာမဂျူးနဲ့ရော ကျွန်တော်တို့ Fans တွေ အချင်းချင်းရော တွေ့ဆုံကြမယ့် ပွဲလေးမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဆရာ မြင့်မောင်ကျော်၊ ဆရာ မြင့်ဇော်နဲ့ ဆရာမ ဂျူးတို့ရဲ့ Art Cry, Save Soil ပွဲကို ကျွန်တော်သွားခဲ့ပါတယ်။ အဲ့ပွဲမှာ ဆရာမရဲ့ အယ်ဒီတာ ကိုမြင့်ဇော်ဆီကနေ ဝမ်းသာစရာ စကားတစ်ခုကို စကြားခဲ့ရပါတယ်။ အဲ့ဒါကတော့ ဆရာမနဲ့ ကျွန်တော်တို့ Facebook က Fans တွေ တွေ့ဆုံတဲ့ပွဲလေးတစ်ခု လုပ်ဖို့ပါ။ နောက် ပြီးခဲ့တဲ့လမှာတော့ ကျွန်တော်တို့ Emailကနေ တစ်ဆင့် ဆရာ ကိုမြင့်ဇော်ဆီက ကမ်းလှမ်းမှု တစ်ခုကို ရခဲ့ပါတယ်။ အဲဒီကမ်းလှမ်းမှုကတော့ ဆရာမရဲ့ စာအုပ်အသစ်ထွက်တဲ့ပွဲမှာ ကျွန်တော်တို့ Fans တွေပါ တွေ့ဆုံတဲ့ပွဲကိုပါ ပူပေါင်းပြီးလုပ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ ဆရာမတို့ရဲ့ Art of Watershed ပွဲမှာတော့ ကျွန်တော်ဟာ ဆရာမ ဂျူး၊ ဆရာ ကိုမြင့်ဇော်နဲ့ သွားတွေခဲ့ပြီး ဒီပွဲအတွက် မေးမြန်းခဲ့ပါတယ်။ ကိုမြင့်ဇော်က စာအုပ်အသစ် ထုတ်ခြင်းနဲ့ အတူတူ ကျွန်တော်တို့ တွေ့တဲ့ပွဲမှာ လူ ၁၀၀ လောက်နဲ့ ပွဲလေးတစ်ခု လုပ်ကြမယ်လို့ ပြောပါတယ်။ နေရာတစ်ခုခု ဥပမာ Hotel တစ်ခုခုက Hall ခန်းလေး တစ်ခုခုမှာပဲဖြစ်ဖြစ်၊ Gallery တစ်ခုခုမှာပဲ ဖြစ်ဖြစ် လုပ်ကြမယ်။ လူဦးရေကိုတော့ ၁၀၀ လို့ သတ်မှတ်မယ်။ ၁၀၀ မပြည့်လည်း ၅၀ ဖြစ် ၅၀၊ အဲ့ဒီပွဲမှာ ကျွန်တော်တို့ဟာ ဆရာမနဲ့ တွေ့ဆုံပြီး Fansတွေက ဆရာမရဲ့ စာအုပ်တွေထဲက ကိုယ်ကြိုက်တဲ့ စာသားလေးတွေကို ဖတ်ကြမယ်။ ကိုယ်ရဲ့ အဲ့စာသားပေါ် ခံစားချက်လေးတွေကို ဝေမျှကြမယ်။ ဆရာမနဲ့ ပတ်သက်တဲ့ ကိုယ်ရဲ့ ခံစားချက်လေးတွေကို ပြောကြားကြမယ်။ ပြီးတော့ ဆရာမနဲ့ ကျွန်တော်တို့ အားလုံးပါဝင်လို့ရမယ့် မေးသူဖတ်သူ အစီအစဉ်လေးလည်း ထည့်ကြမယ်လို့ ပြောခဲ့ပါတယ်။ တွေ့ဆုံပွဲ နေရာကိုလည်း ဆရာတို့က စီစဉ်ပေးမှာဖြစ်ပြီး ကျွန်တော်တို့က ဘာမှ ကုန်ကျမှာ မဟုတ်ပါဘူး။

တကယ်ကိုကောင်းမွန်တဲ့ ကမ်းလှမ်းချက်ပါ။ ကျွန်တော်အဲ့ဒီ ကမ်းလှမ်းချက်ကို ချက်ချင်း လက်ခံခဲ့ပါတယ်။ ဒီလိုမျိုး တွေ့ဆုံပွဲလေးလုပ်ဖို့ အစောကြီးကတည်းက ကျွန်တော်တို့ Admin Team အနေနဲ့ ဆန္ဒရှိခဲ့တာပါ။ ဒီ Page လေးကို ၂၀၁၀ ခုနှစ်၊ ဧပြီလအတွင်းမှာ ကျွန်တော့် သူငယ်ချင်းက စပြီး ဖန်တီးဖြစ်ခဲ့ပါတယ်။ Page လုပ်ပြီး လအနည်းငယ် အတွင်း Like လုပ်လာတဲ့ Fans ၄၀၀၀ ကျော် ရှိလာပါတယ်။ အဲ့တုန်းကတည်းက ဆရာမနဲ့ Fans တွေနဲ့ တွေ့ဆုံပွဲလေး လုပ်ကြမယ်လို့ ကျွန်တော်တို့ စိတ်ကူးခဲ့၊ အိပ်မက်မက်ခဲ့၊ တိုင်ပင်ခဲ့၊ ရူးခဲ့ကြသေးတယ်ဗျ။ ဒါပေမဲ့ အခက်အခဲကတော့ နေရာပါ။ အဲ့တုန်းကတောင် ကျွန်တော်တို့ မှန်းခဲ့တာ လူ အယောက် ၄၀၀ တက်ရောက်ကြမယ့် ပွဲ တစ်ပွဲကို ဖန်တီးဖို့ပါ။ ဒါပေမဲ့ ပွဲလုပ်ဖို့ နေရာကို ငှားဖို့ လိုအပ်လာတာက ငွေကြေးပါ။ ကျွန်တော်တို့ဟာ အဖွဲ့အစည်းတစ်ခု မဟုတ်တဲ့အတွက် ကုန်ကျလာမယ့် ငွေကြေးကို ကျွန်တော်တို့ မတတ်နိုင်ခဲ့ပါဘူး။ အဲ့တုန်းကလည်း Page မှာ ကြေငြာခဲ့ပြီး အလှူငွေကောက်ခံပြီး လုပ်ဖို့ အားလုံးဆီက ဆန္ဒသဘောထား ကောက်ခံခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်အထင်ပြောရရင် ကျွန်တော်တို့ကို အားလုံးက မသိ၊ မမြင်ဖူးကြလို့ မယုံကြည်ကြတာက တစ်ကြောင်း၊ ကျွန်တော်တို့ တင်ပြခဲ့တဲ့ ကုန်ကျစရိတ်ကို သဘောမကျကြတာက တစ်ကြောင်း၊ အခြားသော အကြောင်းအမျိုးမျိုးကြောင့် အထမမြောက်ခဲ့ပါဘူး။ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတွေ့မြင်ဖူးကြတဲ့ ဒီလို Online ပေါ်မှာ ဒီလိုပဲ ကြုံတွေ့ရမယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့ပါတယ်။ ထိုစဉ်တုန်းက ကျွန်တော်တို့ကို ယုံကြည်စွာနဲ့ ကူညီဖို့ ငွေကြေးထည့်မယ်ဆိုပြီး ကမ်းလှမ်းမှု တစ်ချို့ကိုတော့ ရရှိခဲ့ပါတယ်။ ထိုသူများကိုလည်း ခုထိ ကျေးဇူးတင်ပါတယ်။ ယုံကြည်ကြတဲ့အတွက်ပါ။ နောက်ပိုင်းတော့ အဲ့အစီအစဉ်ကို ဘယ်သူဆီကမှ ငွေကြေးမကောက်ခံတော့ဘဲ လုပ်ဖို့ကို စဉ်းစားခဲ့ပါတယ်။ ကြာချင်လည်း ကြာမယ်။ တစ်နေ့တော့ လုပ်ကြမယ်ဆိုပြီးတော့ စိတ်ကူုးတွေကို ခဏလောက်ပြန်ပြီး သော့ခတ်သိမ်းထား လိုက်ကြပါတယ်။

ခုတော့ အိပ်မက်တွေက တကယ်ဖြစ်လာပါပြီ။ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလေး အထမြောက်တော့မှာပါ။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာ မတင်မကျဖြစ်နေတာက လူအရေအတွက်ပါ။ လူ ၁၀၀ ပဲ သတ်မှတ်မယ်ဆိုရင် လူနည်းနည်းလေးပဲ လာရမယ်လို့ ထင်နေတာပါ။ ကျွန်တော်တို့ Fans ၄၀၀၀ ကျော် ရှိတုန်းကတောင် လူ ၄၀၀ လောက်မှန်းခဲ့တာပါ။ ခုဆို ကျွန်တော်တို့ Page မှာ လူ ၁၂၀၀၀ ကျော် ရှိနေပါပြီ။ ရန်ကုန်မှာတင် ၆၀၀၀ ကျော်လောက်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ လူ ၆၀၀၀ ကျော်ထဲမှာ ဘယ်နှစ်ယောက်က အခုလုပ်မယ့်ပွဲကို စိတ်အားထက်သန်စွာ တက်ရောက်ချင်ကြသလဲ။ တကယ့်ကို စိတ်ဝင်စားကြမလဲ။ ကျွန်တော် မသိပါဘူး။ ဒီလို Fan Page တစ်ခုမှာ Like လုပ်ထားကြတိုင်း အားလုံးက စိတ်အားထက်သန်နေတယ်လို့ ပြောလို့မရဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒီတော့ ဘယ်လိုလုပ်ကြမလဲ။

မနေ့ကတော့ ကျွန်တော် ဆရာ ကိုမြင့်ဇော်နဲ့ သွားတွေ့ပြီး ထပ်ဆွေးနွေးခဲ့ပါတယ်။ လူ ၁၀၀က နည်းမယ်လို့ ထင်ပါတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း ဘယ်လောက်လာမယ်ဆိုတာကို သေချာ မပြောရဲပါဘူး။ လူတွေ အများကြီးလာမှာဆိုပြီး အာမခံထားပြီး ခန်းမကြီးကြီး ငှားထားပြီးမှ မလာကြရင် ယခုလို စီစဉ်ဆောင်ရွက်ပေးကြတဲ့ ဆရာ ကိုမြင့်ဇော်တို့ကို အားနာစရာ ဖြစ်မှာပါ။ နေရာက ကျဉ်းသွားပြီး လာတဲ့လူတွေက များသွားရင်လည်း မကောင်းပြန်ပါဘူး။ ဒါမှမဟုတ် ဆရာတို့ စီစဉ်ထားသလို လူ ၁၀၀ နဲ့ပဲ ပွဲကို လုပ်ကြမလား။ ဒါဆိုရင်တော့ ဖိတ်စာနဲ့ ကန့်သတ်ရမှာ ဖြစ်ပြီး လာချင်ရက်နဲ့ ဖိတ်စာလာယူတာ နောက်ကျလို့ ဖိတ်စာ ကုန်သွားလို့ မလာရတာတွေလည်း မဖြစ်စေချင်ပြန်ဘူးဗျ။ ဒီပွဲကို ဆရာ ကိုမြင့်ဇော်တို့က ကျွန်တော်တို့ Facebook က Fan Page အပေါ်မှာ လုံးဝကို အလေးထားထားတာ ဖြစ်ပါတယ်။ ဘယ်Mediaကိုမှ မကြေငြာဘဲ ကျွန်တော်တို့ Facebookက Fan တွေကြီးပဲ သီးသန့် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဆရာက ဒီတစ်ခါ Digital မျိုးဆက်တွေကို ကြည့်ကြမယ်လို့ ပြောပါတယ်။ ဆရာနဲ့ ကျွန်တော် နောက်ဆုံး ဆုံးဖြတ်ခဲ့ကြတာကတော့ Page မှာ ဒီသတင်းကို ကြောငြာပြီးတော့ Fans တွေရဲ့ တုံ့ပြန်မှုကို နားထောင်ကြဖို့ပါပဲ။

ကျွန်တော် မနှစ်က ပွဲတစ်ခုကို တက်ခဲ့ပါတယ်။ လူငယ်တွေ လုပ်ကြတဲ့ပွဲလေးတစ်ပွဲပါ။ Facebook ကနေ ဖိတ်စာလုပ်ပြီး ဖိတ်ခဲ့တာဖြစ်ပြီး အဲ့ Event မှာ Attending လုပ်မယ်ဆိုတဲ့ လူအရေအတွက်ကို ကြည့်ပြီး သူတို့တွေက ခန်းမကို စီစဉ်ခဲ့ကြတာပါ။ Facebook ကို သူတို့ ယုံကြည်ခဲ့ကြတာပါ။ ဒါပေမဲ့ Attending လုပ်မယ်ဆိုတဲ့သူက ၅၀၀ လောက်ရှိခဲ့ပြီး တကယ်ပွဲကို လာခဲ့တာက ၅၀ တောင်မပြည့်ခဲ့ပါဘူး။ ခန်းမက ICT Park ထဲက လူ ၅၀၀ ဆန့်တဲ့ ခန်းမကျယ်ကြီးပါ။ လူ ၅၀ တောင် မလာခဲ့တော့ စဉ်းစားတာကြည့်ပါတော့။ ကျွန်တော်တို့က အဲ့လို အဖြစ်မခံနိုင်ပါဘူး။ အဲ့လိုလည်း ဖြစ်မယ် မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ အခုလုပ်မယ့်ပွဲက ဆရာမ ဂျူးရဲ့ ပွဲ မဟုတ်လား။ ပရိသတ်တွေ ချစ်ကြတဲ့ ဆရာမရဲ့ ပွဲကိုတော့ အားလုံး ပါဝင်ချင်ကြမယ်လို့ ယုံပါတယ်။

ယခုလုပ်မယ့်ပွဲက ရန်ကုန်မှာ ဖြစ်တဲ့အတွက် နယ်ကလူတွေအတွက်ရော၊ နိုင်ငံခြားက လူတွေ အတွက်ရော စိတ်မကောင်းပါဘူး။ ဒါပေမဲ့ နောက်ထပ် ကြုံဦးမယ် ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ Facebook က Fan Page အတွက် ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ ဒီတော့ အားလုံး ကျွန်တော်တို့ နဲ့ အတူတူ ဝိုင်းဝန်း စဉ်းစားပြီး အကြံဉာဏ်လေးတွေ ပေးပေးကြပါလား ခင်ဗျာ။ ဒါကတော့ ကျွန်တော်တို့ရဲ့ သတင်းစကားပါ။

ဆရာမက အခုတော့ ရန်ကုန်မှာ မရှိပါဘူး။ အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ လုပ်တဲ့ Conference တစ်ခုကို တက်ရောက်နေတယ်လို့ သိရပါတယ်။ ဘာပွဲလည်းတော့ အတိအကျ ကျွန်တော်တို့ မသိပါဘူး။ ကမ္ဘာ့အမျိုးသမီးတွေ တက်ရောက်ကြတဲ့ပွဲလို့ပဲ သိရပါတယ်။ အားလုံး အယောက် ၁၀၀ တက်ရောက်ကြတာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ဆရာမ တစ်ယောက်ပဲလို့ သိရပါတယ်။

ပွဲကတော့ ဆရာမ ပြန်လာရင် လုပ်ကြမှာ ဖြစ်ပါတယ်။ ဆရာမက ၂၈ ရက်နေ့ လောက်မှ ပြန်ရောက်မှာ ဖြစ်တဲ့အတွက် ပွဲက အဲ့နောက်ပိုင်းမှ လုပ်ဖြစ်မှာပါ။ ဒီလကုန် ဖြစ်နိုင်သလို နောက်လဆန်းလည်း ဖြစ်နိုင်ပါတယ်။ စနေ တနင်္ဂနွေနေ့ ဖြစ်နိုင်သလို ကြားရက် ရုံးဖွင့်ရက်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ရုံးဖွင့်ရက်မှာ ရုံးဝန်ထမ်းတွေကလည်း ထည့်ပြီး စဉ်းစားစရာပါ။ သူတို့ အဲ့ဒီရက်ကို ရုံးမှာ ခွင့်တင်ပြီး လာခဲ့ကြမလား။ ဘယ်လို လုပ်ကြမလဲ။ ပိတ်ရက်တောင် ကိစ္စတွေ ရှိလို့ မလာဖြစ်ဘူးဆို ဘယ်လိုလုပ်ကြမလဲ။ စဉ်းစားစရာတွေက အများကြီးပါ။ ဒါကြောင့် အားလုံးဆီက ကျွန်တော်တို့ အကြံဉာဏ် တောင်းခံကြည့်ခြင်းပါ။ အားတက်သရော ဆွေးနွေးပြီး ဝိုင်းဝန်းစဉ်းစားကြမယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ အဓိက ဆွေးနွေးကြရမှာက
အပေါ်မှာ ပြောခဲ့တဲ့ လူအရေအတွက်၊ တက်ရောက်မယ် မတက်ရောက်မယ် ဆိုတဲ့ ကိစ္စ?
လူ၁၀၀ နဲ့ပဲ ပွဲကို လုပ်ကြမလား?
ပြီးတော့ ပွဲမှာ ဘယ်လို Activites လေးတွေ ထည့်ကြမလဲ၊ ထည့်ချင်ကြသလဲ?
ပြီးတော့ တခြားအကြံပေးလိုသမျှပေါ့ .................................။

အခုတောင် မတ် ၁၅ ရက်ရှိနေပြီဆိုတာ့ ကျွန်တော်တို့မှာ စီစဉ်ဆောင်ရွက်စရာတွေက အများကြီးပါ။ ဒါကြောင့် အားလုံး အကြံဉာဏ်လေးတွေ ပေးကြပါခင်ဗျား။

အားလုံးကို Welcome ပါခင်ဗျာ။ အခုကနေစပြီး ပေးလာသမျှ အကြံဉာဏ်တွေကို ကျွန်တော်တို့ လက်ခံစဉ်းစားမှာပါ။ ဒီမှာ ဝိုင်းဝန်းဆွေးနွေးပေးကြပါခင်ဗျား။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဒီ Dicussions လေးကို ပြန်ပြီး Share ပေးပါနော်။ Fansတွေ အားလုံး သိရအောင်လို့ပါ။ အားလုံးပါဝင် ဆွေးနွေးနိုင်အောင်လို့ပါ။ ကျွန်တော်တို့နဲ့ ပူးပေါင်း ဆောင်ရွက်ချင်သူများ ကျွန်တော်တို့ ရဲ့ Email ဖြစ်တဲ့ nario.cnt@gmail.com ရဲ့ Chat Box မှာလည်း လာရောက် ပြောဆိုနိုင်ပါတယ်။

ကျွန်တော်ရဲ့ စာအရှည်ကြီးကို သည်းခံဖတ်ပေးကြတဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရိုးသားဆုံး တင်ပြထားတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲကနေ ကျွန်တော်တို့ နောက်ထပ် ခြေလှမ်းတွေ အများကြီး ဆက်လှမ်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းစဉ်းစားကြစို့ဗျ။

One of Admins
about a week ago · Report
  • http://profile.ak.fbcdn.net/hprofile-ak-snc4/41636_100001601272950_9025_q.jpg
ကြားရတာ ၀မ်းသာပါတယ်
about a week ago · Report
  • http://profile.ak.fbcdn.net/hprofile-ak-snc4/174339_1184370942_2095699_q.jpg
weird :sign m not in YGN, any way glad to hear that :D
about a week ago · Report
  • http://profile.ak.fbcdn.net/hprofile-ak-snc4/161258_100000493512237_5969414_q.jpg
hello! I really glad to know about new book.And I really want to attend this meeting.
But I am from Mandalay.How to attend?
about a week ago · Report
  • http://profile.ak.fbcdn.net/hprofile-ak-snc4/187251_100000491690138_844176_q.jpg
for me it will not enough should be 400 hundred like before

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...