Thursday, March 24, 2011

“လွတ်ငြိမ်းချမ်းသာခွင့်” နှင့်ပတ်သက်၍

by Yeyint Nge on Thursday, March 24, 2011 at 6:57pm
(တူမောင်ညို)
၂၀၁၁ မတ် ၁ ရက်

“လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာပေးရန် ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျနော့်မိတ်ဆွေနှင့်ကျနော် အပြန်အလှန်ဆွေးနွေးဖြစ်ပါတယ်။ အဲဒီဆွေးနွေးချက်တွေကို မိတ်ဆွေများ လည်း စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြလိုက်ပါတယ်။

(ကျနော်) “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာပေးဖို့ နိုင်ငံရေးပါတီ (၁၀) ပါတီကြေညာချက်ထုတ်ပြန်တာ ခင်ဗျား ကြားမှာ ပေါ့။

(မိတ်ဆွေ) ဟုတ်ကဲ့ နားထောင်လိုက်ရပါတယ်။ ဦးသုဝေပြောသွားတဲ့ “ အကြံပြုတာ- တိုက်တွန်းတာပါ” ဆိုတဲ့ စကားလုံး လေးကိုတောင် အမှတ်ထင်ထင်ရှိလိုက်မိပါတယ်။


(ကျနော်) အဲဒီကြေညာချက်စုထုတ်ကြတဲ့ (၁၀) ပါတီထဲမှာ စီးပွားရေးဒဏ်ခတ်မှုရုပ်သိမ်းရေး၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ ဒုတိယသမ္မတတစ်ဦးကိုတိုင်းရင်းသားထဲက ခန့်အပ်ပေးရေး တောင်းဆိုဖူးတဲ့ တိုင်းရင်းသား (၅) ပါတီနဲ့ အခြားသော ဒီမိုကရေစီပါတီတွေလည်းပါတယ်ဗျ။
လွှတ်တော်တက်နေကြတဲ့ ဒီပါတီတွေက ဒီကိစ္စတွေကိုလွှတ်တော်ထဲမှာမပြောကြမဆိုကြဘဲ၊ လွှတ်တော်ပြင်ပ မှာ ဘာကြောင့် အခုလို ကြေညာချက်ထုတ်ပြန်ရတာလဲဗျ။

( မိတ်ဆွေ) ခင်ဗျားပြောမှ ကျနော်သတိပြုမိတာလေးတစ်ခုပြောရဦးမယ်။ “ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်းအဝေး” ၄ ဖေဖေါ်ဝါရီ ကနေ ၂၅ ဖေဖေါ်ဝါရီိအထိ ကျင်းပခဲ့သဗျ။ အဲဒီကိစ္စတွေကို ပြည်ထောင်စု လွှတ်တော်ထဲမှာ တင်ပြတယ်/ဆွေးနွေးတယ်ဆိုတာမကြား မိပါဘူး။

(ကျနော်) “လွတ်ငြိမ်းချမ်းသာခွင့်”က နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ ပြည်ပရောက်နေသူတွေ အိမ်ပြန်လာ နိုင် ကြဖို့ ဆိုတဲ့ အချက် ၂ ခုက အဓိကပဲဗျ။ ကြေညာချက်ထဲမှာ အုပ်စိုးသူအစိုးရအဆက်ဆက်က ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကို ဖေါ်ပြထားတယ်လို့ဆိုသဗျ၊
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာတာ/ ပြည်ပရောက်နေသူတွေအိမ်ပြန်ရတာ မကောင်းဘူးလားဗျ။ ဘယ်လိုသဘောရသလဲဗျ။

(မိတ်ဆွေ) အကျဉ်းသားလွတ်မြောက်ရေးကိုပြောတာလား၊ အိမ်ပြန်ရေးကိုပြောတာလား။

(ကျနော်) “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ ကိစ္စကို အဓိကပြောဆိုဆွေးနွေးကြဖို့ပြောတာပါ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ အိမ်ပြန်ရေးလည်း ပြောကြတာပေါ့ဗျာ။

(မိတ်ဆွေ) ကျနော့်အမြင် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ စကားလုံးအသုံး အနှုန်း ကို နဲနဲမှ ဘဝင်မကျဘူး။ လက်မခံနိုင်ဘူး။ “နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိ အမြန်ဆုံးလွှတ် ပေးရေး” ဆိုတာကိုတော့ အတိုင်းအတာတစ်ခုအထိ ကျနော်လက်ခံပါတယ်။

(ကျနော်) ဘာကြောင့် ဘယ်လိုဘဝင်မကျရတာလဲဆိုတဲ့ ခင်ဗျားအမြင်ကိုပြောပါဦး

(မိတ်ဆွေ) ဒါဆိုရင် “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ စကားလုံးအပေါ်ကျနော့်အမြင်စပြီးဆွေးနွေးမယ်ဗျာ။ ဒီစကားလုံးက သိပ်ရင့်သီးလွန်းတယ်။ ရာဇဝတ်အကျဉ်းသားတွေအတွက်သာ သုံးရမယ့်စကားလုံးလို့ ယူဆတယ်။<span> နိုင်ငံရေး သမားတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်မှာ ဒီစကားလုံးသုံးတယ်ဆိုရင်တော့ ဒါဟာ နှိမ့်ချစော်ကား တာပဲဖြစ်တယ်။</span>
နိုင်ငံရေးသမား၊ နိုင်ငံရေးလှုပ်ရှားမှုဆိုတာ သူယုံကြည်သက်ဝင်ရာဝါဒ၊ အယူအဆ၊ သဘောတရား၊ လမ်းစဉ်၊ ယုံကြည်မှုတစ်ခုခုကို ကိုင်စွဲချမှတ်ပြီး လှုပ်ရှား/တိုက်ပွဲဝင်မှာပဲဖြစ်တယ်။ လက်နက်စွဲကိုင်ခုခံတိုက်ခိုက်ဖို့ လိုရင် လည်း လက်နက်စွဲကိုင်ရမှာဖြစ်တယ်။ ဒီလိုလှုပ်ရှားတာဟာ ဒီလိုတိုက်ပွဲဝင်တာဟာ ရာဝတ်မှုမဟုတ် ပါဘူး။ (နဝတ- နအဖ) စစ်အစိုးရအပါအဝင် အုပ်စိုးသူအဆက်ဆက်ဟာ “ ပြည်တွင်းစစ်” ဆိုတဲ့ နိုင်ငံရေး ပြဿနာကိုဖုံးကွယ်ဖို့ နိုင်ငံရေးနည်းနဲ့မဖြေရှင်းလိုတဲ့အတွက် “ပြည်တွင်းဆူပူသောင်းကျန်းမှု” ဆိုပြီး သရုပ် ဖျက်ခဲ့တယ်။ “သောင်းကျန်းသူ” ဆိုပြီး နာမည်တပ်ကာ “အမြစ်ပြတ်ချေမှုန်းရေးနည်း” ကိုပဲ ကျင့်သုံး ခဲ့တယ်။ ဆက်လက်ကျင့်သုံးနေဆဲလည်းဖြစ်တယ်။
(နဝတ-နအဖ) စစ်အစိုးရကလည်း “နိုင်ငံရေးအကျဉ်းသားမရှိဘူး”။ တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုချိုးဖောက်လို့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားပဲရှိတယ်လို့ပြောနေတယ်လေ။ ဒါတွေဟာ နိုင်ငံရေးသမားနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို တမင်သက်သက်မြက်ကွယ်ပြုတဲ့သဘော၊ အသိအမှတ်မပြုတဲ့သဘောလည်းဖြစ်တယ်။ ဒါကြောင့် ရာဇဝတ်အကျဉ်းသားတွေအတွက်သာ သုံးစွဲသင့်တဲ့ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ စကားလုံးကို ကျနော်ဘဝင်မကျနိုင်ဘူး။ လက်မခံနိုင်ဘူးဗျာ။

(ကျနော်) တချို့ကပြောနေကြတာရှိတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိရာကနေ ရှိလာတာမကောင်းဘူးလား”။ “လွှတ်တော်မရှိရာကနေ လွှတ်တော်ရှိလာတာမကောင်းဘူးလား” ဆိုပြီးပြောနေကြတယ်ဗျ။ ကျနော်ကလည်း ပြောချင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းကျနေရာကနေ လွတ်မြောက်လာတာမကောင်းဘူးလား။ ပြည်ပရောက်နေသူတွေ အိမ်ပြန်လာရတာမကောင်းဘူးလားဗျာ။

(မိတ်ဆွေ) ကျနော်ကလည်း ပြန်မေးပါရစေ၊ ဘယ်လိုနည်းဘယ်လိုပုံစံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်ရှိလာတာလဲ၊ ဘယ်လိုနည်းလမ်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ပြီး ပြည်ပရောက်တွေအိမ်ပြန်လာရတာလဲ။ ဘယ်လိုအချုပ်အချယ်နဲ့ စည်းကမ်းသတ်မှတ်ချက်တွေ၊ တားမြစ်ချက်တွေပါရှိလာသလဲ။
နိုင်ငံရေးအကျဉ်းသားအားလုံးချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေးကို ကျနော့်ဘက်မှာကန့်ကွက်စရာ မရှိ ပါဘူး။ ဦးဝင်းတင်စကားနဲ့ပြောရရင် ထောင်ကို ကြယ်ငါးပွင့်ဟိုတယ်လို စီမံထား ထား၊ ထောင်ဟာ ထောင်ပဲဗျ။
ကျနော်ပြောချင်တာက နိုင်ငံရေးအကျဉ်းသားတွေဘာကြောင့် နှစ်ရှည်ထောင်ချခံရသလဲ။ ပြည်ပနိုင်ငံတွေကို ကျနော်တို့တိုင်းရင်းသားပြည်သူတွေ၊ မိတ်ဆွေတွေ၊ ရဲဘော်ရဲဘက်တွေ ဘာကြောင့် ရောက်သွား ရတာလဲ။
အရင်းစစ်လိုက်တော့ နိုင်ငံရေးပြဿနာမဟုတ်လားဗျ။ အခုကျနော်တို့တိုင်းပြည်မှာ နိုင်ငံရေးပြဿနာတွေ၊ လူ့အခွင့်အရေးပြဿနာတွေ၊ တိုင်းရင်းသားတန်းတူရေးပြဿနာတွေ ပြေလည်သွားပြီးလား။ အဲဒီပြဿနာ တွေအားလုံးကိုဖြေရှင်းနိုင်မယ့်/ အဖြေရှာနိုင်မယ့် အခြေခံကောင်းတွေကို ဖွဲ့စည်းပုံအခြခံဥပဒေ (၂၀၀၈) နဲ့ လွှတ်တော်ထဲမှာ ဖြေရှင်းအဖြေရှာနိုင်ပြီလား။ ပါရှိနေပြီလား ဆိုတဲ့အချက်ကို ခင်ဗျား စဉ်းစားပါဗျာ။

(ကျနော်) ဒီပြဿနာတွေတော့ မဖြေရှင်းနိုင်သေးတာအမှန်ပါပဲ။ ဖြေရှင်းနိုင်မယ့်အခြေခံကောင်း တွေလည်းဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ထဲမှာ မပါတာလည်းအမှန်ပဲဗျ။ မဖြေရှင်းနိုင်တဲ့အပြင် အပစ်အခတ်ရပ်စဲ ခဲ့ပါပြီ၊ ငြိမ်းချမ်းရေးရခဲ့ပါပြီဆိုတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေကို “သောင်းကျန်းသူ” လို့ ပြန်လည် သုံးနှုန်းလာတာတွေ့နေရတယ်ဗျ။
လက်တွေ့မှာလည်းဗျာ မြဝတီ(ကရင်ပြည်နယ်) ဘက်မှာ တိုက်ပွဲတွေဖြစ်နေကြတယ်။ မိုင်းနောင် (ရှမ်းပြည် နယ်)နဲ့ ဝိုင်းမော်(ကချင်ပြည်နယ်) ဘက်ကို အမြောက်တင်သံချပ်ကာကားတွေနဲ့ စစ်တပ်တွေပို့နေတဲ့ သတင်း တွေကြား နေရတာပဲဗျာ။
ကေအိုင်အေနဲ့လည်း မံစီမြို့နယ်ဘက်မှာထိတွေမှုတွေဖြစ်နေပြီး ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဘက်မှာလည်း တိုက်ပွဲငယ်တွေဖြစ်နေတဲ့ သတင်းတွေကြားသိနေရတာပဲလေ။ အင်းစိန်မြို့နယ်ထဲမှာတောင် ဗုံးကွဲလို့ လူ ၈ ယောက်ဒဏ်ရာရသွားသေးတယ်မဟုတ်လားဗျ။

(မိတ်ဆွေ) ကျနော်ဆွေးနွေးချင်တာနဲ့ ဂရုပြုစေချင်တာကတော့ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို အသိအမှတ်ပြုပြီး နိုင်ငံရေးနည်းနဲ့တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ပါ။ ဒီလိုသာတိုင်းပြည်နဲ့လူထုကို ထိခိုက်စေတဲ့ အရင်းခံပြဿနာ တွေကိုဖြေရှင်းနိုင်ရင်၊ ပြေလည်စေတယ်ဆိုရင် သူများနိုင်ငံမှာ ဘယ်သူနေချင်မှာလဲဗျ။ တငြိမ့်ငြိမ့်စီးဆင်း နေတဲ့ ဧရာဝတီရဲ့အလှ၊ တည်ငြိမ်ရင့်ကျက်လှတဲ့ ရှမ်းရိုးမ၊ ရခိုင်ရိုးမတွေရဲ့အလှသဘာဝနဲ့ ရွှေရောင်အဆင်း နဲ့သပ္ပါယ်လှတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကိုဖူးတွေ့ချင်ကြမှာပါပဲဗျာ။

(ကျနော်) တစ်ဦးချင်းအိမ်ပြန်ချင်သူတွေလည်းရှိတယ်ဗျ။ ဒါကလည်းသူတို့ရွေးချယ်ပိုင်ခွင့်မဟုတ်လား။ ဦးနု တို့လို နိုင်ငံရေးပဂေးကြီးတွေတောင် (မဆလ) ခေတ်က “လွတ်ငြိမ်းချမ်းသာခွင့်”နဲ့ အိမ်ပြန်လာခဲ့ကြတာပဲ မဟုတ် လား။

(မိတ်ဆွေ) ကျနော်ပြောခဲ့ပြီပဲ။ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲဗျာ။ “လွတ်ငြိမ်းချမ်းသာခွင့်” မတောင်းဆိုရ ဘူး ဆိုပြီး ကျနော်က ပိတ်ပင်နေတာမဟုတ်သလို။ အိမ်မပြန်ရဘူးလို့ လည်းတားမြစ်နေတာမဟုတ်ပါ ဘူးဗျာ။ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့စကားလုံးအသုံးအနှုန်းနဲ့ “လွတ်ငြိမ်းချမ်းသာခွင့်”ဆိုတဲ့ကိစ္စအပေါ်မှာ ထားရှိတဲ့ ကျနော့်သဘောထားအမြင်ကို တင်ပြဆွေးနွေးနေတာ ပဲဖြစ်ပါတယ်။
တစ်ဦးချင်းအိမ်ပြန်ချင်သူတွေလည်းရှိတယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ အဲဒီအိမ်ပြန်ချင်တဲ့တစ်ဦးချင်းဆိုတာ ခင်ဗျားကိုယ်တိုင်ပဲမဟုတ်လား။
ဘာလဲ ခင်ဗျားလည်း အိမ်ပြန်ချင်နေပြီလား။

(ကျနော်) အမေနဲ့ရွာကိုတော့လွမ်းတယ်ဗျာ။ ဒါပေမယ့် ခင်ဗျားဆွေးနွေးသလိုပေါ့ အဓိကကျတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ရင် နိုင်ငံရေးအကျဉ်းသားပြဿနာ၊ ပြည်ပထွက်ရတဲ့ပြဿနာတွေက ဂျာအေးသူ့အမေရိုက်ဆို သလို ဖြစ်နေအုံးမှာပဲဆိုတဲ့ အချက်ကိုတွေးမိပါတယ်ဗျာ။

(မိတ်ဆွေ) ဆက်စပ်ဆွေးနွေးချင်တာက ပြည်ထောင်စုလွှတ်တော်ကနေ သဘောတူဆုံးဖြတ်သတ်မှတ်ခဲ့ကြတဲ့ သမ္မတတွေ၊ ဝန်ကြီးတွေ၊ တရားသူကြီးချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆိုသူတွေဟာ ယခင်စစ်အစိုးရအဖွဲ့ကလူတွေချည်းပဲ အများစုဖြစ်နေတယ်ဗျ။
နောက်တစ်ခုက “လွတ်ငြိမ်းချမ်းသာခွင့်”နဲ့ပတ်သက်ပြီး အခြေခံဥပဒေ (၂၀၀၈) မှာ “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” ကို သမ္မတတစ်ဦးတည်း သဘောနဲ့ပေးနိုင်ပြီး။ ခင်ဗျားတို့ကျနော်တို့ပြောနေတဲ့ “လွတ်ငြိမ်းချမ်းသာခွင့်” ဆိုတာ ကတော့ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (အကလ)”ရဲ့ “ထောက်ခံချက်နှင့်အညီ” ပေးခွင့်ရှိ တယ်လို့ ဖေါ်ပြထားတယ်။
ဆိုလိုတာကတော့ဗျာ “လွတ်ငြိမ်းချမ်းသာခွင့်”ကို သမ္မတတစ်ဦးတည်း သဘောနဲ့ပေးလို့မရဘူး ဆိုတာ ပဲဖြစ်တယ်။ ပိုပြီးသတိပြုသင့်တာက ဒီအခွင့်အရေးကို “လွှတ်တော်” ကို ပေးမထားဘူးဆိုတဲ့ အချက်ပဲဖြစ် တယ်။ ဒီနေရာမှာတစ်ခုထည့်ပြောချင်ဗျ။

ဆရာဦးဝင်းတင်က “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ထဲမှာ “ ဒီနေ့ခေတ်လို နိုင်ငံရေးအကျဉ်းသားဦးရေများပြားတာ၊ ဆင်းရဲဒုက္ခကြီးမားတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ မိသားစုကိုပါ ဒုက္ခပင်လယ်ဝေစေတာတွေဟာ ပေါ့ ပေါ့သဘောထားလို့မရပါဘူး။ စစ်အစိုးရဟာ နိုင်ငံရေးသမိုင်းကိုထုံးသုတ်၊ နိုင်ငံရေးပင်မတရားကို ရေစုန်မျှော၊ နိုင်ငံရေးအင်အားစုအားလုံးဖဲ့ချွေ၊ နိုင်ငံရေးမျိုးဆက်သစ်တွေကို သားကြောဖြတ်၊ နိုင်ငံရေး စိတ်ဓါတ် တွေကို ရေနွေးလောင်း၊ နိုင်ငံရေးခေါင်းဆောင်မှုတွေကို ကိုင်းဖျားကိုင်းနားချိုင်၊ နိုင်ငံရေးဘဝ တစ်ခုလုံးကို ပင်စည် လှဲနေပါတယ်၊ ဒါတွေဟာ လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေ ပါပဲ”လို့ ကွက်ကွက် ကွင်းကွင်း ထိထိ မိမိရေးသားဖေါ်ပြခဲ့တယ်ဗျ။
ဒီတော့ဗျာ၊ ဒီလို လူသားအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေကို အကြိမ်ကြိမ်အခါခါ အကြမ်းဖက် ဖိနှိပ်ချိုး ဖောက်နေသူတွေထံကနေ “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါလို့ တောင်းဆိုနေတာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စ လားဆိုတာ စဉ်းစားကြည့်ပါတော့ဗျာ။

(ကျနော်) ဟုတ်ကဲ့ဗျာ။ ဒီကိစ္စကိုတော့ ဒီနားမှာပဲ ခေတ္တထားလိုက်ကြပါစို့ဗျာ။ နောင်မှာ ဆက်စပ်ဆွေးနွေးစရာ တွေပေါ် လာတဲ့အခါ ထပ်ပြီးဆွေးနွေးကြသေးတာပေါ့ဗျာ။ မတ်လ ၁ ရက်နေ့ကစပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှာ လွှတ်တော်ကော်မတီတွေဖွဲ့ကြမယ်/မူကြမ်းတွေ/ အဆိုတွေတင်ကြဦးမယ်လို့ ဆိုတယ်ဗျ၊ ဒါတွေကို နားစွင့်ပြီး ခင်ဗျားနဲ့ ကျနော် အခုလိုပဲ ဆွေးနွေးကြသေးတာပေါ့။

http://www.yeyintnge.com/2011/03/blog-post_104.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...