Tuesday, March 29, 2011

" မှားယွင်းသော စီမံခန့်ခွဲမှု".

မှားယွင်းသော စီမံခန့်ခွဲမှုကို “Mismanagement”ဟု သိကြသည်။ တစ်ဦးချင်းစီမှသည် အဖွဲ့အစည်းများ အလယ်၊ နိုင်ငံအဆုံး အတော်ပင် အလေးအနက်ထားရမည့် အရာ၊ အရေးကြီးသော အဓိကအချက် ဖြစ်သည်။
စီမံခန့်ခွဲသူများသည် မူ ၀ါဒရေးဆွဲသူများ၊ မဟာဗျူဟာ ရုပ်လုံးဖော်ကြသူများ ဖြစ်သဖြင့် မူလကတည်းက မှားယွင်းမှု ရှိနေလျှင်၊ အကောင်အထည်ဖော်ရာ၌ မျှော်မှန်းထားသော ရည်မှန်းချက်သို့ မည်သည့်အခါမှ ရောက်ရှိမည် မဟုတ်ချေ။ ဦးဆောင်သူများသည် စီမံခန့်ခွဲသူများ ဖြစ်သည်။ လမ်းကြောင်းပေးသူများလည်း ဖြစ်၏။ အခြေအနေအမှန် တစ်ရပ်ကို ကောင်းစွာသိရှိ သုံးသပ်နိုင်မှု၊ ရေရှည် အကျိုးစီးပွား ရရှိနိုင်မှု၊ နောက်လိုက်များကို ပြုပြင်နိုင်မှု၊ မိမိမူဝါဒ၏ အကျိုးအပြစ်များကိုကောင်းစွာ ထဲထဲဝင်ဝင် သိရှိနိုင်မှု၊ ကမ္ဘာကြီး၏လားရာနှင့် အရာရာကို ခြုံငုံမြင်နိုင်မှု စသော အရည်အသွေးများရှိရန် လိုသည်။

ဥပမာ (၁) - GM ဘာကြောင့် ကျဆုံးရပါသလဲ
အမေရိကန်တို့၏ ဂုဏ်ယူခဲ့ရသော တံဆိပ်လည်းဖြစ်၊ ဘယ်တော့မှ မကျဆုံးနိုင်သော ဧရာမ ကျောက်ဆောင်ကြီးဟုလည်း တင်စားခံခဲ့ရသော ကမ္ဘာ့အကြီးဆုံး မော်တော်ကားထုတ်လုပ်သူ General Motor သည် (၂၀၀၈)
ကမ္ဘာ့ဘဏ္ဍာ ရေး အကျပ်အတည်း၏ ရိုက်ခတ်မှုကြောင့်(၂၀၀၉)တွင် ဒေ၀ါလီ ခံခဲ့လိုက်ရသည်။ GM အောင်မြင်ခဲ့စဉ်က Alfred Sloan က ဦးဆောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလက သူ၏ မော်တော်ကားထုတ်လုပ်ရာ စက်ရုံများကို လက်နက်ထုတ်လုပ်ပေးရာ စက်ရုံများအဖြစ် ပြုပြင်ပြောင်းလဲပြီး နည်းပညာသာလွန်မှုနှင့် အခွင့်အလမ်းကောင်း ရရှိပြီး နှစ်ခုပေါင်းဆုံမှုကြောင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ Sloan ၏ စီမံကိန်းများ မဟာဗျူဟာများ မှန်ကန်ခဲ့သည်။ သူ့ရှေ့မှ Ford ကုမ္ပဏီကိုကျော်၍ ကမ္ဘာ့ အကြီးဆုံး မော်တော်ကားထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

၂၀၀၀ ပြည့်နှစ်ကျော် ကာလများတွင် မဟာဗျူဟာကောင်း၊ ထုတ်လုပ်မှုစနစ်ကောင်းဖြင့် ထွက်လာသော ဂျပန်တို့၏ အရည်အသွေးမြင့်ကားကို GM များစွာမယှဉ်နိုင်ခဲ့။ ဂျပန်တို့ကို အရှုံးပေးလိုက်ရပြီး GM ကျဆုံးရခြင်းမှာ
မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ အဓိက မဟာဗျူဟာနှစ်ခု မှားယွင်းခဲ့သည်။ ပထမတစ်ချက်က မော်တော်ကား ထုတ်လုပ်မှုတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လုံလောက်သော ငွေကြေးမြှုပ်နှံမှုကို
ဆောင်ရွက်ရမည့်အစား အစုရှင်များ၏ ရေ တို အကျိုးအမြတ် ခွဲဝေပေးမှုကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်သည်။ ဒုတိယ မဟာဗျူဟာ အမှားမှာ မော်တော်ကား အဓိက ထုတ်လုပ်သော ကုမ္ပဏီတစ်ခုအနေဖြင့် မိမိကျွမ်းကျင်သော လုပ်ငန်းအပေါ် ပြန်လည် တည်ဆောက် အင်အားကောင်းရန် မဆောင်ရွက်ဘဲ ဘဏ္ဍာရေးလုပ်ငန်းဘက် ကြီးစွာ ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးကဏ္ဍ စန်းပွင့်စဉ်က GM အသားတင်အမြတ်ငွေ၏ (၈၀%)ကို GM ၏ လုပ်ငန်းခွဲ တခုဖြစ်သော ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံရာမှ ရရှိ၍ ၀မ်းသာခဲ့ကြသော်လည်း မိမိတို့၏ အမှန်ကျွမ်းကျင်ရာ မဟုတ်သဖြင့် ၂၀၀၈
ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကို မကျော်လွှားနိုင်ခဲ့တော့။

တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောက်ဖိန်၏ 'ကြောင်ဖြူသည်၊ မဲသည်ထက် ကြွက်ခုပ်ဖို့ အရေးကြီးသည် ဆိုသော စကားအတိုင်း လွတ်လပ် ဈေးကွက် စီးပွားရေးထဲမှ မူကွဲစနစ်များစွာ အနက် တကယ် အလုပ်ဖြစ်နိုင်သော စနစ်ကို လိုက်နာကျင့်သုံးနိုင်ဖို့ကသာ အရေးကြီးပါသည်

ဥပမာ(၂) - တရုတ်တို့၏ ကျဆုံးမှုနှင့် အောင်မြင်မှု
တစ်ချိန်က တရုတ်တို့သည် အင်အားကြီးနိုင်ငံ ဖြစ်ဖူးခဲ့ပြီး နယ်မြေသစ် ရှာဖွေသော ကိုလံဘတ်စ်၏ ရွက်တိုင်(၃)တိုင်တပ် သင်္ဘောထက် လေးဆမျှ ပို၍ကြီးသော (၇)တိုင်တပ် သင်္ဘောများကို တရုတ်တို့ ပေါများစွာ သုံးခဲ့သည်။
ကိုလံဘတ်စ်၏ သင်္ဘောအုပ်စုတွင် (၇)စင်းနှင့် (၁၀)စင်းကြားသာ ရှိသောအချိန်တွင် တရုတ်တို့၏ သင်္ဘောအုပ်စုသည် အစင်းရာနှင့်ချီခဲ့၏။ အနောက်ဘက်က အံ့သြယူရလောက်သော ကမ္ဘာ့အကြီးဆုံး သင်္ဘောတည်ဆောက်သည့် သင်္ဘောကျင်းများစွာကို တရုတ်တို့ ပိုင်ဆိုင်ခဲ့၏။ ယမ်းကို ဦးစွာရှာဖွေအသုံးပြုခဲ့၏။ နေနာရီကို ကောင်းစွာအသုံးပြုခဲ့၏။ စက္ကူကို စတင် ထုတ်နိုင်ခဲ့၏။ တရုတ်တို့၏ ပိုးထည်သည်လည်း ကမ္ဘာကျော်ခဲ့၏။ မင်းဆက်တစ်ဆက်၌ တရုတ်တို့၏ စွန့်ဦးတီထွင် စိတ်ဓာတ်ကို ကန့်သတ်လိုက်သော စည်းမျဉ်းဥပဒေများကြောင့် ပေါ်တူဂီတို့၏ အမြောက်ကို တရုတ်တို့က ပြန်၍ အတုယူလိုက်ကြရသည်။ နာရီကို တရုတ်တို့ ကောင်းစွာမကြည့်တတ်တော့၊ သင်္ဘောတည်ဆောက်နည်းများကို အနောက်ဘက်မှ ပြန်သင်ကြားခဲ့ရသည်။
ဥက္ကဋ္ဌကြီး မော်စီတုံး လက်ထက်တွင် တရုတ်တို့သည် စီးပွားရေးအရရော၊ နိုင်ငံရေးအရရော များစွာ အောင်မြင်ခဲ့သည် မဟုတ်၊ သဘောတရားရေးရာ အရ အကောင်းလွန်နေသော်လည်း လက်တွေ့လူသားတို့၏ ခံစားချက်ကို လျစ်လျူရှုခဲ့သော ကွန်မြူနစ်စနစ်လည်း တဖြည်းဖြည်း အရောင်မှိန်လာသည်။ နိုင်ငံရေး ဦးဆောင်မှုကိုသာ လိုက်၍ ပုံဖော်ပေးရသော စီးပွားရေးသည်လည်း လူထုကို များစွာ အကျိုးမပြုနိုင်၊ လိမ္မာပါးနပ်၍ အမြော်အမြင်ရှိကာ ပညာကြီးသော တိန့်ရှောက်ဖိန်၏ 'ကြောင်-ဖြူခြင်းမည်းခြင်းသည် ပဓာနမဟုတ်၊ ကြွက်ခုပ်နိုင်ရန်သာ လိုသည်'ဟူသော ပြုပြင်ပြောင်းလဲရေးများဖြင့် တရုတ်တို့ လမ်းကြောင်းမှန်ပေါ် ရောက်လာကြသည်။ အထိအပါး မခံသော နိုင်ငံရေးကို နည်းနည်းခြင်းပြင်၍ စီးပွားရေးကို နိုင်ငံရေး ဦးဆောင်မှု လောင်းရိပ်အောက်မှ အတိုင်းအတာတစ်ခုအထိ ဆွဲထုတ်နိုင်သော မဟာဗျူဟာသည် တရုတ်တို့ ယနေ့ အင်အားကြီးနိုင်ငံ ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။
အရာရာတွင် ပညာနှင့် မလွတ်ကင်းသည်ဖြစ်ရာ တရုတ်တို့သည် ပညာရေးကိုများစွာ အလေးပေးခဲ့သည်။ လမ်းစဉ်တစ်ခုကို အဓိက အဟန့်အတား ဖြစ်စေသော အကျင့်ပျက်မှုများကို တစ်စုံတစ်ရာအထိ ဟန့်တားနိုင်ခဲ့သည်။
တိန့်ရှောက်ဖိန်နောက် မျိုးဆက်သစ် ခေါင်းဆောင် တို့ကလည်း ထိုလမ်းစဉ်ကို ဆက်လက် အကောင်အထည် ဖော်နိုင်ခဲ့ကြသည်။ မည်မျှမှန်ကန်သော မဟာဗျူဟာကို ကျင့်သုံးနိုင်ပြီ ဆိုသည်ကိုလည်း ပြဆိုရာဖြစ်သည်။

ဥပမာ(၃) - ပညာတတ်တိုင်း ဖွံ့ဖြိုးပြီလား
ပညာခေတ် ဖြစ်သဖြင့် ပညာအခြေခံမှုကို မည်သူမျှ ငြင်းဆိုကြမည်ဟု မမြင်ချေ။ သို့သော်လည်း နိုင်ငံတစ်ခု ဖွံ့ဖြိုးရေးကို မည်သို့ ပညာအခြေခံ၍ တည်ဆောက်ကြမည် ဆိုသည်က မေးခွန်းဖြစ်လာသည်။ အာရှ၏ အံ့မခန်း
စီးပွားရေးတိုးတက်မှုတွင် ပညာရေးသည် အဓိက မောင်းနှင်အား ဖြစ်ခဲ့သည်ကို အားလုံးက လက်ခံထားခဲ့ကြပါသည်။ သို့သော်လည်း ကွဲပြားခြားနားချက်တချို့သည် များစွာ သင်ခန်းစာယူဖွယ်ရာကောင်းသည်။ ၁၉၆၀ တွင် တရုတ် (တိုင်ပေ)သည် စာတတ်သူ (၅၄%) သာရှိခဲ့ပြီး ဖိလစ်ပိုင်က(၇၂%) ရှိသည်။ သို့သော်လည်း စာတတ်နှုန်း နည်းပါးသော တရုတ်(တိုင်ပေ)က လူ့သမိုင်းတွင် အကောင်းဆုံးသော စီးပွားရေးတိုးတက်မှုကို ရရှိခဲ့၏။ ၁၉၆၀ တွင် ဖိလစ်ပိုင်၏ တစ်ဦးချင်း ၀င်ငွေ ဒေါ်လာ ၂၀၀ သည် တရုတ် (တိုင်ပေ)၏ ဒေါ်လာ ၁၂၂ ထက် နှစ်ဆနီးပါး ရှိခဲ့ရာမှ ယနေ့တရုတ် (တိုင်ပေ)က တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၁၈၀၀၀ နှင့် ဖိလစ်ပိုင်က ဒေါ်လာ ၁၈၀၀ ဖြစ်သွားသည်။
တစ်ပိုင်းဆာဟာရနိုင်ငံများ၏ စာတတ်မြောက်မှုနှုန်းမှာ ၁၉၈၀ တွင် (၄၀%) မှ ၂၀၀၄ တွင် (၆၁%)သို့ တိုးတက်လာသော်လည်း တစ်ဦးချင်းဝင်ငွေမှာ (၀.၃%) မျှသာ တိုးတက်ခဲ့သည်။ ဆွစ်ဇာလန်သည် တက္ကသိုလ် ပညာသင်ကြားသူ (၁၆%) (၁၉၉၆) တွင်ရှိပြီး အခြား OECD နိုင်ငံများက (၃၄%)ရှိသည်။ သို့သော်လည်း ဆွစ်ဇာလန်၏ စီးပွားရေးသည် ထိပ်ဆုံး၌ ရပ်တည်နေခဲ့ပါ၏။ ယူနက်(စ်)ကို၏ အချက်အလက်များအရ(၂၀၀၇) တွင် Swiss ၏ တက္ကသိုလ်ပညာသင်ရာနှုန်းသည် (၄၇%) သို့ တိုးတက်လာသည်။ ဖင်လန် (၉၄%)၊  US(၈၂%) ၊ ဒိန်းမတ် (၈၀%)၊ ကိုရီးယား (၉၆%)၊ ဂရိ (၉၁%) ။ သို့သော်လည်း ဆွစ်၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက သူ့ထက် ပညာရေးကောင်းသော နိုင်ငံများ၏ အထက်တွင် ရှိနေပါသည်။

အဘယ့်ကြောင့်ပါနည်း?
စီမံခန့်ခွဲသူများ၏ မဟာဗျူဟာနှင့် မူဝါဒများကြောင့်ဟု ယေဘုယျအားဖြင့် ဆိုရမည် ဖြစ်သည်။ မိမိတို့ သင်ကြားခဲ့ရသော ပညာရေးတွင် မိမိတို့ လုပ်ကိုင်ကြရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ မည်မျှ အကျိုးသက်ရောက်မှုရှိစွာ သင်ကြားခဲ့ခြင်း၊ ထိုပညာရေးတွင် ကုန်ထုတ်လုပ်မှု စွမ်းရည် မည်မျှ ပါဝင်ထည့်ဝင်ထားစေခြင်း၊ ပညာတတ်များ၏ အစုအပေါင်းဖြင့် ဆောင်ရွက်တတ်သော ယဉ်ကျေးမှုကို မည်မျှထည့်သွင်းနိုင်ခြင်း စသော အစီအမံများကြောင့် ဖြစ်သည်။ ထို့ကြောင့် ပညာတတ်ဘွဲ့ရ အရေအတွက် ပေါများတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံချက်ရှိသည်ဟု ယူဆ၍ မရချေ။ ထို ပညာတတ်များကို မည်သို့ အသုံးချမည်ဟူသော စီမံကိန်းမှန်ကန်မှု၊ မူဝါဒမှန်ကန်မှုပေါ်၌သာ များစွာ မှီတည်နေသည်ကို တွေ့ရမည် ဖြစ်သည်။

ဥပမာ (၄) - စီမံကိန်း စီးပွားရေး
Planned Economy ဖြစ်သည်။ ဤစကားလုံးကို ကြားမိသည်နှင့် တစ်ချိန်က ဆိုရှယ်လစ် စီးပွားရေး၏ ပုံရိပ်ကိုပြေး၍ မြင်ကြနိုင်သည်။ ကျဆုံးခဲ့ပြီးသော 'စီမံကိန်းစီးပွားရေး'ကို အဘယ့်ကြောင့် တူးဖော်နေရပါသလဲဟုလည်း စောဒက တက်နိုင်ပါသည်။ အနည်းဆုံး လူတစ်ဦးတစ်ယောက် အနေဖြင့်ပင် အစီအစဉ်တစ်ခုဖြင့် ရှင်သန်နေသူက အစီအစဉ်မဲ့ဖြင့် ရှင်သန်နေသူထက်များစွာ သာလွန်နေသည်ကို တွေ့နိုင်သဖြင့် စီမံကိန်းသည် ငြင်းပယ်၍ မရစကောင်းသော အရာ ဖြစ်သည်ကို ရှင်းလင်း စေလိုပါသည်။
ဆိုရှယ်လစ် စီးပွားရေး၊ ကွန်မြူနစ် စီးပွားရေးတို့၏ Planned Economy ကျဆုံးရခြင်းမှာ လက်တွေ့ဘ၀ကို ကိုယ်စားမပြုသောကြောင့် ဖြစ်သည်။ စီမံခန့်ခွဲမှု အရည်အသွေး တစ်စုံတစ်ရာ အားနည်းမှားယွင်းမှုကြောင့် ဖြစ်သည်။ ဥပမာ - ဗျူရို ကရေစီယန္တရား လည်ပတ်မှု မမှန်ခြင်းကို မပြုပြင်နိုင်ခြင်းကြောင့် ဖြစ်သည်။ အရင်းရှင် စီးပွားရေးတွင်လည်း စီမံကိန်းစီးပွားရေးဟူသော Planned Economy ကိုသာ ကျင့်သုံးပါသည်။ စီမံခန့်ခွဲသူတို့က တကယ်ဖြစ်နိုင်သော၊ လက်တွေ့ကျသော အစီအမံများကို ရေးဆွဲ အကောင်အထည် ဖော်နိုင်သောကြောင့် ဖြစ်သည်။ Milton Friedman က သူရေးသားခဲ့သော “Capitalism and Freed တွင်'' ပေါင်မုန့်ဝယ်ခဲ့ကြသူတွေ အားလုံးဟာ ... ဂျုံမှုန့်ကို ကွန်မြူနစ်တွေဆီက လာတာလား၊ ရီပတ်ဘလစ်ကန်တွေဆီက ရလာကြသလားဆိုတာ သိကြတာ မဟုတ်ဘူး၊ လူမည်းတွေ စိုက်ခဲ့တာလား၊ လူဖြူတွေ စိုက်ခဲ့တာလား ဆိုတာလည်း မသိဘူး ...''
တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောက်ဖိန်၏ 'ကြောင်ဖြူသည်၊ မည်းသည်ထက် ကြွက်ခုပ်ဖို့ အရေးကြီးသည်ဆိုသော စကားအတိုင်း လွတ်လပ်ဈေးကွက် စီးပွားရေးထဲမှ မူကွဲစနစ်များစွာအနက် တကယ်အလုပ်ဖြစ်နိုင်သော စနစ်ကို လိုက်နာကျင့် သုံးနိုင်ဖို့ကသာ အရေးကြီးပါသည်။ မှန်ကန်စွာ ရွေးချယ်၍ အကောင်အထည် ဖော်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်ကြမည်ဖြစ်ပြီး စနစ်မှန်သော်လည်း အကောင်အထည်ဖော်ရာတွင် ဖြည့်ဆည်းရမည့် စီမံကိန်းခွဲရေးကို မှားယွင်းနေပြန်ပါလျှင်လည်း လိုရာခရီးသို့ ရောက်နိုင်မည် မဟုတ်ကြချေ။ စီမံခန့်ခွဲမှု အမှားသည် တစ်ဦးချင်းမှသည် နိုင်ငံအထိ လွန်စွာ သတိထားရမည့်အရာ ဖြစ်ပါသည်။
                                                                                               Written by နေဇင်လတ် 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...