Tuesday, March 29, 2011

"သင်ခန်းစာ အထပ်ထပ်အောက်က ကွက်လပ်များဆဲတော်လှန်ရေး”".

[By Minwunna Aung]


မြန်မာနိုင်ငံရဲ့ ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေး သမိုင်းဖြစ်စဉ် တွေမှာ အားနည်းချက်အားကောင်းချက်၊ အမှား အမှန် စတာတွေနဲ့ပတ်သက်ပြီး သင်ခန်းစာတွေထုတ်ယူခဲ့ကြ၊ ပြုပြင် ပြောင်းလဲခဲ့ကြ၊ အသစ်တည်ထွင် ကြံဆခဲ့ကြသလို ညီညွတ်ရေးပြိုကွဲခဲ့ကြ၊ ပြန်လည်တည်ဆောက်ညီညွတ်ခဲ့ကြတဲ့ ဖြစ် စဉ်တွေကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ကြပြီး ဖြစ်ပါတယ်။ သမိုင်းခေတ်ကို ကိုယ်တိုင်ဖြတ်သန်းခဲ့သူတွေ၊ ကိုယ်တိုင်မဖြတ် သန်းခဲ့ရပေမယ့် လေ့လာစူးစမ်းစိတ်ဝင်စားရင်း လွတ်လပ်ရေးရပြီးကာလနောက်ပိုင်း နိုင်ငံရေးတိုက်ပွဲတွေ တော်လှန်ရေး တွေ လူထုအုံကြွမှုတွေမှာ ပါဝင်ဖြတ်သန်းခဲ့ကြ၊ ဖြတ်သန်းနေကြဆဲ သူတွေအများကြီးရှိကြပါတယ်။

အမှားတွေအများ ကြီး သင်ခန်းစာတွေအများကြီး တွေ့ကြုံရရှိခဲ့ကြသလို ပြုပြင်တည့်မတ်အောင် ထိမ်းကြောင်းညီညွတ် သွေးစည်းမှု ရှိခဲ့ကြလို့ ကျနော်တို့ တိုင်းပြည် လွတ်လပ်ရေးရရှိခဲ့တာကတော့ သေချာပါတယ်။ လွတ်လပ်ရေးရပြီးပြန် တော့လည်း အမှားတွေ တခါထပ်ကျူးလွန်မိကြ၊ ကျူးလွန်ခဲ့ကြရင်း ထပ်တခါညီညွတ်သွေးစည်းမှု တွေပြိုကွဲခဲ့ကြလို့ တိုင်းပြည်နဲ့ ပြည်သူလူထုတွေ နစ်နာဆုံးရှုံးခဲ့ကြ၊ သင်ခန်းစာရယူ ပြန်လည်မှန်ကန်တည့်မတ်အောင် ညီညွတ်စည်းလုံး မှုရှိအောင် မလုပ်နိုင်ခဲ့လို့ တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးစီးပွား ကိုယ့်အာဏာတည်မြဲရေးကိုပဲ အဓိကထားတဲ့ အမျိုး သားသစ္စာဖောက် မသမာသူ စစ်ဗိုလ်ချုပ်ဆိုသူတွေရဲ့ လက်အောက်မှာ လူချင်းတူတူ သူချင်းမျှမျှ မနေရ၊ ပြားပြားဝပ် ကြောက်လန့် ပူပင်ကြရ၊ ဆင်းရဲတွင်းက မတက်နိုင်ပဲ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်ခဲ့ရတာ ခုချိန်ထိပဲဆိုတာကတော့ မြင်သာထင်ရှား ဖြစ်နေပါပြီ။

တိုင်းပြည်အာဏာကို လူထုလက်က အဓမ္မလုယူထားတဲ့ စစ်အစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲ ဆိုတာကိုအသေအချာ နားလည်သဘောပေါက်လောက်အောင် မြန်မာနိုင်ငံမှာ ၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးခဲ့တဲ့အချိန်ကစပြီး နိုင်ငံရေး စီးပွား ရေး လူမှုရေး ဖြစ်စဉ်တွေ၊ ဖိစီးနှိပ်စက်မှုတွေ၊ မတရားမှုတွေ၊ အာခံဆန့်ကျင်မှုတွေ၊ အုံကြွတော်လှန်မှုတွေ အများကြီး

ဖြတ်သန်းကြုံတွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ တဖက်ကအုပ်စိုးသူ စစ်အစိုးရရော၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေရော၊ ပြည်သူလူထုတွေပါ လက်တွေ့ မျက်တွေ့ ကြုံတွေ့ဖြတ်သန်းခဲ့ရတာပါ။ စစ်အာဏာရှင်အစိုးရဟာ ဘယ်လိုမဟာဗျူဟာ တွေသုံး၊ ဥာဏ်နီဥာဏ်နက်တွေ လက်နက်တွေ၊ မတရားမှု၊ အဓမ္မအနိုင်ကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ ဖိနှိပ်မှုတွေကို အ သုံးပြုပြီး ကျောင်းသား၊ အလုပ်သမား၊ အတိုက်အခံဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားလူနည်းစု လူမျိုးစုတွေကို ခေါင်းမထောင်နိုင်အောင် အုပ်ချုပ်ထားခဲ့ပါသလဲ။ ကျောင်းသားအလုပ်သမား၊ အတိုက်အခံဒီမိုကရေစီအင်အားစုတွေနဲ့ သာမန်အဖိနှိပ်ခံပြည်သူလူထုတွေက ဘယ်လိုနည်းလမ်းတွေ၊ လက်နက်တွေသုံးပြီး စစ်အာဏာရှင်အစိုးရကို အာခံဆန့် ကျင်တော်လှန်ခဲ့ကြပါသလဲ။ နှစ်ပေါင်း ၅၀ နီးပါး မြင်သာထင်ရှား တွေ့ကြုံဖြတ်သန်းခဲ့ကြပြီး ဖြစ်ပါတယ်။

ညီအကို မသိတသိ ကာလမျိုးမဟုတ်ပါဘူး။ မွန်းတည့်နေပူပြင်းပြင်းထဲမှာ မြင်သာထင်ရှားပါ။ စစ်အစိုးရဖက်ကတော့ သူ တို့အာဏာတည်မြဲရေးအတွက် ကျောင်းသား၊ အလုပ်သမား လယ်သမားနဲ့ ပြည်သူလူထုက အုံကြွ ဆန့်ကျင်လာကြရင် ဘယ်အဆင့်မှာဘာလုပ်မယ်၊ ဘယ်လိုနှိမ်နှင်းမယ် ဆိုတဲ့မဟာဗျူဟာ နည်းဗျူဟာတွေကို စစ်ပွဲကြီးတပွဲအတွက် စစ်ရေး မဟာဗျူဟာ ရေးဆွဲထားသလို ရေးဆွဲချမှတ်ထားပြီး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်တွေက ပြည်သူ လူထုကို သူတို့ကိုအာခံဆန့်ကျင်မှု မလုပ်တဲ့အချိန်မှာ ကျေးကျွန်တွေလို သဘောထားပြီး၊ သူတို့ကို အာခံဆန့်ကျင် လာ တဲ့အချိန်မှာ ရန်သူလို ပီပီ ပြင်ပြင် သဘောထားပါတယ်။ ပြောချင် တာကတော့ သူတို့ဖက်က ရန်၊ ငါစည်း ပြတ်ပါတယ်။ အပြတ်အသတ် နှိမ်နှင်းပါတယ်။ သတ်ဖြတ်ပါတယ်။

တဖက်က ကျောင်းသား အလုပ်သမား လယ်သမားပြည်သူလူထုနဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်း သားလူနည်းစု လူမျိုးစု လက်နက်ကိုင်အင်အားစုတွေဖက်ကရော စစ်အာဏာရှင် အစိုးရကို ဘယ်လိုသဘောထားပါ သ လဲ။ ဒီနေရာမှာ သက်ဆိုင်ရာ လူတန်းစားအလွှာနဲ့ အင်အားစုတွေရဲ့အခြေအနေအရ အားလုံးအတွက် ဘုံတော်လှန်ရေး အကဲဖြတ်ချက်နဲ့ တော်လှန်ရေး သဘောတရား တရပ်လိုအပ်ပါလိမ့်မယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ရန်သူကို မှန်မှန်ကန်ကန် အကဲဖြတ်ပြီး ကိုယ့်ဖက်ကလည်း ရန်၊ ငါ စည်းပြတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီနေရာမှာ ကိုယ့်အမျိုးသားချင်းပဲလေ၊ ဗုဒ္ဒဘာ သာချင်းပဲလေ၊ စသဖြင့် ရိုးရိုးသားသား ရန်သူစစ်အစိုးရကို လျှော့တွက်ကြတဲ့ သာမန်ပြည်သူလူထုတွေရှိသလို စစ်အစိုး ရရဲ့ အခွင့်အရေးနဲ့မက်လုံးပေးသွေးခွဲစည်းရုံးမှုတွေကို တောင့်မခံနိုင်လောက်အောင် နိုင်ငံရေး ပညာရေး အားနည်းသူ တွေ၊ ကိုယ်ကျိုးစီးပွားကလွဲပြီး ဘာမှမကြည့်သူ အတ္တဗဟိုပြု သမားတွေ၊ ဘယ်သူသေသေ ငတေမာ ပြီးစတမ်းလူတွေ၊ ခြံစည်းရိုးပေါ်ခွထိုင်ချင်သူ အချောင်သမားတွေ၊ ဘနဖူး သိုက်တူးလိုသူတွေ၊ ပြည်သူ့သစ္စာဖေါက်လောက်ကောင်တွေဟာ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ ပရိယယ်တွေကြောင့် နေရာတကာမှာ ရှိနှင့်ပြီးဖြစ်တယ်၊ တိုးများလာနေဆဲ ဖြစ်တယ်ဆိုတာတွေကို အထူးသတိထားရပါလိမ့်မယ်။

မှန်ကန်တဲ့တော်လှန်ရေးသဘောတရားတရပ်ကို ကိုင်စွဲပြီး အခိုင်အမာချမှတ်ထားတဲ့ တော်လှန်ရေးမဟာဗျူဟာနဲ့ နည်း ပရိယယ်တွေကို ကိုင်စွဲပြီး တော်လှန်ရေးရဲ့ အဆင့်တိုင်းကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့လိုအပ်ပါတယ်။ တော်လှန် ရေးရဲ့ ဘယ်အဆင့်မှာ ဘယ်သူတွေနဲ့ ပူးပေါင်းလက်တွဲရမယ်၊ ဘယ်သူတွေကို ကြားထားရမယ်၊ ဘယ်သူတွေကိုခွာ ထုတ်ရှောင်ရှားရမယ်၊ ဘယ်သူတွေကို ဖယ်ရှားရှင်းလင်းပစ်ရမယ် စသဖြင့် ပြတ်ပြတ်သားသားစဉ်းစားဆုံးဖြတ်အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ပကတိ တွေ့ကြုံဖြတ်သန်းလာခဲ့ရတဲ့ ဖြတ်သန်းနေရတဲ့အတွေ့ အကြုံ အစုအပုံထဲကနေပြီး ကောက်ချက်ဆွဲသင်ခန်းစာယူပြီး သဘောတရားနဲ့ လက်တွေ့အချိုးညီညီ တွဲဖက်လှူပ်ရှား နိုင်မှသာ အင်အားကြီးမားသလောက် ကောက်ကျစ်စဉ်းလဲ ရက်စက်တဲ့ စစ်အာဏာရှင်တွေကို အံတုရင်ဆိုင်တိုက်ဖျက် နိုင်ပါလိမ့်မယ်။

သဘောတရားနဲ့လက်တွေ့နဲ့ ပတ်သက်ပြီး တော်လှန်ရေးသမား နိုင်ငံရေးသမားအဆက်ဆက် ရည်ညွှန်းကိုယ်းကား ဖော် ပြခဲ့ဖူးလှပြီဖြစ်တဲ့ ကမ္ဘာကျော် နိုင်ငံရေးအဘိဓမ္မာ မတ်(ဆခ်) လီနင်ဝါဒရဲ့ သင်ကြားပို့ချက်ဟာ အချို့အယွင်းမရှိ မှန် ကန်နေဆဲ ဖြစ်ပါတယ်။ အဲဒါက “သဘောတရားသာရှိပြီး လက်တွေ့မရှိသူဟာ အကျိုးနဲ့ တူပြီး လက်တွေ့သာရှိပြီး သ ဘောတရား မရှိသူကတော့ အကန်းနဲ့တူတယ်” လို့ ခိုင်းနှိုင်းဥပမာပြုခဲ့ပါတယ်။ ရှင်းလင်းနေတဲ့ အချက်ကတော့ တော် လှန်ရေးကြီးတရပ် အဆုံးသတ်အောင်ပွဲခံ နိုင်ဖို့ အကျိုးတွေ အကန်းတွေနဲ့ချည်း တိုက်ပွဲဝင်လို့ မဖြစ်နိုင်ပါဘူး။

စစ်အာဏာရှင်စံနစ် တော်လှန်ရေးကြီးဆင်နွှဲတဲ့နေရာမှာ သမိုင်းသင်ခန်းစာတွေအရ ဘယ်နေရာတွေမှာ ချို့ယွင်းအား နည်းနေသလဲ။ ဘယ်နေရာတွေဟာ လစ်ဟာနေသလဲ ဆိုတာတွေကို မှန်မှန်ကန်ကန် ဝေဖန်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲ တီထွင်ကြံဆ လစ်ဟာနေဆဲကွက်လပ်တွေကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး ဖြည့်ဆည်းပေးနိုင်ကြဖို့ ကျနော်တို့တွေ ကြိုး စားအားထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ဖက်မှာ ဘာကွက်လပ်တွေရှိနေလဲ။ ခိုင်မာမှန်ကန်တဲ့တော်လှန်ရေး မဟာဗျူ ဟာတရပ် ချမှတ်နိုင်မှုမရှိမှု ကွက်လပ်၊ ခေါင်းဆောင်မှု အားနည်းတဲ့ကွက်လပ်၊ ပြည်သူလူထုကို ရဲရဲရင့်ရင့် ပြတ်ပြတ် သားသား ဦးဆောင်မှုမပေးနိုင်တဲ့ ကွက်လပ်၊ ပေါ်ပေါက်လာတဲ့ အခြေအနေတွေပေါ်မှာ တော်လှန်ရေးအကျိုးစီးပွားအ တွက် အသုံးချတတ်မှု အားနည်းတဲ့ကွက်လပ်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစု အချင်းချင်းညီညွှတ်မှုအားနည်းတဲ့ ကွက်လပ်၊ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးထက် မိမိကိုယ်ကျိုးစီးပွား အလေးထားလွန်းတဲ့ ကွက်လပ်၊ အပြောများပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အားနည်းတဲ့ ကွက်လပ်၊ ရေစုန်မျှောလိုက်တတ်တဲ့ ကွက်လပ်၊ နိုင်ငံ တကာ ကူညီထောက်ပံ့မှုတွေပေါ်မှာ အမှီအခိုပြုလွန်းတဲ့ကွက်လပ်၊ ကူညီထောက်ပံ့လာတဲ့ငွေကြေးတွေကို ကိုယ်ကျိုးစီး ပွားအတွက် အလွဲသုံးစားလုပ် ဖြုန်းတီးပစ်တတ်တဲ့ကွက်လပ်၊ အတွေးအခေါ် ဖောက်ပြန်ပျက်စီးလာတဲ့ ကွက်လပ်၊ ရရှိ လာတဲ့နေရာအဆင့်အတန်းနဲ့ အခြေအနေပေါ်မှာ သာယာအောက်ခြေလွတ် ဘ၀င်မြင့်လာတတ်တဲ့ ကွက်လပ်တွေကို မြန်ဆုံးနဲ့ အမှန်ကန်ဆုံး ဖြည့်ဆွက်ပေးကြဖို့ လိုပါတယ်။ တခါဖြစ်ခဲ့ပြီးဖြစ်တဲ့ ချို့ယွင်းအားနည်းချက်အမှားတွေအတွက် ဘယ်သူ့ဘယ်သူမှ အပြစ်ပုံချမနေဘဲ ကိုယ့်အပြစ် ကိုယ့်အားနည်းချက်တွေကို “မိမိကိုယ်ကိုဝေဖန်ရေး” နည်းနဲ့ ဝေဖန် သုံးသပ်ပြုပြင်ပြီး စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ ပြတ်ပြတ်သားသား စစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တော်လှန်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုက်ရဲသူတွေအတွက် အောင်ပွဲဟာရှိနေပါတယ်။ အဲဒီလို ယုံကြည်ထားကြရအောင်ပါ။

စိုးနေလင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...