Sunday, March 27, 2011

အတိုက်အခံ



ဦးဖိုးသာအောင်-27,3 2011-


“ အတိုက်အခံ ” ဟူသော ဝေါဟာရကို မည်သူသည် မည်သည့်အချိန်က မည်သို့သော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် စတင်သုံးစွဲခဲ့သည်ဆိုတာကိုတော့ မသိပါ၊
ကြားဖူး ဖတ်ဖူးနေတာတော့ ကြာလှပါပြီ၊
နိုင်ငံရေး စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီးမှာ သုံးစွဲနေကြပါသည်၊

ယခု တင်ပြလိုသည်မှာ နိုင်ငံရေးအတိုက်အခံ ကိစ္စဖြစ်ပါသည်၊

ပြည်တွင်းပြည်ပ အတိုက်အခံများ ဆိုသည်ကိုလည်း ရေဒီယိုမှ နေ့စဉ်လိုလို ကြားရပါသည်၊
ဒါကြောင့် အာဏာရအစိုးရ၏ ပြုမူမှုများကို မတရားပါဟု ယူဆလျှင် ဖီဆန်ခြင်း၊ အံတုခြင်း၊ ဆန့်ကျင်ခြင်းတို့ကို နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို အတိုက်အခံဟု ခေါ်ပါသည်လို့ ရိုးသားရှင်းလင်းစွာ မှတ်ယူမိပါသည်။



အင်စီဂျီယူဘီ ၀န်ကြီးချုပ် တာဝန် ယူထားသူ ဒေါက်တာ စိန်ဝင်း

ဤသို့ဆိုလျှင် ပြည်တွင်းက အင်အယ်ဒီ ပြည်ပက အင်စီဂျီယူဘီ၊ အင်စီယူဘီ အစရှိသည့် စစ်အစိုးရကို ဆန့်ကျင်နေကြသည့် အဖွဲ့များကို အတိုက်အခံများဟု ခေါ်ဆိုနေမှုကို ကန့်ကွက်မည့်သူ မရှိပါဟု ယူဆပါသည်၊
သို့သော် နိုင်ငံရေးအတိုက်အခံများဆိုသည်ကို အဆင့်ခွဲခြားနားလည်ဖို့တော့ လိုအပ်ပါလိမ့်မည်၊

ဆိုချင်သည်မှာ တည်ငြိမ်နေသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးပြီးစ ဒီမိုကရေစီနိုင်ငံများမှာ တရားဝင်အတိုက်အခံဆိုတာ ရှိနေကြပါသည်၊
ထိုနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း အတိုက်အခံကို ရှင်သန်ခွင့်ပေးသည့်စနစ်ဖြင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေပါသည်၊
ကွန်မြူနစ်နှင့် အာဏာရှင်နိုင်ငံများမှာမူ အတိုက်အခံဆိုတာ ဥပဒေပတွင်ပင် ပေါ်ပေါက်လာရပါသည်။

အာဏာရှင်စံနစ်အစိုးရသည် ဥပဒေတွင်းရော ဥပဒေပမှာပါ ရှိကြသည့် အတိုက်အခံဆိုသူများကို ကွဲပြားသော မူဝါဒဖြင့် ဖိနှိပ်ဖျောက်ဖျက်ရန် အစဉ်တစိုက်လုပ်ဆောင်နေကြပါသည်၊
သို့သော် ဥပဒေတွင်းရော ဥပဒေပပါ အတိုက်အခံတို့၏ ရည်ရွယ်ချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရုတ်သိမ်းပြီး လွတ်လပ်မျှတသော ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်ရေးမှာ တညီတညွှတ်တည်းရှိကြပါလိမ့်မည်၊

လက်ရှိ မြန်မာ့နိုင်ငံရေးတွင်လည်း ပြည်တွင်းပြည်ပ၊ လွှတ်တော်တွင်း လွှတ်တော်ပ အတိုက်အခံများ ရှိနေကြပါသည်၊
လွှတ်တော်တွင်းမှ အတိုက်အခံများကတော့ ဥပဒေတွင်း အတိုက်အခံများဖြစ်ပြီး ကျန်ရှိသည့် ပြည်တွင်းပြည်ပ အတိုက်အခံများ ကတော့ ဥပဒေပ အတိုက်အခံ များပင် ဖြစ်ပါသည်၊

လွှတ်တော်တွင်းအတိုက်အခံများ၏ တိုက်ပွဲလမ်းစဉ်သည် ၂၀၀၈ ဖွဲ့စည်းပုံ၏ အလွန် ကျဉ်းမြောင်း ကျပ်တည်း လှသည့်ဘောင် အတွင်းမှ ရသည့် အခွင့်အရေးကို အသုံးချကာ လွတ်လပ်မျှတသည့် ဖွဲ့စည်းပုံတခု အဖြစ်ပြောင်းလဲ လာနိုင်ရေး အတွက် ကြိုးစားမည်၊
ဒီလိုလုပ်ယူသည့် နည်းလမ်းသည်သာ လက်ရှိနိုင်ငံရေး အခြေအနေနှင့် အကိုက်ညီဆုံးဖြစ်ပြီး အောင်မြင် နိုင်ပါသည်ဟုလည်း မျှော်လင့်ယုံကြည် နေဟန် တွေ့ရပါသည်။

လွှတ်တော်ပ၊ ဥပဒေပ ပြည်တွင်းပြည်ပ အတိုက်အခံများကတော့ ကိုးဆယ်ခုနှစ်ရွေးကောက်ပွဲ ရလာဒ်ကို ယနေ့ထက်တိုင် ဆုတ်ကိုင်ထားပြီး ၂၀၀၈ အခြေခံဖွဲ့စည်းပုံနှင့် ၂၀၁၀ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ်မပြုပါဟု ဆိုမြဲဆိုနေကြပါသည်၊

ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများသည်လည်း ယနေ့ထက်တိုင် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒလမ်းစဉ်များကို ကန့်ကွက်တာ တစုံတခုမျှ မတွေ့ရသေးပါ၊
ဒေါ်စု၏ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်ကို အစဉ်တစိုက် ထောက်ခံကြပြီး ယနေ့ပြည်ပမှာ ကျင်းပပြုလုပ် နေကြသည့် အစည်းအဝေး များမှာ ဒေါ်စု၊ ဦးဝင်းတင်တို့၏ ပေးပို့သည့် အသံများ၊ စာများနှင့် ရုပ်သံများကို လမ်းညွှန်ချက်များအဖြစ် ခံယူနေပါသည်ဟုပင် ဆိုနေကြပါသည်။

မည်သို့ဆိုစေ လွှတ်တော်ပ ပြည်တွင်း အင်အယ်ဒီနှင့် ပြည်ပအတိုက်ခံအဖွဲ့ကြီးများသည် တဦးနှင့်တဦး အပြန်အလှန်ထောက်ခံ သဘောတူညီချက်များဖြင့် ဆက်ဆံနေကြပြီလား၊
ဒါမှမဟုတ် တူတာတွဲလုပ်မယ် ထောက်ခံမယ်၊ မတူတာကိုခွဲလုပ်မယ် မထောက်ခံနိုင်ဆိုတဲ့ မူနဲ့ သွားနေကြတာလား မေးစရာပါ၊

တူတွဲ မတူခွဲဟုဆိုလျှင် ဘယ်ဟာတွေက တူညီပြီး ဘယ်ဟာတွေက မတူညီတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ကြေငြာသင့်ပါသည်၊
နှစ်နှစ်ဆယ်ကျော် ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီး အကြောင်းရှိမှ တဘက်နှင့်တဘက် အသုံးချနေတာမျိုး ဥပဒေပ ဘဝတူချင်း ဖြစ်သွားတာမို့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ လုပ်နေတာမျိုး ဖြစ်နေကြပြီလားလို့ မေးစရာပါ၊

ဟိုတုန်းကတော့ ပြည်ပထွက်တွေကို သူတို့ယုံကြည်ရာ သူတို့လုပ်ကြတာပါ ပြည်တွင်းအင်အယ်ဒီနှင့် ဘာမျှ မဆိုင်ပါ၊
ဘာမျှမပတ်သက်ပါ ဘာမျှထောက်ခံစရာမရှိပါလို့ ပြောခဲ့သည့် ပြည်တွင်း အင်အယ်ဒီ ခေါင်းဆောင် တွေကလည်း အခုတော့ ပြည်ပက အစည်းအဝေးတွေ၊ ဖိုရမ်တွေကို သဝဏ်လွှာတွေကမ်း အားပေး စကားတွေ ပြောနဲ့ ပေါင်းဖက်တွေ့တဲ့ လက္ခဏာတွေ မြင်လာရပါတယ်၊
ဘာပဲပြောပြော အတိုက်အခံချင်း ညီညွှတ်တယ်ဆိုတာကတော့ အားရစရာပါ။

လွှတ်တော်ပ ပြည်တွင်းအင်အယ်ဒီအတိုက်အခံအဖွဲ့၏ လုပ်ဟန်များလည်း ပြောင်းလဲလာသလို မူဝါဒများလည်း ပြောင်းလဲလာတာ တွေ့နေရပါတယ်၊
ဟိုတုန်းက အင်အယ်ဒီ ပါတီရယ်လို့ ဖွဲ့စည်းခဲ့တာဟာ စစ်အာဏာရှင် အစိုးရကို ဖြုတ်ချဖို့နဲ့ လူထု၏ ရွေးချယ်ခံပါတီကြီးတရပ်အနေနဲ့ လူထုကအပ်နှင်းတဲ့ အာဏာကို ရယူပြီး ဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်ဖို့ပဲ မဟုတ်ပါလား၊

လူထုက ဒီလိုနားလည်လို့ အင်အယ်ဒီကို ဝိုင်းအောပြီး မဲပေးခဲ့ကြပါတယ်၊
စစ်အစိုးရက ညစ်ပတ်ပြီး အာဏာမလွှဲတာကြောင့် အင်အယ်ဒီရဲ့ မူဝါဒက ပြောင်းလဲသွားကြပြီလား၊


ကိုးဆယ်ခုနှစ်ရွေးကောက်ပွဲ ရလာဒ်ကို ယနေ့ထက်တိုင် ဆုတ်ကိုင်ထားသည့် NLD ဒုဥက္ကဌ-ဦးတင်ဦး

မကြာခင်က အင်အယ်ဒီသည် အာဏာရရေး အတွက် ဖွဲ့စည်းရပ်တည်နေသည် မဟုတ်၊ ဒီမိုကရေစီ ဖော်ဆောင်မည်ဆိုလျှင် မည်သည့်အုပ်စု မည်သည့်အစိုးရပင် ဖြစ်ပါစေ အားပေး ပံ့ပိုးရ ပါလိမ့်မည်ဟု ဆိုပြန်ပါသည်၊
ဤသို့ဆိုလျှင် ကိုးဆယ်ရွေးကောက်ပွဲရလာဒ်နှင့် လူထုဆန္ဒပြုခဲ့သည်ကို ပစ်ပယ်လိုက်ကြပြီလား၊
အာဏာသည် အဓိကမဟုတ်ပါဟူသော အယူအဆသည် လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသည်ဟု ယူဆနေကြ ပါသလား၊
ယခုလက်ရှိအနိုင်ရ ကြံဖွံ့ပါတီအစိုးရသည် ဒီမိုကရေစီကို ဖော်ဆောင်နေပြီဟု ယူဆပြီး ပံပိုးရန်လုပ်ဆောင်နေကြပြီလား၊
ဒါမှမဟုတ် အခြားဘယ်အဖွဲ့အစည်းတွေက ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဟု တွေ့မြင်ပြီး ပံ့ပိုးကူညီမှုပြုကြမှာပါလား၊
ဒါတွေကို အင်အယ်ဒီခေါင်းဆောင် ရှင်းပြဖို့ လိုအပ်ပါသည်။


အင်အယ်ဒီသည် အာဏာရရေးအဖွဲ့အဖြစ်မှ ဒီမိုကရေစီဖော်ဆောင်မည်ဆိုလျှင် မည်သည့်အဖွဲ့အစည်းမဆို ကူညီပံ့ပိုးမည့်အဖွဲ့အဖြစ်သို့ လျှောကျပြောင်းလဲလာသည်ဟု တွေ့မြင်နေရပြီး ဤအဆင့်တွင် ရပ်တန့်မနေသေးပါ၊

ယခုအင်အယ်ဒီသည် လူမှုထောက်ကူပြုလုပ်ငန်းများကို အဓိကထားပြီးလုပ်မည့် အဖွဲ့အဖြစ် မြင်တွေ့နေရပြန်ပါသည်၊
ဤသည်မှာ အင်အယ်ဒီခေါင်းဆောင်၏ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်မှ အင်အယ်ဒီ အဖွဲ့ဝင်များနှင့် တွေ့ဆုံဟောပြောချက်များထဲတွင် ကြားသိမှတ်သားခဲ့ရပါသည်၊

ဤသို့ဆိုလျှင် အင်အယ်ဒီသည် အာဏာရရေးအဆင့်မှ ဒီမိုကရေစီပံ့ပိုးမှုအဆင့်၊ ၎င်းအဆင့်မှ လူမှုကူညီပံ့ပိုးရေး အင်ဂျီအိုအဆင့်သို့ လျှောကျလာနေသည်ကို တွေ့မြင်နေရပါတော့သည်၊
ဤသည်ပင်လျှင် အင်အယ်ဒီ၏ မြန်မာ့ဒီမိုကရေစီရေးအတွက် နည်းဗျူဟာတရပ်ပေလားဆိုတာတော့ ကာယကံရှင်များပင် သိနိုင်ပါလိမ့်မည်။

ကိုးဆယ်ခုနှစ်ရွေးကောက်ပွဲမှာ လူထုကယုံပြီးပုံလိုက်သည့် အင်အယ်ဒီသည် အာဏာအတွက်မဟုတ်ပါလို့ ယခုမှသိလိုက်ရတော့လည်း “ မှားပါပြီကိုသောင်းရယ် ” လို့များ ပြောရတော့မှာလား၊ ရှစ်ဆယ့်ရှစ်နှင့် ကိုးဆယ်မှာ လူထုက တာဝန်ကျေခဲ့ပါပြီ၊ တာဝန်မကျေခဲ့သူတွေမှာ မည်သူတွေနည်း၊

ယခုလည်း ပြည်သူတွေကို ကိုယ့်တာဝန်ကိုယ်ကျေအောင် ထပ်မံတိုက်တွန်းချက်တွေကြားနေရပြန်ပါသည်၊
လူထုကတော့ သူ့တာဝန်သူ ထမ်းရွက်ကြအုံးမှာပါ၊

နောက်တခါမှာလည်း လူထုခေါင်းဆောင်တွေက တာဝန်ယူပြီး တာဝန်ကျေအောင် လုပ်နိုင်ကြအုံးမှာလား၊ အတိတ်က သင်္ခန်းစာတွေကိုရော ယူနိုင်ကြပြီး ပါပြီလား၊ မည်သို့ဆိုစေ အတိုက်အခံအဖြစ်မှ တပြားမှ မလျှော့ကြသေးပါ၊


ကိုးဆယ်ခုနှစ်ရွေးကောက်ပွဲ ရလာဒ်ကို ယနေ့ထက်တိုင် ဆုတ်ကိုင်ထားသည့် NLD မှ ရဲရဲတောက်-ဦးဝင်းတင်

လွှတ်တော်ပမှ ပြည်တွင်းအင်အယ်ဒီ အတိုက်အခံအဖွဲ့၏ ယနေ့လုပ်ရာလုပ်ကွက်ကိုကြည့်လျှင် --
လူမှုထောက်ကူပြု ကူညီကယ်ဆယ်ရေး၊
ဒု-ပင်လုံပေါ်ပေါက်ရေး၊
နက်ဝက်အင်တာနက်ကွန်ယက်ထူထောင်ရေးနှင့်
အင်အယ်ဒီ ခေါင်းဆောင်မှ မေးသမျှဖြေမည်--
ကဏ္ဍများကို တွေ့မြင်နေရပါသည်၊

ဤလုပ်ရာလုပ်ကွက်များဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ထူထောင်နိုင်မည်ဟု ယုံကြည်နေကြဟန်လည်း ရှိပါသည်၊

ဤသည်မှာ ပြည်တွင်းရှိ အကြီးဆုံးသော လွှတ်တော်ပ အတိုက်အခံအဖွဲ့အစည်းကြီး တခု၏ မြင်ကွင်းပါ၊

ပြည်ပရောက်အတိုက်အခံဆိုသူများကတော့ လွတ်တော်ပဟုပင်ပြောစရာ လိုမည်မဟုတ်တော့ပါ၊
တရားမဝင်နှင့် သူပုန်ဟုပင်ဆိုနိုင်ပါသည်၊

ပြည်ပရောက်အစိုးရအဖွဲ့ပင်လျှင် အသက်နှစ်ဆယ်ကျော် ယောင်္ကျားရင့်မာကြီးအရွယ်ကို ရောက်လို့နေပါပြီ၊
သူနှင့်တကွ အခြားနွယ်ယှက်ပေါင်းစပ်နေသည့် အဖွဲ့ကြီးငယ်များလည်း မှိုလိုပေါက်နေကြပါသည်၊
ပြည်တွင်းသူပုန်အဖွဲ့များနှင့်လည်း ပေါင်းစပ်ဖွဲ့စည်းမှုများ ရှိကြပါသည်၊

တကယ့်အတိုက်အခံစစ်စစ်ကြီးတွေပါ၊
သို့သော် သူတို့လည်း ပြည်တွင်းက အာဏာ အဓိက မဟုတ်ဆိုသည့် လူမှုရေးအဓိက အင်အယ်ဒီ၏ ဦးဆောင်သဘောတရားကို လက်ခံခြင်းရှိ မရှိဆိုတာကိုတော့ မသိပါ၊

အပြန်အလှန် လေးစားချီးမွမ်းထောပဏာပြုမှုများရှိနေကြပါသည်၊
မည်သို့ဆိုစေ ပြည်ပရောက်အတိုက်အခံများထဲတွင် စင်ပြိုင်အစိုးရတစ်ခုနှင့် အားမရဘဲ နောက်ထပ်စင်ပြိုင်အစိုးရများ ပေါ်ပေါက်ရေးကိုလည်း ကြိုးပမ်းလျှက်ရှိကြပြန်ပါသည်၊

စင်ပြိုင်တစ်အပြင် စင်ပြိုင်နှစ် ပေါ်ပေါက်ရေးအတွက် လှုပ်ရှားနေကြသော်လည်း စိတ်ဝမ်းမကွဲပါ၊
ဘုံဦးတည်ချက်က အတူတူပါပဲ၊

ညီညွှတ်နေပါသည်ဟုပင် ပြောနေကြပါသည်၊
ပြည်ပအတိုက်အခံများ စိတ်ဝမ်းမကွဲကြသည့်အတွက် စစ်အစိုးရအဖို့ ဝမ်းနည်းစရာပါ၊

နယ်စပ်တွင်လည်း အတိုက်အခံအဖွဲ့များ အမြန်ဖွားနှုန်းဖြင့် ပဒုမဒေဝီသားငါးရာ ဖွားသလိုများစွာဖြစ်ထွန်း နေကြပါသည်၊

ရပ်တည်ရေးအတွက် ပရီပိုဇယ်ကြောင့်လည်းကောင်း၊
အယူအဆရေးနှင့် အုပ်စုလိုက်လွှမ်းမိုးနိုင်ရန် ဖယ်ထုတ်ဖိနှိပ်မှု မခံရရေး အတွက်လည်းကောင်း၊
တဖွဲ့ပြီး တဖွဲ့ နာမည်သစ်တွေနှင့် ငုံဖွဲ့လိုက် တိုးချဲ့ဖွဲ့လိုက်၊ ဆက်နွယ်ပြီးဖွဲ့လိုက်နှင့် ဖောင်းပွလွန်းလှပါတော့သည်၊

သို့သော် ညီညွှတ်ရေးရှိနေပါသည်ဆိုတာကိုတော့ တပြားမှ မလျှော့ကြပါ၊
ဤညီညွတ်သည့် အတိုက်အခံပေါင်းစုံတို့၏ လုပ်ရာလုပ်ကွက်များကို ပြပါဆိုလျှင် ---
နော်ဝေအစိုး၏ လက်ခံအားပေးမှုနှင့် အလှူရှင်အဖွဲ့ အချို့၏ ကူညီပံ့ပိုးမှုကြောင့် ပေါ်ပေါက်လာသည့် ဒီဗွီဘီအသံလွှင့်ရုံ၊
စင်ပြိုင်အစိုးရသစ်တခု နောက်ထပ်ပေါ်ပေါက်ရေး ကြိုးပမ်းမှု၊

နိုင်ငံခြားကုမ္ပဏီများ ပြည်တွင်းတွင် ရင်းနှီးမြုပ်နှံမှုများ မပြုလုပ်ရန် ကင်ပိန်းများ ဆောင်ရွက်မှုတို့အပြင်--
၂၀၀၈ ဖွဲ့စည်းပုံအတည်မပြုရေး ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးနှင့် စစ်အစိုးရပြုလုပ်နေသော မတရားမှုများကို ရေဒီယိုဌာနများမှတဆင့် ဖော်ထုတ်ဖွင့်ချမှုများ ပြုနိုင်ရေး၊
ဒေါ်စုမွေးနေ့အပါအဝင် အထိမ်းအမှတ်ပေါင်းစုံနေ့များအတွက် ပွဲလမ်းများကျင်းပကြရေး၊
နယ်စပ်ရောက် ဒုက္ခသည်များ၏ သာရေး၊ နာရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော ပရီပိုဇယ် (ခေါ်) ထောက်ပံ့ကြေးငွေ ပေးကမ်းသည့် စည်းကမ်းဘောင် အကျုံးဝင်မည့် ကိစ္စရပ်များ --
အစ်ရှုးများသည်ကား ပြည်ပအတိုက်အခံဆိုသူများ၏ လုပ်ရာလုပ်ကွက်များ အဖြစ် မြင်တွေ့နေရပါသည်။

ဒိုနာ အလိုတော်ရှိ ပရီပိုဇယ်စား နိုင်ငံရေးသမား အမည်ခံ ပြည်ပ အတိုက်အခံအဖွဲ့များနှင့် ၎င်းပရီပိုဇယ်ကိုပဲ ဖက်တွယ် အားကိုးလာကြရသည့် အချို့သော ပြည်တွင်းလက်နက်ကိုင်အဖွဲ့များ၊ အာဏာရရေးမှ ဒီမိုကရေစီပံ့ပိုးရေး၊ ဒီမိုကရေစီ ပံ့ပိုးရေးမှ လူမှုထောက်ကူပြုရေး အဆင့်သို့ ပြောင်းလဲလာသည်၊

ပြည်တွင်းအတိုက်အခံအင်အယ်ဒီ အဖွဲ့တို့သည် စစ်အစိုးရကို တော်လှန်နေကြသည့် အတိုက်အခံ၏ နေရာတွင် နှစ်ပေါင်း နှစ်ဆယ်ကျော် ရပ်တည် လှုပ်ရှားခဲ့ပြီး နိုင်ငံရေးအရ အောင်မြင်မှု လမ်းစပင် ရှိနေပါသေး သလားဟု မေးစရာ ဖြစ်နေပါသည်။


ထောင်တွင်း ရောက်ရှိ ကျခံနေရသူ ၈၈-မျိုးဆက် လူငယ်များ

ပြည်တွင်းအတိုက်အခံခေါင်းဆောင်က ဒီမိုကရေစီ ကြန့် ကြာနေရခြင်းမျာ လူထုမှာ တာဝန်ရှိ နေပါသေးသည်ဟု ဆိုပြီး ပြည်ပမှ ပရီပိုဇယ် အရှာနိုင်ဆုံး ခေါင်းဆောင်တို့၏ လုပ်ရာလုပ်ကွက်တွေ အရာရောက်သည် အရာ မရောက်သည်ကို ကွယ်ဝှက်ပြီး ယုံကြည်ချက် ကြီးမားစွာ ဆောင်ရွက်လျှက်ရှိနေပါကြောင်း ပြောနေပြန်ပါသည်၊

မည်သို့ဆိုစေ ပြည်သူအတွက်အားကိုး အားထား ပြုထိုက်သည့် အတိုက်အခံ ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းရန် အချိန်က တောင်းဆို လာပါပြီ၊

အရှေ့တောင်အာရှတွင် မဟာဗျူဟာကျ မြန်မာပြည်အတွက် အရှေ့အနောက် လွန်ဆွဲနေသည့် ခေတ်တွင် စစ်အာဏာရှင် အစိုးရကတော့ သူ့ရပ်တည်ရေးနှင့် လုံခြုံရေးအတွက် အရှေ့ဘက်မှ ကူပြီး ဆွဲပေးနေရပါသည်၊
အကယ်၍ အနောက်ဘက်ကသူ့အတွက် အာမခံမည်ဆိုလျှင် အချိန်မရွေး ဘက်ပြောင်းနိုင်ပါသည်၊
သို့သော် အပေးအယူနိုင်ငံရေးမျိုးကို ဘယ်တော့မှ မလုပ်ပါဆိုသော ပြည်တွင်းပြည်ပ အတိုက်အခံများကတော့ ဒီမဟာဗျူဟာ လွန်ဆွဲပွဲတွင် အနောက်အုပ်စုဘက်မှနေပြီး ကူမဆွဲကြဘဲ အရှေ့ဘက်ကို ရောက်သွားအောင် တွန်းပေးနေကြပါတော့သည်၊


ဤသည်ကိုပင်လျှင် ရှစ်ဆယ့်ရှစ်နောက် ပေါ်ပေါက်လာသည့် မြန်မာ့အတိုက်အခံများဟု ခေါ်ရလေ မလား………။ ။

ဦးဖိုးသာအောင်

၂၇- မတ်- ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...