Friday, March 25, 2011

လယ်သမား နစ်နာမှုများနှင့် သပိတ်လက်နက်

by အား မာန် on Friday, March 25, 2011 at 3:21am

တူမောင်ညို
မတ် ၂၅၊ ၂၀၁၁

နိဒါန်း
ယခုလတ်တလောကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ လယ်သမား၊ ယာသမား နှင့် ဥယျာဉ်ခြံစိုက်ပျိုးသူများသည် ၄င်းတို့ ဓါးမဦးချ လုပ်ကိုင်လာခဲ့ကြသည့် လယ်မြေ၊ ယာမြေ၊ဥယျာဉ်ခြံမြေများ အတင်းအဓမ္မသိမ်းယူခြင်းခံနေရသည့်သတင်းများ ကြားသိနေရပါသည်။  သို့ပါ၍ ယခုတင်ပြချက်တွင် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့အတွင်း မီဒီယာ များ တွင်ဖေါ်ပြခဲ့ကြသည့် သတင်းအချက်အလက်များကိုအခြေခံကာ လယ်သမားယာသမား၏ထိခိုက်နစ်နာနေရမှုများကို စုစည်းတင်ပြ သွားပါမည်။ 


 အကြောင်းရင်း
-         စက်မှုဇုံတည်ဆောက်ရေး၊ ဆည်-တမံတည်ဆောက်ရေး၊ မီးရထားလမ်း- ကားလမ်းဖောက်လုပ်ရေး၊ တံတားတည် ဆောက်ရေး၊ ဓါတ်ငွေ့- ရေနံပိုက်လိုင်းသွယ်တန်းရေး၊ လေယာဉ်ပျံကွင်းတိုးချဲ့ရေး၊ မြို့သစ်တည်ဆောက်ရေး အစရှိသည့် အစိုးရ၏အမျိုးအမျိုးသောစီမံကိန်းများအကောင်အထည်ဖေါ်ရန်အတွက် လယ်မြေ ယာမြေ စားကျက် မြေများသိမ်းယူခြင်း၊
-         ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္မဏီများ၏ အလုပ်ရုံစက်ရုံတည်ဆောက်ခြင်း၊ ငါး -ပုဇွန်မွေးမြူရေးကန်များတူး ဖော် ခြင်း၊ ဆီအုန်း၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ အစရှိသော နှစ်ရှည်သီးနှံစိုက်ပျိုးရန် အတွက် လယ်မြေ ယာမြေ စားကျက်မြေများသိမ်းယူခြင်း၊
-         ဒေသခံတပ်မ၊ တပ်ရင်းတပ်ဖွဲ့များနှင့်ကုမ္မဏီများပူးပေါင်းကာ လတ်တလောအကျိုးအမြတ်ရစေမည့် သီးနှံများ စိုက်ပျိုးရန် အတွက် လယ်မြေ ယာမြေ စားကျက်မြေများသိမ်းယူခြင်းတို့သည် အဓိကကျသည့် အကြောင်းရင်းများ ဖြစ်ပါသည်။
 အနိုင်ကျင့်သူများ
          ဖေါ်ပြပါ အကြောင်းရင်းရည်ရွယ်ချက်များအတွက်
          (က) ဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်
          (ခ) ဒေသခံတပ်မ၊တပ်ရင်းတပ်ဖွဲ့များ
          (ဂ) ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ၄င်းတို့ပိုင်ကုမ္မဏီများ
 တို့သည် “တည်ဆဲဥပဒေ၊ အုပ်ချုပ်ရေးအာဏာ၊ ငွေကြေး” တို့ဖြင့် သုံးလွန်းတင်ကြိုးတစ်ချောင်းပမာပူးပေါင်းကာ ဒေသခံ လယ်သမားယာသမားအပေါ် ဖိနှိပ်ခြိမ်းချောက် အနိုင်ကျင့်နေကြခြင်းဖြစ်ပါသည်။
 အနိုင်ကျင့်ခံရသည်နယ်မြေဒေသများ
          အောက်ဖေါ်ပြပါတိုင်းဒေသကြီး ၄ ခုနှင့် ပြည်နယ် ၄ ခုတို့တွင် လယ်မြေယာမြေ မတရားသိမ်းယူမှုများကို ရင်ဆိုင်ကြုံ တွေ့ နေရပါသည်။
-         စစ်ကိုင်းဒေသကြီး
-         ပဲခူးတိုင်းဒေသကြီး
-         ရန်ကုန်တိုင်းဒေသကြီး
-         မကွေးတိုင်းဒေသကြီး
-         မွန်ပြည်နယ်
-         ကရင်ပြည်နယ်
-         ကချင်ပြည်နယ်
-         ရခိုင်ပြည်နယ်
လယ်သမားယာသမားဘက်ကနစ်နာမှုများ
          အစိုးရ၏ အများမျိုးသောစီမံကိန်းများ၊ ပုဂ္ဂလိကကုမ္မဏီကြီးများ၏ ဆောင်ရွက်မှုများကြောင့် အောက်ဖေါ်ပြပါ ထိခိုက် နစ်နာမှုများကို လယ်သမားယာသမားများ လက်ငင်းလက်တွေ့ကြုံတွေ့နေရပါသည်။
-         ဓါးမဦးချလုပ်ကိုင်ခဲ့သည့် ဘိုးဘွားပိုင် လယ်မြေယာမြေများ လက်လွတ်ဆုံးရှုံးရခြင်း
-         နေရင်းဒေသမှ အခြားဒေသစိမ်းသို့ အဓမ္မရွေ့ပြောင်းခံရခြင်း
-         သင့်တော်သည့်လျှော်ကြေး၊ ခေတ်ကာလနှင့်ကိုက်ညီသည့်နစ်နာကြေးများ မရရှိခြင်း
-         ဒေသခံအာဏာပိုင်အဆင်ဆင့်နှင့်တပ်မ၊ တပ်ရင်းများ၏ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှုများ၊ ခြိမ်းချောက် အကြပ်ကိုင်ခံရခြင်းများ
စသည့် လူမှုစီးပွားရေးထိခိုက်နစ်နာမှုများသာမက
-         သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု
-         ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ ကိုပါကြုံတွေ့ရပါသည်။
လယ်သမားယာသမားဘက်ကနစ်နာသူများဘက်တုန့်ပြန်ဆောင်ရွက်မှုများ 
-         နစ်နာမှုများကို သက်ဆိုင်ရာတရားရုံးများတွင် တိုင်းတန်းတရားစွဲဆိုခြင်း
-         (NLD) မှတဆင့် (ILO) သို့ တင်ပြခြင်း၊ တိုင်တန်းခြင်း
-         ကိုဖိုးဖြူ(ရှေ့နေ) ဦးဆောင်သည့် “ လယ်သမား အလုပ်သမား အခွင့်အရေးလိုက်ပါဆောင်ရွက်သူအဖွဲ့” စသည့် အဖွဲ့အစည်းများက လိုက်ပါကူညီဆောင်ရွက်ပေးခြင်း
-         ငြိမ်းချမ်းစွာချီတက်ဆန္ဒပြခြင်း
ရရှိလာသည့်အကျိုးဆက်ရလဒ်များ
          သက်ဆိုင်ရာတရားရုံးများသို့တင်ပြတိုင်တန်းတရားစွဲဆိုသောနည်းလမ်းသည် လယ်သမား ယာသမားအတွက် အဆင့်ဆင့် သော ဗျူရိုကရေစီယန္တယားအောက်တွင် ပိုမိုနစ်နာရသည်။ ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်၏ အာဏာပြခြိမ်းချောက်မှုကို ပင် ခံကြရသည်။
          (NLD) မှတဆင့် (ILO) သို့ တင်ပြခြင်း၊ တိုင်တန်းခြင်းသည် ကောင်းမွန်သော ရလဒ်များကိုရရှိစေပါသည်။ သို့သော် လည်း အထိရောက်ဆုံးနည်းလမ်းမှာ ချီတက်ဆန္ဒပြခြင်းပင်ဖြစ်သည်။
လယ်သမားယာသမားများဘက်က ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းများ
လယ်သမားယာသမားများ လက်ငင်းလက်တွေ့ ကြုံတွေ့နေရသည့် အဓမ္မအနိုင်ကျင့်မှုများကို “အစိုးရ+ စစ်တပ်+ ကုမ္မဏီ ” တို့က အတူတကွပူးပေါင်း ဖိနှိပ်နေသည့်အချက်ကို လယ်သမားယာသမားများ ရှင်းလင်းစွာ သိမြင်ထားရပါမည်။
သို့ပါ၍  “အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်၊  ဒေသခံတပ်မ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကုမ္မဏီများ” များ၏ လယ်မြေယာမြေ အတင်းအဓမ္မသိမ်းယူများ၊ အာဏာပြ ခြိမ်းချောက်ဖိနှိပ်မှုများကို ဖြစ်သည့်နည်းဖြင့် ဖော်ထုတ် ဖွင့်ချ အရေးဆိုကြရပါမည်။
(NLD)အပါအဝင်  အခြားသောနိုင်ငံရေးပါတီများသို့ တင်ပြအကူအညီတောင်းခံခြင်း၊ လယ်သမားအလုပ်သမားအရေး ကူညီ ဆောက်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထံမှ အကူအညီကိုရယူခြင်း၊ ပြည်တွင်းပြည်ပမီဒီယာများသို့ ထုတ်ဖေါ်ပြောဆိုခြင်းများကို ဆောင်ရွက်ရပါမည်။
          အလုပ်သမားလယ်သမား ထိခိုက်နစ်နာရသူများ၊ မတရားအနိုင်ကျင့်ခံရသူများ ပူးပေါင်းဆောင်ရွက်နိုင်လျှင်၊ စည်းလုံး ညီညွတ်စွာ အရေးဆိုဆန္ဒပြနိုင်လျှင် မိမိတို့လိုလားချက်များ ရရှိနိုင်သည်ဆိုသည့်အချက်နှင့် မိမိတို့အလုပ်သမား လယ်သမား အရေးကို မိမိတို့ဘာသာ ထိထိရောက် ကာကွယ်ရေးအရေးဆိုနိုင်မည့် အလုပ်သမားသမဂ္ဂ နှင့်လယ်သမားသမဂ္ဂများဖွဲ့စည်း ဆောင် ရွက်သွားရမည့်အချက်ကိုလည်း သိရှိထားရပါမည်။
ထို့အပြင်လတ်တလောကာလအတွင်း အလုပ်သမားလယ်သမားတို့၏ အကျိုးစီးပွားနှင့် အခွင့်အရေးကာကွယ်ရေးအတွက် သက်ဆိုင်ရာနယ်ပယ်ဒေသနှင့် အခြေအနေကို လိုက်၍ စုဖွဲ့ဆောင်ရွက်မှုများကိုလည်း ပြုလုပ်သင့်ပါသည်။
နိဂုံး
          အလုပ်သမားလယ်သမားတို့သည် တော်ရုံတန်ရုံမျှဖြင့် သပိတ်လက်နက်ကို ထုတ်သုံးလေ့ရှိကြသူများမဟုတ်ပါ။ သူတို့၏ အကျိုးစီးပွားကို ထိခိုက်လွန်းမကထိခိုက်၊ နစ်နာလွန်းမကထိခိုက်စေတော့မှသာလျှင် ဖိနှိအနိုင်ကျင့်သူများကို တွန်းလှန်ရင် ဆိုင်နိုင် ရန် သပိတ်လက်နက်ကိုထုတ်သုံးကြရခြင်းဖြစ်ပါသည်။
          လက်ရှိအခြေအနေတွင် “အစိုးရ+ စစ်တပ်+ ကုမ္မဏီ ”တို့၏အနိုင်ကျင့်ဖိနှိပ်မှုများ နှင့် တရိပ်ရိပ်ဖြင့် ကြီးမြင့်လာနေသော ကုန်ဈေးနှုန်းများသည် အလုပ်သမား လယ်သမားများကို သပိတ်လက်နက် မလွဲမသွေကိုင်စွဲလာစေရန် တွန်းပို့နေသည့် အဓိကကျသော အကြောင်းရင်းများဖြစ်နေပါသည်။
 (၂၀၁၁ မတ်လ ၁၀ ရက်)
(Photo Credit to - http://newshopper.sulekha.com/myanmar-ayeyawady-delta_photo_1100465.htm )


· · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...