ကမ္ဘာပျက်နေ့ရက်ဆီသို့
by Breathing Linn on Friday, March 25, 2011 at 11:10pm
ကျွန်မရေးခဲ့ဖူးတဲ့ စာတော့ မဟုတ်ပါဘူးရှင်... အရှင်လတ်လတ်နဲ့ ပျောက်ဆုံးတော်မူနေတဲ့ ကျွန်မဘော်ဒါကြီး ကိုရင်နော်ရဲ့ စာလေးပါ..။ ဘယ်နေ့မှာ ဘာများဖြစ်လေမလဲ ရယ်လို့ ထိတ်လန့်မှုများစွာနဲ့ ရှင်သန်နေရတဲ့ ဟောဒီကမ္ဘာကြီးထဲမှာ နေ့ဒဓူဝဆိုသလို တုန်လှုပ်ဖွယ် သတင်းများစွာ ကြားရ ဖတ်ရ မြင်တွေ့နေရတာ အမှန်ပါ..။ ဒီ လိုမျိုး နေ့တွေတိုင်းကို ကြိုးစား ဖြတ်ကျော်နေရင်း ဒီ post လေးကို သတိရသွားလို့ ကျွန်မတို့ ဘလော့ကနေ ဆွဲထုတ်ယူလာ မျှဝေခြင်းပါ။ ဘာပဲ ဖြစ်ဖြစ် post ကိုဖတ်အပြီး နည်းနည်းလေး ဖြစ်ဖြစ်တော့ ပြုံးစိစိ လုပ်နိုင်ကြပါစေ...ပေါ့နော်။ :P (ကျွန်မ သူငယ်ချင်း အပေအတူး ဒင်းကြီးအကြောင်း ကောင်းကောင်း သိနေပြီးသား အကိုတွေ အမတွေ မောင်ငယ် ညီမငယ်တွေ အများကြီးကိုတော့ ထွေထွေထူးထူး နံမည်ထည့် ရေးမထား တော့ပါဘူးနော်..)
(ခင်လေးငယ်)
===================================================
ကမ္ဘာပျက်နေ့ရက်ဆီသို့
ကျနော်တို့ နေထိုင်ကြတဲ့ ကမ္ဘာကြီးကတော့ဖြင့် ၂၀၁၂ ရောက်ရင် ပျက်စီးတော့မှာ ဆိုပဲ။ ရက်တောင် အတိအကျ သတ်မှတ်ထားသေးတယ် 21-12-2012 တဲ့ဗျာ။ ကျနော်ကတော့ “၂၀၁၂ မှာ ကမ္ဘာ တကယ် မပျက်ဘူးကွာ လောင်းမလား” ဆိုတဲ့ဘက်ကနေ (မချင့်မရဲ) နေလိုက်ချင်သေးတယ်။
ကဲဗျာ.. တကယ်လို့ ပြောတဲ့အတိုင်း ဖြစ်လာပြီ ဆိုပါတော့.. အဲ့ဒီ နီဘီရူးလို့ ပြောနေကြတဲ့ အလုံးအကြီးကြီး တစ်လုံးက ကမ္ဘာကြီးကို ((((ဒုန်းးး)))) ကနဲ ဝင်ဆောင့်ရင် ဘယ်လို လုပ်မလဲ..? ဘာတွေဖြစ်မှာလဲ..? ကျနော်တို့ ဘာတွေ ပြင်ဆင်ကြမလဲ..? ဘယ်လို ကာကွယ်ကြမလဲ..? ဘယ်လို ရင်ဆိုင်ကြမလဲ..?
အင်းး.. သိပ်တော့ဖြင့် စိတ်မပူကြပါနဲ့လေ တကယ်သာ အဲ့ဒီလို ဖြစ်လာရင် ဘာမှကိုလုပ်လို့ ရမှာမဟုတ်ဘူး.. အချိန်လည်း မရှိတော့ဘူး.. ရှောင်လည်းမလွတ်၊ ပြေးလည်း မလွတ်ပါပဲ သေချာပေါက်ကို သေမှာ.. သေကိုသေမှာ မပူနဲ့..။
လောကကြီးက ဖြစ်ခြင်း၊ ပျက်ခြင်း အနတ္တ (တရား) တွေနဲ့ လည်ပတ်နေတဲ့ ဒုက္ခ (သစ္စာတရား) စကြာကြီး ဆိုတော့ ဖြစ်ပြီးရင်တော့ဖြင့် ပျက်မှာပဲလေ။ ဖြစ်ချိန်တုန်းက ဖြစ်ခဲ့ပြီး ပျက်ချိန်ရောက်လို့ ပျက်တာ ဘာများဆန်းလို့လဲနော်။ စချိန်တုန်းက စပြီးရင် အဆုံးလေးတော့ သတ်ကြမှ ဖြစ်မှာပေါ့။ တစ်ခုတော့ ရှိတယ် ပျက်ချိန်မှာ (ဒါမှမဟုတ်) ဇာတ်သိမ်းခန်းမှာ အေးအေးချမ်းချမ်း ပျက်ရင်၊ ဆုံးရင်၊ ဇာတ်သိမ်းကောင်းရင်တော့ ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။
အကယ်၍ (အကယ်၍) ၂၀၁၂ ကမ္ဘာကြီးတကယ် ပျက်မယ်ဆိုရင်လည်း သိပ်တော့ တွေးပူမနေကြပါနဲ့ ထိတ်လန့် မနေကြပါနဲ့.. ကာကွယ်လို့ရပါတယ်..။ “ဘယ်လိုကာကွယ်မှာတုန်း..ဟဲ့” ဆိုရင်.... ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်ဖို့ တရားသဘောနဲ့ (သွေးမပျက်အောင်) ကာကွယ်ရုံရှိတာပဲလေ.. “သွေးပျက်နေလို့ ရမလား..” သေရမှာပဲကို သက်တောင့်သက်သာ သေနိုင်အောင် တရားသဘောကို ရှုပြီး မေတ္တာသာ ပွားပေတော့..။ ပြေးရင်လည်း လွတ်ပါသေးတယ်နော်.. “အလိုလေ.. ဘယ်ကိုပြေးရမှာတုန်း.. လုပ်စမ်းပါဦး..” ဆိုရင်တော့.. ပြေးပါ ပြေးပါ.. အဲ့ဒီ လောဘ၊ ဒေါသ၊ မောဟ တွင်းနက်နက်ကြီးထဲက လွတ်အောင် ထွက်ပြေးကြပါ.. လောကအညစ်အကြေးတွေကို ချွတ်ပြီး လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့ နေရာ ရောက်တဲ့ အထိပြေး.. လူသားအချင်းချင်း မေတ္တာ ထားနိုင်သည်အထိ ပြေးပေတော့ဗျို့..။ ကမ္ဘာပျက်ရင်တော့ အဲ့ဒီတွင်း နက်နက်ထဲမှာ မပိတ်မိစေနဲ့..။
ကဲဗျာ.. ဒီတခါ တဖက်က လည့်ကြည့်မယ်.. အကယ်၍ (အကယ်၍) “၂၀၁၂ ကမ္ဘာကြီး တကယ် မပျက်ဘူးကွာ..” ဆိုရင်.. ဘာဖြစ်မလဲ..? ဘာမှ မဖြစ်ပါဘူး.. လုပ်ရိုး လုပ်စဉ်အတိုင်း တစ်ယောက်နဲ့ တစ်ယောက် ကြီးနိုင်ငယ်ညင်း လုပ်လိုက်၊ အတ္တတွေကြီးလိုက်၊ လိမ်လိုက်ကောက်လိုက်၊ ယုတ်မာလိုက်၊ ကောက်ကျစ်လိုက်၊ အမုန်းတွေပွားလိုက်၊ ဒေါသတွေကြီးလိုက်၊ မာန်တွေတက်လိုက်၊ ရန်တွေဖက်လိုက်ပေါ့။ ဒီထက်ပိုဆိုးရင် သတ်ကြဖြတ်ကြ၊ စစ်တွေဖြစ်ကြ.. မဟုတ်ဘူးလား ပျော်စရာကြီးပါ။
စိုးတော့ မစိုးရိမ်ကြပါနဲ့ သေမှာက တစ်ယောက်တည်းမှ မဟုတ်တာပဲ..။ တစ်ယောက်တည်း သေရင်တောင် ပျင်းစရာ ကောင်းရင် ကောင်းနေဦးမယ်.. ခုလို အစုလိုက်အပုံလိုက် သေရမှာများ ကြုံတောင့် ကြုံခဲ မဟုတ်လား။ ဘဘကြီးလည်း သေမှာပဲ၊ အူဝဲလေးလည်း သေမှာပဲ၊ ချောတဲ့သူလည်း သေမှာပဲ၊ ရုပ်ဆိုးသူလည်း သေမှာပဲ၊ သူဌေးကြီးလည်း သေမှာပဲ၊ ဆင်းရဲသားလည်း သေမှာပဲ၊ မည်းတဲ့သူလည်း သေမှာပဲ၊ ဖြူတဲ့သူလည်း သေမှာပဲ။ အဲ့ဗျာ အဲ့ဒီလိုပဲ အာဏာရှင်လည်း သေမှာပဲ၊ အာဏာမဲ့လည်း သေမှာပဲ၊ မောက်မာနေလည်း သေမှာပဲ၊ မာန်တက်နေလည်း သေမှာပဲ... သေမှာပဲ.. သေမှာပဲ.. သေမှာပဲဟေ့ သေမှာပဲ... ဒီလိုဆိုတော့ အယုတ်၊ အလတ်၊ အမြတ် မရွေး သေကုန်ကြမှာပဲ.. ဟုတ်တယ်.. ဘာမှကို တွေးမနေနဲ့ သေနေ့စေ့လို့ သေရတာပဲ သေပေါ့.. တပျော်တပါး..။
မတားနဲ့နော် သေမှာကိုတော့ တားလို့ မရနိုင်ဘူး။ သေမင်းကြီး လာခေါ်ရင်တော့ လက်အုပ်ချီပြီး တောင်းပန်လို့ မရဘူးနော် ဆရာတော်ကြီးကိုလည်း ခေါ်သွားတာပဲ။ သေမင်းကို (သို့မဟုတ်) ကမ္ဘာကို ဝင်ဆောင့်မယ့် အလုံးကြီးကို သေနတ်နဲ့ ထိုးချိန်ပြီး “ငါဘာကောင်ကြီးကွ ပစ်ထည့်လိုက်မယ်” လုပ်လို့လည်း မရပါဘူးနော် အဲ့ဒီ သေမင်းက ဂုတ်ကနေကိုင်ပြီး ဆွဲခေါ်သွားမှာပါပဲ။
၂၀၁၂ ရောက်ရင် သေတော့မယ် ဆိုတာ “မဖြစ်နိုင်ပါဘူးကွာ” လို့တော့ ကြောက်ကန်ကန်ပြီး အတွေးထဲက ထုတ်လိုက်ချင်တာပါပဲ.. ဒါပေမဲ့ ဆူနာမီလို လှိုင်းလုံးကြီးတွေ၊ မီးတောင် ပေါက်ကွဲတာကြီးတွေ၊ မုန်တိုင်းကြီးတွေ၊ ငလျင်ကြီးတွေကို မြင်ဖူးနေတယ်လေ.. အနီးစပ်ဆုံး ကျနော့်တို့ကို ဝင်ဆောင့်သွားတဲ့ နာဂစ်ကိုကြည့် ဘယ်လောက် သွေးပျက်စရာကောင်းသလဲ။ နာဂစ် တကယ်ထိတဲ့ နေရာကလူတွေ အတွက် အဲ့ဒါ ကမ္ဘာပျက်တာပါပဲ။ သဘာဝတရား ဆိုတာကိုရော ဘယ်သူက တားလို့ ရနိုင်မှာလဲ..။ တကယ်ဆို ဒါတွေက ရှေ့ပြေးနိမိတ်တွေလို့ ပြောမလား.. သတိပေးအချက်ပြနေတာ လို့ ပြောမလား..။ စဉ်းစားသင့်တယ်နော်..။
“မဖြစ်နိုင်ဘူး” လို့တော့ စုံမှိတ်ပြီး ခေါင်းမခါချင်ဘူး။ “ဖြစ်လာမှာပါလား” ဆိုပြီးတော့လည်း တွေးပူပြီး ထိတ်လန့်မနေချင်ဘူး.. ဆိုတော့ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သေတာတော့ သေရမှာပဲလေ ကောင်းကောင်းမွန်မွန် သေနိုင်အောင် ကြိုတင်ပြင်ဆင်ထားရုံ ရှိတာပဲ..။ “ဘာတွေ ပြင်ရမှာတုန်း..ဟဲ့” ဆိုရင်တော့ အားလုံးသိပြီးသားတွေပါပဲလေ.. ခက်လည်း မခက်ပါဘူး.. ဘာသာတရားတိုင်းရဲ့ တရားတော်တွေမှာ ဆုံးမထားတဲ့ အတိုင်း မေတ္တာတရား လက်ကိုင်ထားပြီး မိမိကိုယ်တိုင်ရဲ့ စိတ်ဓါတ်၊ အကျင့်၊ သီလ ဖြူစင်သန့်ရှင်းအောင် ကြိုးစားရုံပဲလေ။ မဟုတ်ဘူးလား.. ။ ဒီလိုပဲ လူသားအချင်းချင်း အပြန်အလှန် မေတ္တာထားကြမယ်၊ ရိုင်းပင်းကူညီကြမယ်၊ ငြိမ်းချမ်းရေးတွေ ယူကြမယ်ဆိုရင် သေခြင်းတရားနဲ့ မတွေ့ခင် အချိန်လက်ကျန်လေးမှာ လောကကြီး သာယာလှပ နေပျော်နိုင်တာပေါ့..။
“သေခါနီး လေကြောက ရှည်နေသေးတယ်” လို့ ထင်နေကြမလားတော့ မသိဘူး.. ရှည်ရင်လည်း ရှည်တယ်လို့သာ မှတ်ပေတော့ဗျို့.. ဒါက နောက်ဆုံး ပိုစ့် ဖြစ်သွားနိုင်တယ်.. (သေခြင်းတရားဆိုတာ အဲ့လို)..
ပေရှည်နေတာနဲ့ ဆိုလိုရင်းက ခုမှ ရောက်တော့မယ်..။ အဲ့ဒီ သေခြင်းတရားကြီးနဲ့ ကမ္ဘာပျက်မှာကြီးကို တွေးလည်း တွေးမနေချင်တော့ဘူး။ တွေးလည်း သေမှာ မတွေးလည်း သေမယ့် အတူတူတော့ မတွေးပဲနေတာ ပိုကောင်းမယ်..။ ဘာမှလည်း မလုပ်ချင်တော့ဘူး လုပ်လည်း သေမှာ မလုပ်လည်း သေမှာပဲ..။ ဒါကို ကျနော့်ရဲ့ ချစ်လှစွာသော အစ်မတော် ကဗျာဆရာမအိန္ဒြာ က စိတ်ဝင်တစား တဂ်ထား ပြန်ပါတယ်..။ သူလုပ်တာနဲ့ ခပ်မေ့မေ့ဖြစ်နေတဲ့ သေခြင်းတရားကို သတိရမိသွားတယ်..။ အင်း.. သေမည့်သူအချင်းချင်း ပြုံးပြနှုတ်ဆက် အားပေးစကားပြောရမှာပဲလေ..။ မအိန္ဒြာရယ် တစ်လ ဆိုတာ များတယ်ဗျာ ချစ်နှမငယ် မယ်ကိုး ပြောသလို အခုချက်ချင်း ဆိုလည်း ဖြစ်တယ်..။
ဒီတော့ “ကမ္ဘာပျက်ခါနီး တစ်လလောက်အလို” ဆိုတာကြီးက.. ကြာလို့.. ပြီးတော့ တစ်လလုံးလုံး စိတ်ဆင်းရဲနေရဦးမယ်.. မထူးဘူး အခုကို ဖြစ်တော့မယ်.. လာမယ့်ဘေး ပြေးတွေ့ပြီကွာ.. “အခု ဖြစ်ပြီတဲ့ဟေ့...!!! အခု ချက်ချင်းကြီးကို ကမ္ဘာကြီးပျက်ပြီကွ...” လေသံ၊ မိုးသံ တွေနဲ့ “ဝုန်းဝုန်း” “ဒိုင်းဒိုင်း” မုန်တိုင်းတွေလည်း ကျလာပြီ၊ လှိုင်းတွေလည်း ထလာပြီ၊ ငလျင်တွေလည်း ကြွလာပြီ...
ဘယ်သူတွေနဲ့ ရှိနေချင်လဲ..
“ဘယ်သူနဲ့မှ မရှိချင်ဘူးကွာ...” ဟိုမှာ မုန်တိုင်းက လာနေပြီ.. ဘယ်သူနဲ့မှ ရှိချင်မနေနဲ့ ကိုယ်လို သူလို သေတော့မယ့်သူတွေနဲ့ပဲ အတူတူ ရှိနေရတော့မှာပဲ.. အားပေးစကားတွေ လိုက်ပြော.. “See You Next World” ပေါ့..။
ဘာတွေ ခံစားနေရမလဲ..
မေးစရာ လိုသေးလို့လားဗျာ.. ((((ဝေါ..ဝေါ ဝရော..)))) ဆိုပြီး အသံကြီးတွေ ကြားတာနဲ့တင် ကြောက်ဒူးတွေတုန်လို့.. ကြောက်ရှူရှူးတွေ ထွက်ကောင်း ထွက်လိမ့်မယ်.. ကြောက်တာပေါ့ဗျာ့..။
ဘာတွေ ပြင်ဆင်ထားမလဲ..
ဘာမှကို ပြင်ဆင်မနေနဲ့တော့ အချိန်ကမရှိတော့ဘူး.. အချိန်ရှိတုန်းကတော့ အလေလိုက်နေပြီး.. အချိန်မရှိတော့မှ ဘုရားလာရှိခိုးမနေနဲ့.. တရားစခန်းလည်း သွားမနေနဲ့.. အပိုပဲ.. လုပ်ပါ့လား နေ့တိုင်း..။ အင်း.. ဒါပေမဲ့ ညစ်ပေနေတဲ့ စိတ်နှလုံးတွေကို အဖြူရောင် အင်္ကျီလေးဝတ်ပြီး ဖုံးထားလိုက်ချင်သေးတယ်.... ကောင်းတယ် ဒီတော့ သေမယ့်နေ့မှာ.. အဖြူရောင်လေး ဝတ်ထားလိုက်မယ်..။ (ဟင်း.. သေခါနီး လေတွေ၊ မိုးတွေ၊ ရွှံ့တွေနဲ့ ပေပွကုန်ရင် အဖြူရောင်လေး နှမြောစရာ)
ဝမ်းနည်းမိမှာက..
ဝမ်းနည်းရဦးမယ်.. ဟုတ်လား.. နည်းမနေနဲ့တော့.. ဘာမှကို မထူးတော့တာ ဟိုမှာ.. အလုံးကြီးက လာနေပြီ...။
နည်းချင်သပ ဆိုရင်တော့ အသုံးမကျခဲ့တာတွေကို တွေးတွေးပြီး ဝမ်းနည်း..။
ကြောက်လန့်မိမှာက..
မမေးနဲ့လေ.. အဲ့ဒီ အလုံးကြီး ရင်ဘတ်တည့်တည် လာမှန်ရင် ဘယ်လို လုပ်မလဲ..။ ပြောမရဘူးလေ အကုသိုလ် များသူပေမို့ တွေးမိတွေးရာ မြင်မိမြင်ရာ ကြောက်လန့်လွန်းလို့ ရူးများသွားမလား မသိ..။
ဆောင်ထားချင်တာ..
စိပ်ပုတီးလား.. ဘုရားစာအုပ်လား.. ရွတ်ဖတ်နေရမယ့် ဂါထာတွေလား.. ဒါမှမဟုတ် သေနတ်ကြီးလား.. ဓါးဆိုတာကြီးလား.. လက်ပစ်ဗုံးကြီး၊ အမြှောက်ကြီး.. အင်း မဖြစ်သေးဘူး.. ဒါဆို.. တယောတစ်လက်၊ ဝိုင်တစ်ခွက်၊ ဂစ်တာတစ်လက်၊ အရက်နှစ်ပက်၊ ဒါတွေလည်း မဖြစ်သေးပါဘူးလေ.. ဒါဆို.. စာအုပ်နဲ့ ဘောပင်၊ ကင်မရာ၊ တယ်လီဖုန်း၊ လက်ပတော(ပ်) တစ်လုံးလား.. ဒါတွေလည်း မဟုတ်သေးပါဘူး.. ဒါဆို ဘာဆောင်ထားရင် ကောင်းမလဲ.. တစ်ရှူးတစ်ထုပ်ဆိုရင် ကောင်းမလား.. တော်ကွာ..!! ဘာမှကို ဆောင်မနေနဲ့ ဆောင်လည်း သေမှာပဲ.. မဆောင်လည်း သေရမှာပဲ ယောင်ကြောင်ကြောင်တော့ မလုပ်နဲ့.. ချက်ချင်းမသေပဲ ဖုတ်လိုက်ဖုတ်လိုက်နဲ့ ဆန့်ငင်ငင် ဖြစ်နေဦးမယ်..။ ခုထိကို စိတ်က မပြတ်နိုင်သေးဘူး..။
ဘာတွေရေးမိမလဲ..
ရေးမနေနဲ့တော့ ရေးနေရင်လည်း ဖတ်ဖို့ ဘယ်သူမှကို စိတ်မဝင်စားတော့တာ.. အချိန်ရှိတုန်းက အကျိုးပြုတွေ.. ရေးပါလား ခုမှတော့ လုပ်မနေနဲ့တော့..။ အဲ့.. တစ်ခုတော့ ရှိတယ် ရေးချင်သပ ဆိုရင်.. သေတမ်းစာ တစ်ခုရေးခဲ့ နှလုံးသားပေါ်မှာ ရေးလိုက်စမ်း “လူပီသဖို့အတွက် လူသားချင်းချင်းးးးးးး” ဟဲ့ ဟဲ့.. မမီတော့ဘူး.. လာပြီ.. လာပြီ.. ((ဒုန်းးး)) အားးးး..!!! သေပြီ..။
တွေးမိတွေးရာ အတွေး..
အဲ့ဒီနေ့ အဖြစ်အပျက်လေးကို ပိုစ့် တစ်ပုဒ်လောက်တော့ ရေးလိုက်ချင်သေးတယ်.. သိတဲ့ အတိုင်း “ပေါက်ကရ”။
တကယ်လည်း ရေးဖြစ်မှာပါ.. “အဟေးဟေးးး (၂၁-၁၂-၂၀၁၂) နေ့ ဆိုတာ ဘယ်မှာ ကမ္ဘာပျက်လို့တုန်းကွ.. ဒီလောက်သာယာလှပ နေတဲ့ လောကကြီးက ကမ္ဘာကြီး ပျက်စရာလား..” အဲ့လို.. အဲ့လို..။ ဟုတ်တယ်.. တကယ်မပျက်လို့ကတော့ သရော်စာ တစ်ပုဒ်ရေးဖို့ ကြိုတွေးထားမယ်..။ တကယ် ပျက်လို့ ကတော့.. အင်းး... အဲ့.. အဲ.. အီးးးးးဟီးးးဟီးးးးးး ငိုရုံရှိတော့တာပဲလို့.. အဟို့ ဟို့..။
ဂုဏ်ယူချင်တာက..
ဘာဂုဏ်မှကို ယူမနေနဲ့ ဘာဂုဏ်မှလည်း ရှိတာ မဟုတ်ပဲနဲ့..။ ကြံဖန် ဂုဏ်ယူချင်ရင်တော့ “ဟေ့ ငါဟဲ့ ကံထူးသူ ကမ္ဘာကြီး ပျက်တာတောင် ငါတစ်ကောင်တည်း ငေါင်ကြောင်ကြောင် ကျန်နေရစ်တယ်” လို့ ယူပေတော့..။ အင်း ပြောသာ ပြောရတာ တစ်ယောက်တည်း ကျန်နေရင်တော့ အတော် ပျင်းစရာ၊ ကြောက်စရာ ကောင်းမှာပဲ။ “ဧဝ” လို ကောင်မလေး ခပ်ချောချော တစ်ယောက် ရှိနေရင်တော့ အကောင်းသား...။
ရှာကြံဖြေသိမ့်မိတာက..
ရှာလည်း မရှာနဲ့ ကြံလည်း ကြံမနေနဲ့တော့.. ဟိုမှာ လှိုင်းလုံးကြီးတွေက ရှမ်းတောင်တန်းတွေကို ဖုံးနေပြီ..။ ကြံဖန် ဖြေသိမ့်ချင်သေးတာ ဆိုရင်တော့.. “အော်... တော်ပါသေးရဲ့ ငါဟာ ဘာကောင်မှသာ မဟုတ်တာ သေတော့လည်း ရုပ်ပျက်ဆင်းပျက်လေးပါလားးး” လို့သာ ဖြေပေတော့..။
ကျူးရင့်ချင်တဲ့ ဥဒါန်း..
“ဟေ့.. သေနေ့စေ့လို့ သေတာ ဘယ်ကောင့် ဂရုစိုက်ရမှာလဲကွ.. ဟေ..”
လူသားအားလုံး အသေဖြောင့်နိုင်ဖို့ အနေဖြောင့်နိုင်ကြပါစေ...
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်)
0 comments:
Post a Comment