Thursday, March 24, 2011

"ဘဝ’ ဆိုတာ".

[By Rak Pay]

ကျွန်တော့်မိတ်ဆွေ အသောက်ချံပီယံ တစ်ယောက်က ပြောဖူးတာ ‘ဘဝ’ မှာ ‘ဘ’ ဆိုတဲ့ ဘီယာရယ် ‘ဝ’ ဆိုတဲ့ ဝီစကီဆိုပြီးနှစ်မျိုးရှိတယ်တဲ့။ ဘီယာလိုပဲ များများဝင်မှ အရာထင်တဲ့ကိစ္စတွေ ရှိသလို နည်းနည်းလောက် သောက်ရုံနဲ့ အစွမ်းပြတဲ့ ဝီစကီလို အရာမျိုးတွေလည်း ရှိတယ်တဲ့။

ကျွန်တော့်သူငယ်ချင်း အားကစားသမားက ‘ဘဝ’ ထဲက ‘ဘ’ ဆိုတာ ဘောလုံးကစားသလိုမျိုး၊ ကိစ္စတစ်ခုကို လူအများကြီးနဲ့ ဆောင်ရွက်ရတာရှိတယ်၊ ‘ဝ’ ဆိုတာ ဝိတ်မသလိုမျိုး၊ တစ်ယောက်တည်း မနိုင်ဝန်ကို ကြိတ်ထမ်းရတဲ့ အခါမျိုးလည်း ရှိတယ်တဲ့ဗျာ။


ကျွန်တော့်သူငယ်ချင်း ဘင်ခရာဝိုင်း ခေါင်းဆောင်က ဒီလိုဆိုတယ်။ ‘ဘ’ ဆိုတာ ဘင်ခရာကိုပြောတာ၊ ‘ဝ’ ဆိုတာ ဝီစီကိုပြောတာ၊ ဘင်ထုသလိုမျိုး ဝုန်းဒိုင်းကြဲပစ်လိုက်ရတဲ့ အချိန်တွေရှိသလို ဝီစီမှုတ်သလို တရွှီရွှီနဲ့ အေးအေးသာသာ နေလို့ရတဲ့အချိန်တွေလည်း ရှိပါတယ်တဲ့။

ကျွန်တော့်ဘေးခန်းက မူလတန်းကျောင်းသားလေးက သူ့ဘဝမှာ ‘ဘ’ ဆိုတဲ့ ဘိလပ်ရည်ရယ် ‘ဝ’ ဆိုတဲ့ ဝက်သားတုတ်ထိုးရယ် ရှိရင်ရပြီတဲ့။

Chess ထိုးကျွမ်းတဲ့ ကျွန်တော့်သူငယ်ချင်းကတော့ ‘ဘဝ’ ဆိုတဲ့တိုက်ပွဲမှာ ‘ဘ’ ဆိုပြီး ဘေးထွက်ထိုင်နေရတဲ့အခါရှိသလို၊ ‘ဝ’ ဆိုပြီးတော့ ဝင်ပါလိုက်ရတဲ့အခါတွေလည်း ရှိတယ်တဲ့။

ကျွန်တော့်သူငယ်ချင်း ဂမ္ဘီရသမားတစ်ယောက်ကပြောတယ်။ ‘ဘဝ’ခရီးမှာ ‘ဘ’ ဆိုတဲ့ ဘိုးတော်တွေ ‘ဝ’ ဆိုတဲ့ ဝိဇ္ဇာတွေ များများမစအောင် ယတြာတွေ၊ အဓိဋ္ဌာန်တွေ အချိန်ပြည့်လုပ်နေရမှာတဲ့။

ကျွန်တော့်သူငယ်ချင်း ကုန်သည်တစ်ယောက်ကတော့ ‘ဘဝ’ ဆိုတာ ငွေနဲ့ပေါင်းနေရတာဆိုပဲ။ ‘ဘ’ ဆိုပြီး ဘိုင်ကျတဲ့အခါရှိသလို ‘ဝ’ ဆိုပြီး ဝင်ငွေကောင်းလို့ ဝယ်နိုင်ခြမ်းနိုင် တဲ့အခါမျိုးလည်း ရှိတာပဲတဲ့။

ကျွန်တော့်သူငယ်ချင်း ကောင်မလေး တစ်ယောက်က ပြောတယ်။ နေ့စဉ် ဘဝမှာ... ‘ဘ’ ဆိုတဲ့ ဘောင်းဘီဝတ်ဖို့ ‘ဝ’ ဝိတ်ချမှ ဖြစ်တော့မယ်တဲ့။

ကျွန်တော့်ရဲ့မိတ်ဆွေ ဒဿနသမားကပြောတယ်။ ‘ဘဝ’ ထဲက ‘ဘ’ ဆိုတာ ဘေဒ (ခွဲခြမ်းစိတ်ဖြာ)၊ ‘ဝ’ ဆိုတာ ဝေဒ (အသိပညာ)ကိုပြောတာ၊ ဒါကြောင့် ပညာများများသင် ကိုယ့်ကိုကိုယ် များများပြန်သုံးသပ် တဲ့။ `A little Knowledge is Dangerous´ ဆိုတာ သူမကြာခဏ ပြောတဲ့စကားပါ။

ကျွန်တော့်အသိ စာရေးစရာတစ်ယောက်က သူ့မှာ ‘ဘ’ ဆိုတဲ့ ဘောပင်တွေ (ခံစားချက်တွေ) မကုန်မချင်း ‘ဝ’ ဆိုတဲ့ ဝတ္ထုတွေ (သက်မဲ့ဘဝတွေ) တစ်ပုဒ်ပြီး တစ်ပုဒ် ဖြစ်တည်နေဦးမှာပဲတဲ့။

ကျွန်တော့်သူငယ်ချင်း ဖက်တီးတစ်ယောက်ကတော့ ‘ဘ’ ဆိုတာ ဘဲသားကိုပြောတာ၊ ‘ဝ’ ဆိုတာ ဝက်သားကိုပြောတာ၊ တစ်မျိုးတည်းပဲစားစား၊ နှစ်မျိုးရောစားစား စားလို့ရသွားပြီ။ ထပ်ပြီးတော့ ကြော်၊ လှော်၊ ချက်၊ ပြုတ်၊ ကင် ကိုယ်ကြိုက်တဲ့ အရသာဖန်တီးပြီး စားသုံးလို့ရသေးတယ်၊ အဲ… ဘာမျှမလုပ်ချင်လို့ အစိမ်းချည်းသက်သက် စားချင်လည်းရတာပဲ၊ ကိုယ့်လွတ်လပ်ခွင့်ကို ဘယ်သူမှ ပိတ်ပင်လို့ မရပါဘူး တဲ့။

ကျွန်တော့်မိတ်ဆွေ ရုံးဝန်ထမ်းတစ်ယောက်က သူ့ ဘဝမှာ ‘ဘ’ ဆိုတဲ့ ဘတ်စ်ကားတိုးစီးရတဲ့ ‘ဝ’ ဝဋ်ဒုက္ဓကို အမုန်းဆုံးဆိုလားပဲ။

ကျွန်တော်ခင်တဲ့ ကျူရှင်ဆရာတစ်ယောက်က သူ့ ဘဝ’မှာ ‘ဘ’ နဲ့ပတ်သက်လို့ ဘာသာတွေအားလုံးကို ‘ဝ’ ဝိုင်းကျူရှင် ဖွင့်စားခဲ့တာ တော်တော်လေး တွက်ခြေကိုက်ခဲ့တယ်ဆိုပဲ။

ကျွန်တော့် ချစ်သူကတော့ ‘ဘဝ’ မှာ ‘ဘ’ဆိုတာ ဘရာစီယာ (Brassiere) ကိုပြောတာ၊ တကယ်လိုအပ်လို့ ဘယ်သူမှမမြင်မသိဘဲ ဈေးကြီးပေးသုံးလိုက်ရတာ၊ လုပ်လိုက်ရတာ အဲဒါမျိုးလည်းရှိသလို ‘ဝ’ ဆိုတဲ့ ဝေ့စ်ကုတ် (Waist Coat) ဝယ်ဝတ်တာလိုမျိုးလည်း ရှိတယ်။ တကယ်မလိုအပ်ဘူး၊ ဒါပေမယ့် ကိုယ်အသုံးပြုတာ၊ ကိုယ်လုပ်ခဲ့တာ လူတိုင်းမြင်တွေ့နိုင်တယ်တဲ့။

ကျွန်တော့်ကျောင်းနေဘက် လက်ရှိ လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ကတော့ သူ့ ဘဝ မှာ ‘ဘ’ ဆိုတဲ့ ဘွဲ့တစ်ခုရဖို့ ‘ဝ’ ဆိုတဲ့ ဝီရိယတွေ တော်တော်လေး စိုက်ထုတ်ပြီးတော့ ကြိုးစားခဲ့ရတယ်ဆိုပဲ။

ကျွန်တော့် သူငယ်ချင်း အိုင်တီ (IT) သမားကတော့ ဘဝအတွက် ‘ဘ’ ဆိုတဲ့ ဘလော့ဂ်... ‘ဝ’ ဆိုတဲ့ ဝက်ဘ်ဆိုက်တွေ ရေးပြီး အသက်မွေးနေရတာပေါ့ လို့ ဆိုတယ်။

ကျွန်တော်တစ်ခါတုန်းက ဌာနတစ်ခုမှာလုပ်တဲ့ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်ဖူးတယ်။ သူတို့ရဲ့လက်စွဲဆောင်ပုဒ်က “ဘဝ = ဘ+ဝ” လို့ဆိုတယ်။ အဲဒီမှာ... ‘ဘ’ ဘေးချိတ်ထား၊ ‘ဝ’ ဝေ့လည်ကြောင်ပတ်လုပ်နေပါ တဲ့။

ကျွန်တော့်ဘော်ဒါ တရားသမားတစ်ယောက်ကတော့ ‘ဘဝ’ ဆိုတာ ကိုယ်ပြုခဲ့တဲ့ ကံတရားပေါ်မူတည်ပြီး ‘ဘ’ ဘုရင်ဖြစ်လို့ ဆွမ်းပွဲပေါင်းတစ်ရာမက သုံးဆောင်ရချင်ရနိုင်မယ်၊ ဒါမှမဟုတ် ‘ဝ’ဆိုတဲ့ ဝက်ဖြစ်လို့ မစင်စားရတဲ့ အခြေအနေလည်း ဖြစ်သွားနိုင်တယ်နော်တဲ့။

ကျွန်တော်ကတော့ ‘ဘဝ’ ဆိုတာ ကျွန်တော်ကိုယ်တိုင် ဘာမှန်းမသိဘဲ ဝါးတားတားနဲ့ သွားနေရဆဲပဲ လို့ ထင်တယ်။

သင်ကော… ‘ဘဝ’ ကိုဘယ်လိုမြင်လဲ…။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...