စင်ကာပူ မြေပေါ်မှ အလွဲများ ၁
* Posted by Lynn Htet Sandar on February 7, 2011 at 8:37am
တစ်နေ့ ကျွန်တော်တို့ သူငယ်ချင်းတစ်စု မွေးရပ်မြေ မြန်မာနိုင်ငံကို ခွင့်ဖြင့် အလည်ပြန်သွားရာမှ ပြန်လာသော ကျွန်တော်တို့ ၏ ဘော်ဘော်ကြီး ညိုကြီးကိုကြီးအား လေယောဉ်ကွင်းမှ ကြိုပြီး အပြန် Boon Lay မြို့ ရှိ Kopitiam တွင် သောက်ရင်းစားရင်း မွေးရပ်မြေသတင်းများကို ညိုကြီးကိုကြီး အားဝိုင်း၍ မေးမြန်းကြသည်။ မေးသာမေးရသည် သိပ်တော့အားမရ ဒီလူက စင်ကာပူတွင်သာ ခြေတိုအောင် လျှောက်သွားနေသော်လဲ ဆင်တဲ သို့  ပြန်ရောက်လျှင် အိမ်ထဲက အိမ်ပြင် သိပ်ထွက်ရသည် မဟုတ်။ညိုကြီးကိုကြီး ကလဲ ပြောဘူးသည်။ငါအိမ်ပြန် ရောက်ရင် ဘယ်ကိုမှ မသွား ချင်ဘူး။ ’ဘကုန်း’ တွေနဲ့ လွတ်လွတ် ကင်းကင်း နေချင်တယ်။ အိမ်ပြင် ထွက်ဖို့ ခြေလှမ်းပြင်တာနဲ့  ဒါက ဘယ်လဲ.. ဘာကြောင့်သွား…ဘယ်သူနဲ့  …ဘယ်လောက်ကြာလို့ … ဘယ်အချိန်… ဆိုတဲ့ အမေး တွေကို ပြန်မဖြေချင်ဘူး လို့ ပြောဘူးတယ်။
ဒါနဲ့ ညိုကြီးကိုကြီး ဆိုတဲ့ အခေါ်အပြောကြောင့် စာဖတ် ပရိသတ်ကြီး အမြင်နဲနဲ ဆန်းနေမလားပဲ။ သူ့ ကို ဘာကြောင့် ညိုကြီးကိုကြီးလို့  ခေါ်ရသည့် အကြောင်းကို နဲနဲရှင်းပြ လိုသည်။ ဘာကြောင့် ဒီလို ခေါ်ရလဲ ဆိုလျှင် သူ့ တွင်ညီမတစ်ယောက် ရှိပြီး သူ့ ကို ကိုကြီးဟု ခေါ်သည်။ ဒါဆို စာဖတ်ပရိသတ်ကြီး ဘာကြောင့် ညိုကြီးကိုကြီး ခေါ်ရလဲဆိုတာ သိလောက် ရောပေါ့။ ကျွန်တော်တို့ ကတော့ ဘာလုပ်လုပ် ပြတ်ပြတ်သားသား လုပ်သည်။ အခေါ်အပြော ကအစ ပြတ်ပြတ်သားသားပဲ ကိုယ့်ဘက် ကတော့ လုံးဝအနာ မခံနိုင်။ ဥပမာ။ ။ကျွန်တော်က ပေါ့ဆိမ့်၊ ကျဆိမ့်၊ ရေနွေးကြမ်း တို့ ကိုဆိုရင် ယောက်ဖလို့ သူလိုလို ကိုယ်လိုလို အထင်မှားစေမည့် စကားမျိုးကို ဘယ်တော့မှ မသုံးဘူး။ ပတ်ဝန်းကျင်က ကြားလို့  သူပေးထား သလိုလို ကိုယ်ပေးထား သလိုလို အထင်ခံ ရမှာ ကြောက်သည်။ ဒါကြောင့် ငါ့ ရည်းစားအစ်ကို (သို့ ) ချစ်သူ့ အစ်ကို စသဖြင့် တိကျ သေချာတဲ့ အသုံးအနှုန်းကို သုံးသည်။ ချိုကျ ကိုတော့ ဒီလို မခေါ်ဖြစ်တာ ကြာပြီ (ရှိမှ မရှိတော့တာ၊ ရှိတာလေးက ပါသွားပြီ )၊ ကျွန်တော့် သူငယ်ချင်းကြီး ပုံမှန်ကို ကျတော့ သူလို ကိုယ်လိုလူ ဆိုတော့ ဘယ်လိုမှ မခေါ်ဘူး။ သူက တစ်ကောင်ကြွက် (ကြွက်စုတ်) အကြွေးတွေ အမြဲ ဝိုင်းနေတယ် ဆိုတဲ့ သူ့ ပို စ့်တွေ ဖတ်ပြီး ပြောရတာ။ ဒါတွေက ထားပါ စကားတွေက ဟိုပြောဒီပြော ဟိုရောက်ဒီရောက်နဲ့  ဘေးချော်ကုန်ပြီ။
ဖြစ်ပုံက ဒီလို ကျွန်တော်တို့ တွေ စားသောက်နေတုန်း ကျွန်တော့်တို့  ညိုကြီးကိုကြီးက မပြောမဆိုနဲ့  တစ်ယောက်တည်း တခွိခွိနဲ့ ထရီတယ်ဗျ။ အားလုံးလဲ လန့် သွားကြတာပေါ့- ဟ…ညိုကြီး ဘာဖြစ်တာလဲ ဂေါက်သွား တာလား… ဆေးမသောက်ခဲ့ရဘူးလား.. လှုပ်မသောက်ခဲ့လို့ လား…ဝက်ရူးပြန်သွားတာလား… စသဖြင့် စိုးရိမ်တကြီး တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြသည် (ဟဲ.. ဟဲ.. အဲဒီလို စိုးရိမ်တာလေ)။ ညိုကြီးကိုကြီးက- နေကြပါဦးကွာ … နေကြပါဦး… မင်းတို့ ကလဲ ငါ့ကို ဆိုရင် ဝိုင်းဆော် ကြဖို့ … ပဲသိတယ် ငါက လေယောဉ်ကွင်းမှာ ကြုံခဲ့ရတဲ့ အကြောင်းလေးကို ပြန်စဉ်းစား မိလို့  တစ်ယောက်တည်း ပြုံးမိ တာပါ။ မင်းတို့ ကလဲ…ဝိုင်းဆော်မယ် ဆိုတာကြီးပဲ။ ဒါကတော့ ကိုယ့်ဘာသာ အနေအထိုင် ဆင်ခြင်လေဗျာ။ ပြောစရာ ရှိတာတော့ ပြောရ မှာပေါ့…ဟဲ …ဟဲ… ဒါနဲ့  လေယောဉ်ကွင်းမှာ ဘာတွေတွေ့ လာလို့  တစ်ယောက်တည်း ထရီနေရတာလဲ ရီစရာ လေးတွေ ရှိရင်လဲ မျှဦးလေ.. အားလုံးကိုလဲ ပြန်ဝေမျှ ရအောင်လို့ ကျွန်တော်က ဝင်ပြောတော့။
အေး.. ဒီလိုကွ ဟကောင်တွေရ ငါဒီဘက် changi airport မှာ custom ဖြတ်တော့ ငါ့အရှေ့မှာ ဒီကို visit နဲ့ လာတဲ့ မြန်မာအမျိုးသမီး တစ်ယောက်ကွာ သူက PR ထောက်ခံစာနဲ့  လာတာ။ show money တွေ ဘာတွေ ပြစရာမလိုဘူးလို့  သူ့ ယောက်ကျားကလဲ သေချာ မှာထားမှာပေါ့။ အဲဒါကို custom အရာရှိက လိုအပ် တာတွေ အားလုံး စစ်ဆေးပြီး သွားတော့ ဘာရယ် မဟုတ်ဘူး မင်းဒီကို အလည်လာတာ ပိုက်ဆံ ဘယ်လောက်ပါလဲလို့  အမျိုးသမီးကို မေးမိတယ်။ အမျိုးသမီးက စင်ကာပူ ဒေါ်လာ 100 ပါတယ်လို့ ပြောတယ်။ မင်းဒီပိုက်ဆံ 100 နဲ့  ဘယ်လို သုံးမလဲလို့  custom အရာရှိက မေးတော့။ အမျိုးသမီး နည်းနည်း ဒေါပွသွားတယ်။ show money ပြစရာ မလိုဘူးလို့  သူကသိထား တာကိုး။ သူတွေးမိတာက ဒီ castan အရာရှိတော့ သူ့ ကို ရစ်နေပြီပေါ့။ မြန်မာပြည်က လာတဲ့လူဆိုတော့ မြန်မာပြည် အတွေးနဲ့ တွေး လိုက်တာပေါ့။ ဒီမှာက မင်းတို့ လဲ သိတဲ့ အတိုင်းပဲလေ သူ့ အလုပ်သူ လုပ်ကြတာ။ ဒါပေမယ့် သူ့ ကိုရစ်တယ်လို့  ထင်သွားတဲ့ အမျိုးသမီးက ဒေါပွသွားပြီး မျက်နှာထား တင်းတင်းနဲ့  custom အရာရှိကို ပြန်ပြော လိုက်တော့ custom အရာရှိလဲ ပြုံးစိစိနဲ့  အမျိုးသမီးကို သွားလို့ ရပြီ လို့  ပြောလိုက်တယ်။ ငါလဲ နောက်ကနေ မရီဖြစ်အောင် မနည်းထိန်းထား ရတယ်။ အဲဒီ အကြောင်းကို စဉ်းစားမိလို့ ပြုံးမိတာပါကွာ…မင်းတို့ ကလဲ… ညိုကြီးကိုကြီး ပြောမှ အားလုံးလဲ စိတ်ဝင်စား သွားပြီး၊ ဒါဆိုလဲ အမျိုးသမီး ဘာပြောလိုက်လဲ ဆိုတာ ပြောပြဦးလေဗျာ။အဲဒီတော့မှ ညိုကြီးကိုကြီးက ဦးကျောက်လုံး အိုက်တင်(ကြာကူလီ အိုက်တင်) နဲ့  အင်း…. အမျိုးသမီးက custom အရာရှိကို ဘာပြောလိုက်လဲ ဆိုတော့- This is not your hot. This is my hot. တဲ့ တစ်ဝိုင်းလုံး ခဏငြိမ်သွားတယ်။ ပြီးမှ အားလုံး ဝိုင်းရီလိုက်ကြတာ ဘေးဝိုင်းက တရုတ်တွေတောင် ဘာဖြစ်တာလဲ ဆိုပြီး လှည့်ကြည့်ကြတယ်။
ခဏနေမှ ကျွန်တော်က အရီ ရပ်ရင်း ဟုတ်တယ်… ဟုတ်တယ်… ကျွန်တော်လဲ ကြုံဘူးတယ်။ အရင်က ကျွန်တော်နဲ့  အတူတူနေတဲ့ အခန်းဖော် တစ်ယောက် ရှိတယ်။ တစ်နေ့  မှတ်မှတ်ရရ အဲဒီနေ့ က ကျွန်တော် night shift ကပြန်လာပြီး စားသောက် vedio ကြည့်ပြီး 10း00 နာရီ ထိုးခါနီး အိပ်မယ်လုပ်တော့ ကျွန်တော့် အခန်းဖော်က 2nd shift ကို OT ဆင်းဖို့  11း00 နာရီ ဝင်ရမှာ ဆိုတော့ နိုးလားတယ်။ ဒါပေမယ့် မိုးက အရမ်းရွာ နေတော့ သူအလုပ်သွားဖို့ က အဆင်မပြေဘူး ဖြစ်နေတယ်။ သွားဖို့ အဆင်မပြေရင်လဲ မင်း supervisor ကို ဖုန်းဆက်ပြီး မိုးတွေ အရမ်းရွာနေလို့  OT မလာတော့ဘူးလို့  ပြောလိုက်ပေါ့လို့  ကျွန်တော်လဲ သူ့ ကိုပြောပြီး အိပ်ဖို့  လုပ်တယ်။ သူလဲ ဟိုလုပ်ဒီလုပ်နဲ့  ကျွန်တော် အိပ်မပျော် တပျော် အချိန် လောက်မှာ သူ့  supervisor ဆီကို ဖုန်းဆက် ပြောသံကြားတယ်။ သူက ဘာပြောလဲ ဆိုတော့ – Now very very rainning. ငါလာလို့ မရဘူး …တဲ့ ကျွန်တော်လဲ ပထမ ကိုယ့်ကိုယ်ကို အိပ်ချင်မူးတူး ဖြစ်နေတယ်ထင်တာ။ မဟုတ်ဘူးဗျာ သူက တကယ်ပြောနေတာ ဟိုဘက်က သူပြောတာကို နားမလည်တော့ သူကတောင် စိတ်ဆိုးပြီး Now very very rainning. ငါလာလို့ မရဘူး လို့  ဒေါသသံနဲ့  နောက်ထပ် အော်ပြော နေသေးတယ်။ ကြားထဲက ကျွန်တော်က မနေနိုင်လို့  မင်း မြန်မာလို ထည့်ပြောတော့ မင်း supervisor က မြန်မာလို နားလည်လို့ လားလို့  မေးမှ No,No, Now very rainning, I can’t come. ဖြစ်တာ။ ကျွန်တော်သာ ဝင်မပြောလို့ ကတော့ သူနဲ့ သူ့ supervisor မုန့် လုံး စက္ကူကပ်သလို ဖြစ်နေတော့မှာ။
ဟုတ်တယ်ဗျ။ အဲဒါမျိုးတွေက ရှိတယ်။ ကျွန်တော်လဲ ကြုံဘူးတယ် ဟု ချိုကျကလဲ သူ့ အတွေ့  အကြုံကို ဝင်ပြောသည်။ ကျွန်တော်တို့ ဒီကို လာတော့ အီးလို လုံးဝ မတတ်တဲ့ လူတစ်ယောက် ပါလာတယ်။ တစ်နေ့ ထမင်းစားနားချိန် အားလုံး ကန်တင်းမှာ ထမင်းစား နားနေတုန်း သူက စက်ရုံကို အရင် ပြန်သွားတယ်။ အဲဒီ အချိန် delivery ကပစ္စည်းလာပို့ တယ်။ စက်ရုံမှာကလဲ သူကလွဲလို့ ဘယ်သူမှ မရှိဘူး။ ပစ္စည်းထား ရမဲ့နေရာကိုတော့ သူသိတယ်။ ဒါပေမယ် ဘယ်လို ပြောရမလဲ သူမသိဘူး ဖြစ်နေတယ်။ နောက်ဆုံး သူလဲ ကြံရာ မရတဲ့ အဆုံး delivery ကိုကြည့်၊ ပစ္စည်းကို လက်ညှိုးထိုး၊ ထားရမဲ့ နေရာကို လက်ညှိုးထိုးပြီး ပါးစပ်က This one ဟိုဘက်၊ This one ဒီဘက် လို့ ပြော လိုက်တယ်။ delivery ကလဲ နားလည် တယ်ဗျာ။ သူပြောတဲ့ နေရာမှာ ထားပြီး ပြန်သွားတယ်။ ဟဲ… ဟဲ… ဒီလောက်တော့ သူက ဖြစ်တယ် လို့ ချိုကျက ပြောတော့ အားလုံး ဝိုင်းရီကြပြီး this one ဟိုဘက် this one ဒီဘက် တွေ ဖြစ်ကုန် ကြတယ်။
ခဏနေမှ ကျွန်တော်က မျက်နှာပိုး သပ်ရင်း – ဟုတ်တယ် ဒီမှာကတော့ အင်္ဂလိပ်လို တစ်လုံးမှ မတတ်တဲ့သူတွေ ပါသလို၊ တချို့ ကလဲ ကျွမ်းကျွမ်း ကျင်ကျင်ကို ပြောနိုင် ကြတယ်။ အဲ… တချို့  ကြတော့လဲ အင်္ဂလိပ်လို နားလည်တယ် ပြောလဲ ပြောနိုင်တယ်။ ဒါပေမယ့် သုံးနေကြ မဟုတ်တော့ အဆင်မပြေ တာလေးတွေ ရှိတယ်။ ကျွန်တော်တို့ စက်ရုံက တစ်ယောက် ဆိုရင် ဘွဲ့ ရ ပညာတတ် တစ်ယောက် ပါပဲ။ ဒါပေမယ့် အင်္ဂလိပ် စကားကို ပြောလေ့ပြောထ မရှိတော့ ဒီကို ရောက်စမှာ အခက်အခဲတွေ ရှိတယ်။ တစ်ရက် သူနဲ့ သူ့  supervisor ဖုန်းပြောတော့ tea-break နားချိန်ဆိုတော့ ကျွန်တော်တို့ တွေ အားလုံး ဘေးနားမှာ ရှိနေကြတယ်။ သူ့ ဖုန်းကလဲ speaker မကောင်းလို့ speaker on ပြီး ပြောရတာ ဒီတော့ သူပြောတာကိုရော ဟိုဘက်က ပြောတာ ကိုရော ကျွန်တော်တို့  တွေက အတိုင်းသား ကြားနေရတယ်။ ဟိုဘက်က မင်းအခု 2nd shift မှာ ဘယ်သူတွေနဲ့  အတူတူလဲ night shift ကရော ဘယ်သူတွေ လဲလို့  မေးတယ်။ သူက ဘာပြန်ပြောလဲ ဆိုတော့- အင်း… now 2nd shift က i နဲ့  two malaysia guy လေ။ နောက် night shift က two china guy နဲ့  one malaysia guy လေ လို့ သူက ပြန်ပြောတော့ ကျွန်တော်တို့ တွေက ဝိုင်းရီကြတာပေါ့။ အံမယ် အဲဒီလို ရီတော့ သူက စိတ်ဆိုး သေးတယ်ဗျ။ ဒီမှာ ကတော့ ဒီလို အလွဲလေးတွေ မကြာမကြာ ကြုံနေရတာ ပါပဲ။
တစ်ခါကလဲ ကျွန်တော်နဲ့  ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဖုန်းပြော နေကြတာ သူက MRT ရထားစီးရင်း ပြောနေတာ အဲဒီ အချိန်မှာပဲ ဘေးက လူတစ်ယောက်က JURONG EAST ကိုဘယ်လို သွားရ မလဲလို့  မေးသံကို ဒီဘက်က ကြားရတယ်။ သူကလဲ ဖုန်းပြောနေရင်း ပြန်ပြောလိုက်တာက next four ဘူတာ တဲ့ ကျွန်တော်က ဟေ့ကောင်လို့  ဒီဘက်က အော်မှ next four station လို့ ပြန်ပြောသံ ကြားရတယ်။ သူလဲ ကျွန်တော်နဲ့  ဖုန်းပြောရင်း ယောင်သွားတာလေ။ တခါကလဲ စက်ရုံမှာ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်နဲ့  စင်ကာပူ တရုတ် တစ်ယောက် နားချိန် ထိုင်စကား ပြောနေကြရင်း တရုတ်က စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ဘယ်လောက်လဲလို့  မေးတယ်။ ကျွန်တော်က ပြန်ဖြေမယ် လုပ်တော့ သူငယ်ချင်းလုပ်သူက လက်ကာပြတယ်။ နေနေ သူပြောမယ်ပေါ့။ သူငယ်ချင်းဆိုတာက ကျွန်တော့်ရဲ့  အခန်းဖော်လေ မှတ်မိတယ် မဟုတ်လား။ သူကတော့ ထုံးစံ အတိုင်းဗျို့ ခပ်တည်တည်ပဲ ပြောချလိုက်တာ one စလုံးdollar myanmar 800 kyat တဲ့ စလုံး တရုတ်က ဆိုရင် ဟမ်… ဟမ်… ဟမ်.. ဆိုပြီး တဟမ်..ဟမ် .. နဲ့ ဗျို့ ။ စင်ကာပူ နိုင်ငံသားကို သွားပြီး one စလုံး dollar တဲ့ဗျာ.. ။ ကျွန်တော့်မှာ သူတို့ ကိုကြည့်ရင်း တဟား..ဟား… နဲ့  အူတွေကို တက်လို့  ဗျို့  … ဟား.. ဟား… ဟား…( ဘယ်သူမှ မရီမှာ စိုးရိမ်လို့  ကိုယ့်ဘာသာ အရင် ရီထားတာ တကယ့် အဖြစ်အပျက်လေး တွေပါ) ။
black ကော်ဖီ (ဆင်တဲကဖေး)
စင်ကာပူရောက် မြန်မာများ မှ ကူးယူဖေါ်ပြပါသည်။

0 comments:
Post a Comment