Friday, March 25, 2011

ငလျင်သတင်းများ

by Ma Su Mon on Friday, March 25, 2011 at 2:54am
 
 ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ ည ၈ နာ ရီ ၂၉ မိနစ် ၃၀ စက္ကန့်၊ မန္တလေးမြို့မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၃၀၀ ခန့်အကွာ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်အကွာ၊ လွယ်မွေရွာအနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ကာ အင်အား ၇ ဒသမ ၀ ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါငလျင်ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသများသာမက ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ မြို့နယ်များတွင်ပါ ငလျင်၏သက်ရောက်မှုကို သိရှိခံစားခဲ့ရကြောင်း သိရသည်။

(နောက်ဆက်တွဲသတင်းများ)
   တာချီလိတ်မြို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် "တာချီလိတ်မြို့မှာ ည၈နာရီကျော်ကျော်လောက်က ငလျင်လှုပ်တာ ၇ ခါလောက် ရှိတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကတော့ တော်တော်ပြင်းတယ်။ တစ်မြို့လုံးက လူတွေလည်း အိမ်ထဲမှာမနေရဲကြပဲ အိမ်အပြင်ထွက်နေကြရတယ်။ အခုချိန်ထိ(၁၁နာရီ၄၅မိနစ်)လည်း အိမ်ထဲပြန်မဝင်ကြသေးဘူး။ ဘယ်မှလဲ မသွားရဲကြဘူး။ အိမ်တွေတော့ မပြိုပါဘူး။ အိမ်ထဲက ပစ္စည်းတွေတော့ ပြုတ်ကျကုန်တယ်" ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောပါသည်။
  မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင်လည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။ နေပြည်တော် ပျဉ်းမနားမြို့ခံတစ်ဦးကို Eleven Media Group က ဆက်သွယ်မေးမြန်းရာတွင် "လှုပ်သွားတာတော့ သိလိုက်တယ်။ ခဏလေးပါပဲ။ ထူးထူးခြားခြား ဖြစ်တယ်လို့တော့ မသိရသေးပါဘူး"ဟု ပြန်လည်ဖြေကြားခဲ့သည်။ မန္တလေးမြို့တွင်လည်း စက္ကန့်အနည်းငယ်မျှ လှုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
    တရုတ်၊ ထိုင်းနှင့် လာအိုနယ်စပ် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် သေဆုံးသူတစ်ဦးရှိခဲ့ကာ အရှေ့တောင်အာရှ နိုင်ငံများတွင် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရသည်။ စတင်လှုပ်ခတ်စဉ်က အင်အား ၇ ဟု သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အင်အား (၆.၈) ဟု အမေရိကန်ဘူမိလေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။ ပထမငလျင် လှုပ်ခတ်ပြီး နာရီဝက်မျှအကြာတွင် အင်အား (၄.၈) ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ် သွားခဲ့ကြောင်းလည်း အမေရိကန်ဘူမိလေ့လာရေးက ထုတ်ပြန်ခဲ့သည်။
  ငလျင်ဗဟိုချက်သည် ဘန်ကောက်မြို့တောင်ဘက် မိုင် ၅၀၀ အကွာတွင်ဖြစ်ပြီး ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် ၃၆၅ မိုင်အကွာတွင်ဖြစ်သည်ဟု သိရသည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင်လည်း သက်ရောက်မှုအချို့ရှိခဲ့သည်ဟု သိရသည်။ မြန်မာပြည်နယ်စပ် ချင်းရိုင်မြို့သည် ငလျင်ဗဟိုချက်နှင့် ၅၆ မိုင်အကွာတွင် ဖြစ်ကာ ချင်းမိုင်မြို့နှင့် ၁၄၆ မိုင်အကွာတွင်ဖြစ်သည်။  
    ဆူနာမီသတိပေးချက် ထပ်မံ ထုတ်ပြန်ထားခြင်း မရှိသလို ကုန်းတွင်းပိုင်းကျသောကြောင့် ဆူနာမီဖြစ်နိုင်ချေမရှိကြောင်း အမေရိကန် ဘူမိလေ့လာရေးက ထုတ်ပြန်ထားသည်။ ပစိဖိတ်ဆူနာမီ သတိပေးစင်တာကလည်း ငလျင်ကြောင့် ဆူနာမီမဖြစ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
    နေပြည်တော်သို့ အေအက်ဖ်ပီသတင်းဌာန၏ ဆက်သွယ်မေးမြန်းချက်အရမူ ငလျင်လှုပ်ခတ်မှုကို သိရှိခဲ့ရပြီး သတင်းအချက်အလက် ရရှိရန် ကြိုးစားဆဲဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ ငလျင်လှုပ်တာ သိလိုက်ပါတယ်။ ကျွန်တော်တို့စားပွဲတွေ နည်းနည်းလှုပ်သွားတယ်။ အသေးစိတ်တော့ မသိသေးပါဘူး"ဟု မြန်မာအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြသည်။  
   မြန်မာနယ်စပ်ရှိ မယ်ဆိုင်ခရိုင်မှ ရဲဌာနထုတ်ပြန်ချက်အရ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အိမ်နံရံပြိုကျပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ မယ်ဆိုင်မြို့မှ ယင်းအမျိုးသမီးမှာ အိပ်ပျော်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး နေအိမ်ယိုယွင်းနေသောကြောင့်သာ ပြိုလဲခဲ့ခြင်းဖြစ်သည်ဟု မယ်ဆိုင်ခရိုင်ရဲမှူး သာနွမ်ဆက်ယော့စ်ပန်က ပြောကြားခဲ့သည်။
   ဟနွိုင်းမြို့တွင်မူ စက္ကန့်ပိုင်းမျှ လှုပ်ခတ်သွားခဲ့ပြီး မြို့ခံများနေအိမ်မှ ထွက်ပြေးသည်အထိ ထိတ်လန့်ခဲ့ရသည်ဟု သိရသည်။
    "ကျွန်မ ရုတ်တရက်ငြီးစီစီကြီး ဖြစ်လာတယ်။ ထိုင်ခုံပေါ်မှာထိုင်နေတာ။ ကျွန်မယောက်ျားက ငါးတွေလှုပ်လာတယ် ပြောတယ်။ ငါးကန်ထဲကရေတွေ ထွက်ကျလာတယ်လေ" ဟု ဟနွိုင်းမြို့ အထပ်မြင့်တိုက်ခန်းတစ်ခု၏ ၁၀ လွှာတွင် နေထိုင်သူ ငုယင်သီဟောင်ဟန်က ဆိုသည်။
   "ကျွန်မတို့လည်း လမ်းပေါ် ပြေးထွက်လာခဲ့တယ်။ တစ်ခြားလူတွေလည်း လမ်းပေါ်ထွက်လာတာ တွေ့ခဲ့ရပါတယ်"ဟု သူမကဆိုသည်။ ဟနွိုင်းတွင် ခံစားခဲ့ရသည့် အနေအထားမှာ အင်အား ၅ မျှရှိခဲ့သည်ဟု သိရသည်။
[Updated 02:25am]
    မတ် ၂၅ ရက်၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ထပ်မံသိရှိရသော သတင်းများအရ ထိုင်းနှင့်ထိစပ်နေသော နယ်စပ်အနီး မြို့တစ်မြို့တွင် ကလေးတစ်ဦး သေဆုံးခဲ့သည်ဟု အမည်မဖော်သော မြန်မာအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာန ဖော်ပြချက်အရ သိရသည်။
    "တာချီလိတ်မြို့မှာ ငလျင်ကြောင့် အဆောက်အဦပြိုကျလို့ ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ကျွန်တော်တို့သတင်းရခဲ့တယ်" ဟု ယင်းအရာရှိက ပြောကြားသည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။ ငလျင်ဗဟိုချက်နှင့် နီးကပ်သောမြို့များတွင်လည်း လူ ၃ ဦးခန့်ဒဏ်ရာရခဲ့သည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရသည်။
    မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော ၄၀ ကီလိုမီတာအကွာ တရုတ်အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်တွင် ငလျင်ကြောင့် အဆောက်အအုံများမှာ တစ်မိနစ်ခန့် လှုပ်ခါသွားခဲ့သည်ဟု ရွာသားများက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။ အဆောက်အအုံများ အက်ကွဲလာမှုကြောင့် ယူနန်ပြည်နယ်၊ မင်ဟိုင်းကောင်တီရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသား ၃၅၀ ကျော်နှင့် ဆရာများကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဆင်ဟွာကဖော်ပြခဲ့ပြီး တရုတ်တွင် ယခုအချိန်အထိ သေဆုံးထိခိုက်မှုမရှိသေးကြောင်း ထုတ်ပြန်ထားသည်။
    ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၉၀၀ (မိုင် ၅၅၀) အကွာရှိ တရုတ်နိုင်ငံတောင်ပိုင်း၊ နန်နင်းမြို့တွင်လည်း ငလျင်လှုပ်ခတ်မှုကြောင့် လူများမှာ အဆောက်အအုံ အပြင်ဘက်သို့ ထွက်ပြေးခဲ့ကြောင်း ဆင်ဟွာကဖော်ပြသည်။
    ယခု ငလျင်လှုပ်ခတ်မှုမှာ ဂျပန်နိုင်ငံတွင် မတ် ၁၁ ရက်က သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး သီတင်းပတ်နှစ်ပတ်ခန့် အကြာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်ငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ဆူနာမီလှိုင်းလုံးကြီးများကိုလည်း ကြုံတွေ့ခဲ့ရသည်။
[Updated 10:11am]
တာချီလိတ်မြို့ဝန်းကျင် ကျေးရွာများတွင် နေအိမ်အချို့ပြိုကျ ပျက်စီးခဲ့သဖြင့် ထပ်မံရရှိသော သတင်းများအရ လူနှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိကာ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြောင်း နိုင်ငံပိုင်သတင်းစာများက မတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ သေဆုံးသူနှစ်ဦးမှာ မောင်ဇင်နိုင်လတ်(အသက် ၄ နှစ်)၊ ဦးထွန်းဝင်း(အသက် ၃၃ နှစ်)တို့ ဖြစ်သည်ဟု သိရသည်။
"ကျိုင်းတုံနဲ့ တာချီလိတ်ကြား က တာလေတံတား ကျိုးသွားပါတယ်။ တာလေမှာလည်း အိမ်တွေပြိုတယ်၊ လူသေတယ်လို့ကြားပါတယ်။ အခြေအနေကို အတိအကျ မသိရသေးပါဘူး"ဟု တာချီလိတ်မြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။
"ကျိုင်းတုံမှာတော့ အိမ်တွေ၊ အဆောက်အအုံတွေ နည်းနည်းထိတာရှိပေမယ့် သိပ်ပြီး ကြီးကြီးမားမား ထိခိုက်တာမရှိပါဘူး"ဟု ကျိုင်းတုံမြို့ခံတစ်ဦးက ဆိုပါသည်။ ငလျင်ကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံးကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။
၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက် နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် သေဆုံးသူ အရေအတွက် ၅၀ ကျော်လာပြီဖြစ်ကြောင်း မတ်လ ၂၅ ရက် နေ့ နံနက် ၁၁ နာရီအထိ ဆက်သွယ်မေးမြန်းမှုများ အရ သတင်းရရှိ ပါသည်။

"တာလေမြို့နယ်ခွဲမှာ လူ ၄၀ ကျော်လောက် သေပါတယ်။ မိုင်းလင်းမှာလည်း ၁၃ ဦးလောက် သေတယ်။ ကျိုင်းတုံမှာတော့ တစ်ဦး သေပါတယ်" ဟု ကျိုင်းတုံမြို့ခံတစ်ဦးက ပြောကြားသည်။
ငလျင်ဒဏ်ကို ခံစားခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ် အချို့အနက် တာလေမြို့သည် လူသေဆုံးမှု၊ ပျက်စီးမှု အများဆုံးဖြစ်ပြီး နေအိမ်များ ပြိုကျပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ လတ်တလောတွင်မူ ကျိုင်းတုံမြို့နယ်မှ ကယ်ဆယ်ရေးအဖွဲ့များ တာလေမြို့သို့ သွားရောက်နေပြီဟု သိရသည်။
[Updated 11:00am]
၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်၏ နောက်ဆက်တွဲအဖြစ် မတ်လ ၂၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ကျိုင်းတုံမြို့ခံ အချို့နှင့် ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရပါသည်။

''ကျိုင်းတုံမှာတော့ ညက ၄ ကြိမ်လောက် လှုပ်တယ်။ ဗဟိုပြုတဲ့ နေရာမှာတော့ ၆ ကြိမ်လောက် လှုပ်ခဲ့တယ်။ ကျိုင်းတုံမှာတော့ အခု မနက် ၇ နာရီက နောက်ဆုံးတစ်ခါ လှုပ်သွားတယ်။ လောလောဆယ်တော့ ငလျင်ထပ်လှုပ်တာ မရှိသေးပါဘူး''ဟု ကျိုင်းတုံမြို့ခံတစ်ဦး က မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၀န်းကျင်၌ ပြောကြားသည်။

ငလျင်ဒဏ်ကြောင့် ကျိုင်းတုံမြို့တွင် သေဆုံးသူတစ်ဦး၊ တာချီလိတ်တွင် သေဆုံးသူ နှစ်ဦး၊ တာလေတွင် သေဆုံးသူ ဦးရေ ၄၀ ကျော်၊ မိုင်းလင်းတွင် သေဆုံးသူ ၁၃ ဦးခန့် ရှိပြီ ဖြစ်ကြောင်း၊ ဒဏ်ရာရာသူများလည်း ရှိကြောင်း သိရှိရသည်။

''တာလေမြို့မှာ လူသေတာ ၄၀ ကျော်ပါပြီ။ မိုင်းလင်းမှာလည်း ၁၃ ဦးလောက် သေပါတယ်။ ကျိုင်းတုံမှာတော့ ငလျင်လှုပ်နေတဲ့အချိန် ဆိုင်ကယ်စီးလာတဲ့ သူတစ်ယောက် အက်ဆီးဒင့်ဖြစ်ပြီး ဆုံးတယ်။ ငလျင်က တာလေ၊ မိုင်းဖြတ်၊ ကျိုင်းလတ်မြို့ ကြားလောက်မှာ ဗဟိုပြုခဲ့တာ။ ကျိုင်းတုံက ကယ်ဆယ်ရေး အဖွဲ့တွေလည်း တာလေကို ဆင်းသွားကြပါပြီ။ တာလေက ကျိုင်းတုံနဲ့ တာချီလိတ်ကြားမှာ ရှိပါတယ်။ အပျက်အစီး အများဆုံးပါပဲ'' ဟု ကျိုင်းတုံမြို့ခံတစ်ဦးက ပြောပြသည်။
၂၄ရက်နေ့တွင် လွယ်မွေမြို့ ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၇ဒသမ၀အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့အကြား၊ တောင်နှင့်မြောက် မိုင်၂၀ခန့် အလျားလိုက် မြေကြီးအက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
အဆိုပါငလျင်ကြောင့် တာလေမြို့ငယ်လေးတွင် အနည်းဆုံး ၆၄ဦးခန့် သေဆုံးခဲ့ကာ လူနေအိမ် ၁၅လုံး၊ ရုံး-၉လုံးခန့် ပြိုကျခဲ့ကြောင်းလည်း သိရှိရသည်။ "ကျိုင်းတုံမှာ၂၄ရက်နေ့ ည၈ နာရီခွဲကနေ ၁၀နာရီခွဲကြားလောက်ထိ ငလျင်တွေ လှုပ်တယ်။ ၈နာရီခွဲလောက်က တော်တော်ပြင်းတယ်။ နောက်ပြီး ဆက်တိုက်ဆိုသလို လှုပ်နေတယ်။ ဘယ်လောက်ပမာဏနဲ့ လှုပ်ခဲ့တယ်ဆိုတာတော့ သေချာမသိပေမယ့် တော်တော်ပြင်းပါတယ်။ အဲဒီအချိန်မှာ ဟန်းဖုန်းတွေရော၊ ကြိုးဖုန်းတွေပါ လုံးဝ ဆက်သွယ်လို့မရတော့ဘူး"ဟု ကျိုင်းတုံမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
"ကျိုင်းတုံနားက တာလီတံတားက နိမ့်ကျသွားတယ်။ ကျိုင်းတုံနားက မိုင်းလင်းရွာမှာတော့ အိမ်ခြေပျက်စီးမှု အချို့ရှိတယ်လို့တော့ ကြားရပါတယ်။ လွိုင်ငယ်မှာတော့ ည၈နာရီခွဲလောက်မှာ ၁၀မိနစ်လောက်ကြာအောင် တစ်ခါလှုပ်တယ်။ ၁၀နာရီ ကျော်ကျော်မှာ တစ်ခါထပ်လှုပ်တယ်" ဟုလည်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
"ကျိုင်းတုံမှာ အထိအခိုက် သိပ်မရှိပါဘူး။ ငလျင်ကတော့ တော်တော်လေးအားပြင်းတယ်။ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ တာလီတံတားကတော့ သွားလို့မရတော့ဘူးလို့ ကြားရတယ်"ဟုလည်း ကျိုင်းတုံမြို့၊ က. ည.န ရုံးမှဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
[Upated မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်]
"တာလေမှာ အားလုံး ၄၇ ဦးလောက်သေတယ်လို့ အခုကြားတယ်။ မိုင်းလင်းကတော့ အသေအချာမသိရသေးဘူး။ အိမ်တွေပြိုတဲ့နေရာမှာ လူတွေပိနေတာတွေလည်း ရှိတယ်။ ဆွဲထုတ်ကယ်ဆယ်ဖို့ လိုနေတယ်လို့ ကြားပါတယ်။ တချို့ အဆောက်အအုံတွေဆို ကျွံဝင်သွားတာရှိတယ်။ အိမ်တော်တော်များများလည်း ပျက်စီးသွားတယ်။ ဖုန်းအဆက်အသွယ်ကတော့ မရသလောက်ပါပဲ။ ရရင်လည်း စကားမေးလို့ သိပ်မရဘူး။ သူတို့အရမ်းကြောက်နေကြတယ်"ဟု ကျိုင်းတုံမြို့မှ ဒေသခံတစ်ဦးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်က ပြောပြသည်။
မတ်လ ၂၄ ရက်နေ့က အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက်တွင် နောက်ဆက်တွဲငလျင်များ ဆက်၍လှုပ်ခတ်ခဲ့ကာ မတ်လ ၂၅ နံနက်ပိုင်းကလည်း ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရှိရသည်။
တာချီလိတ်မြို့ဝန်းကျင် ကျေးရွာများတွင် နေအိမ်အချို့ပြိုကျပျက်စီးခဲ့သဖြင့် မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲအထိရရှိသော သတင်းများအရ လူနှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိကာ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြောင်း နိုင်ငံပိုင်သတင်းစာများက မတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
[Upaded မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ၀န်းကျင်]
ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၇၀ ဦး ကျော်ရှိပြီး ဒဏ်ရာရသူဦးရေ ၁၀၀ ကျော်နေ
ရှမ်းပြည်နယ်ရှိ လွယ်မွေအနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၇၀ ကျော်ရှိလာပြီး ဒဏ်ရာရသူဦးရေ ၁၀၀ ကျော် ရှိနေကြောင်း သတင်းရရှိပါသည်။
တာချီလိတ်မြို့၊ တာလေမြို့နှင့် ကျေးရွာများအတွင်း နေအိမ်အဆောက်အအုံများ ပျက်စီးမှု၊ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ ၀န်းကျင်အချိန် ရရှိသော အချက်အလက်များ အရ သေဆုံးသူဦးရေ ၇၄ ဦး၊ ဒဏ် ရာရရှိသူဦးရေ ၁၁၁ ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက် တစ်ရပ်အရ သိရှိရသည်။
ထို့ပြင် အိမ်အလုံးရေ ၂၀၀ ကျော် ပျက်စီးမှုရှိခဲ့ပြီး လူနေအိမ်များ အပြင် အခြားသော ဌာနဆိုင်ရာ အဆောက်အအုံများ၊ သာသနိက အဆောက်အအုံများလည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဆက်သွယ် မေးမြန်းမှုများ အရ သေဆုံးသူဦးရေ ၅၀ ကျော်ရှိကြောင်း သိရှိခဲ့ရပြီး လတ်တလောတွင်မူ ဦးရေ ၇၀ ကျော်အထိ ရှိလာခဲ့ခြင်း ဖြစ်သည်။
[Updated မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် ၀န်းကျင်]
ငလျင်ဒဏ် သင့်သူများအား ကယ်ဆယ်ရန် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ပြီ ဖြစ်ကြောင်း သိရ
ရှမ်းပြည်နယ်ရှိ လွယ်မွေအနီး လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သူများအား ကယ်ဆယ်မှုများ ပြုလုပ်ရန် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။
''ကျိုင်းတုံကနေ ကယ်ဆယ်ရေးအဖွဲ့တွေ တာလေကို သွားနေပါပြီ။ လောလောဆယ်တော့ သတင်း ထပ်မရသေးပါဘူး''ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်တွင် ပြောကြားသည်။
အင်အားပြင်းထန်သော ငလျင်ကြောင့် တာလေမြို့၊ မိုင်းလင်းမြို့၊ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ပျက်စီးဆုံးရှုံးမှု၊ လူသေဆုံးမှုများ ရှိခဲ့ကာ တာလေမြို့မှာ လူသေဆုံးမှု၊ ပျက်စီးမှု အများဆုံး ဖြစ်ကြောင်း လတ်တလော ရရှိသော သတင်း အချက်အလက်များအရ သိရှိရပါသည်။
''တာလေမှာ လူတွေ ပိနေတာတွေ ရှိနေသေးတယ်လို့ ကြားရပါတယ်''ဟု ကျိုင်းတုံမြို့မှ ဒေသခံတစ်ဦးက ပြောပြသည်။  ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် အဆောက်အဦအချို့ အုတ်နံရံပြိုကျခြင်း၊ နံရံများ အက်ကွဲခြင်း၊ တာချီလိတ်မြို့တွင် နေအိမ်အချို့ ပြိုကျခြင်း စသည်တို့ ရှိကြောင်း၊ တာချီလိတ်နှင့် ကျိုင်းတုံမြို့ အကြားရှိ တာလေ တံတားပျက်စီးမှု ရှိခဲ့ကြောင်း ရှမ်းပြည်နယ်မှ ပေးပို့သော သတင်းများအရ သိရှိရသည်။
၂၀၁၁နှစ်ဆန်းပိုင်းအတွင်း လှုပ်ခဲ့သောငလျင်အချို့

စဉ် 
ရက်စွဲ     
ဖြစ်ပွားရာဒေသ ပမာဏ(ရစ်ခ်ျတာစကေး)
၁ ၁၈.၁.၂၀၁၁ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ရွှေညောင်ပင်ကျေးရွာ၏ အနောက်တောင်ဘက်  ၂မိုင်ခန့်အကွာ ၄ ဒသမ ၈
၂ ၂၈.၁.၂၀၁၁ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့နယ်ခွဲအနီး ၄ ဒသမ ၇
၃ ၄.၂.၂၀၁၁ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၏အရှေ့မြောက်ဘက်၃၅မိုင်ခန့်အကွာ ၆ ဒသမ ၎

၎ ၁၅.၂.၂၀၁၁ 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက်မိုင်၉၀ခန့်အကွာ ၄ ဒသမ ၈
၅ ၂၄.၂.၂၀၁၁ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၏ အနောက်တောင်ဘက် ၅မိုင်ခန့်အကွာ ၄ ဒသမ ၈
၆ ၂၄.၃.၂၀၁၁ မန္တလေးမြေငလျင်စခန်း အရှေ့တောင်ဘက် မိုင်၃၀၀ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမှအရှေ့တောင်ဘက် ၃၅မိုင်ခန့်အကွာ) လွယ်မွေမြို့ အနီးဗဟိုပြု၍ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...