Friday, March 25, 2011

သစ်ပင်စိုက်ကြ တိုင်းပြည်ရဲ့အလှ .

[By Network For Green Myanmar]


ချစ်စွာသော စာဖတ်သူများ ခင်မျာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ ကြပါစေ။ ဟိုးလွန်ခဲ့တဲ့ တစ်နှစ်က နာဂစ် အမည်တွင်တဲ့ လေမုန်းတိုင်းကြီး တစ်ခုဟာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသနဲ့ ရန်ကုန်တိုင်း တွံတေးကော့မှူး ကွမ်းခြံကုန်း စတဲ့ မြို့နယ် အချို့ကို တိုက်ခတ် ဖျက်ဆီးသွားတဲ့ အတွက် လူပေါင်း သောင်းနဲ့ချီပြီး သေကြ ပျက်စီးခဲ့ရပါတယ်။ လူနေအိမ်ခြေများ အပြင် ကျွဲနွား တိရစ္ဆာန်တွေလည်း ထောင်ပေါင်းများစွာ သေဆုံး ပျက်စီးခဲ့ကြရပါတယ်။ အေးဗျာ ဒီလို မုန်တိုင်းမျိုးဟာ ဒီဘက်ဒေသကို ယခုလို ဝေ့ဝဲပြီး ဝင်ရောက် မွှေနှောက် တိုက်ခတ်ခြင်းမျိုးဟာ သဘာဝရာသီဥတု ဖောက်ပြန်ပြောင်းလွဲ လာတဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ ဖြစ်ရိုးထုံးစံမရှိခဲ့တဲ့ အစဉ်အလာကို ဖောက်ဖျက်လာတာ။ ဒီနှစ်နဲ့မနှစ်က ဆိုရင်လည်း မြန်မာပြည်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒက်ရှ်စတဲ့နိုင်ငံတွေမှာ မေလအတွင်း ရာသီဥတုဟာ ယခင့်ယခင်နှစ် ကာလများထက် သိသိသာသာပူပြင်းခဲ့တာအားလုံးအသိပါပဲ။ ဆိုးလိုက်တာ။ အညာဒေသမှာဆိုရင် ပူလောင်လွန်းလှတဲ့ နွေရာသီဒဏ်ကြောင့် အသက်အရွယ်ကြီးရင့်သူ များတော်ပဲပြင်းထန်စွာခံစားခဲ့ကြရပါတယ်။ အချို့လည်း ရေချိုးမှားလို့ ရေဓာတ်ခမ်းလို့ မူလရှိတဲ့ရောဂါအခံနဲ့ သေဆုံးကွယ်လွန် သွားကြရပါတယ်။ ပူပြင်းတဲ့ဒဏ်ကို လူတွေအများ ကြီးခံခဲ့ကြရပါပြီ။




ကမ္ဘာကြီးကို အေးအောင် မပြုပြင်နိုင်ပေမယ့် ကျွန်တော်တို့ထိုင်တဲ့ ရပ်ကွက်ကျေးရွာ အတွင်းကိုတော့ ကျွန်တော်တို့ဘာလို့ မပြုပြင်နိုင်ရမှာလဲ။ တစ်နှစ်ထက်တစ်နှစ်၊ သစ်ပင်ဝါးပင်၊ သစ်ပင်သစ်တောတွေ နည်းပါးပြီး ကန္တာရတစ်ခုလို ခြောက်သွေ့လာတဲ့ ပကတိအခြေ အနေကို ကျွန်တော်တို့ ဖာသိဖာသာ လက်ပိုက်ကြည့်နေကြမှာလား။


ပူနွေး ဆူဝေ ကမ္ဘာမြေတဲ့။ စာရေးဆရာချစ်စံဝင်းက လွန်ခဲ့သော အနှစ်(၂ဝ) လောက်က စာအုပ်တစ်အုပ် ရေးသားဖူးပါတယ်။ သူ့စာအုပ်အမည်က ပူနွေးဆူဝေ ကမ္ဘာမြေတဲ့။ လူသားတွေဟာ သိပ္ပံနဲ့နည်းပညာ တိုးတက်တာနဲ့ အမျှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လျစ်လျူရှုထားကြတဲ့ အတွက် ကျွန်တော်တို့ နေ့ထိုင်ကြတဲ့ ဟောဒီကမ္ဘာမြေကြီးဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပြီး အပူရှိန်မြင့်မား လာနေကြောင်း လွန်ခဲ့တဲ့ နှစ်ပေါင်း(၂ဝ) ကတည်းက ဆရာချစ်စံဝင်းဟာ စိတ်ပူပန်စွာ သတိပေးတဲ့ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပါတယ်။
       အချက်အလက် အထောက်အထား အကိုးအကားတွေနဲ့ပေါ့ဗျာ။
       (၁) ရေခဲတောင်တွေ အရည်ပျော်ကျလာမယ်။
       (၂) အပူလှိုင်းများဖြစ်ပေါ်လာမယ်။
       (၃) မုန်တိုင်းတွေဖြစ်ပေါ်လာမယ်။
       (၄) သဲကန္တာရတွေဖြစ်ထွန်းလာပြီး မိုးခေါင်မယ်၊ ရေရှားမယ်။ လယ်ယာစိုက်ပျိုးမြေများ လျော့ပါးသွားမယ်။
       (၅) တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းတွေ ဖြစ်ပေါ်လာကြမယ် စတဲ့ သဘာဝဘေး အန္တရာယ်တွေ ဖြစ်လာနိုင်ကြောင်း တွက်ဆဖော်ပြထားတယ်။ ဟုတ်တာပဲ။ နှစ်ပေါင်းငါးဆယ် ကျော်အတွင်း မြန်မာနိုင်ငံရဲ့နွေရာသီအပူရှိန်ဟာ (၄၅)ဒဿမ(၉)အထိ မကြုံစဖူးအထူး ပူပြင်းတဲ့စံချိန်နဲ့ ပူပြင်းခဲ့တာပဲ။
       သဘာဝ ဘေးအန္တရာယ်တွေ ကျရောက် လာနိုင်တာမျိုးကို ဖာသိဖာသာနေပြီး ဝေဒနာ တွေခံစား၊ အထိတ်တလန့်နဲ့ ရင်ဆိုင်၊ တစ်ယောက်ပြီး တစ်ယောက် သေကြေ၊ အဲသလိုရင် ဆိုင်ကြမှာလား။ မဖြစ်သင့်ပါ။ အသိဥာဏ်ရှိတဲ့ လူသားတွေပဲ။ စနစ်တကျ တွေးခေါ်မြော်မြင်ပြီး ကြိုတင်စီမံသင့်တဲ့ အလုပ်အဆောင်တွေကို တစ်ယောက်တစ်လက် စုပေါင်းအားနဲ့ စုပေါင်းပြီး ကာကွယ်တားဆီးကြရင် ဘာလို့မအောင်မြင်ရမှာပဲ။ သဘာဝတရားကြီးကို ဖျက်ဆီးခဲ့တာလူတွေပါပဲ။ ပြန်လည်ပြုပြင်၍ ကောင်းမွန်အောင် ကုစားနိုင်တာပဲ။ ပြန်လည်ပြုပြင်၍ ကောင်းမွန်အောင် ကုစားနိုင်တာလဲ လူပဲပေါ့။ လူဟာစွမ်းအား ကြီးမားပါတယ်။


ကမ္ဘာကြီးပူနွေးလာတာ ဘာကြောင့်လဲ။ ရာသီဥတုတွေပြောင်းလဲပြင်းထန်တာ ဘာကြောင့်လဲ။
       (၁) ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုများခြင်း။
       (၂) သစ်တောပြုန်းတီးမှုများခြင်း။
       (၃) ကမ္ဘာ့ရေထုညစ်ညမ်းမှုတွေကို တိုးပွားခြင်း။
       (၄) ရေအရင်းအမြစ်ထုတ်ယူသုံးစွဲမှုစနစ်ကျဖို့လိုအပ်ခြင်း။
       (၅) ကမ္ဘာ့ရေထုမြေထုကို ညစ်ညမ်းဖျက်ဆီးတဲ့ ပလပ်စတစ်၊ ဓာတုပစ္စည်း၊ စတဲ့စွန့်ပစ် မှုတွေစနစ်တကျရှိရန်လိုအပ်ခြင်း။
       (၆) ယာဉ်နဲ့စက်ကိရိယာများ သုံးစွဲမှုများ တိုးတက်များပြားခြင်း စတဲ့အချက်တွေဟာ လူသားတွေရဲ့ ဂရုမစိုက်မှု ပေါ့ပေါ့တန်တန် သဘောထားမှု၊ ဖာသိဖာသာ လုပ်ဆောင်မှု၊ တာဝန်မဲ့မှုတွေကြောင့်ပါပဲ။ ဘယ်သူမပြုမိမိမှုပေါ့။ တစ်ကယ်တော့ စာဖတ်သူများနဲ့ ကျွန်တော်တို့ အားလုံးဟာ ဒီကမ္ဘာကြီး ပူလောင်လာတယ်။ တစ်ခြားဂြိုဟ်ကို (သို့မဟုတ်) တစ်ခြားကမ္ဘာတစ်ခုကို ပြောင်းရွှေ့နေထိုင်ရအောင် ဆိုလို့ မဖြစ်နိုင်ကြပါဘူး။ ခရီးကဝေးလွန်းလို့ စားရိတ်စားခ မတတ်နိုင်ဘူး ဆိုကြပါစို့ဗျာ။


ကနေ့ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း (၆၅ဝဝ)ကျော် အသက်ရှင် နေထိုင်ကြတာ။ လူဦးရေက လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ် လောက်က သန်းပေါင်း(၄ဝဝဝ)ပဲ ရှိခဲ့တာ။ နှစ်စဉ်နှစ်စဉ် လူဦးရေတွေ တိုးပွားနေတယ်လေ။ ပါးစပ်ပေါက်တွေကသာ အစားအစာစားဖို့ တိုးလာတယ်။ လူသားတွေ အတွက် စားနပ်ရိက္ခာ၊ အသားငါး၊ ဥ၊ နွားနို့ စတာတွေက လူဦးရေ တိုးသလောက်နှုန်းနဲ့ မတိုးပွားဘူး။ ထားပါတော့ အစားအစာ ရှားပါးခက်ခဲလာတယ် ဆိုစေဦး စိုက်ပျိုးရေးနိုင်ငံ ဖြစ်နေတဲ့ ကျွန်တော်တို့ ထိုနိုင်ငံအဖို့ရာတော့ အငတ်ဘေး မဆိုက်နိုင်သေးဘူး။ ဟိုးရှေးကာလ အနှစ်(၅ဝ)ဆီက လူးတို့ဆတ်တို့ကို ဆန်ကြမ်း(သို့မဟုတ်) ဆန်ကွဲနဲ့ ရောကြိုစားကြရတဲ့ အညာဒေသ ကျေးလက်တောရွာတွေ၊ ပြောင်းဖူး၊ ပြောင်းဆန်များကိုပဲ ထောင်းပြီးစားကြရတဲ့ ချင်းတောင်ဒေသ ကျေးရွာလေးတွေ။ ယခုအခါမှာ ဆန်ကို စားနိုင်လာကြပြီ။




ယခင်က အောက်ပြည်အောက်ရွာကပဲ ဆန်စပါး ထွက်ခဲ့တာပါ။ ယခုအခါ ရွှေဘို၊ မုံရွာ၊ ကျောက်ဆည်၊ စစ်ကိုင်းစတဲ့ ခရိုင်များကပါ စပါးတွေအများကြီး ထွက်တော့ စိုက်ပျိုးမြေ တိုးချဲ့အောင်မြင်တော့ တိုင်းရင်းသားတွေ အစားအစာဖူလုံလာတာပေါ့။




ကမ္ဘာနဲ့ချီပြီးပြောရရင်တော့ စက်မှုဖွံ့ဖြိုးပြီး ချမ်းသာကြွယ်ဝတဲ့နိုင်ငံကြီးတွေဟာ လောဘနောက်လိုက်ရင်းလိုက်ရင်း ရေထု၊ မြေထု၊ လေထု၊ ပင်လယ်သမုဒ္ဒရာများနဲ့ သစ်တောများမှ သယံဇာတအရင်းအမြစ်များကို မဆင်မခြင်ထုတ်ယူရင်း သဘာဝသယံဇာ တတွေဟာ ပြုန်းတီးလာတယ်။




သစ်တောများရှိခြင်းဟာ ကမ္ဘာမြေရဲ့ ရာသီဥတုကိုထိန်းညှိပေးတယ်။ ကမ္ဘာနဲ့အဝှမ်း မှာသစ်တောသစ်ပင်တွေကို ခုတ်လှဲအသုံးပြုတာတွေက လွန်ကဲတော့ နှစ်ပေါင်း(၅ဝ) အတွင်းမှာ ယခင်ကသစ်တော သစ်ပင်ကြီးများဟာ ယခုအခါ ပြောင်တလင်းခါ သွားကြတယ်။ ယခုလို သစ်တောများ ပြုန်းတီးခြင်းဟာ သဘာဝ အရင်းအမြစ်တွေ ကြီးမားစွာ ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ သစ်တောတွေဟာ ကမ္ဘာ့လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုရဲ့ (၂ဝ)ရာခိုင်နှုန်းကို သူက စုတ်ယူနိုင်ခဲ့တယ်။




ကမ္ဘာ့လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့အချိုးနှုန်း တိုးပွားမြင့်တက်လာခြင်းနဲ့ သစ်တောသစ်ပင်များ ပြုန်းတီးခြင်းဟာ အဓိက ဆက်နွယ်မှုရှိပါတယ်။ မြန်မာတွေက သစ်ပင်ဆို ချစ်ခင်တယ်။ ''သစ်တောနဲ့သစ်ပင်၊ ချစ်ခင်တဲ့လူမျိုး၊ နှစ်စဉ်ပင် သစ်ပင်စိုက်တယ်၊ ရွှေတိုက်ကိုစိုး''။ (၂ဝ၁ဝ)ပြည့်နှစ် ဧပြီလထဲမှာ ကျွန်တော်ဟာ စင်္ကာပူနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံ မြို့တော်ဂျကာတာတို့ကို ခရီးထွက်လို့ ရောက်ရှိခဲ့ရပါတယ်။ အချိန်တစ်ပတ်လောက် လေ့လာကြည့်ရှုရတဲ့ အခြေအနေအတွင်းမှာ စင်္ကာပူနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တို့ဟာ သစ်ပင်သစ်တောများကို အထူးအလေးထားပြီး ပြုစုထိန်းသိမ်း နေကြကြောင်း ကိုယ်တွေ့ မြင်ခဲ့ရပါတယ်။


စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ဟာ ကျွန်တော်တို့နိုင်ငံနဲ့ ရာသီဥတုတော့ ကွာခြားပါတယ်။ သူတို့က အပူပိုင်း အီကွေတာ ရာသီဥတုမျိုးဖြစ်ကြပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ သမနွေပိုင်းဇုန် ရာသီဥတုမျိုးဖြစ်ပါတယ်။ မုတ်သုန်မိုး ကောင်းစွာရရှိတဲ့ ရခိုင်ကမ်းရိုးတန်း တနာင်္သာရီ ကမ်းရိုးတန်းမိုးရာသီနဲ့ ဆင်တူပေမယ့် စင်ကာပူ၊ အင်ဒိုနီးရှားတို့ကတော့ တစ်နှစ်ပတ်လုံး မိုးရွာတတ်တဲ့ အီကွေတာ ရာသီဥတုမျိုး။ ထားပါလေ။ ယေဘုယျပြောရရင် ကျွန်တော်တို့တိုင်းပြည်ထက် မိုးပိုကောင်းပါတယ်။




  ပိုပြီးတော့ ပူအိုက်စွတ်စိုပါတယ်။ သဘာဝ သစ်ပင်တွေဆိုရင် အင်ဒိုနီးရှားနိုင်ငံမှာ ပိုပြီးထူထပ်ပါတယ်။ အီကွေတာ အမြဲစိမ်း သစ်တောကြီးတွေဟာ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ကျွန်တော်တို့ဆီက ပဲခူးရိုးမ၊ ရခိုင်ရိုးမ တောများထက်ပင် ထူထပ်ပါတယ်။ စင်ကာပူ၊ ဂျကာတာမြို့များရဲ့ ကွက်လပ် တော်တော်များများမှာ ကုက္ကိုပင်၊ ပိတောင်ပင်၊ အပင်ကြီး မျိုးတွေအရိပ်ရအောင် စနစ်တကျ စိုက်ပျိုးထားပြီး မြေပြင်မှာ ဘဲစားမြက်လို၊ ဂေါက်ကွင်ွးမနနည မှာစိုက်တဲ့မြက်လို ထူထပ်နူးညံ့တဲ့မြက် အမျိုးမျိုး၊ အစားစားကို သေသေချာချာ ကတ္တီပါကောဇောအစိမ်းတွေလှလှပပဖြန့်ခင်းထား သလို စိုက်ထားမွေးထားတာခင်ဗျာ။
       မြို့တော်တွေရဲ့ မြို့လယ်ခေါင်မှာ အင်္ဂတေ မိုးထိတိုက်ကြီးတွေချည်း ခြောက်သွေ့၊ ခြောက်ကပ်မနေအောင် မြေကွက်လပ်တချို့ကို ဥယျာဉ်သဘော စိမ်းစိုတဲ့သစ်ပင်တွေ ထည့်ပြီး လှပအောင် တန်ဆာဆင်ထားကြပါတယ်။ အဝေးပြေးလမ်းကျယ်ကြီးတွေရဲ့ ဘေးဝဲယာမှာလည်း အပင်ကြီးမျိုးတွေကို တန်းစီပြီး နှစ်ထပ်စိုက်ထားတာ တွေ့ရပါတယ်။ တကယ့်ကို စိမ်းညို့အုပ်ဆိုင်းနေတာပဲ။ သစ်ပင်တောတောင်တွေက ကြည့်မြင်တဲ့လူကို စိတ်ကြည်နူးအောင် ဆွဲဆောင်တယ် မဟုတ်လား။


တရုတ်ပြည်မြောက်ပိုင်းက ရေတပ်စခန်း ဌာနချုပ်တစ်ခုအခြေပြုတဲ့ တာ့လျန်ဆိုတဲ့မြို့ တစ်မြို့ကိုလည်း ကျွန်တော်၊ စာရေးဆရာ မောင်မြင့်ကြွယ်၊ ဆရာမကြူကြူသင်းတို့နဲ့ အတူ လေ့လာရေး ရောက်ခဲ့ဖူးပါတယ်။ ပန်းချီကားချပ် တွေလို မြို့ကိုလှပအောင် ဂရုတစိုက် တည်ဆောက်ထားတဲ့ မြို့ပါ။ မြို့တွေ၊ လမ်းတွေ၊ ဥယျာဉ်တွေ၊ ပြခန်းပြတိုက်တွေဟာ ပန်းချီအနုပညာ ဆန်အောင် လှလှပပ၊ ထူးထူးခြားခြား မြို့ပါပဲ။ သူတို့မြို့သူမြို့သားတွေက မြေပြင်ပေါ်ရှိ ကောင်းကင်ဘုံလို့တောင် တင်စားပြီး ပြောပါတယ်။ ဂုဏ်ယူကြတယ်။ တာ့လျန်မြို့မှာ ရေခဲအောင်အေးတဲ့ အအေးပိုင်းဒေသမို့ သစ်ပင်သစ်တောရှားပါး ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကျောက်တောင် ကျောက်ကမ်းပါးတွေမှာပင် မဖြစ်ဖြစ်အောင် သစ်ပင်တွေကို လှပအောင် ကြိုးစားပြီး စိုက်ပျိုးထားတာ ကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။ သြော် သစ်ပင် သစ်ပင်။




ကျွန်တော်တို့ဆီမှာ ''သစ်ပင်ခုတ်ရင်း နတ်ကမကြိုက်ဘူး''။ ''သစ်ကိုင်းခုတ်ရင် တောင် နတ်နေကိုင်းကို ချန်ပြီးခုတ်ရတယ်'' စသည်ဖြင့် သစ်ပင်သစ်တောတို့ကို တန်ဖိုး ထားချစ်ခင်တဲ့ ဓလေ့နဲ့ ယဉ်ကျေးမှုက ရှိကြပြီးသားပါ။ သို့ပေမယ့် ကြုံရာ ထင်းခွေတဲ့အကျင့်က လည်းရှိခဲ့ကြသေး တာကိုး။


ထင်းနဲ့ပဲထမင်းအိုး တယ်ခဲ့ကြတာလေ။ အများစု။ ထင်းဆိုတာ သစ်ပင်ခုတ်မှ၊ သစ်ကိုင်းခုတ်မှ ရတာမဟုတ်လား။


သစ်ပင်တွေပြုန်းတီးရတာကို ဟိုလူဒီလူ အပြစ်ရှာနေလို့မဖြစ်ပါဘူး။ အဓိကမှာတော့ သစ်ပင်တွေများများတိုးပွား အောင် ကျွန်တော်တို့ကြိုးစားပြီးစိုက်ကြပါစို့။ လမ်းအလိုက် ရပ်ကွက်အလိုက်၊ ရွာအလိုက်။ လမ်းဘေးတစ်လျှောက်မှာလည်း တန်းစီ စိုက်ကြမယ်။ မြေကွက်လပ်တွေမှာလည်း ထိုက်သင့်တဲ့အကွာအဝေးနဲ့သစ်ပင်တစ် ပင်နဲ့တစ်ပင်လောင်း ရိပ်လွတ်အောင်စိုက် ကြမယ်။ အသီးလဲမစားရအောင်၊ အရွက် လဲအသုံးမကျ။ ယူကလစ်လို တန်ဖိုးမရှိ တဲ့ ထင်းသစ်မျိုးစိုက်မှာနဲ့ စာရင် ရှင်နိုင်သမျှ တန်ဖိုးရှိတဲ့ သရက်ပင်၊ မန်းကျည်း ပင်၊ တမာပင်၊ ပိတောက်ပင်စတဲ့ အသီးအပွင့်တွေက အသုံးကျတဲ့အပင်မျိုးတွေ၊ ဒေသ ရဲ့ရေမြေနဲ့ကိုက်ညီတဲ့ အပင်မျိုးစုံကို စုပေါင်းပြီးရှင် သန်အောင် သေသေချာချာစိုက်ကြ ရအောင် တိုက်တွန်းပန်ကြားပါရစေ။


ကမ္ဘာမြေကိုအလှဆင်ဖို့ စာဖတ်သူတို့ ကျွန်တော်တို့ အားလုံးမှာ သစ်ပင်စိုက်ဖို့ တာဝန်ရှိကြကြောင်း အစီရင်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။ ကျေးဇူးတင်ပါတယ်။
ချစ်နိုင်(စိတ်ပညာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...