Thursday, March 24, 2011

"လောကနီတိ".

    ဤလောကနီတိအဆုံးအများကို ၂၀၀၀ ခုနှစ်၌ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေခဲ့သော “လောကနီတိ” စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
    “နီတိ” ဆိုသည်မှာ အိန္ဒိယနိုင်ငံသုံး သင်္သကရိုက် ပါဠိ (Sanskrit-Pali) ဘာသာစကားဖြစ်ပြီး “လမ်းညွှန်” ဟူ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။ ထို့ကြောင့် “လောကနီတိ” ဆိုသည်မှာ လောကရှိ လူသားတို့ သိမှတ်လိုက်နာသင့်သော လူမှုကျင့်ဝတ် (Social Conduct) နှင့် လူမှုစည်းကမ်း (Social Discipline) များဆိုင်ရာ ဖော်ပြချက်လမ်းညွှန်များဟု ဆိုနိုင်ပါသည်။
    မြန်မာနိုင်ငံ၌ လောကနီတိကျမ်းကို ပင်းယခေတ်၊ သက္ကရာဇ် ၇၁၄ ခု၊ သီဟသူမင်း (လေးစီးရှင်ကျော်စွာ) လက်ထက်တွင် “သီရိမဟာစတုရင်္ဂဗလ” အမတ်ကြီးက ပါဠိဘာသာဖြင့် ရေးသားပြုစုခဲ့ရာ  နှောင်းခေတ် ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းသား၊ ကိုရင်သာမဏေတို့၏ ဘုန်းတော်ကြီးကျောင်းသင် လက်စွဲကျမ်းများ၌ အနက်ဖွင့်ဆိုချက်နှင့်တကွ ထည့်သွင်းသင်အံစေခဲ့ပါသည်။
ထိုမှ လောကနီတိအဆုံးအမများကို လက်ဆင့်ကမ်းလာခဲ့ရာ ယနေ့တိုင်အောင် တည်တံ့နေသော ရှေးခေတ်ပညာရှိများ၏ ဆုံးမလမ်းညွှန်မှု မှတ်တမ်းများ ဖြစ်လာရပါသည်။
    လောကနီတိအဆုံးအမများသည် ဗုဒ္ဓစာပေနှင့် ရှေးဟောင်းနီတိကျမ်းများမှ ထုတ်နှုတ်ညွှန်ပြထားသော အနှစ်သာရများ ဖြစ်သည်နှင့်အညီ အများနားလည်မှတ်သားနိုင်စေရန် ရိုးရှင်းသော အရေးအသားပုံပမာများနှင့် လမ်းညွှန်ထားသော်လည်း အလေးအနက် မှတ်သားနည်းယူဖွယ်ရာများနှင့် ပြည့်စုံသဖြင့် မြန်မာလူငယ်များ လေ့လာမှတ်သားကျင့်ကြံနိုင်ကြစေရန် ဖော်ပြရခြင်း ဖြစ်ပါသည်။

နေမျိုးတံခွန်

        “လောကနီတိ”

        လောကနီတိ၊ က၀ိစကား
        မှတ်သားနာယူ၊ နှလုံးဖြူက
        လူပုံအလယ်၊ တင့်တယ်ထွန်းတောက်
        စိန်ကျောက်အလား၊ စီးပွားတိုးတက်
        ဂုဏ်ကျက်သရေ၊ တက်ဖြိုးဝေလိမ့်
        လေညာလေအောက်၊ ရနံ့ရောက်၍
        ကြိုင်လှောက်မွှေးကြူ၊ ပန်းမဉ္ဇူသို့
        သူသူငါငါ၊ ချီးမြှောက်ရာ၏
        ခုခါနောင်ရေး၊ ရန်ဖယ်ဝေး၍
        စိတ်အေးချမ်းသာ၊ ရိပ်ဆာယာဝယ်
        ပညာသီလ၊ မြတ်ဓမ္မဖြင့်
        ဘ၀ကိုသုံး၊ ချိန်မဖြုန်းမှ
        မဆုံးတန်ဖိုး တိုးလိမ့်တကား။    ။
        ဣန္ဒာဆွေ


        “Loka Niti”

        Loka Niti refers to words of the wise
        If one notes them and acts as advised
        With purity in one’s heart in essence
        One will have elegence and brilliance
        Among all, like a gem, enjoy prosperity
        With rising personal honour and glory
        Fame spreading all over far and near
        Fragant as the fabulous celestial flower
        One and all according praise in honour
        Free from danger now also in future
        With full peace of mind in the shelter
        Imbibing truth, wisdom and right behaviour
        Live one’s life without wasting time unelessly
        Only then will one’s value rise unceasingly.
        Aenda Swe


အကြားအမြင် ပညာကို နည်းသည်ဟူ၍ ဘယ်သောအခါမျှ မအောက်မေ့ရာ၊
လေ့လာဆည်းပူး၍ စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏။
ခြပုရွက်တို့ စုဖို့၍ မြေတောင်ပို့ကို ရသကဲ့သို့လည်းကောင်း၊ ကျဖန်များသော မိုးရေပေါက်များသည် ကြီးမားသော အိုးစရည်းကို ပြည့်စေနိုင်သကဲ့သို့လည်းကောင်း မှတ်ယူအပ်၏။
Never think of knowledge and wisdom as little.
Seek it and store it in the mind.
Note that ant-hills are built with small particles of dust and incessantly falling rain-drops, when collected, can fill a big pot.


နှုတ်မှု၊ လက်မှု အတတ်ပညာကို သေးငယ်သည်ဟု မထင်မှတ်ရာ၊
ပြည့်စုံကုန်စင်အောင် တတ်မြောက်ပါမူ တစ်ခုသော အတတ်ပညာသည်ပင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ပေ၏။
Never think of arts and science as trivial.
When learnt completely, even one kind of profeciency can be used as livelihood.


စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသော အခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။
As a drum emits sound when struck the learned responds only when asked.
Asked or not, the uneducated speaks too much.


လိမ္မာယဉ်ကျေးမှုရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။
Being cultured or not  can be known by behaviour.
Being learned or not can be known by speech.


ဗဟုသုတနည်းသူသည် အနည်းငယ်မျှသော သုတကို များသည်ဟုထင်မှတ်၍ မာန်တတ်တတ်၏။
သမုဒ္ဒရာရေကို မမြင်ဖူးသော ဖားငယ်သည် တွင်းငယ်ရေကို များလှပြီဟု ထင်မှတ်သကဲ့သို့တည်း။
One with scanty knowledge tends to think a little learning a lot.
It is just as a puny frog, not having seen an ocean, thinks a little well of water a lot.


ဆူးကို အဘယ်သူချွန်၍ ထက်သနည်း၊ သမင်မျက်လုံးကို အဘယ်သူမျက်စဉ်းခတ်၍ ကြည်လင်သနည်း၊ ရွှံ့ညွန်၌ပေါက်သော ကြာပန်းကို အဘယ်သူရနံ့ထည့်၍ ထုံးမွှေးသနည်း။
သူ့သဘာဝအလျောက်သာ ဖြစ်ကြကုန်၏။
အမျိုးကောင်းသာ အမျိုးကောင်းသမီးတို့မည်သည် သူတစ်ထူးအကူမရမူလည်း မိမိဘာသာ ကြိုးစားအားထုတ်ရာ၏။
Who sharpens the thorne to be pointed? Who put eyedrops the deer’s eye to be shiny? Who put scent in the lily growing in mud to be fragrant?
Those may happen by nature.
The good descendents should themselves try without help.


အရသာပျက်ကြောင်း တရားလေးပါးတို့သည်ကား-
ထုံးမပါသောကွမ်း၊
ဆားမပါသောဟင်း၊
ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမောကြွား ၀တ်ဆင်ခြင်း၊
ပညာမတတ်ဘဲ ပျို့၊ ကဗျာ၊ လင်္ကာ ဖွဲ့ဆိုခြင်းတို့ပေတည်း။
What causes unsavouriness are:-
A betel-quid without lime.
Curry without salt.
Dressing up flauntingly without wealth.
Composing verse without education.


အိပ်ခြင်း၊ စားခြင်း၊ မေထုန်မှီဝဲခြင်းအမှုတို့၌ နွားသည်လည်းကောင်း၊ လူသည်လည်းကောင်း ပြုတတ်ကြမြဲသာ ဖြစ်၏။
အတတ်ပညာသည်သာလျှင် နွားထက် လူကသာလွန်သောဂုဏ်ရည်ထူးပင် ဖြစ်ပေတော့သည်။
Man or cattle are capable of sleeping, eating or having sex.
Education is the quality where man excels.


နိမ့်ကျသူ၏ သားပင်ဖြစ်လင့်ကစား မင်း၊ အမတ်ဖြစ်နိုင်၏။
သူမိုက်၏ သားပင်ဖြစ်လင့်ကစား ပညာရှိဖြစ်နိုင်၏။
ဥစ္စာမရှိသူ၏ သားပင်ဖြစ်လင့်ကစား ကြွယ်ဝချမ်းသာနိုင်၏။
ထို့ကြောင့် ယောက်ျားတို့ကို အထင်မသေးအပ်။
Even the son of low parent age can be the king’s counselor.
Even the son of the foolish can be a sage.
Even the son of a poor man can be rich.
So don’t be contemptuous of a man.


ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ ဆူးများရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏။
သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏။
Though jack fruits have thorns outside the taste is sweet.
So also are the hearts of the virtuous.


စန္ဒကူးပင်သည် သွေ့ခြောက်သွားသည့်တိုင် မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်သည် စစ်မြေပြင်သို့ ရောက်သော်လည်း ခံ့ထည်တင့်တယ်ခြင်းကို မစွန့်။
ကြံသည်ကြိတ်စက်သို့ ရောက်သော်လည်း ချိုသောအရသာကို မစွန့်။
ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခ ဆင်းရဲသို့ကျရောက်ငြားသော်လည်း သူတော်ကောင်းတရားကို မစွန့်။
Sandalwood does not lose its fragrance even when dry.
The great elephant does not shed its magnificence even on the battlefield.
Sugarcane does not lose its sweetness even when at the mill.
The wise and virtuous does not abandon virtue even when in trouble.


ခြင်္သေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား။
ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံတွေ့ရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ၊ အကျင့်သီလကို စောင့်ထိန်းကြကုန်၏။
Lions, though hungry will not eat grass.
The learned and virtuous, though faced with poverty will not accept badness but always upholds virtue.


စစ်မြေပြင်အရပ်၌ ရဲရင့်သူကို အလိုရှိ၏။
လျှို့ဝှက်သောကိစ္စ၌ နှုတ်လုံသူကို အလိုရှိ၏။
စားကောင်းသောက်ဖွယ် စားသောက်ရချိန်၌ ချစ်ခင်သူကို အလိုရှိ၏။
ခက်ခဲနက်နဲသော အရေးကိစ္စကြုံတွေ့ရချိန်၌ ပညာရှိကို အလိုရှိ၏။
On the battlefield the brave are wanted.
In secret matters one who keeps his tongue is wanted.
At a feast, one loved is wanted.
In difficult and profound matters one learned is wanted.


သူတော်ကောင်းတို့၏ ဥစ္စာသည် နည်းပင်နည်းငြားသော်လည်း တွင်းမှရသော ရေချိုကဲ့သို့ သူတစ်ပါးတို့ သောက်သုံးမှီခိုရ၏။
မသူတော်တို့၏ ဥစ္စာသည်ကား များပင်များငြားသော်လည်း သမုဒ္ဒရာရေကဲ့သို့ သောက်ချိုး မှီခိုရာမရနိုင်။
Little as the wealth of the virtuous may be, it can be used as good water from a well.
But much as the wealth of the nonvirtuous can be not useful as water from the ocean.


မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟုဆိုအပ်၏။
မိမိမိုက်လျှက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
One who knows himself of his foolishness, may be said to be the wise.
One who thinks of himself as the wise even though he is foolish, may be said to be the foolish.


အိပ်မပျော်သောသူအတွက် ညဉ့်တာသည်ရှည်၏။
အားခင်ကုန်ခန်း ခရီးပန်းသူအတွက် တစ်ယူဇနာခရီးအကွာသည် ရှည်ဝေး၏။
သူတော်ကောင်းတရားကို မသိသော သူမိုက်တို့အတွက် သံသရာဝဋ်ဆင်းရဲသည် ရှည်၏။
The night is long to one who can’t sleep.
A stage (One Yojana distance) is long to a weary traveler.
To fools not knowning virtue, the Samsara (Circle of lives that full of pain and sufferings) is long.


စိတ်သဘောထား ယုတ်ညံ့သူသည် နှမ်းစေ့သဖွယ် သေးငယ်သော သူတစ်ပါး၏ အပြစ်ကို ရှုမြင်တတ်၏။
အုန်းသီးလောက်ကြီးမားသော ကိုယ့်အပြစ်ကိုမူ မရှုမြင်တတ်ချေ။
Evil-minded person notices others’ fault, which is as small as sesamum seed.
But he never sees his own fault which is as big as coconut.


သူမိုက်တို့၏ ချီးမွမ်းခြင်းသည် ဒဏ်ခတ်သည်မည်၏။
ပညာရှိတို့၏ ချီးမွမ်းခြင်းသာလျှင် ကောင်းစွာချီးမွမ်းသည်ဟု ဆိုအပ်၏။
The praise of the foolish amounts to punishment.
The praise of the wise is said to be well praised.


အခိုင်းအစေ ကောင်းမကောင်းကို စေခိုင်းကြည့်ခါမှ သိနိုင်၏။
ဆွေမျိုး ကောင်းမကောင်းကို ဘေးဒုက္ခ ကျရောက်ခါမှ သိနိုင်၏။
မိတ်ဆွေ ကောင်းမကောင်းကို ပစ္စည်းဥစ္စာနည်းပါး ဆုတ်ယုတ်ခါမှ သိနိုင်၏။
မယား ကောင်းမကောင်းကို စည်းစိမ်ကုန်ခါမှ သိနိုင်၏။
A servant can be known good or bad after being assigned a duty.
A relative can be known good or bad when one is in danger.
A friend can be known good or bad when property diminishes.
A wife can be known good or bad when wealth is exhausted.


မီးကိုလည်း အကြွင်းမထားရာ၊
ကြွေးမြီကိုလည်း အကြွင်းမထားရာ၊
ရောဂါကိုလည်း အကြွင်းမထားရာ၊
ထိုသည်တို့ကား အဖန်တလဲလဲ တိုးပွားတတ်သည်ဖြစ်ရာ အကြွင်းမရှိအောင် ပြုရာ၏။
Do not leave remnants of fire,
Do not leave remnants of debt,
Do not leave remnants of disease,
As those may increase many times no remnants should be left.


မိန်းမတို၏ဥစ္စာကား အဆင်းတည်း။
ယောက်ျားတို့၏ဥစ္စာကား အတတ်ပညာတည်း။
ရဟန်းတို့၏ဥစ္စာကား သီလတည်း။
မင်းတို့၏ဥစ္စာကား ရဲမက်ဗိုလ်ပါတည်း။
Beauty is the wealth of woman.
Education is the wealth of man.
Self-restraint is the wealth of a monk.
Armed forces are the wealth of a king.


ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
စစ်သည်ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။
One should praise meal after being digested.
One should praise wife after she is over age.
One should praise soldier after winning battle.
One should praise paddy after being harvest and stored I ware-house.


နှစ်လင်သုံးလင် ပြောင်းသောမိန်းမ၊
နှစ်ကျောင်းသုံးကျောင်း ပြောင်းသောရဟန်း၊
နှစ်ကြိမ်သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊
ဤသူတို့ကား မာယာများတတ်၏။
The woman, who changes two or three husbands,
The priest, who changes two or three monasteries,
The bird which escape from traps twice of thrice,-
They may have many deceits.


ငြင်းခုံတတ်သည့် အလေ့ရှိသော၊
ငြူစူစောင်းမြောင်း ပြောဆိုလေ့ရှိသော၊
မြင်မြင်သမျှကို လိုချင်တပ်မက်လေ့ရှိသော၊
များစွာချက်ပြုတ်၍ စားတတ်သော၊
လင်ယောက်ျားမစားမီ အဦးအဖျား စားတတ်သော၊
သူတစ်ပါး၏ အိမ်သို့ သွားနေတတ်သည့် အလေ့ရှိသော မိန်မမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏။
A woman who tends to be-
Quarrelsome,
Slights others,
Craves for all she sees,
Cooks and eats too much,
Has meals ahead of her husband
And visit others and stays there lond should be abandoned, even though she could give birth to a hundred sons.


အကြင်မိန်းမသည်-
စားမှုဝတ်မှုတို့၌ မိခင်ကဲ့သို့ နှစ်သက်ဖွယ် ပြုတတ်လျှင်၊
မမြင်အပ်ရာ၊ ရှက်ဖွယ်ရာ အမှုကိစ္စတို့၌ နှမကဲ့သို့ လွန်စွာရှက်တတ်လျှင်၊
လင်ကို လုပ်ကျွေးပြုစုရာ၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်လျှင်၊
ဘေးရောက်သောအခါ တိုင်ပင်ဖော် တိုင်ပင်ဖက်ရလျှင်၊
အိပ်သောအခါ၌ မွေ့လျော်စေတတ်လျှင်၊
ရုပ်ဆင်းအင်္ဂါ တင့်တယ်စွာ ပြုပြင်တတ်လျှင်၊
အမျက်ထွက်သောအခါ၌ သည်းခံတတ်လျှင်၊
မိန်းမမြတ်ဟု ဆိုအပ်၏။
A woman who offers motherly treatment in meals and dresses,
Bashful like a sister,
Respectful like slave in serving the husband,
Offers counsel when in danger,
Gives comfort in bed,
Has propriety I dress and charm,
And forbearing in anger is said to be virtuous.


အကြင်အရပ်၌-
နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့၊
နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့၊
နှိမ့်ချသူမရှိ၊ အကြီးအမြတ်ဖြစ်လိုကြသူချည်းသာဖြစ်အံ့၊
ထိုသူတို့လုပ်သမျှ ကိစ္စအ၀၀သည် ပျက်စီးရတတ်၏။
A place,
Where there are no followers but all are leaders
Who want to act wise with no listener,
To be great with no one humble is bound to see the ruin of whatever is done.


မင်းအစိုးရမည်သည်-
တိုင်းပြည်၏ အခွန်အတုတ် ရမရ၊ မျိုးရိက္ခာပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏။
အမှုထမ်းများ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင် ပြုရာ၏။
နှိမ့်ချအရေးယူထိုက်သူများကို နှိမ့်ချအရေးယူ၍ ချီးမြှင့်မြှောက်စားထိုက်သူများကို ချီးမြှင့်မြှောက်စားရာ၏။
Government must be directly in the know-
If revenue is received or not and if seeds and food supplies are sufficient or not,
If those in service are dutiful or not,
If those on whom action must be taken is taken and those worthy of reward are reworded.


အင်အားကြီးမားသော အမိုက်ရန်အပေါင်းကို တစ်ယောက်အားဖြင့် မအောင်နိုင်သော်လည်း ပေါင်းစုခိုင်ကျည် ညီညွတ်သည်ရှိသော် အောင်နိုင်ရာ၏။
မြက်တစ်ပင်တည်း အချည်းနှီးဖြစ်သော်လည်း စုပေါင်း၍ ကျစ်အပ်သည်ရှိသော် ထိုမြက်လွန်ကြိုးသည် ခွန်အားကြီးသော ဆင်ပြောင်ကြီးကိုပင် ဖွဲ့ချည်နိုင်စွမ်း သကဲ့သို့တည်း။
Strong, bad elements cannot be overcome single-handed but by united action.
A blade of a grass is unsubstantial, but many blades made into a rope can bring the strength to tie an elephant.


လေကွယ်ရာအရပ်၌ မီးတောက်သည် ကြီးထားမှုမရှိ ငြိမ်းလေဘိသကဲ့သို့ သစ္စာစောင့်မြဲ သူရဲဗိုလ်ပါတို့၏ အားပေးထောက်ကူမရခဲ့မူ ပြည့်ရှင်မင်း၏ တန်ခိုးသြဇာ အရှိန်အ၀ါသည် အဘယ်မှာလျှင် ကြီးထွားအောင်မြင် ရန်ကင်းစင်အောင် ပြုနိုင်ပါမည်နည်း။
Just as a flame cannot thrive but die in a place deprived of wind, a ruler without the backing of faithful retinue cannot cause success and prosperity.


မိန်းမ၌ တပ်မက်လွန်ကြူးမူ သိက္ခာမရှိနိုင်။
သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
အရက်သေစာ အသောက်အစား လွန်ကြူးမူ စကားမမှန်နိုင်။
လောဘရမ္မက်ကြီးလွန်းမူ အရှက်မရှိနိုင်။
အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။
The over-sexed has no honour.
The over-carnivorous has no pity.
The over-imbibed has no truthful word.
The over-avariced has no shame.
The over-lazy has no education.


ပညာရှိတို့သဘောကား-
ကျရောက်လတ္တံ့သောဘေးကို တွေ့မြင်လျှင် အဝေးကပင် ရှောင်တတ်၏။
မျက်မှောက်ဒိဋ္ဌ ကြုံတွေ့ရသောဘေးကိုမူကား ကြောက်ရွံ့မရှိ ရဲရင့်စွာ ရင်ဆိုင်ဖြေရှင်းတတ်ပေ၏။
The nature of the wise-
Avoids imminent danger when he sees it.
Courageously unravels the danger that befalls.


မောဟဖိစီး အအိပ်ကြီးသူ၊
သတိယွင်းပေါ့ မေ့လျော့သူ၊
အချောင်ခို၍ သက်သာမှုကို နှစ်သက်လိုသူ၊
ရောဂါစွငြိ အနာရှိသူ၊
လုံ့လမရှိ ပျင်းရိသူ၊
လောဘသက်သက် အလိုရမ္မက်ကြီးသူ၊
အမှုကိစ္စကို လက်စမသတ် ပြီးပြတ်အောင် မလုပ်တတ်သူ၊
ဤခုနှစ်ဦးတို့သည်ကား စာပေကျမ်းဂန်နှင့် ကင်းဝေးကြကုန်ရာ၏။
Those fond of sleep,
Those absent-minded,
Those who shirk,
Those who are diseased,
Those who are lazy,
Those who are avaricious,
Those who leave work half done
Do not find their way to books (literature).

လယ်ယာလုပ်ငန်း စိမ်းလန်းဝေဆာ တိုးပွားခြင်း၊
အရောင်းအ၀ယ် ကုန်သွယ်စီးပွား စည်ကားတိုးတက်ခြင်း၊
အရာထမ်း အမှုထမ်းတို့ ရွှင်လန်းကြည်သာ ကျေပွန်စွာ တာဝန်ထမ်းဆောင်ကြခြင်း၊
သာသနာတော်ထမ်း ရဟန်းသာမဏေတို့ မပင်မပန်း ဆွမ်းပန်းပြည့်စုံ သီလလုံခြုံမှုရှိခြင်း၊
ဤလေးပါးသော အခြင်းအရာတို့သည်ကား တိုင်းကားပြည်ရွာ သာယာဖွံ့ဖြိုးတိုးတက်ခြင်း၏ အကြောင်းလက္ခဏာပေတည်း။
Thriving of agriculture  
Prosperity of commerce
Pleasant dutifulness of employees
Monks and novices, well-provided, can practice Dhamma without worry.
These are four characteristics of a nation’s wellbeing and development.

လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စမှန်သမျှကို လုံ့လစိုက်ထုတ် အားသွန်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။
The good and diligent put their energies into whatever they do.
If all endeavors arrive at no fruitful end, no blame or anger is placed on the outcome.

http://grou.ps/ayerwaddystars/wiki မှ ကူးယူဖော်ပြသည်။    ။

  2 comments:

  1. =ပဲ ကော်ပီကူးလို့မရအောင်လုပ်ထားတယ် သူများကို ဗဟုသုတတိုးပွါးစေချင်ရင် အဲလိုမလုပ်နဲ့

    ReplyDelete
    Replies
    1. မလုပ်ထားပါဘူးဗျာ ။ ခင်ဗျား ကော်ပီလုပ်တာ တခုခု မှားနေလို့ ဖြစ်မှာပါ။
      စိတ်ကောင်းကောင်းထားပြီး ပြန်ကြိုးစားကြည့်ပါ။ ကျနော်လည်း ဗဟုသုတ ပြန့်ပွားစေချင်လို့ သူများဆီက ယူတင်ထားတာတွေပါပဲ။

      Delete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...