Tuesday, March 29, 2011

Face Book မှ သိလိုက်ရသော သဘာဝဘေးအန္တရာယ်ကို ဂျပန်တွေ ဘယ်လိုရင်ဆိုင်သလဲ

by May Thingyan Hein on Monday, March 21, 2011 at 9:32pm

ကျွန်မ facebook သုံးတိုင်း အချိန်ကုန်တယ်လို့ ကျွန်မခင်ပွန်းသည်က အပြစ်တင်လေ့ရှိသည်။ အရင် အင်တာနက် သုံးချင်ရင် အင်တာနက်ကဖေး ပြေးခဲ့ရပေမဲ့ ခုလို Elite ကုမ္ပဏီက ငါးသိန်းတန် မိုဘိုင်းဖုန်းနှင့် အင်တာနက် သုံးစွဲနိုင်အောင် ၀န်ဆောင်မှုပေးတော့လည်း ကျွန်မမှာ ၀မ်းမြောက်စွာဖြင့်ပင်  EVDO 3G  MODEN ၀ယ်သုံးခဲ့သည်။ သုံးစက အင်တာနက် လိုင်းကောင်းသောကြောင့် ကိုယ့်အသိတွေကိုတောင် ငါးသိန်းဖုန်းနဲ့ အင်တာနက်သုံးကောင်းကြောင်း ကုမ္ပဏီကို အခမဲ့ ကြော်ငြာပေးခဲ့မိသေးသည်။ ခုတော့လည်း ကျွန်မမှာ အဲလို တွေ ကြော်ညာမိတဲ့အတွက် အပြစ်ရှိသူလို ခံစားနေရသေးသည်။


မိုးလင်းလာတာနှင့် ကော်ဖီခွက်လေးကိုင်ပြီး ကွန်ပျူတာရှေ့သွားပြီးfacebook ထဲက တင်သမျှ စာတွေ ဖတ်၊ ကိုယ်က ရေးချင်စိတ်ပေါက်လျှင်လည်း ပြန်ရေး၊ ကိုယ်ရေးတာကို သူများက ဘယ်လို comment ပေးမလဲဆိုတာလည်း စိတ်ဝင်စားစွာ စောင့်ကြည့်တော့ ကျွန်မ၏ အချိန်တော်တော်များများကို facebook ကို ပေးလိုက်ရပါသည်။ ထို့အတွက် ကျွန်မမှာ စာမရေးဖြစ်၊ အိမ်အလုပ်တွေ မလုပ်ဖြစ်တော့သည့်အတွက်  ခင်ပွန်းသည်က အပြစ်တင်နေခဲ့ခြင်းဖြစ်သည်။
facebook သုံးရတာ အချိန်ကုန်၊ ပိုက်ဆံကုန်ပေမဲ့ အကျိုးမဲ့တော့  မဟုတ်ကြောင်းကိုတော့ အားလုံးကို သိစေချင်ပါသည်။


မတ်လ ၁၁ ရက်နေ့တုန်းက ဂျပန်နိုင်ငံ ငလျင်လှုပ်ခတ်ပြီး ဆူနာမီဖြစ်ပေါ်နေကြောင်းကြားတော့ ကျွန်မက ကွန်ပျူတာရှေ့ပြေးထိုင်ပြီး facebook အကောင့်ဖွင့်ကြည့်ခဲ့သည်။ Home မှာပဲ ဂျပန်ငလျင်အကြောင်း ရေးထားတာ  တွေ့မြင်ရသည့်အတွက် အသံနီးပါး မြန်စွာ ရေးလိုက်နိုင်သူများကို စိတ်တွင်းကျိတ်ပြီးလေးစား ချီးကျူးမိသေးသည်။

 ` မတ်လ ၁၁ရက်နေ့၊ ဂျပန်နိုင်ငံ၌ အင်အား ၈ ဒသမ ၉ရစ်ခ်ျတာစကေးရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး အင်အားကြီးဆူနာမီ လှိုင်းလုံးများ ဖြစ်ပေါ်ခဲ့ကာ ကမ်းရိုးတန်းတစ်လျှောက်ရှိ သဘောင်္များ ကမ်းတင်တိုးတိုက်မိကာ ကမ်းရိုးတန်းမြို့များ ပြင်းထန်စွာရိုက်ခတ်ခဲ့ပြီး၊ ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ  ထောင်ဂဏန်းဝန်းကျင်ရှိလာခဲ့သည်။  မြို့လုံးကျွတ်ရေလွှမ်းမှုများရှိခဲ့သလို နေအိမ်များ၊ ကားများနှင့် လှေများစွာပျက်စီးသွားခဲ့သည်။ မီယာဂီစီရင်စုရှိ ဆန်ဒိုင်းအရပ်တွင် ဆူနာမီကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများမှာ ၃၃ပေအထိမြင့်ပြီး အချို့နေရာများတွင် ၁၀ပေအကျော်အမြင့်ရှိခဲ့သည်။ တောဟောကုဒေသ ပစိဖိတ်သမုဒ္ဒရာကမ်းလွန် ငလျင်ဟုခေါ်ဝေါ်သော်လည်း ဆန်ဒိုင်းအရပ်တွင်အဓိကရိုက်ခတ်မှုကြောင့် ဆန်ဒိုင်းငလျင်နှင့် ဆူနာမီဟု မီဒီယာများက သုံးနှုန်းလျက်ရှိကြောင်း သိရ`ဟု ဂျပန်ဆူနာမီနှင့် ပတ်သက်ပြီး သိရသမျှရေးပြီး တင်ထားတာ တွေ့ရသည်။

အချို့ကလည်း ` ဂျပန်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းအနီးတွင် ဗဟိုပြုလှုပ်ခတ်ခဲ့သော         မတ်လ ၁၁ရက်နေ့ ဒေသစံတောချိန်မွန်းလွဲ ၂နာရီ ၄၆မိနစ်တွင် လှုတ်ခတ်သွားခဲ့သောငလျင်ကြောင့် အနည်းဆုံးနိုင်ငံပေါင်း ၅၀ခန့်တွင် ဆူနာမီအရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ရသည်။ ငလျင်ဗဟိုပြုချက်မှာ မီယာဂီစိရင်စုအနီးတွင် ဖြစ်ပြီး  တိုကျိုးမြို့အရှေ့မြောက်ဘက်မိုင် ၂၃၀အကွာတွင်ဖြစ်သည်။ မီယာဂီတွင် ရထားတစ်စင်းလမ်းချော်သွားခဲ့သလို ကမ်းရိုးတန်းဒေသရှိ ရထားလေးစင်းနှင့်လည်း အဆက်အသွယ် မရကြောင်း နောက်ဆက်တွဲသတင်းအနေဖြင့် ဆက်ရေးတင်ထားတာ ဖတ်ရပါသည်။
ထို့ပြင် သတင်းထောက်အချို့ကလည်း သူတို့၏ wall များတွင် တိုကျိုတွင် မြေအောက်ရထားလမ်းများရပ်ဆိုင်းသွားခဲ့ပြီး အရေးပေါ်ဥသြဆွဲသံများ ဆူညံနေခဲ့ကြောင်း၊ ငလျင်သည် တိုကျိုမြို့အရှေ့မြောက်ဘက် ၂၃၇ မိုင်အကွာတွင် စတင်လှုပ်ခတ်ခဲ့ပြီး အစောပိုင်းက အင်အား ၇ဒသမ၉ရှိသည်ဟု တွက်ချက်ခဲ့ရာမှ ယခုအခါအမြင့်ဆုံး အင်အား ၈.၉ ဟုပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ။ဂျပန်အပြင် တရုတ်တိုင်ပေ၊ ရုရှား၊ မာရီယာနာကျွန်းများတွင်လည်း ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့သည်ဟု သိရကြောင်း AP, Reuters, AFP တို့မှ သတင်းများကို ပြန်တင်ထားကြတာလည်း တွေ့ရသည်။

ကျွန်မတို့မှာအပတ်စဉ်ထွက် ဂျာနယ်တွေထက် ဦးစွာ ထိုသတင်းကို ကြားရ သိနေရသည့်အတွက် facebook ကို စွဲနေမိခြင်းလားမသိ။ သတင်းထောက်များရော၊ သတင်းလုပ်ငန်းကို စိတ်ပါဝင်စားသူများ၊ သဘာဝဘေးကို စိတ်ဝင်စားသူများက စက္ကန့်တိုင်း မိနစ်တိုင်းပင် ဂျပန်ဆူနာမီအကြောင်း သတင်းတွေရေးတင်နေကြသည့်အတွက်  အချိန်နဲ့တပြေးညီ ဂျပန်ဆူနာမီသတင်းတွေ ဖတ်နေရသည်။

မတ်လ ၁၂၊ စနေနေ့မှာပဲ facebook မှတစ်ဆင့် လူရာနှင့်ချီပျောက်ဆုံးနေဆဲဖြစ်သလိုလူ ၂၁၅၀၀၀ ကျော်မှာ ယာယီတဲများ၊ အဆောက်အအုံးများတွင် အရေးပေါ်ခိုလှုံနေရကြောင်း၊ ဖူကူရှီးမားစီရင်စု မီတာမီဆိုးမားမြို့တွင် အဆောက်အအုံးအများစုမှာ အုတ်မြစ်သာကျန်ရစ်သည်အထိ အခြေအနေဆိုးရွားခဲ့ပြီး လူဦးရေ ၇၀၀၀၀ မျှ ရှိသောမြို့မှာ ခြောက်ကပ်နေခဲ့ကြောင်း၊ ဖူကူရှီးမားမှ ဆည်တစ်ခုကျိုးသွားခဲ့ပြီး ရေလွှမ်းခဲ့ကြောင်းလည်း ရေးတင်ထားကြသည်။

ထို့ပြင် ကျွန်မမိတ်ဆွေတစ်ယောက်က ရန်ကုန်ကနေ ဂျပန်မှ သူငယ်ချင်းတစ်ယောက်ဆီသို့ အီးမေးဖြင့်လှမ်းမေးရင်း သူသိရသော သတင်းအချို့ကို သဘာဝဘေးအန္တရာယ်ကို ဂျပန်တွေ ဘယ်လိုရင်ဆိုင်သလဲ? ဆိုသည့် ခေါင်းစဉ်ဖြင့်  note မှာတင်ထားတာကို ဖတ်ရတော့ ကျွန်မမှာ ဂျပန်နိုင်ငံသူ နိုင်ငံသားများအတွက် စိတ်မကောင်းဖြစ်နေရသည့်ကြားမှ သူတို့ဂျပန်တွေ၏ လူသားဆန်မှု၊ ညီညွှတ်မှု၊ စာနာနားလည်မှု တို့အွက် မျက်ရည်ရမိလောက်အောင်အထိပင် ၀မ်းသာပီတိ ဖြစ်လိုက်ရသေးသည်။

သူ့စာကို သူက စနေနေ့ ည ၁၀ နာရီမှာ ရေးခဲ့တာဖြစ်သည်။ `တိုကျိုမှာ အင်တာနက်ကလွဲပြီး တယ်လီဖုန်းတွေ သုံးလို့မရတော့။ ကား၊ ရထားတွေအလုပ်မလုပ်တော့ လူတွေ လမ်းလျှောက်ပြန်ကြပြီး အစားအစာမရှိမှာဘဲ ဂျပန်တွေက စိုးရိမ်နေကြကြောင်း၊ လူတွေအစားမစားရမှာစိုးလို့ တချို့ဆိုင်တွေ ဖွင့်ပေးထားတယ်၊ ဆူပါမားကက်တချို့ပဲ စင်တွေလဲကုန်လို့ ပိတ်ထားကြတယ်။ ငလျှင်ခိုလှုံတဲ့နေရာမှာ လူပေါင်းရာကျော် ခိုလှုံနေကြတယ်။ လူတွေကြားထဲမှာ ဘယ်သူမှ ဆေးလိပ်မသောက်ကြဘူး။ ကူညီတဲ့လူတွေက စောင်ပြေးယူလိုက်၊ ရေနွေးပြေးယူလိုက်၊ မုန့်ပြေးယူလိုက်နဲ့ ပြုစုနေတယ်။ ယောက်ျားတွေက တိုက်ပေါ် ပြေးဆင်းပြေးတက်နဲ့ အမျိုးသမီးတွေကို ကူညီနေကြတယ်။ ကြိုးတွေဆက်ပြီး လေဒီယိုဖွင့် သတင်းနားထောင်ကြတယ်။ နာရီအနည်းငယ်ကြာတော့ လူစုခွဲပြီး ကိုယ့်အိမ်သူအိမ်ပြန်ကြတယ်။ ခိုလှုံတဲ့နေရာမှာ အမှိုက်တစ်စက်မှ မကျန်ခဲ့ဘူး။  ငလျှင်လှုပ်ပြီးနောက် Suntory ကုမ္ပဏီက ကြေငြာတယ်။ သူတို့ရဲ့ စက်ထဲထည့်ရောင်းတဲ့ အချိုရည်တွေအားလုံး ဖရီးပါတဲ့။ 7-11နဲ့ family world အရောင်းဆိုင်ကလည်း လူတွေကို အစားအစာနဲ့ရေ အခမဲ့ ဖရီးဝေတယ်။ ရေဆာရင် စက်ထဲကအချိုရည်၊ ရေတွေကိုသောက်နိုင်တယ်။ ဗိုက်ဆာရင် အရောင်းဆိုင်တွေထဲ ဝင်စားနိုင်တယ်။ ခိုလှုံစရာနေရာမရှိရင် ဆူပါမားကက်ထဲဝင်နိုင်တယ်။ ဖုန်းဆက်မလား? လမ်းဘေးက အများပြည်သူသုံးဖုန်းကို ဖရီးသုံးနိုင်တယ်။ ဂျပန်လို နားမလည်ဘူးလား? တီဗီက တခြားဘာသာလို ဘယ်လိုခိုလှုံရမယ်ဆိုတာကို ကြေညာတယ်။ ဒါဟာ တိုင်းပြည်တစ်ပြည်ရဲ့ ကြန်အင်လဏ္ခာဖြစ်တယ်။ ဂျပန်နိုင်ငံဟာ ဘေးအန္တရာယ်ကြုံနေချိန်ဆိုပေမယ့် ကမ္ဘာပေါ်ကလူတွေကို သင်ခန်းစာတစ်ခု ပေးနိုင်လိုက်တယ်။ ဂျပန် အွန်လိုင်းသူငယ်ချင်းတစ်ယောက်က ပြောတယ်။ ဘေးအန္တရာယ်ကျရောက်ချိန် ဂျပန်မှာနေနေတယ်ဆိုပေမယ့် ကံကောင်းတယ်လို့ဆိုရမယ်။ တခြားနိုင်ငံမှာဆိုရင် လူအသေအပျောက် ဒီထက်ပိုများနိုင်တယ်။ လူအသေအပျောက်ကို နည်းသထက်နည်းအောင်လုပ်နိုင်တာ ကမ္ဘာပေါ်မှာ ဂျပန်တစ်နိုင်ငံပဲရှိမယ်လို့ ထင်ပါတယ်လို့ သူကပြောပါတယ်။(မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်)

သေချာတာပေါ့၊ ဂျပန်ဟာ စည်းကမ်းရှိတဲ့ သူတွေ၊ သစ္စာရှိတဲ့ သူတွေ၊ ပြီးတော့ ဂျပန်အစိုးရကလည်း သဘာဝဘေးကြောင့် ထိခိုက်ပျက်ဆီးမှုသတင်းတွေကိုအချိန်နဲ့ တပြေးညီ ထုတ်လွှင့်ပေးနေတဲ့ အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အတွက် အထောက်အကူဖြစ်စေတယ်၊ သဘာဝဘေးဒဏ်ထိခဲ့သူတွေကို အခြား ပြည်သူတွေကလည်း လျင်လျင်မြန်မြန်ကူညီစောင့်ရှောက်ပေးနိုင်တယ်၊ တကယ်ပဲ စနစ်ကျပြီး၊ ပြည်သူတွေကို ထိခိုက်မှုနည်း နိုင်သမျှ နည်းအောင် ကြိုးစားကြလိမ့်မယ်လို့ ကျွန်မယုံကြည်နေမိသည်။

          ကျွန်မနှင့်အတူတူ ဖတ်နေသော ခင်ပွန်းသည်ကလည်း ဂျပန်လူမျိုးတွေ၏ စိတ်ဓါတ်ကို လေးစားချီးကျူးမိကြောင်း နှုတ်မှ ဖွင့်ဟပြောသည်။ ဂျပန်လူမျိုးတွေ၏ ခုလို သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရချိန်တွင် လူသားအချင်းချင်း စာနာစိတ်အပြည့်ဖြင့် ရိုင်းပင်းကြသည်ကို လေးစားအားကျသူများလည်း အများအပြားရှိပြီး ကျူးချီးစကား comment များ ရေးထားကြတာလည်း ဖတ်ရတွေ့ရသည်။

မတ်လ ၁၄ ရက်နေ့မှာတော့ နူကလီးယားဓါတ်ပေါင်းဖိုများ ပေါက်ကွဲသည့်အတွက် ရေဒီယိုသတ္တုကြွဓါတ်များ ပြန့်နှံ့ကာ အာရှတိုက်အွင်းအက်စစ်မိုးများ ရွာသွန်းနိုင်ကြောင်း သတိပေးရေးသားလာကြတာ တွေ့ရပါသည်။  facebook သုံးစွဲသူတော်တော်များများက ယခု ရက်ပိုင်းအတွင်း အက်စ်မိုးရွာသွန်းနိုင်ကြောင်း၊ မိုးရွာထဲသို့ ထီး၊ မိုးကာအကျီာင်္တစ်ခုခု မပါဘဲနှင့် မထွက်သင့်ကြောင်း  အက်စစ်မိုးကြောင့် အရေပြားလောင်ကျွမ်းခြင်း၊ ဆံပင်ကျွတ်ခြင်းသာမက အရေပြားကင်ဆာအထိ ဖြစ်နိုင်ကြောင်း  အချင်းချင်းသတိပေးကြရာမှ facebook သုံးစွဲသူအားလုံးမှ အခြား သူများကိုလည်း သတိစကားပြောကြားပေးရန် ရေးသားထားကြသည်ကိုလည်း ဖတ်ခဲ့ရသည်။

အင်တာနက်ကို အသုံးပြုပြီး ကမ္ဘာကြီး ဘာဖြစ်နေသလဲဆိုတာကို စက္ကန့်နှင့်မကြား သိနေရသည့်အတွက် facebook သုံးစွဲသူတွေ တစ်နေ့ထက် တစ်နေ့ တိုးလာခဲ့ခြင်းဖြစ်ပေမည်။ ထိုကြားထဲမှာ facebook ကို အသုံးချသော မသမာသူများလည်းရှိပါသည်။ အခြားသူများ၏ နာမည်ကို အလွဲသုံးစားပြုလုပ်ပြီး မယဉ်ကျေးဖွယ်ရာ စကားလုံးများနှင့် ရေးနေကြသူများလည်း ရှိသည့်အတွက် facebook သုံးစွဲလျှင်တော့အကောင်းအဆိုး၊ အကျိုးအပြစ် ဝေဖန် ပိုင်းခြားတတ်ဖို့ လိုပါသည်။ ကျွန်မကတော့ စက္ကန့်နှင့်မကြား ကမ္ဘာကြီးကို မြင်တွေ့ရနိုင်သောကြောင့်  facebookကို သုံးစွဲနေမိဦးမည်။ facebook မဖူးသူများကိုလည်း သုံးကြည့်ပါဟု တိုက်တွန်း မိနေပါဦးမည်။

ငြိမ်းဆက်လင်း(မြစ်မခ)
မတ်လ ၁၅.၃.၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...