Sunday, March 27, 2011

ကျနော့်ရဲ့ ထာဝရ သူရဲကောင်း အဖေ

အဖေရေ........
အမေ့ဝမ်းက လွတ်မြောက်လို့  ကျနော် လူ့ဘ၀ကို  စတင်ရောက်တဲ့ အချိန် အတိတ်က ၀ဋ်ကြွေးတွေကြောင့်  မွေးရာပါ ရောဂါများနဲ့  ဒုက္ခတွေ ခံစားနေရတဲ့ အချိန်မှာ အဖေဘယ်လို ခံစားရသလည်း ဆိုတာ အမေ့ပြန်ပြောပြလို့ သိရတဲ့ အချိန် အဖေ့မေတ္တာနဲ့ အဖေ့ကျေးဇူးကို ဆပ်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မလွန်ဆန်နိုင်တဲ့ သေခြင်းတရားက အဖေနဲ့ ကျနော့်ကို ခွဲသွားလိုက်ကြပြီ ။ ဘယ်ဆရာဝန်က မှ လက်မခံတော့တဲ့ ကျနော့်ကို အဖေပုခုံးပေါ်မှာ ထမ်းပြီး ရှိသမျှ စည်းစိမ် ကုန်ချင်ကုန်စမ်းကွာ ငါ့သားအတွက် ဆို အရာရာ တိုင်းပေးဆပ်ရဲတယ် ဆိုတဲ့ စကားကို လက်ကိုင်ထားပြီး  ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက မိတ်ဆွေများနဲ့  တတ်ကျွမ်းနားလည်ပါတယ်တဲ့ ဆရာဝန်တွေကို စကားကို  ဥပက္ခာ ပြုထားတဲ့အဖေ့ရဲ့ စိတ်ထဲမှာ ကျနော်ကို ဘယ်လောက် တန်ဖိုးထားခဲ့သလည်း ဆိုတာ သားသိရတဲ့ အချိန်မှာ အရမ်းကို ခံစားရပါတယ် အဖေရယ် ။


ကျနော် အရွယ်လောက်လို့ လူလား မြောက်တဲ့ အချိန် ငယ်စဉ်က သောက်သုံးခဲ့ရတဲ့ ဆေးတွေရဲ့ ဒဏ်ကြောင့် အသိဥာဏ် ပုံမှန် မဖြစ်တဲ့ သားကို  ပတ်ဝန်းကျင်က ပြောတဲ့ စကားတွေကြောင့် အားမငယ်စေရဘဲ ၊ ငါသားမှာ အစွမ်းအစ အများကြီးရှိပါတယ်လို့ အားပေးခဲ့တဲ့ စကားတွေကြောင့် လူလားမြောက်ရတဲ့ ကျနော့်အပေါ်ကို အဖေထားခဲ့တဲ့ မေတ္တာတရားဟာ အနှိုင်းမဲ့ပါဘဲ ။  ငါ့သားရယ်  " မင်းကို သူရဲကောင်း အဖြစ် မမြင်ရရင် နေပါစေ ၊ သူရဲဘောကြောင်တဲ့ လူတစ်ယောက် အဖြစ် မမြင်ရရင် ကျေနပ်ပါပြီ " ဆိုတဲ့စကားကို ပြန်လည် ကြားယောင်တိုင်း  ကျနော်တို့ တိုင်းပြည် လက်ရှိ အနေအထားမှာ လိုအပ်နေတဲ့ အရာလေးတွေကို တတ်နိုင်သလောက်လေး ကြိုးစားပေးနေတာ အဖေ  ကျေနပ်နိုင်ပါ့မလား လို့တွေးမိတိုင်း တခါတရံ ကိုယ့်ကိုကိုယ် မချင့်မရဲနဲ့ ရှက်မိသလိုလို ဖြစ်ခဲ့ပါတယ် အဖေ....။


အလုပ်ရှင်တော်တော်များများက  အလုပ်သမားကို ကျွန်လို သဘောထား ဆက်ဆံချင်ကြတယ်ကွ ။ တကယ်တော့  အလုပ်သမားနဲ့ ကျွန်ဆိုတာ မတူဘူးကွ  ။ အလုပ်သမား တစ်ယောက်ကို ကျွန်သဖွယ် သဘောထားတဲ့ အလုပ်ရှင်တွေ ၊ အထက်အရာရှိတွေရဲ့ စကားကို ဘယ်တော့မှ လိုက်နာဖို့ မကြိုးစားနဲ့။ သူတို့မသိသေးတဲ့ သဘောတရားတွေကို ရှင်းပြ ၊ လက်မခံရင် တွန်းလှန်ရတယ် ဆိုတဲ့ စကားတွေကို ဖိနှိပ်ချုပ်ချယ်တတ်တဲ့ လူတွေရှေ့ရောက်တိုင်း သင်ကြားပေးခဲ့လို့ ကျနော် နှလုံးသားထဲမှာ အမြဲစွဲနေပါပြီ အဖေ ။ မမှန်ကန်တဲ့  မုသားစကား တွေ လွှမ်းမိုးသံတွေ အောက်မှာ နေရတာထက်  ရွာပြင်ထွက်ပြီး သဘာဝရဲ လေးညှင်းရနံ့ ကို ရူရိုက်ရတာ  ပိုအရသာ ရှိပါတယ် ဆိုကာ  သူ့လုပ်ရပ်ကို သူ သဘောကျပြီး  အဖေက ပြုံးရွှင်စွာ ရှင်းပြခဲ့တဲ့ စကားသံတွေ သားရဲ့ နားထဲမှာ အစဉ်အမြဲ ကြားယောင်နေဆဲပါ ။ 

ငယ်စဉ် အခါက သင်ယူခဲ့ရတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းရဲ့ အကျိုးအာနိသင်ကို ယုံကြည်နေတဲ့ အဖေရဲ့ သားငယ် တစ်ယောက်  ရာထူးနဲ့ လုပ်ပိုင်ခွင့် အတွက်  ဘယ်တော့မှ အာဏာရှင်တွေ ရှေ့မှာ ဒူးထောက်ပြီး မတောင်းပန်ပါနဲ့ ဆိုတဲ့ အဖေ့စကားသံကို ကြားယောင်တိုင်း မမှန်ကန်တဲ့ လူတွေရဲ့ လုပ်ရပ်ကို သားဆန့်ကျင်တတ်နေပြီ အဖေ ။ သူသူငါငါ လူပြောစကားတွေနဲ့ ယုံကြည်ဖွယ် သဘောထားတွေကို တင်ပြလာလို့ မင်းရဲ့ အသိဥာဏ်နဲ့ လိုက်မမှီခဲ့ရင်တောင် မြတ်ဗုဒ္ဓရဲ့ တရားတော် နဲ့ နှိုင်းယှဉ်စဉ်းစားရင် အင်မတန်မှ အကျိုးများလိမ့်မယ်ဆိုတဲ့ အဖေ့ရဲ့ သြ၀ါဒ တရားတွေ အရမ်းမှန်တယ် အဖေ ။

လူတချို့က  ခေတ်နဲ့ အညီ ရင်ဘောင်တန်း တယ်ဆိုပြီး သာသနာကို အသုံးချပြီး သူတို့ကိုယ်ကျိုးစီးပွား အတွက် အသုံးချပြီး ဘ၀ လွတ်မြောက်ရေးတို့ ၊ စီးပွားရေး တိုးတက်စေရန်တို့ ၊  စိတ်ဓါတ်မြှင့်တင်ရေး ဆိုတဲ့ အရာတွေကို  တင်ပြလာတဲ့ အခါ ဓမ္မအမြင် ရှုထောင့်ကဘဲ စဉ်းစားပါ ငါ့သားရယ်လို့ အဖေ လမ်းညွှန်ထားလို့ ကျနော် သဘာဝ အမှန်တရားကို ဘဲ လက်ခံထားတတ်နေပါပြီ အဖေ ။ အခုအချိန်မှာ သတင်းကြီးနေတဲ့ အရည်းကြီး တစ်ယောက်ရဲ့ လုပ်ရပ်ကို မျက်စိထဲ ၀င်လာတော့ ကိုယ်ကျင့်သီလ မလုံခြုံတဲ့ လူတစ်ယောက်က သူတပါးဘ၀ကို ကယ်တင်ပေးပါမယ်ဆိုတဲ့ အယူဝါဒမျိုးတွေ ဒီနေ့ခတ်မှာ ပြောကြားနေတာကို နားယောင်လိုက်တာနဲ့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက် ဘ၀ကို ဆုံးရှုံးသွားလိမ့်မယ် ဆိုတဲ့ စကားကို ပြန်ကြားမိပါသေးတယ် အဖေ ။

ကျောင်းမှာ လုပ်ခဲ့တဲ့ ပွဲတိုင်း ငွေမထည့်တဲ့ အခါတိုင်း  ဆရာမက မင်းအဖေက အရာရှိ တစ်ယောက် လုပ်နေပြီး ဒီငွေလေးတောင် မထည့်နိုင်ဘူးလားဆိုတဲ့ စကားသံတွေကို ကြားတိုင်း အဲဒီအချိန်က အဖေရဲ့ ရိုးသားဖြောင့်မတ်မှုကို သား အားမလို အားမရ ဖြစ်ခဲ့မိပါတယ် ။
အဖေနဲ့ ရာထူးတူတဲ့ လူတွေရဲ့ သားသမီးတွေက နောက်ဆုံးပေါ် ပစ္စည်းတွေ ဇိမ်ခံသုံးနေကြတဲ့အချိန်မှာ အဖေ့သား ကျနော်က ဘောလုံး တလုံး ၀ယ်နိုင်ဖို့ အတွက်  မြေတူးရတဲ့ အခါတိုင်း အဖေ့ကို  အပြစ်မြင်ခဲ့ဘူးတယ် ။

လူတကာ မိုးခါးရေ သောက်လို့ စည်းစိမ်ခံနေကြတာကို ကလေးပီပီအားကျလို့ အဖေကလည်း ရိုးလိုက်တာဗျာ ဆိုတဲ့ စကားကို ကျနော်ပြောတုန်းက တဦးချင်းစီ စုပေါင်းထားတဲ့ ပြည်ထောင်စုမှာ ငါတစ်ယောက်နဲ့တော့ မထူးလောက်ပါဘူးဆိုတဲ့ ခပ်ညံ့ညံ့ လူစားတွေ တဖြည်းဖြည်း များပြားလာတဲ့ အခါ တိုင်းပြည် အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးလိမ့်မယ် ဆိုတဲ့ စကားနဲ့ မဟုတ်မမှန်တဲ့ စိတ်ထားကို ဆန့်ကျင်တဲ့ အဖေ့ရဲ့ သဘောထားကို ကျနော် နားလည်လာတဲ့ အခါ အဖေ့ရဲ့ စိတ်ထားကို အင်မတန်မှ သဘောကျ နှစ်ခြိုက်မိကာ အကြိမ်ကြိမ် ဦးခိုက်မိပါသေးတယ် ။

( ၈၈၈၈ ) အရေး အခင်းမှာ  အဖေက အလုပ်သမားထု ကိုယ်စား စင်ပေါ်တက်ကာ အလုပ်သမား အခွင့်အရေး ဆိုတာ ရှင်းပြတဲ့ နေ့လေးကို ကျနော် မှတ်မိပါသေးတယ် ။ စင်ပေါ်မှာ မတုန်လုပ်တဲ့ အဖေကို  ဖမ်းခံရမှာ မကြောက်ဘူးလား ဆိုတဲ့ ကျနော့် စကားကြောင့် တကိုယ်လုံး တုန်ခါသွားအောင် ရယ်မောပြီး လူ့ဘ၀ ဆိုတာ ခဏလေးပါ ငါ့သားရယ် ။ အဲဒီလို နေထိုင်ရတဲ့ ခဏတာ အချိန်လေးမှာ ကြောက်စိတ်တွေကို မွေးမြူထားပြီး နေရာ တကာ
ကိုယ့်အတွေးနဲ့ ကိုယ် ထိတ်လန့်နေတဲ့ လူတစ်ယောက်ဘ၀ ဘာလိုလုပ်ပြီး စိတ်ချမ်းသာမှု ဆိုတာ ခံစားရမှာလည်း ။ ဒါကြောင့် ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေက  အများ အမြင်မှာလည်း သင့်တင့်မျှတတယ် ၊ တရားဓမ္မနဲ့  နှိုင်းယှဉ်လို့လည်း အစွန်းမရောက်ဘူး ဆိုတာ သေချာ ရင် ကြောက်စိတ်တွေကို ပယ်ဖျောက်ပြီး တစိုက်မတ်မတ်သာ လုပ်ပေတော့ ။ ဒါမှ အဓိပ္ပာယ် ရှိတဲ့ လူသားဘ၀ကို ကြည်နူးစွာ ခံစားရမှာ ကွ ဆိုတဲက စကားရဲ့ အဓိပ္ပာယ်ကို သေချာ နားမလည်ခဲ့ ဘူးအဖေ ။

ကျနော်က လူငယ်ပီပီ ဖြတ်လမ်းနည်းနဲ့ ချမ်းသာချင်လို့  တွေ့သမျှ ဂမ္ဘီရ ဆန်ဆန် အကျင့်တွေကို ကျင့်ကြံနေတာကို အဖေ မနှစ်ခြိုက်ခဲ့ဘူး ။
ကျနော့် ပါးစပ်က အုမ် ၊ သြောင်း ဆိုတဲ့ မဟာယန ဆန်ဆန် ရွတ်ဖတ်သံတွေကို အဖေကြားတော့ ကိုယ် ကိုးကွယ်တဲ့ ဘာသာတရားကို စော်ကားသူ ဆိုပြီး အဖေက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ အခြားဘာသာဝင်တို့ရဲ့ အလေ့အထကို နှိုင်းယှဉ်ကာ ရှင်းပြခဲ့တာကို သား ဒီနေ့ထိ မေ့မရဘူး အဖေ..။

ဒို့မြန်မာ လူမျိုး ဗုဒ္ဓဘာသာ ၀င်တော်တော်များများက မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို သေချာ နားမလည်ဘဲ ဆုတောင်းခြင်းမှာ ပျော်မွေ့နေကြပြီး ကယ်တင်ရှင်ကို မျှော်နေတဲ့ ၀ါဒ ကျင့်သုံးနေကြတာ များတယ် ငါ့သားရဲ့ ။ တကယ်ဆို သေချာ စဉ်းစားကြည့်လိုက်ရင်  ဘုရားသာ ရှစ်ခိုးနေပြီး ဆုတောင်းနေကြတယ် ၊ ကိုယ်ရွတ်ဆိုလိုက်တဲ့  ပါဋိစာပေရဲ့ အနက်ကို သေချာ မသိကြဘဲ ပါးစပ်က ရွတ်ဆိုကာ ဘုရားကို လက်အုပ်ချီမိုး ရှစ်ခိုးနေကြပေမယ့် တကယ့်လုပ်ရပ်တွေက သူတို့ ဆုတောင်းနေတဲ့ အရာတွေနဲ့ ဆန့်ကျင်ဘက်တွေ ချည်းဘဲကွ ဆိုကာ ဘုရားရှစ်ခိုးထဲက ပါဋိစာသားတွေကို အဖေ အနက်အဓိပ္ပာယ်နဲ့ ရှင်းပြတော့မှ သားပိုပြီး နားလည် သဘောပေါက်မိလာပါတယ် ။


နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်  ရဟန်းပညာရှိ ၊ လူပညာရှိများက မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ခြောက်ကြိမ်တိုင်တိုင်  စုပေါင်းပြီး လိုအပ်တာ ထပ်ဖြည့်ဖို့နဲ့ မလိုတာတွေကို ပယ်နှုတ်ဖို့  စဉ်းစားခဲ့ကြဖူးပေမယ့် စကားလုံး တလုံးတောင် အပြစ်ရှာလို့ မရခဲ့ကြဘူးကွ..။ အဲဒါကို ဒီခေတ်ရောက်မှ  တချို့သော ပညာရှင် အမည်ခံသူများက တရားဓမ္မတွေကို ဒီခေတ်အမြင်မှာ သူတို့ရဲ့ သေးနုပ်တဲ့ ညဏ်တထွာတမိုက်နဲ့ မိုက်ရူးရဲ ဆန်စွာ ဝေဖန်နေကြတာ သာသနာကို စော်ကားတာနဲ့ တူတူပါဘဲ ကွ  ။ တကယ်တော့ ဒို့များ မြတ်ဗုဒ္ဓရဲ့ ဂုဏ်ရည်ဟာ လူသားတွေ သုံးစွဲနေကြ အကောင်းဆုံး စကားလုံးတွေ ပေါင်းစပ်သုံးစွဲရင်တောင် ပြည့်စုံမယ် မထင်ပါဘူးကွာ ။

လူတစ်ယောက်ရဲ့ စားဝတ်နေရေး ၊ သွားလာ နေထိုင်ပုံ ၊ စကားပြောဆိုပုံ ၊ ပညာဆည်းပူးရမယ့် နေရာမှာ ဘယ်လို ကျင့်ကြံနေထိုင်ရမယ် ဆိုတာက စလို့ ဒုက္ခအားလုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ သွားရာလမ်းကို ဟောကြားပြသခဲ့တာဘဲကွာ ။ သီလ ဆိုတာ တကယ်တော့ စည်းကမ်းဘဲ ကွ ။  ကိုယ်အမူအရာ ၊ နူတ်အမူအရာတွေကို ထိန်သိမ်း စောင့်စည်းခိုင်းတယ် ၊ စိတ်မှာ သူတပါးကို မကောင်းကြံတဲ့ စိတ်ထားတွေနဲ့ မဟုတ်မမှန်တာတွေ မတွေးမိ ၊ မပြောမိစေဖို့ ကိုယ့်ဟာကိုယ် စည်းကမ်း သတ်မှတ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခိုင်းတာ သီလဘဲကွ ။

သတ္တ၀ါတို့ရဲ့ ခန္ဓာက နာကျင်မှာကို ကြောက်ကြတယ် ၊ သေရမှာကို စိုးရိမ်ကြတယ် ၊ ကိုယ့်ကျတော့ နာကျင်တဲ့ ဝေဒနာကို မခံစားချင်ဘဲ သူတပါးကို နာကျင်အောင် လုပ်တာ တရားမျှတမှု ရှိရဲ့လား သေချာ စဉ်းစားကြည့်လိုက်ရင် တကယ့်ကို လောက သဘာဝ အနှစ်သာရတွေ ကို လူသားတွေ နားလည် သဘောပေါက်အောင် အလွယ်ကူဆုံး ရှင်းပြခဲ့တာကို ဓမ္မလို့ဘဲ အဖေကတော့ မြင်တယ် ကွာ ဆိုပြီးကျနော့်ကို အဖေ ဆုံးမခဲ့လို့ ကျနော် လမ်းလွှဲကနေ လွတ်မြောက်ခဲ့လို့ အကြိမ်ကြိမ် ရှစ်ခိုး ဦးညွတ်နေဆဲပါဘဲ အဖေရယ်.........။

အဖေ ဆုံးခါနီးမှာ ကျနော့်ကို နောက်ဆုံးအနေနဲ့ လူ့ဘ၀ကို ခဏတာ ရခိုက် အချိန်ကာလလေးမှာ လူပီသအောင် ကြိုးစား ။ ရှောင်လွှဲလို့ မရတဲ့ သေခြင်း တရားအတွက် အမြဲ အသင့်ပြင်ထားရင်းက တန်ဖိုးရှိတဲ့ အလုပ်လုပ်လေးတွေကို ကြိုးစားပြီးလုပ် ။ သူရဲကောင်း မဖြစ်ချင်နေပါ .........မင်းသူရဲဘော ကြောင်သူတော့ မဖြစ်စေနဲ့ လို့  အကြိမ်ကြိမ် ဆုံးမသွားခဲ့တာကို သားလေးစားစွာ လိုက်နာနေဆဲပါ  အဖေရယ်....။


အဖေရေ........ အဖက်ဖက်က ပြိုကျ ပျက်စီးနေတဲ့ တိုင်းပြည်ကြီးမှာ ဗုဒ္ဓဘာသာဝင် အများစုက ယခင်က ထက် သာသနာကို စော်ကားနေကြပြီ ။ လူ့မိစ္ဆာတွေက  ရတနာ သုံးပါးမှာ ကို ဗြောင်ကျကျ စော်ကားကုန်ကြပြီ ။ ကိုယ်ကျိုး အတ္တကို ရှေ့တန်းတင်လွန်း အားကြီးတဲ့ လူအများက အမှန်တရားကို အမှား လုပ်ကုန်ကြပြီ ။ ရာထူး ၊ ငွေ ၊ ဂုဏ်နောက်ကို လိုက်ပါကြရင်း ကိုယ်ကျင့်တရားတွေ ခေါင်းပါး ကုန်ကြပြီ ။ မသူတော်တွေ ချမ်းသာတာကို  လူအများက အတုယူပြီး တိုင်းပြည်ကြီးကို ဖျက်စီးနေကြတာကို လက်ပိုက် ကြည့်နေတဲ့ လူတွေက များလာပြီ ။ ဒါတွေကို မြင်တိုင်း အဖေ့ ပြောခဲ့တဲ့ ဒီကမ္ဘာပေါ်က လူသားအားလုံးက အယူအဆ တခုကို  အမှန်ပါလို့ ပြောကြားခဲ့အုံးတော့.......မြတ်ဗုဒ္ဓရဲ့ တရားတော်နဲ့ ဆန့်ကျင်နေရင် ဓမ္မဘက်က ရပ်တည်နိုင်မှ မင်း လူပီသတဲ့ လူသားတစ်ယောက်  ဖြစ်မှာ ဆိုတဲ့ စကား အတိုင်း မတရားတာ မှန်သမျှကို ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ အဖေ့ သား ဆန့်ကျင်တာကို အဖေ ရောက်ရာ အရပ် ဘုံဌာနက လာကြည့်လှည့်ပါ အဖေ.........။


ကျနော်ရဲ့ ရင်ထဲက ထာဝရ သူရဲကောင်း အဖေ ကျနော်နဲ့ခွဲသွားခဲ့တာ ဆယ်နှစ် ရှိခဲ့ပြီလေ....။ မေ့မရနိုင်တဲ့ အဖေ့မေတ္တာနဲ့ အဖေ့ကျေးဇူးနဲ့ အဖေ့ရဲ့ ဆုံးမ စကားတွေကို အမြဲ သတိရကာ တမ်းတစွာဖြင့်  သားကောင်းမှု တခု နေ့စဉ် ပြုတိုင်း  အဖေ ကောင်းရာ သုဂတိ လားပါစေ.........လို့ ဆုတောင်းပေးနေပါတယ် အဖေ..........။

အဖေ့ရဲ့ ချစ်သား

ဗမာ့သွေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...