မျက်ရည်မဲ့
မောင်ချိန်းဆိုထားသည့် ကော်ဖီဆိုင်ကိုရောက်တော့ မောင်ကမရောက်သေး။ ချောကလက်ရှိတ် အရင်မှာလိုက်သည်။
ဒီဆိုင်လေးက ကျွန်မ နှင့်မောင်တို့ စပြီးချစ်သူဖြစ်ခဲ့သည့်ဆိုင်လေး။ မောင်နှင့် အိမ်ထောင်ကျပြီး နောက်ပိုင်းလဲ ဒီမှာ မကြာခနလာထိုင်ဖြစ်ကြသေးသည်။ ဆိုင်အပြင်အဆင်လေးက သားနားသည်။ ဒီဆိုင်က ကာပူချီနိုကော်ဖီကို မောင် နှစ်သက်စွာ သောက်လေ့ရှိသည်။ တစ်ခါတစ်ရံ ကျွန်မတို့ ဒီဆိုင်လေးမှာဆုံကြပြီး သမ္မတရုံမှာ ရုပ်ရှင်တူတူကြည့်လေ့ရှိသည်။ သူငယ်ချင်းတွေ သိသွားလျှင် အချစ်ဟင်းအိုးပြန်နွှေးကြသည်ဟု စတတ်ကြသည်။
ဒီနေ့လည်း မောင်က ဒီဆိုင်မှာ တွေ့ကြရအောင်ဟု ချိန်းဆိုသဖြင့် ညနေရုံးကို စောစောဆင်းပြီး မောင့်ကို လာတွေ့ပါသည်။ အိမ်မှာတွေ့လည်း ရနေလျက် ဒီဆိုင်ကိုချိန်းတာ ကျွန်မ နှစ်သက်သည်။ အမှတ်တရလေးတွေရှိသောဆိုင်ကို ချိန်းဆို၍ ပိုကျေနပ်ရသည်။ မောင်နှစ်သက်သော ကာပူချီနို သောက်ချိန်တွင် ကျွန်မ က ချောကလက်ရှိတ် အပူသောက်ပါသည်။ မောင်နှင့် ဒီလို တွေ့ရတာ ကြည်နူးသည်။
“ပြောစရာရှိလို့လားမောင်”
ကျွန်မကို မောင်က တစ်ချက်စိုက်ကြည့်လိုက်ပြီးပြောရမှာ ချီတုံချီချဖြစ်နေသည်။ ထုံးစံအတိုင်း ပျော့နွဲ့နွဲ့မောင့်ကိုအတင်း ပြောခိုင်းရသည်။ အတင်း အခါခါ တိုက်တွန်းမှ မျက်လုံးကို စုံမှိတ်ကာ မောင်က
“ကျွန်တော်တို့ကွာရှင်းရအောင်”
“ရှင်…”
သူ၏ခပ်ပြတ်ပြတ် တိုးတိုး နှင့် တုံးတိတိ စကားကို မယုံကြည်နိုင်သလို ငေးခနဲကြည့်မိသည်။ မောင် ပြောထွက်လိမ့်မည်ဟု ထင်မထားမိ ၊ နားကြားလွဲသလား ၊ ကိုယ့်ကိုယ့်ကိုယ် အိပ်မက် မက်နေသည်ဟု လည်း ထင်လိုက်မိသည်။ ကျွန်မ ခေါင်းတွေ မိုက်ခနဲဖြစ်သွားသည်။ ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ဖြတ်သွားသည်။ နားထဲက လေတွေထွက်ပြီး တဝှီးဝှီးမြည်သံ ပြန်ကြားနေရသည်။ ကျွန်မ အားတင်းလိုက်သည်။ သတိလေး ပြန်ထားလိုက်သည်။ လေသံယဲ့ယဲ့ဖြင့်…
“မောင် ဘယ်လိုပြောလိုက်တာလဲဟင်။ ကျွန်မမှာ မောင့်ကိုယ်ဝန်ရှိနေပြီဆိုတာလဲ မောင်သိတယ်။ မောင်ကျွန်မကို လှည့်မကြည့်ရင်တောင်မှ ဒီကလေးမျက်နှာ နဲ့ မိဘအသိုင်းအဝိုင်းမျက်နှာကို တစ်ချက်လောက်ငဲ့ကြည့်သင့်တယ်မောင်”
ကျွန်မ အသံက သိသိသာသာ ငိုသံပါနေသည်။ တုန်ခါနေသည်။ ကျွန်မချစ်ရသော ခင်ပွန်းသည် ယောက်ျားချင်းပင် ငေးယူရလောက်အောင်ချောသည်။ ဖြူဝင်းနုညက်သော သူ့မျက်နှာပြင်သည် ကျွန်မ၏မြတ်နိုးရာ ၊ ကျွန်မ တယုတယ ထွေးပွေ့နမ်းရှုပ်ခဲ့ဖူးသည်။ ထိုချစ်ရသော မျက်နှာသည် ကျွန်မကို ရင်မဆိုင်ဝံ့စွာ မျက်လွှာချလျက် ပါးလျားနီစွေးသောနှုတ်ခမ်းများဖြင့် ….
“ကျွန်တော် မပျော်တော့ဘူးဗျာ။ ဘယ်လိုမှ မာမာ့ နားမှာ မနေချင်တော့လို့ပါ ၊ ပျော့ညံ့တယ်လို့ မာမာ ထင်ခဲ့တဲ့ အတိုင်းပါပဲ ကျွန်တော် ပျော့ညံ့တယ်။ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့”
မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်နေသည်။ ထို မိနစ် အနည်းငယ်သည် ကျွန်မကိုယ် ကျွန်မ အနည်းငယ်တည်တည်ငြိမ်အောင် ထိန်းလိုက်နိုင်စေသည်။ ကျွန်မ လေသံအေးအေးဖြင့် ပြောနေကျ အတိုင်း…
“ဘာအကြောင်းရှိလို့လဲမောင် ၊ ကျွန်မမှာ ဘာချို့ယွင်းချက် ဘာပြစ်ချက်များရှိလို့လဲမောင်"
"ကျွန်တော် အရမ်းငြီးငွေ့နေပြီလေ မာမာ ၊ မာမာ့အနားမှာ ကျွန်တော့်ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေသလိုခံစားရလို့ပါ မာမာ "
"မောင် ပြန်စဉ်းစားပေးပါ မောင်ငြီးငွေ့တယ်ဆိုတဲ့ အဖြေနဲ့ ကျွန်မ မကျေနပ်နိုင်ဘူး။ ကျွန်မလေ မောင့်ရဲ့ မယားကြီးနေရာမှာ အမြဲရှိနေမယ်။ မောင့်ရင်သွေးလေးမှာလည်း အဖေရှိတယ်မောင်။ အဲဒီ အဖေဖြစ်တဲ့မောင့်နေရာမှာလည်း ဘယ်သူ့မှ အစားထိုးမှာ မဟုတ်ပါဘူး မောင်။ မောင့်ကို ပြတ်ပြတ်သားသား ထပ်ပြောပါရစေ။ ကျွန်မ လမ်းမခွဲနိုင်ဘူးမောင်။”
လက်ထပ်ပြီး ဒီအခြေအနေထိရောက်မှ သူရက်စက်နိုင်လွန်းသည်။ မောင်သည် ပျော့ညံ့သူဖြစ်မှန်း ကျွန်မသိသည်။ တစ်ခါတစ်ရံ ယောက်ျားလေးထက် မိန်းကလေးတစ်ယောက်နှင့်ပင် ပိုတူတတ်သည်။ သူအလုပ်ကိစ္စနှင့်ပဲ ဖြစ်ဖြစ် ပြဿနာတစ်ခုခုဖြစ်တိုင်း စွာကျယ်ကျယ် နှင့် ကျွန်မပဲ ရှင်းရသည်။ ကျွန်မဆူပြန်ရင်လည်း သူက မျက်ရည်ကျပြတတ်သည်။ ကျွန်မကို အားကိုးလိုက်သည်မှာလဲ အရမ်း။ ကျွန်မ ချစ်ရသူဖြစ်နေ၍ မငြိုငြင်ရက်ခဲ့ပါပေ။
ထို့ပြင် မောင်သည် အပြင်ထွက်ခါနီး ကျွန်မထက်ပင် ပိုသနေတတ်သည်မှာ ကျွန်မပင် ငြူစူရသည်အထိ။ ခုနောက်ပိုင်းပိုဆိုးလာသည်။ အမွှေးအကြိုင် အလှအပလည်း ပိုကြိုက်လာသလို ကျွန်မ အနားပင် မကပ်ချင်တော့။ ကျွန်မကိုလည်း ကြောက်သလိုလို ၊ ရွံ့သလိုလိုနှင့် အချိုးတွေပြောင်းနေသည်ဟု ထင်မိပေမယ့် မိန်းမသနာကိစ္စလို့ မထင်ထား၍ အေးအေးဆေးဆေး ကြည့်နေခဲ့မိသည်။
“မာမာရယ် ကျွန်တော်တောင်းပန်ပါတယ်နော်။ ကျွန်တော့်ကို ကွာရှင်းပေးပါနော်။ ကျွန်တော် မာမာ့ကို ဆက်မပေါင်းနိုင်တော့လို့ပါနော်…..” ငိုသံပါကြီးဖြင့် ထပ်ပြောနေပြန်သည်။
“တော်တော့မောင် ဦးနှောက်လေး နည်းနည်းသုံးပြီးစဉ်းစားကြည့်ပါဦး။ ဒါဖြစ်သင့်သလားလို့။ ကျွန်မတို့ ဖြည်းဖြည်းညှိယူကြရအောင် ကျွန်မကို နည်းနည်းလေး ပြန်စဉ်းစားပေးပါမောင်။ ကျွန်မ အရင် ပြန်နှင့်တော့မယ်။ ကျွန်မကတော့ မောင့်ကို ချစ်နေတုန်းပဲ မောင်”
ကျွန်မအသံ အဖျားခတ်တုန်သွားသည်။ကျွန်မကိုယ် ကျွန်မ ထိန်းချုပ်နိုင်နေတုန်း နာကျင်သည့် ရင်အစုံဖြင့် အမြန်လှည့်ထွက်လာခဲ့သည်။
ကျွန်မ ခံပြင်းသည်။ နာကျည်းသည်။ အိမ်တောင်ဘယ်လိုပြန်ရောက်သွားသည်မသိ။ အရာရာ အားလုံးကား ဝေဝါးနေသည်။ ကျွန်မ မျက်ရည်မကျမိပါ။ ရင်နာနာဖြင့်ပင် သူနှင့် ပတ်သက်ခဲ့ဖူးသည့် အရာတိုင်းကို အသေအချာ လိုက်ကြည့်နေမိသည်။ အိပ်ခန်းထဲက မှန်ဘောင်သွင်းထားသော မင်္ဂလာဆောင်ဓာတ်ပုံလေးကလည်း ကျွန်မနှင့် ဘာမှ မဆိုင်သလိုလို ထင်မိသည်။ ဓာတ်ပုံထဲက ကျွန်မပုံက ကျွန်မ မဟုတ်သလို စိမ်းသက်သက်ကြီး ခံစားနေရသည်။
ထိုညက မောင် ပြန်မလာပါ။ သန်းခေါင်ယံအချိန်လောက်မှာ ရုတ်တရက် လက်ကိုင်ဖုန်းက အသံမြည်လာသည်။
“ဟလိုပြောပါ”
“………”
“မောင်လား ၊ မောင်လားဟင်”
“ဟုတ်တယ် မာမာ…. ကျွန်တော် ပြန်မလာပါရစေနဲ့တော့နော်။ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့။ ကျွန်တော် စိတ်သက်သာရာ ပျော်ရာ နေရာမှာပဲ နေပါရစေနော်”
ကျွန်မ အိပ်ယာပေါ်ပြိုလဲကျသွားသည်။ ကျွန်မမှာ ဘာချို့ယွင်းချက်ရှိနေပါသလဲ။ လက်မထပ်မီကတည်းက မောင်က ကျွန်မ အပေါ် အချစ်ပိုလွန်းလှသည်းမဟုတ်ခဲ့သော်လည်း ကျွန်မဖက်မှ တစ်ဖက်သတ် အချစ်များနှင့် ချစ်ခဲ့ရသည်။ နောက်တော့ မောင် ဘာစိတ်ကူးပေါက်သွားသည် မသိ “ငါနင့်ကို ချစ်တယ် မာမာ” ဟု ခပ်ရိုးရိုးတစ်ခွန်းသာ ဖျစ်ဖျစ်မည် ပြောသွားပြီး သမီးရည်းစားဘဝ ရောက်ခဲ့ရသည်။ ရည်းစားသက်တမ်း တစ်နှစ်လုံးလုံး ကျွန်မကသာ သူ့အပေါ်ချစ်ပြခဲ့ရသည်။ အနွံအတာခံခဲ့ရသည်။ လက်ထပ်ဖို့လည်း ကျွန်မပင် ဦးဆောင်ခဲ့ရသည်။
ကျွန်မကပဲ ပိုရင့်ကျက်နေသလား။ မောင်ကပဲ ကလေးဆန်နေသလားတော့ ကျွန်မ တစ်ခါမှ မသုံးသပ်မိခဲ့ပါ။ ကိုယ်ပိုင်လုပ်ငန်းထဲမှာပဲ နှစ်မြှုပ်ထားခဲ့သော ကျွန်မဦးနှောက် နှင့် အတွေးတို့ သည် မောင့် မာနကိုများထိပါးမိစေခဲ့သည်လား။ မိန်းမ တစ်ယောက်အနေနဲ့ ကျွန်မ တာဝန်ကျေခဲ့တာ သေချာလှပါသည်။ အိမ်အလုပ်လဲ မလစ်ဟင်းစေခဲ့ ၊ ကုမ္ပဏီ၏ တာဝန်များလည်း မပေါ့လျော့စေခဲ့ ၊ နှစ်ဖက်မိဘများအပေါ်လည်း ညွှတ်ကိုင်းတတ်သော ကျွန်မသည် ပင်ပန်းလွန်းခဲ့သော်လည်း မောင့်ကို မြင်ရလျှင် ကျွန်မ စိတ်ထဲက မောပန်းမှုများ ပြေပျောက်သွားခဲ့မြဲသာဖြစ်သည်။ မောင် ဘာလုပ်လုပ် မငြိုငြင်ခဲ့မိသည်က ကျွန်မ၏ အချစ်များပင်ဖြစ်သည်။
မောင့်မှာ မိန်းကလေး အပေါင်းအသင်း မရှိပါ။ ကျွန်မ အမြင်တွင် ကျွန်မမှလွဲ၍ ပတ်သက်ခဲ့ဖူးသူမရှိပါ။ နှုတ်ဆိတ်အေးဆေးလွန်းပြီး တစ်ခါတစ်ရံတော့ ကျွန်မနားမှာ ကြောင်လေးတစ်ကောင်လို ပွတ်သီးပွတ်သပ် ချွဲနွဲ့နေလေ့ရှိတတ်သည်။ တစ်ခါတစ်ရံ အိမ်မှာသူရှိသည်ဟု မထင်ရလောက်အောင် တိတ်ဆိတ်စွာ ပန်းချီဆွဲနေလေ့ရှိသည်။
မောင်က ပန်းချီဆွဲတာ ဝါသနာပါသည်။ သူ့အတွက် သီးသန့် ပန်းချီခန်းလုပ်ပေးထားရသည်။ အချိန်တော်တော်များများ ထိုပန်းချီခန်းထဲမှာ အလုပ်ရှုပ်နေလေ့ရှိသည်။ ကျွန်မလည်း သူ့ဝါသနာကို တားမြစ်ခြင်းမရှိပါ။ ကျွန်မလောက်မောင့်အပေါ် ချစ်တတ် ၊ နားလည်တတ်သူရှိလျှင် ပြုံးရယ်မိမည် ဖြစ်သည်။ ခုတော့ မောင် ဘာဖြစ်နေလဲ ကျွန်မ မသိခဲ့တာ ကျွန်မ၏ အကြီးကျယ်ဆုံးညံ့ဖျင်းချက်ပင်ဖြစ်ကြောင်း ဘွင်းဘွင်းကြီး ပေါ်ထွက်လာတော့သည်။ ကျွန်မ ညံ့ခဲ့ပါသည်။ ကိုယ်အရိပ်တကြည့်ကြည့် ရှိနေလျက်က ဒီအခြေအနေထိ ဖြစ်လာခဲ့တာ ကျွန်မ ညံ့ခဲ့လို့ပဲ ဖြစ်ပါသည်။
မောင်က ရေရာ သေချာသော အကြောင်းပြချက်မရှိပဲ ကျွန်မ ဘဝထဲက ထွက်ခွာတော့မည်ဖြစ်ကြောင်း ကြေငြာသွားခဲ့ပါပြီ။ ခြေလှမ်းတွေလည်း စခဲ့ကောင်း စခဲ့ပေလိမ့်မည်။ မောင့်အတွက် ကျွန်မ၏ရင်ခွင်တံခါးသည် အမြဲ ဟာလာဟင်းလင်းပွင့်လျက်ရှိနေသည်။ ထို့ကြောင့်မောင်ထွက်ခွာဖို့ လွယ်ကူခဲ့လေသည်လား မပြောတတ်ပါ။ ထိုညက အိပ်မရပါ။
ဘေးမှ လွတ်ဟာနေသည့် မောင့်နေရာကိုကြည့်ရင်း မောင့်ကို စိတ်ပူနေသည်။ မောင် ဖုန်းကိုလည်း အိမ်မှာထားပစ်ခဲ့သည်။ ဗိုက်ထဲက မောင့်ရင်သွေးလေးက ကျွန်မကို အားပေးသည့် အလား လှုပ်ခါနေသည်။ ကျွန်မက ဗိုက်ကလေးကို အားပေးသလို ပွတ်သပ်နေမိသည်။ မောင့်ကို အနားမှာရှိစေချင်သည့်စိတ် နှင့် မောင့်ကို တမ်းတသည့် စိတ်သည် ကျွန်မကို နှိပ်စက်ကလူပြုနေသည်။
မောင်အိမ်ပြန်မလာတာ တစ်ပါတ်ရှိပြီ။ ညတိုင်းကောင်းစွာ အိပ်မပျော်ပဲ အိမ်နားက ကားသံကြားရတိုင်း မောင်လားထင်ယောင်ထင်မှား ထထကြည့်တတ်တာ အရူးတစ်ယောက်လိုဖြစ်နေခဲ့ရသည်။ မောင်ပြန်လာမည်ဟု ယုံကြည်မျှော်လင့်ချက်သည် မှေးမှိန်စပြုနေသည်။ မောင် ကျွန်မကို တကယ်ထားသွားရက်လေသည်လား။
ကျွန်မ၏ မအားလပ်နိုင်သော ကုမ္ပဏီအလုပ်များ ပြီးသည်နှင့် မောင့်ကို ရှာပုံတော်ဖွင့်ရဦးမည်။
မောင့်မိဘ အိမ်ကိုဖုန်းဆက်တော့ မောင့်မေမေက “ဒီလည်း မလာဘူးသမီး ၊ အင်… ဒုက္ခပါပဲ ၊ ဒီကောင်လေး ဘယ်များသွားပြန်ပြီလဲ မသိဘူး ။ သမီးနဲ့လက်ထပ်ပြီးလို့ စိတ်ချမ်းသာနေတာ ၊ အခုသမီးတို့မှာ ရင်သွေးလေးရလာတော့မှာဆိုတော့ မေမေတို့ ပိုပြီး စိတ်ချမ်းသာ နေကြတာသမီးရဲ့” ဟု မောင့်အမေက ပြောကာ သူပါ ဝင်ပူပန်နေတော့သည်။
“ဘာများပြဿနာပြဿနာ တက်ကြသေးသလဲ ၊ ရန်များဖြစ်သေးလား” ဟုလည်း ပူပန်စွာ မေးတော့ “ဘာမှပြဿနာမတက် ၊ ရန်လဲမဖြစ်ဘဲနဲ့ ဒီလိုကြီးပြောဆိုပြီး ပျောက်သွားတော့ သမီးလည်း အံ့သြနေတာ မေမေရဲ့၊ ပူမနေပါနဲ့ မေမေရယ် ၊ ပြန်လာမယ်လို့ ထင်တယ်” ဟု ကိုယ့်တိုင်လဲ မယုံကြည်ပဲ ပြန်နှစ်သိမ့်လိုက်ရလေသည်။ ကျွန်မ သတင်းစာမှာလူပျောက်ကြေငြာသည်။ မောင့် သူငယ်ချင်းတွေကို မေးကြည့်သည်။ ဘယ်သူမှ မသိကြ။ မောင်ကား ပျောက်ချင်းမလှပျောက်နေသည်။ ကျွန်မ မောင့်ကို သတိရတိုင်း “ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ မောင်” ဟုသာ ရေရွတ်တမ်းတ နိုင်စွမ်းတော့သည်။
ဒီလိုနှင့် ကျွန်မ မီးဖွားမည့် အချိန် တစတစ နီးကပ်လာသည်။ ကျွန်မအိမ်မှာ မောင့်မေမေတစ်လှည့် ကျွန်မ မေမေ တစ်လှည့် လာနေပေးကြသည်။ နောက်တော့ မောင့်မေမေကို အားနာတာနှင့် မေမေ့ကိုသာ အားနာနာနှင့် နေပေးဖို့ အကူအညီတောင်းမိသည်။ မေမေက လင်ယောက်ျားပစ်သွားသည့် သမီးလေး ဟုဆိုကာ အမြဲမျက်ရည်လေးဝဲကာ သနားကြည့်ကြည့်နေတတ်သည်။ ကျွန်မကတော့ ခပ်ရွှတ်ရွှတ် နှင့် မေမေ့ကို “မေမေ…. သမီးနာမည်ဘာလို့ မာမာဝေ ဖြစ်နေတာလဲ သိလား ၊ လောကဓံတရားကို မာမာ တင်းတင်း ရင်ဆိုင်နိုင်အောင်ပေါ့ ဟုတ်တယ်မို့လား။ မေမေပေးထားတဲ့ နာမည်လေ…. မာမာဝေ တော့ မေမေဝါ ပေါ့လေ မေမေရဲ့” ဟု ခပ်ရွှန်းရွှန်းလေးဆိုတော့ မှ မေမေ့မျက်နှာလေး ပြုံးလာတတ်လေသည်။
ဗိုက်ထဲက ကလေးမီးဖွားဖို့ မေမေစိတ်ပူစကားစလာတိုင်း.....
“မပူပါနဲ့ မေမေရယ် ဒီလောက်ကတော့ သမီးခံနိုင်ရည်ရှိမှာပါ။ မေမေ့သမီးလေ လောကဓံကို ခေါင်းနဲ့ တိုက်လိုက်ရင်ဘာဖြစ်မလဲ သိလားမေမေ”
“ဘာလဲသမီး”
“ဂိုးသွားမှာပေါ့ မေမေရဲ့ မေမေ့သမီးက ခေါင်းတိုက်ကျွမ်းတယ်လေ....ဟီး” ဟု ကလေးဆန်ဆန် နောက်တိုင်း မေမေက ရယ်မောလေ့ရှိပါသည်။
မေမေနှင့် လမ်းအတူလျှောက်သည့် မနက်စောစော နှင့် ညနေခင်းများသည် ကျွန်မကို အတန်အသင့် တည်ငြိမ်အေးချမ်းလာစေသည်။ မောင့်ကိုတော့ တစ်ရက်မှ မေ့မရခဲ့ပါ။
ကိုးလလွယ်ဆယ်လဖွား ဆိုသည့် စကားနှယ် ကျွန်မ သားဦးလေးဖွားမြင်သည်။ သားကလေး နီတာတာလေးသည် သူ့အဖေနှင့် တူသလို ကျွန်မနှင့်လည်း တူလေသည်။ ကျွန်မ၏ သားလေးသည် ကျွန်မ၏ ကမ္ဘာ ကျွန်မ၏ မျှော်လင့်ချက်ပင်ဖြစ်သည်။ ကျွန်မ သားကို အကောင်းဆုံး ပြုစုပျိုးထောင်မည်။ အကောင်းဆုံးအရာတွေ ပေးနိုင်ဖို့ ကြိုးစားမည်။ အလုပ်တစ်ဖက် နှင့်ပင် သားလေးကို ကျွန်မ ပြုစုလာနိုင်ခဲ့သည်။ ကျွန်မ ဆုံးဖြတ်ထားသည်ကား ကျွန်မ ပိုင်ဆိုင်သမျှအရာ အားလုံးသည် သားအတွက် ဖြစ်သလို ကျွန်မ၏ ချစ်ခြင်းဖြင့် သားကလေး ပြည့်စုံစေရမည်။
**********
ဘာလိုလိုနှင့် ကျွန်မ သားလေး ပင် ခုနှစ်နှစ်သားအရွယ်သို့ ရောက်လာသည်။ အချိန်တို့ကား ကုန်မှန်းမသိ ကုန်ခဲ့သည်။ ကျွန်မ နိုင်ငံခြားကို ကိစ္စတစ်ခုနှင့် သွားရမည်။ သားနှင့်မေမေ့ကို မချန်ထားခဲ့ချင်ပါ။ မေမေနှင့် သားပါ နိုင်ငံခြား ရောက်ဖူးစေရန် တစ်ပါတည်း ခေါ်လာခဲ့သည်။
ကျွန်မ ၏ သားသည် အရွယ်နှင့် မလိုက်အောင် သွက်လက်ချက်ချာသည် ၊ စကားလဲ အလွန်ပြောတတ်သည်။ စဉ်းစားတွေးခေါ်မှုကလည်း ကျွန်မ ၏ ပျိုးထောင်မှုအောက်မှာ ကျွန်မ မှန်းထားသည့်စံကိုမီသည်။ စူးစမ်းတတ်သည်။ လေ့လာလိုစိတ်ရှိသည်။ မျက်နှာထားချိုသည်။ သို့သော်ပြုံးပြီးချိုနေခြင်းထက် ကြည်ပြီး ချိုနေခြင်းမျိုးကို ပိုရောက်သည်။ သားသည် ကျွန်မ အတွက် အားဆေးဖြစ်သည်။ သားလေးက သူ့အဖေအကြောင်း တစ်ခါမေးဖူးသည်။ ကျွန်မက သေဆုံးသွားပြီဖြစ်ကြောင်း ဖြေပြီးနောက်ပိုင်း အလိုက်သိစွာ ထပ်မမေးသော သားကို ကျေးဇူးတင်မိသည်။
နိုင်ငံခြားမှာ ကျွန်မ အလုပ်သွားသည့် အချိန် သားကို လိုက်ပို့ဖို့ သူငယ်ချင်းတွေထံ အကူအညီတောင်းရတော့သည်။ သားသည် လူတိုင်းနှင့်တည့်အောင်ပေါင်းပြီး တစ်နေ့လုံး လျှောက်သွားတတ်နေသည်။ သူငယ်ချင်းတွေ မအားသည့်နေ့တွင် သူတစ်ယောက်တည်း အိမ်ပတ်ဝန်းကျင်တွင် ကင်မရာတစ်လုံးနှင့် အလုပ်ရှုပ်နေတတတ်သည်။ တစ်ပါတ်အတွင်းမှာပင် အိမ်နားမှာလည်း လူလည်လေးဖြစ်လာပြီး ပေါက်ကျော်လေးဖြစ်လာသည်။ တစ်မြို့လုံးလည်း ဘယ်နားမှာ ဘာရှိတာက အစ သိနေလေတော့သည်။ ညည ကျွန်မ နှင့်သား ဆုံသည့် အခါတိုင်း စကားပင်ကောင်းကောင်းမပြောနိုင် ကျွန်မကို တွေ့ပြီးသည်နှင့် အိပ်ပျော်သွားတတ်သော သားလေးကို ကျွန်မ မြတ်နိုးစွာ မွှေးနမ်းမိတိုင်း မောင့်ကို သတိရမိနေတတ်သည်။
ဒီနေ့ရုံးအလုပ်တွေလဲ ပြီးပြီမို့ သားနှင့် အတူမြို့ထဲ ဈေးဝယ်ထွက်ကြသည်။ သူက ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ရင်း ကျွန်မကို ဦးဆောင်လေ့ရှိသည်။ ကျွန်မ သား၏ဦးဆောင်မှုကို သဘောကျကာ လိုက်လုပ်ပေးနေမိသည်။ သားက မေမေ ဒါလေးဝယ်ပါလား ပြောလျှင် ဝယ်လိုက်သည်။ ဒါလေး မဝယ်နဲ့နော် ဈေးကြီးတယ်ဟုပြောလျှင် ကျွန်မ ပြုံးကာ ခေါင်းငြိမ့်သဘောတူပေးလေ့ရှိသည်။ သားက ကျွန်မလက်ထဲမှ အထုပ်အပိုးများကို သူနိုင်သလောက် ကူသယ်ပေးသည်။ ဈေးကအပြန်လမ်းမှာ သားက
“မေမေ ဒီနေ့ ရုံးမသွားဘူးပေါ့နော်”
“အင်းပေါ့သားရဲ့ … သားဘာလုပ်ချင်လို့လဲ”
“ဘာမှ မလုပ်တော့ပါဘူး မေမေရဲ့။ သားလက်စွမ်းပြထားတဲ့ ဓာတ်ပုံတွေ မေမေ့ကို ပြမလို့” ဟုပြောသည်။
“အိုကေလေ…. အိမ်မှာ မေမေ့စက်ထဲ ထည့်ကြည့်ကြတာပေါ့”
ညကျတော့ သားနှင့် ကျွန်မ ဓာတ်ပုံလေးတွေ ကြည့်ကြသည်။ ရှုခင်းပုံများ ၊ ရှော့ပင်းစင်တာများ ၊ လူမှုဘဝပုံများ ၊ မီးပွိုင့်များ ၊ အဆောက်အဦးများ စသည်ဖြင့် စုံလင်လွန်းလှသည်။ ကျွန်မက သားကို
“လှတယ်ကွာ တော်လိုက်တာ ဘယ်သူ့သားလေးလဲကွ” ဟုမွှေးနမ်းကာ မေးလိုက်သည်။ သားကလည်း အားကျမခံ “မေမေ့သားပေါ့ဗျ” ဟု ပြန်ဖြေသည်။
သားရိုက်ထားသော ပုံများထဲမှ အမျိုးသမီးတစ်ယောက်ပုံကို ကျွန်မ အံ့သြစွာမျက်တောင်မခတ် ထပ်မကျော်ပဲ ကြည့်နေမိသည်။ ပုံစံက တော်တော်လေး ခေတ်ဆန်သည် ၊ ခေတ်အပြောဖြင့်ပြောလျှင် တော်တော်လန်းသည်ဟုပြောရမည်။ ရင် တဒိုင်းဒိုင်းခုန်သွားသည်။ ကျွန်မ မျက်လုံးတွေ ပွတ်သပ်ကြည့်ကာ ၊ သားကိုမေးမြန်းကြည့်သည်။ သားက
“အဲဒီအန်တီက ဟိုဖက်တိုက် မှာနေတာမေမေ ၊ သားကလည်း သူ့စတိုင်ကို သဘောကျတာနဲ့ ရိုက်လိုက်တာ ၊ သူက သားခွင့်မတောင်းပဲ ဓာတ်ပုံရိုက်တာကို မကြိုက်ဘူး ၊ သားလဲမှားသွားမှန်းသိလို့ အင်္ဂလိပ်လို သေသေချာချာ တောင်းပန်လိုက်တယ် မေမေ ၊ သူက သားကို ပြုံးပြီး Nevermind လို့ပြောတယ် ၊ သားနဲ့လဲ ခင်သွားတယ်”
ကျွန်မ စိုးရိမ်စွာဖြင့် သားကို နောက်မသွားဖို့ လူစိမ်းတွေနဲ့ သိပ်မရောဖို့ အကျိုးကြောင်းဖြင့် တားမြစ်ထားလိုက်သည်။ သားကတော့ ဘာမှ နားမလည်ရှာပါ။ ကျွန်မ စကားကို စဉ်းစားပြီးမှ လက်ခံနိုင်ကြောင်း ၊ မသိတာမေးနိုင်ကြောင်း လမ်းဖွင့်ထားပေးပါသည်။
ကျွန်မ ၏ တည်ငြိမ်ခဲ့သော စိတ်တို့သည် ဘာကြောင့် ၊ ဘယ်လို ၊ ဘယ်က စသည်ဖြင့် မေးခွန်းတို့ ဖြင့် ဝေဝါး ရှုပ်ထွေးသွားသည်။ ရင်ထဲမှ တလိမ့်လိမ့်ဖြင့် အိပ်မက် မက်နေသလိုလို ၊ တစ်ခုခုကို ဆုံးရှုံးရတော့ မလိုလို ခံစားနေရသည်။ ကျွန်မ မကြုံစဖူးအောင် တုန်လှုပ်မိနေပါသည်။ မောဟအတွေးတို့ကို အတင်းမောင်းထုတ်ပစ်နေရသည်။ ဓာတ်ပုံတစ်ပုံသည် ကျွန်မကို တစ်ညလုံးခြောက်လှန့်နေတော့သည်။
နောက်နေ့ ကျွန်မ အဲဒီတိုက်နားက ကစားကွင်းလေးနားမှာ သွားထိုင်နေမိပါသည်။ သားနှင့် မေမေ့ကိုတော့ ကျွန်မ မအားဟု အကြောင်းပြကာ သူငယ်ချင်းနှင့် ဒီကဘုန်းကြီးကျောင်းကို ရောက်ဖူးတယ်ရှိအောင် သွားကြဖို့ တိုက်တွန်းကာ လွှတ်လိုက်သည်။
ကျွန်မ တော်တော်ကြာကြာ ထိုင်စောင့်လိုက်ရသည်။ "တင်းတောင်" ဟူသော ဓာတ်လှေကားအသံသဲ့သဲ့ ကြားတိုင်း လှမ်းလှမ်းကြည့်ရသည်။ သူလာပြီ။ ဟုတ်သည်။ မောင်မှ မောင်ပါ … ဘယ်လိုမှ မမှားနိုင်ပါ။ ကျွန်မ ရင်းနှီးခဲ့ဖူးသော မျက်နှာတစ်ခုသည် အရင်နှင့် လုံးဝ ခြားနားသွားခဲ့ပြီလေ။
မိတ်ကပ်ပါးပါး ၊ နှုတ်ခမ်းနီလှလှ ၊ မျက်တောင်ကော့ကော့ ၊ ဇင်ယော်တောင်မျက်ခုံးများနှင့် ဆံနွယ်ကျော့ကျော့ကိုလည်း ကျောလည်အထိကို ခွေလိပ်လိပ်ပုံစံလေးတွေ ပြင်ထားသော မောင့်ကို ကျွန်မ မောင်ဖြစ်ကြောင်း လက်ခံလို့မရပါ။ သို့သော်ကျွန်မ၏ အသည်းနှလုံးထဲ စွဲနစ်နေသော မောင့်ကို ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့ပဲတွေ့တွေ့ မှတ်မိနေတာခက်လွန်းသည်။
ခုတော့ မောင်သည် သူတစ်ယောက်တည်းမဟုတ်တော့ ယောက်ျားတစ်ယောက်လက်မောင်းကို ကနွဲ့ကလျ မှီနွဲ့လို့ ၊ စကားတွေ တွတ်တီးတွတ်တာပြောလို့။ ရွှန်းလဲ့သော မျက်လုံးလေးက ထိုသူစိမ်းယောက်ျားကို ကလူကလယ်လေးကြည့်ပြီး မြူဆွယ်သည့်ဇယားလေးတွေနှင့်။ ကျွန်မ နှလုံးသွေးတွေ အရှိန်အဟုန်ဖြင့် ဦးနှောက်ဆီ တဖြန်းဖြန်း စီးဆင်းသွားသည်။ ကျွန်မ မျက်လုံးများကို မှိတ်ချလိုက်သည်။ သတိ ၊ သတိ ၊ ကျွန်မ သတိတရားတွေနှင့် ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းသည်။
ကျွန်မတို့ နှစ်ဦးသည် အရင်းနှီးဆုံး လူသားဘဝမှ အစိမ်းသက်ဆုံး အဖြစ်ကို ပြောင်းသွားခဲ့ပြီးပြီပဲ....။ အရင်က ကနွဲ့ကလျဖြစ်တာတွေ သိပေမယ့် ဒီလောက်ထင်မထားခဲ့။ မျက်ရည်လွယ်တာကလည်း ကျွန်မ သူ့ထက်အကြီးဆိုတော့ အားကိုးချင်လို့ ၊ ဆိုးချင်လို့ နွဲ့ချင်လို့ပဲလို့ နားလည်ပေးခဲ့သည်။ အလှကြိုက်တာကိုလည်း အပြစ်မမြင် သံသယမဝင်မိခဲ့ပေ။ ခုတော့ ယောက်ျားစိတ်မရှိသူကိုမှ ယောက်ျားအဖြစ် အသိအမှတ်ပြုခဲ့မိသော ကျွန်မကိုယ်ကျွန်မ ကံအကြောင်းမလှမှု ဟုသာ မှတ်ယူလိုက်ချင်ပါတော့သည်။ အတွေးများတစ်ညလုံး နှိပ်စက်နေသဖြင့် သားမျက်နှာကိုသာ ထိုင်ကြည့်နေမိသည်။ ကျွန်မတို့ သားအမိ တကယ်ကို ကံဆိုးခဲ့ပါသည်။
*************
နောက်တစ်နေ့ သိချင်စိတ်တို့ဖြင့် ထိုကစားကွင်းလေးမှာပဲထိုင်ကာ သူ့ကိုသွားချောင်း ကြည့်မိသည်။ သူတိုက်ပေါ်က ဆင်းလာသည်။ ဒီနေ့တော့ တစ်ယောက်တည်းဖြစ်သဖြင့် ကျွန်မ သူ့ဆီ ဦးတည်လျှောက်သွားလိုက်သည်။ သူ့မျက်နှာကား ကြောက်မက်ဖွယ်ကောင်းလောက်အောင် အကြီးအကျယ် ပျက်သွားသည်။ ကျွန်မကို ရှောင်ထွက်မသွားပဲ ရင်ဆိုင်သည့် အတွက် ကျေးဇူးတင်ရမည်။
ကျွန်မ သူ့ကို စူးနစ်စွာ စိုက်ကြည့်လိုက်သည်။ ကျွန်မတို့ နှစ်ယောက်အကြား ၂ ပေခန့် အကွာအဝေးသည်ပင် စကြ်ာဝဠာကြီး ခြားနေသယောင်ယောင် ထင်မှတ်ရသည်။ ကျွန်မ တို့ နှစ်ယောက်ကြား တိတ်ဆိတ်ခြင်းသည် ကြောက်မက်ဖွယ်ရာ မုန်တိုင်း တစ်ခု၏ အစနှင့် ခပ်ဆင်ဆင်တူသည်။ ကျွန်မ ဒီတိတ်ဆိတ်ခြင်းကို မုန်းသည်။ ကျွန်မ ဒီဆုံးရှုံးခြင်းကို ကြောက်သည်။ ကျွန်မ ဒီလို အဖြစ်မျိုးကို နာကျည်း ဝမ်းနည်းမိသည်။
“မာမာ…..” သူ့ခေါ်သံ တိုးတိုးလျလျ လေးသည် ကျွန်မနားထဲ တွင် ဗုံးပေါက်ကွဲသလို ဖြစ်ပြီး ကျွန်မ ပြုံးလိုက်သည်။ ကျွန်မ၏ အပြုံးသည် အဓိပ္ပာယ်အများကြီးပါနေသော အပြုံးလည်း ဖြစ်နေနိုင်ပါသည်။ နာကျည်းချက်များလည်း ပျော်ဝင်နေသည့် အပြုံးဖြစ်တာကတော့ သေချာပါသည်။
“အော် မှတ်မိသေးတယ်နော်။ နင်ငါ့ကို ပစ်ထားခဲ့တာ ဒါ့ကြောင့်ကိုး…..”
ကျွန်မ နှုတ်က ဒီစကားလေးတစ်ခွန်းသည် ဘယ်လောက်အတိုင်းအတာထိ ထိခိုက်သွားစေသည်လဲ ကျွန်မ မစဉ်းစားတော့ပါ။ သူ့မျက်ဝန်းမှာ မျက်ရည်တွေပြည့်အိုင်လာသည်။ မျက်နှာကို လက်ဖဝါးနှင့်အုပ်ကာ သိမ့်သိမ့်ရှိုက်ငိုသည်။ ဇနီးဟောင်းဖြစ်သူ ကျွန်မကို ဒီပုံစံနဲ့ရင်ဆိုင်နေရတာ သူရှက်နေမှန်းကျွန်မ နားလည်ပါသည်။ သူဝမ်းနည်းအားငယ်နေတာလည်း ကျွန်မသိပါသည်။ ကျွန်မ မှာ ငိုစရာမျက်ရည်မရှိပါ။ ကျွန်မ နှလုံးသွေးများ ပေါက်ထွက်သွားပြီး မျက်ရည်များပါသွားခဲ့ပုံရပါသည်။ ပြောစရာစကားလဲ မရှိတော့ပါ။ ကျွန်မ သူ့ကို ဘာစကားမှ မပြောပဲ ကြည့်နေမိပါသည်။
သူက အတန်ကြာ အားရအောင် တရှိုက်ရှုက်ငိုပြီး နီရဲမို့အစ်သော မျက်လုံးများဖြင့်….
“ကလေးကော မာမာ”
အော်…. သူ့ကလေးတော့ မေးရှာသား ဟု စိတ်ထဲမှ ရေရွတ်ကာ နှုတ်မှတော့ အေးစက်တည်ငြိမ်စွာဖြင့်
“ဖျက်ချလိုက်ပါပြီ” ဟု နာကျင်စွာ ညာပြောလိုက်သည်။ ကျွန်မသား၏ အဖေသည် ဒီလိုပါလားဟု သားကို အသိမခံဝံ့ပါ။ သား၏အဖေ ကျွန်မတို့ မိသားစုကို လာရောက်ပတ်သက်မည်ကိုလဲ မလိုလားပါ။ သားအတွက် ကျွန်မ ပြတ်သားရပါလိမ့်မည်။ ကျွန်မ ရင်သည် နာကျင်စူးအောင့်နေသည်။ သို့သော်ကျွန်မ ထိန်းနိုင်ရမည်။ ကျွန်မ ပါးနပ်စွာဖြင့် စကားလွှဲလိုက်သည်။
“အစစအရာရာ အဆင်ပြေတယ်မို့လား”
“အင်း ပြေပါတယ်”
ခါးသီး နာကျည်းစိတ်ဖြင့် သူ့ကို နာကျင်သွားအောင် ပြောပစ်လိုက်ချင်သော်လည်း ကျွန်မနှုတ်က ဘာစကားမှ ထပ်ထွက်မလာနိုင်လောက်အောင် အာခေါင်တွေ စေးကပ်နေသည်။ ကျွန်မ အားတင်းလိုက်သည်။
ကျွန်မ သားအတွက် အသက်ရှင်ရပါမည်။ သားအတွက်ရပ်တည်ပေးမည့် မိခင်ကောင်းတစ်ယောက် ဖြစ်စေရမည်။ သားအတွက် ဖခင်မေတ္တာရော မိခင်မေတ္တာပါ အပြည့်အဝပေးမည်။ ကျွန်မ ခေါင်းကို မော့ ရင်ကိုကော့ကာ သူ့ကိုနှုတ်ဆက် ထွက်လာခဲ့သည်။ ဒီနှုတ်ဆက်ခြင်းသည် ဘဝအတွက် အပြီးနှုတ်ဆက်ခြင်းပင်ဖြစ်ပါသည်။
**********
နောက်တစ်နှစ် ကျွန်မ နိုင်ငံခြားကို အစည်းအဝေးကိစ္စ ၊ ပရောဂျက်ကိစ္စများဖြင့် ထပ်သွားရပါသည်။ အရင်နှစ်က တည်းသည့် အိမ်မှာပင်တည်းပါသည်။ ထူးဆန်းသည်က တမ်းတခြင်းများသည် ကျွန်မရင်မှာ ခြောက်ခမ်းသွားခြင်းပင်ဖြစ်သည်။ အရာအားလုံးသည် နေသားတကျ ပုံမှန်အတိုင်း ဖြစ်နေပါတော့သည်။
ကျွန်မဘဝထဲမှ လက်မခံနိုင်တော့သော လူတစ်ယောက်ကို ကျွန်မဘဝထဲမှ ထုတ်ပစ်ပြီးသား ဖြစ်ပါသည်။ မနက်ဖြန်တိုင်းတွင် အမှတ်တရ ဆိုတာမရှိတော့ပါ။ တမ်းတစရာမလိုသော လူတစ်ယောက်ကို တမ်းတနေရလောက်အောင် ကျွန်မ မမိုက်မဲတော့ချေ။
ဒီနေ့ ထူးထူးခြားခြား ဟိုဖက်တိုက်မှာ ရဲတွေ ၊ လူတွေဝိုင်းအုံနေသည်။ သွေးသံတရဲရဲ နှင့် ကျိုးပဲ့နေသော အရိုးဖြူဖြူများထွက်နေသလက်များကား အုပ်ထားသည့် ပိတ်စ အပြင်ကို ပြူထွက်ချင်နေသည်။ ကျွန်မ မေးမြန်းကြည့်လိုက်တော့ လိင်ပြောင်းလွဲထားသောလူတစ်ယောက် ၁၀ ထပ်ပေါ်မှ ခုန်ချသည်တဲ့ ၊ သူ့ အမျိုးသား နောက်ထပ် မိန်းမအစစ်နဲ့ ယူသွားလို့ ဟုလည်းပြောကြသည်။
ကျွန်မ ရဲတွေကြားမှ အတင်းတိုးကာ အလောင်းပေါ်အုပ်ထားသောပိတ်ဖြူစကို ဖျတ်ခနဲ ဆွဲဖွင့်ကြည့်လိုက်တော့…………
စာဖတ်သူရင်ထဲကို တစ်ခုခုပေးနိုင်မည်ဟု မျှော်လင့်လျက်......
မေသိမ့်သိမ့်ကျော်
www.maytheint2kyaw.com
0 comments:
Post a Comment