Sunday, March 27, 2011

"ရိုးရာဓလေ့ အသိပညာ နှင့် သဘာဝ ဘေးအန္တရာယ် ".


ရိုးရာဓလေ့ အသိပညာသည် လူသားတိုင်းတွင် စွဲမြဲခိုင်မာစွာ လိုက်နာကျင့်သုံးနေသော ယုံကြည်မှု၊ လုပ်ကိုင်မှုတစ်မျိုးပင် ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး အစရှိသည့် နယ်ပယ်အသီးသီးတို့တွင် ဘိုးဘွားဘီဘင်မှစ၍ သားစဉ်မြေးဆက် အလေးထား လိုက်နာကျင့်သုံးခဲ့ကြသော ထုံးတမ်းစဉ်လာများ အဖြစ်လည်း တွေ့ရှိနိုင်ပါသည်။ နေ့စဉ် ကြုံတွေ့နေကြသော လူမှုဘဝနယ်ပယ်တွင် အလုပ်သစ်တစ်ခုကိုဖြစ်စေ မလုပ်ဖြစ်သည်မှာ ကြာပြီဖြစ်သော အလုပ်တစ်ခုကိုဖြစ်စေ ရုတ်တရက် လုပ်ကိုင်ရန် ကြုံတွေ့ခဲ့ရပါက စတင်လုပ်ကိုင်ရန် ချီတုံချတုံ ဖြစ်နေတတ်ပါသည်။ ထိုအချိန်တွင် အနီးအနားရှိ အတွေ့အကြုံ ရင့်ကျက်မှုရှိသူတစ်ဦးဦးက တို့ရဲ့ဓလေ့ထုံးစံအရ ဆိုရင်တော့ ဒီလိုလုပ်သင့်တယ်ဟု အကြံပေး တိုက်တွန်းလိုက်မည်ဆိုပါက ထိုအလုပ်ကို အလွယ်တကူပင် လုပ်ကိုင်ဖြစ်ကာ အောင်မြင်ပြီးမြောက် သွားလေ့ရှိသည်ဟု သိရပါသည်။ မြန်မာမှုနယ်ပယ်တွင် “ရှေးထုံးလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့်” ဟူသော စကားပုံသည် ရှေးထုံးစဉ်လာများကို အလေးထားရန် လိုအပ်ကြောင်း သတိပေး ဆုံးမစကား တစ်ခုအဖြစ် ထင်ရှားစွာ တွေ့ရှိရပါသည်။ ဤနေရာတွင် မိသားစုတစ်စုတွင် အတွေ့အကြုံများခြင်း ရိုးရာဓလေ့ အသိပညာကို သိနားလည်ခြင်းသည် ၄င်းမိသားစုအား ဘေးအန္တရာယ်မှ အကာအကွယ် ပေးနိုင်ခြင်းဟူသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၊ ဒေသအမျိုးမျိုး၊ လူမျိုးအထွေထွေ၊ ယဉ်ကျေးမှုအဖြာဖြာ တို့တွင် ရိုးရာဓလေ့ အသိပညာများကို သိသာထင်ရှားစွာ ဖြစ်စေ၊ သွယ်ဝိုက်သော သဘောဖြင့် မထင်မရှားဖြစ်စေ လူမှုကဏ္ဍအသီးသီးကို လွှမ်းမိုး နေရာယူလျက်ရှိကြောင်းကို တွေ့ရှိနိုင်ပါသည်။ ယခုအခါ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်တွင် သဘာဝ ဘေးအန္တရယ်အမျိုးမျိုးသည် ယခင်အခါကထက် ပို၍ ပြင်းထန်လာခြင်း၊ ဖြစ်ပွားသည့် အကြိမ် ပိုမိုများပြားလာခြင်း စသည်တို့ကို တွေ့ရှိလာရပါသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်တွင် လူပေါင်းသန်း ၂၀ဝ ကျော်သည် သဘာဝ ဘေးအန္တရာယ်များ၏ ဒဏ်ကို ခံနေကြရပါသည်။ ဤသို့သော အခါကာလတွင် သဘာဝဘေးဒဏ်များကို ရိုးရာဓလေ့ အသိပညာများကို အသုံးပြုခြင်းဖြင့် ကာကွယ်ခြင်း၊ လျှော့ချခြင်းများ ပြုလုပ်ရန် လိုအပ်လာပြီဟု ယုံကြည်မိပါသည်။
ယနေ့ခေတ်အခါတွင် သတင်းနှင့် ဆက်သွယ်ရေး နည်းပညာများ တိုးတက်လာမှုကြောင့် သဘာဝ ဘေးအန္တရာယ် ထိခိုက်မှုလျှော့ချရေး လုပ်ငန်းများ ပိုမိုထိရောက်မှုရှိလာသည်မှာ အမှန်ပင် ဖြစ်ပါသည်။ သို့သော် ယင်း နည်းပညာများ ကျေးလက်ဒေသအထိ ပျံ့နှံ့စေရန် လုံလောက်သော ငွေကြေးနှင့် အချိန်ကာလတို့ လိုအပ်မည် ဖြစ်ပါသည်။ဤလိုအပ်ချက်များသည် ဖွံ့ဖြိုးပြီး နိုင်ငံများအတွက် အခက်အခဲ မရှိနိုင်သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များအတွက်မူ အခက်အခဲကြီးမားစွာ တွေ့ကြုံရလိမ့်မည် ဖြစ်ပါသည်။ ရိုးရာဓလေ့ အသိပညာ၏ အဓိကအားသာချက်မှာ သက်ဆိုင်ရာဒေသ၏ သဘာဝတရားကို အခြေခံပြုထားသဖြင့် ရပ်ရွာထွက်ပစ္စည်းများဖြင့် ငွေကုန်ကြေးကျ သက်သာစွာဖြင့် လွယ်ကူ လျင်မြန်စွာ အသုံးပြုနိုင်ခြင်းပင် ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များတွင် ယေဘုယျအားဖြင့် နိုင်ငံလူဦးရေ၏ လေးပုံသုံးပုံခန့်သည် ကျေးလက်နေသူများဖြစ်ပြီး၊ ၄င်းတို့၏ နိစ္စဓူဝ ကိစ္စများတွင် ရိုးရာဓလေ့ အသိပညာများကို အသုံးပြုရန် အလွန်ပင် သင့်လျော်လှကြောင်း တွေ့ရှိနိုင်ပါသည်။

ကျေးလက်ဒေသတွင် နေထိုင်သူအားလုံးနီးပါး၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတု အခြေအနေပေါ်တွင် များစွာ အားကိုးအားထားပြုရသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ရာသီဥတု ဖောက်ပြန်ပါက စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးလေ့ ရှိပါသည်။ အထူးသဖြင့် မိုးရွာသွန်းမှု ပုံမှန်ဖြစ်ပေါ်စေရန် လယ်သမားများက အမြဲတမ်းလိုလို ဆုတောင်း မျှော်လင့်နေကြရလေ့ ရှိပါသည်။ မြန်မာလယ်သမားများ လောကတွင် ရိုးရာဓလေ့အရ “မိုးစနေ လေရာဟု” ဆိုရိုး စကားရှိပါသည်။ နက္ခတ်ဂြိုဟ်ခွင် သဘောအရ စနေထောင့် ခေါ် အနောက်တောင်အရပ်မှ လာသောမိုးသည် ပုံမှန်ရွာသွန်းခြင်း ဖြစ်ပါသည်။ မိုးကောင်းကင်ကြီး တစ်ခုလုံး အနီရောင်သန်းနေပါက ရာဟုထောင့် အနောက်မြောက်အရပ်မှ လေနီကြမ်း တိုက်ခတ်လေ့ရှိသည်ဟု ဆိုရိုးပြုလေ့ရှိပါသည်။ မိုးလေဝသပညာရှင်တစ်ဦး ပြောလေ့ရှိသော ရိုးရာဓလေ့စကားတစ်ခုမှာ “တောင်လေ တသွေးသွေး၊ ယာသမားရောင် တဖွေးဖွေး” ဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ယာသမားများအနေဖြင့် တောင်လေ တိုက်ခတ်လာပါက မိုးရွာတော့မည်၊ ယာလုပ်ငန်းကို ကောင်းစွာ စတင်လုပ်ကိုင်ရတော့မည်မှာ သေချာပြီ ဖြစ်သဖြင့် သဘောကျ ကျေနပ်နေပုံကို ဖော်ပြသော ရပ်ရွာဓလေ့တစ်ခုကို ဖော်ပြထားခြင်းပင် ဖြစ်ပါသည်။ မှန်ပါသည်၊ မိုးရွာမှသာ ပျိုးသာနိုင်မည်၊ စိုက်ပျိုးရေးသမားများအတွက် ဝမ်းစာဖူလုံပြီး မြေကြီးကရွှေသီး နိုင်မည် ဖြစ်ပါသည်။
ကျေးလက်ဒေသတွင် နေထိုင်သူအားလုံးနီးပါး၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတု အခြေအနေပေါ်တွင် များစွာ အားကိုးအားထားပြုရသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ရာသီဥတု ဖောက်ပြန်ပါက စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးလေ့ ရှိပါသည်။ အထူးသဖြင့် မိုးရွာသွန်းမှု ပုံမှန်ဖြစ်ပေါ်စေရန် လယ်သမားများက အမြဲတမ်းလိုလို ဆုတောင်း မျှော်လင့်နေကြရလေ့ ရှိပါသည်။ မြန်မာလယ်သမားများ လောကတွင် ရိုးရာဓလေ့အရ “မိုးစနေ လေရာဟု” ဆိုရိုး စကားရှိပါသည်။ နက္ခတ်ဂြိုဟ်ခွင် သဘောအရ စနေထောင့် ခေါ် အနောက်တောင်အရပ်မှ လာသောမိုးသည် ပုံမှန်ရွာသွန်းခြင်း ဖြစ်ပါသည်။ မိုးကောင်းကင်ကြီး တစ်ခုလုံး အနီရောင်သန်းနေပါက ရာဟုထောင့် အနောက်မြောက်အရပ်မှ လေနီကြမ်း တိုက်ခတ်လေ့ရှိသည်ဟု ဆိုရိုးပြုလေ့ရှိပါသည်။ မိုးလေဝသပညာရှင်တစ်ဦး ပြောလေ့ရှိသော ရိုးရာဓလေ့စကားတစ်ခုမှာ “တောင်လေ တသွေးသွေး၊ ယာသမားရောင် တဖွေးဖွေး” ဖြစ်ပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ယာသမားများအနေဖြင့် တောင်လေ တိုက်ခတ်လာပါက မိုးရွာတော့မည်၊ ယာလုပ်ငန်းကို ကောင်းစွာ စတင်လုပ်ကိုင်ရတော့မည်မှာ သေချာပြီ ဖြစ်သဖြင့် သဘောကျ ကျေနပ်နေပုံကို ဖော်ပြသော ရပ်ရွာဓလေ့တစ်ခုကို ဖော်ပြထားခြင်းပင် ဖြစ်ပါသည်။ မှန်ပါသည်၊ မိုးရွာမှသာ ပျိုးသာနိုင်မည်၊ စိုက်ပျိုးရေးသမားများအတွက် ဝမ်းစာဖူလုံပြီး မြေကြီးကရွှေသီး နိုင်မည် ဖြစ်ပါသည်။

မိုးရွာသွန်းမှုကို ခန့်မှန်းရန် မလွယ်ကူကြောင်း မြန်မာ့ဓလေ့ ဆိုရိုးစကားများစွာ ရှိပါသည်။ “မိုးဖြူမစဲ မိုးမည်းမရွာ” ဟု မျှော်လင့်သည့်အတိုင်း မဖြစ်တတ်ပုံကို စာချိုးထားမှုများလည်း တွေ့ရတတ်ပါသည်။ ကောင်းကင်တစ်ခုလုံး မှောင်မည်းနေသဖြင့် မိုးရွာတော့မည်ဟု ထင်ရသော်လည်း၊ လက်တွေ့တွင် မိုးမရွာမှုများလည်း ရှိတတ်ပါသည်။ ဤသို့ ဖြစ်ရခြင်းမှာ ဖြစ်ပေါ်နေသော မိုးတိမ်တောင်များကို လေပြင်းများ တိုက်ခတ်မှုကြောင့် လွင့်မျောသွားပြီး မိုးမရွာတော့ခြင်း ဖြစ်နိုင်သကဲ့သို့ ကောင်းကင်တွင် မိုးသားတိမ်လိပ်များ မမြင်ရသော်လည်း၊ ရုတ်တရက် ပေါ်ပေါက်လာသော လေပွေလှိုင်းများ၊ ပြန်ကျမိုများကြောင့်လည်း မမျှော်လင့်ဘဲ မိုးသည်းတတ်ပုံကို တင်စားဖွဲ့ဆိုထားသည့် ဆိုရိုးစကားများကို တွေ့ရနိုင်ပါသည်။ ဤသို့သော အခါမဲ့ရွာသော မိုးများကြောင့်လည်း စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်ဆုံးရှုံးလေ့ရှိကြောင်း သိရပါသည်။
ဆိုင်ကလုန်းမုန်တိုင်းကို နှစ်စဉ်ပြင်းထန်စွာ ခံစားရလေ့ရှိသော အာရှတိုက်တောင်ပိုင်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၊ မတ်လအတွင်းက သဘာဝဘေးအန္တရာယ် လျော့ပါးရေးတွင် ရိုးရာဓလေ့ အသိပညာကို လက်တွေ့ အသုံးချရေးနှင့် ပတ်သက်သော ဒေသတွင်း နိုင်ငံများ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ စာတမ်းရှင်တစ်ဦးက စာတမ်းဖတ်ကြားရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် မုန်တိုင်းကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်ကို အစဉ်အလာ အတွေ့အကြုံအရ ကောင်းစွာနားလည်နေကြပါသည်။ ၄င်းတို့၏ ကျွမ်ကျင်မှုသည် ယခုခေတ်ပါရဂူဘွဲ့ရများထက် ၁၅နှစ်ခန့် စောလိမ့်မည် ဖြစ်ကြောင်း ရိုးရာဓလေ့ အသိပညာကို တင်စားလျက် ဖော်ပြခဲ့ကြောင်း သိရပါသည်။မြန်မာနိုင်ငံသမိုင်းကြောင်းတွင် မကြုံစဖူး လူတို့၏ အသက်အိုးအိမ် စည်းစိမ်ပေါင်းများစွာ ပျက်စီးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၏ ဒဏ်ကို ၂၀ဝ၈ ခုနှစ်၊ မေလက တွေ့ကြုံခဲ့ကြရပြီး ဖြစ်ပါသည်။ အသက်ဘေးမှ လွတ်မြောက်ကျန်ရစ်သူများ၏ အတွေ့အကြုံများကို ပြန်လည်ဆန်းစစ်ကြည့်သောအခါ တူညီသော အချက်အလက်များကို တွေ့ရှိရပါသည်။ ၄င်းတို့အနက် ထင်ရှားသည်မှာ မုန်တိုင်း ဒီရေများ တက်မလာမီကြိုတင်၍ ရွှံ့နွံအနံ့အသက်များကို ရှုရှိုက်ရကြောင်း ဒေသခံအများစုက ပြောကြပါသည်။ ဒီရေများ တက်လာသည့် အသံများကိုလည်း ကြိုတင်၍ ကျယ်လောင်စွာ ကြားခဲ့ရကြောင်း ပြောကြပါသည်။ မုန်တိုင်းဒီရေနှင့် သဘောသဘာဝခြင်း မတူသော ဆူနာမီရေလှိုင်းများမှာမူ ရေလှိုင်းများမတက်မီ ပင်လယ်ရေမျက်နှာပြင်သည် ရုတ်တရက် အလွန်အမင်း နိမ့်ဆင်းသွားလေ့ ရှိပါသည်။ ထို့ကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသတွင် နေထိုင်ကြသောသူများအနေဖြင့် ဤကဲ့သို့ ထူးခြားသော သဘာဝ အခြင်းအရာများကို တွေ့ရှိခဲ့ပါက မိမိတို့တွင်ရှိသော ရိုးရာဓလေ့ အသိပညာများကို အခြေခံကာ ကျရောက်လာမည့် ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်စေရန်နှင့် ထိခိုက်မှုလျော့နည်းစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသတွင်ရှိသော ဒေါင်းသေချောင်း၊ မုန်းချောင်းစသည့် သဲချောင်းကြီးများတွင် မိုးရာသီကာလ၌ အထက်ပိုင်း ချောင်းဖျားအရပ်တွင် မိုးရွာပါက ၄င်းမိုးရေများသည် ချောင်းရိုးတစ်လျှောက် တစ်ရှိန်ထိုး လျင်မြန်စွာ စီးဆင်းလာလေ့ ရှိပါသည်။ ယင်းသို့ လျပ်တစ်ပြက် ရေကြီးခြင်း အန္တရာယ်ကို ဒေသခံများသာလျှင် သိနားလည်ကြပြီး၊ ဤဒေသသို့ တစ်ခါတစ်ရံမှ ရောက်ရှိနေသူများအနေဖြင့် မသိနိုင်ကြပါ။ ထို့ကြောင့် ဒေသခံများအနေဖြင့် ဤသို့သော အန္တရာယ်များ မဖြစ်ပေါ်စေရန် ကြိုတင်အသိပေး၍ ကာကွယ်ပေးနိုင်ရန် တာဝန်ရှိသည်ဟု ဆိုနိုင်ပါသည်။မြန်မာနိုင်ငံ မြစ်ဝကျွမ်းပေါ်ဒေသတွင် ရေကြီးခြင်း၊ ရေလျှံခြင်းကို ကာကွယ်ရာ၌ အသုံးပြုသော ရိုးရာဓလေ့ အသိပညာတစ်ခု၏ အသုံးဝင်ပုံကိုလည်း ထင်ရှားစွာ တွေ့ရှိရပါသည်။ မြစ်ရေလျှံလေ့ရှိသော မြစ်ကမ်းတစ်လျှောက်တွင် မြေသားတမံ ရေကာတာများ ရှိပါသည်။ ယင်းရေကာတာများတွင် ကဏန်း၊ မြွေကွက် စသည့် မြေအောင်းသတ္တဝါများကြောင့် ရေများ တစိမ့်စိမ့်ထွက်ကာ တာရိုးကျိုးပေါက်ခြင်းများ ဖြစ်တတ်ပါသည်။ ၄င်းတို့ဒေသအခေါ်အားဖြင့် ထူးပေါက်ဟု ခေါ်ပါသည်။ ဒေသဓလေ့အရ ယင်း ရေယိုသောနေရာတွင် ဝါးလုံး၊ ဝါးထရံနှင့် သဲများကို အသုံးပြုကာ ယိုင်ခွေနှစ်ထပ်ကာရံခြင်းအားဖြင့် တာရိုးတစ်ဖက်နှင့်တစ်ဖက် ရေဖိအား ညီမျှကာ ရေစိမ့်ထွက်မှုကို တားဆီးနိုင်ကြောင်း တွေ့ရှိရပါသည်။ ကုန်ကျစရိတ် သက်သာပြီး လျင်မြန်လွယ်ကူစွာဖြင့် ရေကြီးခြင်း ဘေးအန္တရာယ်ကို ကာကွယ်နိုင်သော အသုံးတည့်သည့် ဒေသနည်းပညာ တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။
မိုးရွာမည့် အတိတ်နိမိတ်အဖြစ် ကောက်ယူလေ့ရှိသော ရိုးရာဓလေ့ အသိပညာအမျိုးမျိုးကို တွေ့ရှိနိုင်ပါသည်။ ပုရွတ်ဆိတ်များ နိမ့်ရာမှမြင့်ရာသို့ အစာများ သယ်ဆောင်ပြောင်းရွှေ့ခြင်း၊ ရေကြက်မများ အသိုက်ကို ရေစပ်တွင် ပြုလုပ်လေ့ရှိရာမှ ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့ပြုလုပ်ခြင်း၊ ဆင်ငိုမြက်များ ပိုမိုသန်မာခြင်း၊ စာဗူးတောင်း ငှက်အသိုက်များ အမြင့်ပိုင်းသို့ ပြောင်းရွှေ့ပြုလုပ်ခြင်း၊ ဆင်နှာမောင်းပင် အရွက်များ အထက်သို့ ကော့တက်ခြင်း အစရှိသည်တို့သည် မိုးများခြင်း၊ ရေကြီးခြင်းတို့၏ အတိတ်နိမိတ်များပင် ဖြစ်ပါသည်။ ထို့အတူ ယင်းနိမိတ်များကို လေပြင်းတိုက်ခတ်မည့် အကြောင်းခြင်းရာ သင်္ကေတများအဖြစ်လည်း မှတ်ယူနိုင်ပါသည်။ ထို့အပြင် သရက်ပင်များတွင် ပုံမှန် အခြေအနေထက်ပို၍ အဖူးအပွင့်များ ထူးကဲစွာ ဖူးပွင့်သည့် နှစ်များတွင် လေပြင်း တိုက်ခတ်လေ့ ရှိသည်ဟု ဒေသခံများက ယုံကြည်ထားကြပါသည်။ ဤရိုးရာဓလေ့ကို သိပ္ပံနည်းကျစွာ သုံးသပ်ကြည့်ပါက သရက်ပင်တစ်ပင်မှ နှစ်စဉ် သီးနေကြ သရက်သီး အရေအတွက်သည် လေပြင်း တိုက်ခတ်ခဲ့ပါက ပျက်စီးလျော့နည်းသွားမည် ဖြစ်သည့်အတွက် သဘာဝတရားက ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုမိုဖူးပွင့် ပေးထားခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။ ထို့အပြင် သဘာဝအတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် သဘာဝ ဘေးအန္တရာယ်များ၏ ကြောင်းကျိုးဆက်နွှယ်မှု ပြယုဂ်တစ်ခု အဖြစ်လည်း ခံစားနားလည်နိုင်ပါသည်။
ထို့အပြင် အိမ်မွေးတိရစ္ဆာန်များတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်မည့် အလားအလာကို ကြိုတင်သိရှိနိုင်သော သဘာဝ စွမ်းရည်သတ္တိများရှိကြောင်း တွေ့ရှိရပါသည်။ ဥပမာအားဖြင့် မြေငလျင်လှုပ်တော့မည့် အချိန်တွင် အလှမွေးငါးကလေးများသည် ဂဏာမငြိမ်ဘဲ ရောက်ရက်ခတ် လှုပ်ရှားနေတတ်သည်ကို ဂျပန်နိုင်ငံမှ အစပြု၍ အခြားနိုင်ငံများတွင်လည်း စောင့်ကြည့်လေ့လာနိုင်သည့် ရိုးရာဓလေ့ အသိပညာတစ်ရပ်အဖြစ် တွေ့ရှိရပါသည်။ ထို့အတူ ကျွဲ၊ နွားစသည့် တိရိစ္ဆာန်များသည်လည်း ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပေါ်တော့မည်ဆိုလျှင် ထူးခြားသောအသံများ ပြုလေ့ရှိကြောင်း၊ ကျီးကန်းများ အချိန်အခါ မဟုတ် ဆူညံစွာ အော်ဟစ်ပျံဝဲလေ့ရှိကြောင်း အတွေ့အကြုံရှိသည့် ဒေသခံလူကြီးများက မှတ်သားပြောဆိုလေ့ရှိပါသည်။သဘာဝဘေးအန္တရာယ် လျှော့ချရေး အစည်းအဝေးတစ်ခုဖြစ်သော (Hyogo Framework for Action ၂၀ဝ၅-၂၀၁၅) နိုင်ငံပေါင်းစုံ စီမံကိန်း၏ ဦးစားပေးအဆင့် ၃ သည် ပညာရေးကဏ္ဍနှင့် အသိပညာ ဗဟုသုတကြွယ်ရေး ဖြစ်ပါသည်။ ထို့ပြင် ရိုးရာဓလေ့ အသိပညာကို လုံခြုံ၍ ခုခံကာကွယ် စွမ်းရည်ပြည့်ဝသော လူ့ဘောင် အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်သော နည်းလမ်းတစ်ခုအဖြစ် အသိအမှတ်ပြုထားပါသည်။မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို အများဆုံး တွေ့ကြုံခံစားရသော ဒေသသည် ရခိုင်ပြည်နယ် ဖြစ်ပါသည်။

ထို့ကြောင့် ယခုအခါတွင် ရခိုင်ပြည်နယ်သားများသည် အစဉ်အဆက် ရရှိလာသော အတွေ့အကြုံများကို အခြေခံကာ တိုးတက်လာသော ဆက်သွယ်ရေး နည်းပညာများ၊ ကြိုတင်သတိပေးစနစ်များဖြင့် မုန်တိုင်းဒဏ်ကို ကောင်းစွာ ခုခံတွန်းလှန်နိုင်ကြပြီ ဖြစ်ပါသည်။ ဤကဲ့သို့ စွမ်းဆောင်ရည်မြင့်တက်လာမှုကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ကျရောက်ခဲ့သော ဂီရိမုန်တိုင်း တိုက်ခတ်မှုတွင် ထင်ရှားစွာ တွေ့ရှိခဲ့ရပါသည်။ မုန်တိုင်း အတွေ့အကြုံမရှိ၊ မြစ်ချောင်းပေါများသည့် မြေပြန့်ဒေသဖြစ်သော ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀ဝ၈ ခုနှစ်က ကျရောက်ခဲ့ဖူးသော နာဂစ်ဆိုင်ကလုန်းတွင် လူတစ်သိန်းကျော် သေဆုံးပျက်စီးခဲ့သော်လည်း၊ ယခု ဂီရိဆိုင်ကလုန်းတွင်မူ မုန်တိုင်းအတွေ့အကြုံ များပြားခြင်း၊ တောင်ကုန်းတောင်တန်းများ ပေါများခြင်း၊ ကြိုတင် ပြင်ဆင်ကာကွယ်ရေးများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း စသည့် အချက်များကြောင့် လူ ၃၀ ခန့်သာ သေဆုံးခဲ့ကြောင်း အပျက်အစီး လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ အများပြည်သူများ သိရှိပြီးဖြစ်သော အထက်ပါ မုန်တိုင်းနှစ်ခု၏ ထိခိုက်မှုကို နှိုင်းယှဉ်လေ့လာခြင်းအားဖြင့် ရိုးရာဓလေ့ အသိပညာနှင့် ခေတ်မီ ဆက်သွယ်ရေး နည်းပညာများကို စနစ်တကျ ပေါင်းစည်း အသုံးပြုခြင်းအားဖြင့် သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများကို အတတ်နိုင်ဆုံး လျှော့ချပေးနိုင်ပါကြောင်း အလေးထားလျက် တင်ပြလိုက်ရပါသည်။

Ref: Cross Regional Workshop on Indigenous Knowledge on Disaster Risk Reduction at Bangladesh. 8th to 10th March. 2010. “ဒေသတွင်း သဘာဝဘေး လျော့ပါးရေးနှင့် စပ်လျဉ်းသည့် ရိုးရာဓလေ့ဆိုင်ရာ ဆောင်ရွက်ချက်များ” အလုပ်ရုံဆွေးနွေးပွဲ။
စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၀ ပြည်hနှစ်၊ စင်ထရယ်ဟိုတယ်၊ ရန်ကုန်မြို့။
ဒေါက်တာမြင့် (ပထဝီဝင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...