Sunday, March 6, 2011

သက်ရှိငြိမ်းချမ်းရေး




“လူတွေနဲ့ ဝေး ဝေး ဝေးတဲ့နယ်မြေ ...

ထာဝရငြိမ်းချမ်းမှု ရှာကာပျော်ရွှင်နေ

သဘာဝရဲ့ ရင်သွေးငယ်တွေ … ”

ဆရာစိုင်းခမ်းလိတ်ရဲ့တေးသွား

အကြိမ်ကြိမ် ခံစားဖူးပါ၏။



သို့ငြား

အကျွန်ုပ် မသွားလိုပါ

လူတွေနဲ့ဝေးရာ

ထာဝရငြိမ်းချမ်းမှု မရလည်း ရှိစေတော့၊



အကျွန်ုပ်သည်ကား

ဖန်တီးခံလူသားမဟုတ်

ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်ထဲက

နောက်ဆုံးကျ ခေတ်သစ်လူသား

ယဉ်ကျေးမှု အသစ်တွေနဲ့လူသား

ဗဟုလူ့အဖွဲ့အစည်းကို တည်ဆောက်မယ့်လူသား

လူတွေနဲ့ဝေးလို့မရ။



အကျွန်ုပ် ယုံသည်

လွတ်လပ်မှု အစစ်အမှန်တရား

လူတွေကြားမှာသာ ရှိ၏။



ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု

လူတွေထုဆစ်မှ ရ၏။



လူတွေထုဆစ်သမျှ ကောင်းဆိုးဒဏ်

အကျွန်ုပ် ရဲရဲကြီး ခံလို၏

ရဲရဲကြီး စံလို၏။



လူသား အကျွန်ုပ်တို့ကြားမှာ

တော်လှန်ခြင်းနဲ့ လွတ်လပ်ခြင်းဆိုတာ

အာဇာနည်နဲ့ သူရဲကောင်းဆိုတာ

ဆင်ခြင်တုန်တရားနဲ့ အနုပညာဆိုတာ

လူ့အခွင့်အရေးနဲ့ တရားဥပဒေဆိုတာ

လူအဖွဲ့အစည်းနဲ့ သမိုင်းကြောင်းဆိုတာ

စတာ စတာတွေ ရှိ၏ …

ရုပ်ဝတ္ထု အသစ်အသစ်တွေနဲ့

ခေတ်စနစ် အသစ်အသစ်တွေကို ဖန်တီးနိုင်၏ …

အကျွန်ုပ်တို့ကား လူသားများဖြစ်ကြသည်ကိုး။



လောကဓံတရား

ခံစားကျော်လွှားရင်း

မတူသူ လူတွေကြား

ယှဉ်တွဲနေထိုင်သွားနိုင်တဲ့

လူသားပဲဖြစ်ချင်၏

ကမ္ဘာဦးလူသားအဖြစ်ကို

အလည်သက်သက်သာ သွားပါရစေ။      ။


လူဗိုလ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...