လက်ဦးအာစရိ ( ပညာလိုကိုယ်မှာကြည့် )
ဟေ့ အဖွဲ့အစည်းကြီး
အခုတော့ ပျက်စီးနေပြီဟုတ်
“၀”ကိုသေသေချာချာမသိဘဲ
“၀ိ”လုပ်နေတာကိုး
ခင်ဗျားဆိုတာ ကျုပ်ကစခဲ့တာပါ။
ခင်ဗျားမှာ ကျုပ်လိုမျိုး
ခေါင်း၊ ကိုယ်၊ ခြေ၊ လက်
စနစ်ကျမှုတွေ ရှိရဲ့လား
ပြီးတော့ တစ်ခုချင်းစီမှာ
တာဝန်တွေ တိတိကျကျ ရှိကြရဲ့လား
ကျုပ်ကိုယ်မှာကြည့်
တာဝန်ခွဲဝေမှု အပြည့်ရှိတယ်
ခြေအလုပ် လက်ဝင်မရှုပ်ဘူး
ထမင်းစားဖို့နေရာမှာ
ခြေထောက်တစ်ခါမှ ၀င်မပါဘူး
မျက်စိရဲ့အလုပ်
နားတခါမှ ၀င်မရှုပ်ဘူး
ခြေထောက်လိုအပ်မှသာ လက်ဝင်ကူပါတယ်
မျက်စိလိုအပ်မှသာ နားဝင်ကူပါတယ်
မျက်လုံးထဲဝင်မယ့် အမှိုက်စအတွက်
မျက်ခုံး၊ မျက်တောင်နဲ့ မျက်ခွံ
အသီးသီး တာဝန်ခွဲယူထားကြ
မတော်တဆ
အမှိုက်စ ၀င်ခဲ့ရင်တောင်
မျက်ရည်ဆိုတာ ကျပြီးထုတ်ပေး
ဒါတွေအားလုံးလည်း
စီမံမှု အားကောင်းပါတဲ့
အစ်ကိုကြီး ဦးနှောက်ကြောင့်ပါဘဲ
သို့သော်လည်း တခါတခါ
သွားနဲ့လျှာ ပြဿနာတတ်
ဘယ်ခြေနဲ့ညာခြေ ပြဿနာတတ်
ရန်တော့ ဆက်မဖြစ်ကြပါဘူး
တန်းတူမှုကို ကြည့်ဦးမလား
နားနှစ်ဖက်
မျက်လုံးနှစ်ဖက်
ခြေ၊ လက် နှစ်ဖက်စီဟာ
အညီအမျှပါပဲ
အလုပ်ပိုလုပ်တဲ့ ခြေနဲ့လက်
ပိုသန်၊ ပိုကြီးတတ်ပေမယ့်
မျက်နှာ ဘက်လိုက်လေ့မရှိ
ခင်ဗျားတို့ အချင်းချင်း
ယိုင်းပင်းလိုစိတ်နဲ့များ
တယောက်အားနည်းချက် တယောက်ရှာ
(အသိစိတ်နဲ့) ကူညီဖူးပါရဲ့လား
ကျုပ်ရဲ့သွားတွေဆို
ညာဖက်ခြမ်း နာနေရင်
ဘယ်ဖက်ခြမ်းက အလိုလိုကူဝါး
ညွန်ကြားစရာတောင် အထူးမလို
စားနေရလို့ဆိုပြီး
ကိုပါးစပ်ကြီး ၀ဖြီးမနေပါဘူး
တစ်ကိုယ်လုံး “၀န်” ထမ်းနေရတဲ့
ခြေထောက်ညီနှောင်
တခါမှ တာဝန်မရှောင်ဘူး
အရသာသိတဲ့လျှာ
အစာကိုကြာကြာ သိမ်းမထားပါဘူး
အရာရာကို လှမ်းယူခွင့်ရနေတဲ့ လက်
အတ္တအတွက်ထက်
အများအတွက်အလုပ်လုပ်
ယားတယ်ဆိုရင်တောင် ကုပ်ပေးသေး
ကဲ အဖွဲ့အစည်းကြီးရေ
“၀ိ”ဖြစ်နိုင်ဖို့အရေး
သင့်လက်ဦး အာစရိ
ကျုပ်စီမှာလည်း နည်းယူဦး။ ။
လူဗိုလ်
၀၅၊ ၀၈၊ ၀၆
0 comments:
Post a Comment