Tuesday, March 8, 2011

အချိန်သူဌေး ဒုက္ခသည်

(၁)
ပါးစပ်ပေါက်မှ စားရမှန်း
နားလည်စွမ်း မရှိလေသူကို
လူဟုယူဆ
ရ မရ။ ။




ပိုနေသည်အထင်ရှိသည့် ရေးထားပြီးအပိုဒ်များကို ဖြတ်ထုတ်လိုက်၍ ကဗျာပုံပေါက်လာ၏။ တချို့ကိစ္စက များတိုင်းလည်း မ ကောင်းတတ်။ ပြန်ဖတ်ကြည့်တော့ ကျေနပ်သွား၍ ဒါဝင်သို့ တိုင်တည်ချက် ဟု ခေါင်းစဉ်တပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် စိတ် ထဲမှာတော့ တင်းကြပ်မှုတစုံတရာ လျှော့သွားသယောင်။ အချိန်က သန်းခေါင် ကျော်လုပြီမို့ ညဥ့်ပရစ်သံများမှလွဲ၍ တိတ်ဆိတ် ငြိမ်သက်လျှက်။ ဖယောင်းတိုမီးကို အသာမှုတ်ကာ အနားပေးလိုက်ပြီး အိပ်ရန်အနေအထားသို့ အသင့်ပြင် လိုက်သည်။


ဝုန်း
့ 
တခါးကိုကြမ်းကြမ်းဆောင့်ဖွင့်၍ အိမ်ပေါ်တက်လာသောခြေသံနှင့် အိမ်ရှေ့ခန်းတွင်အိပ် နေသော တူအကြီးကောင်ကိုနှိုး၍ ပြောနေသောစကားသံများ။ အသံတွေက အသဲမကွဲ။ ယောက်ဖ အကြီးကောင်မူးလာပြန်ပြီ။
အိပ်ပျော်နေပြီးသော ဇနီးသည်က ကျနော့်လက်မောင်းကို တင်းတင်းလှမ်းဖျစ်လိုက်ရာ ကြားတယ်ဟု လေသံနှင်ပြန်ဖြေ လိုက် ၏။ နှစ်ဦးသားဆက်ပြီးငြိမ်နေလိုက်စဉ် တူအကြီးကောင် အိပ်ချင် မူးတူးဖြင့် မီးထထွန်းပြီး မီးဖိုဖက်သို့ လျှောက်သွားသံကို ကြားလိုက်ရသည်။



တူအကြီးကောင်၏ ထမင်းအိုးဖွင့်သံ၊ ထမင်းခူးသံ၊ ထမင်းစာပွဲသို့ယူလာသံများကို အကုန်ကြားနေရသည်။ တူအကြီးကောင်အိပ်ယာဖက်သို့ပြန်လျှောက်သွားပြီး အတန်ကြာမှ ယောက်ဖအကြီးကောင် ထမင်းစာပွဲသို့ လျှောက်သွားသံပေါ် လာ၏။ တော်တော်နှင့် ဘာအသံမှဆက်မကြားရသဖြင့် ကျနော်တို့လင်မယားနှစ်ယောက်လုံး နားစွင့်နေမိကြသည်။
ခလွမ့့်  ဂွမ်း
ထမင်းစာပွဲမှဇွန်းများ လွင့်စင်သွားသံဖြစ်သည်။ ကျနော်တို့နှစ်ယောက်လုံးတိုင်ပင်မထားပဲ အသံမကြား ရအောင်ထရင်း အခန်း နံရံ ဝါးသဲပြားများကြားမှ ချောင်းကြည့်မိကြသည်။ ယောက်ဖအကြီးကောင်မှာ ထမင်းပန်းကန်ကို ဒေါသတကြီးအမူအယာဖြင့် ကြည့်နေ၏။ မျက်နှာမှာလည်း မဲ့ရွဲ့လျှက်။ အံကိုကြိတ်ထားသယောင်ထင်ရသည်။
ကျနော့်ဇနီးသည် ရုတ္တရက် ခြင်ထောင်ထဲမှတဆင့် အခန်းပြင်သို့ သွက်သွက်ကလေး ထွက် လိုက်သည်။ ပန်းကန်စဉ်ပေါ်မှ ပန်းကန်ပြားဖြင့်အုပ်ထားသော ဟင်းခွက်ကိုလှမ်းယူ၍ သူ့မောင်ရှေ့ထမင်းစာပွဲပေါ်သို့ချပေးလိုက်သည်။
ဝုန့်း့  ခလွမ်
သူ့အမကို အကြည့်စူးစူးဖြင့် တချက်မော့ကြည့်ကာ စာပွဲပေါ်သို့ရောက်လာသည့် ဟင်းခွက်ကို ရိုက်ချလိုက်သည့်အသံဖြစ်သည်။ ဟင်းခွက်မှာ လွင့်စင်သွားပြီး နံရံနှင့်စောင့်မိကာ အောက်သို့ပြုတ်ကျ သွားသည်။
ကျနော့်ရင်ထဲမှာ အလုံးကြီးဆို့တက်လာသည်။ မျက်စိတွေပြာလာသည်။ စောစောက ကျနော့်ဇနီးသည် ထွက်သွားသည့် အလျှင်ထက် အဆများစွာသာမည့်အလျှင်ဖြင့် အခန်းအပြင်သို့ ကျနော် ရောက်သွားကာ့ 
ပူတူ့း့  ထမင်းမစားချင်ရင် ကောင်းကောင်းသွားအိပ်တော့နော်၊ ဘေးအိမ်တွေ အကုန်အိပ်နေကြပြီ
ကျနော့်စကားဆုံးသည်နှင့် ယောက်ဖအကြီးကောင်သည် ဇက်ကျိုးကျနေသောခေါင်းကို ဖြည်းဖြည်းချင်းမော့စေကာ ကျနော့်မျက်နှာသို့ စူးစူးရဲရဲလှမ်းကြည့်သည်။ သူ့မျက်လုံးတွေက မီးတောက်နေသယောင်။


(၂)
ကျနော့်လက်များက ယောက်ဖအကြီးကောင်၏ ကျောပေါ်တွင်စုချည်ထားသော ဆံပင်ရှည်ကြီးများကို တင်းတင်းဆုပ်ကိုင် လိုက်မိပြီး ကျနော်သည် ကျနော့်ယောက်ဖကို အိမ်ရှေ့ခန်းဆီသို့ တရွတ်တိုက်ဆွဲခေါ်လာခဲ့ မိလေသည်။
မစော်ကားနဲ့၊ မစော်ကားနဲ့
ကျနော့်ပါးစပ်မှ အသံကျယ်ကြီးနှစ်သံ ထွက်သွားပြီး၊ ထမင်းစာပွဲခုံအောက်ရှိ သစ်သားထိုင်ခုံကို ပြေးယူ မိပြန်သည်။ သည်တော့မှ ဇနီးသည်လည်း ကြောင်ပြီးရပ်ကြည့်နေရာမှ အသက်ဝင်လာကာ လဲကျနေသော သူ့မောင်အပေါ်သို့ ပြေး၍ မှောက် ချလိုက်သည်။ ပါးစပ်မှလည်းငါ့မောင်လေးကို မလုပ်နဲ့၊ ငါ့မောင်လေးကို မလုပ်ပါနဲ့ ဟု တုန်ရီနေသော အသံဖြင့် အော်ပါ တော့သည်။
ကျနော့်မှာ အသိတခုပဲရှိပါတော့၏။ ကျနော့်ရိုက်ချက်များ ဇနီးသည်ကိုမထိစေဖို့။ ဒါကြောင့် မှောက်လျှက် ကာထားသည့် ဇနီးသည်နှင့်လွတ်ရာ ယောက်ဖအကြီးကောင်၏ ခြေထောက်များကို ထိုင်ခုံဖြင့် ၃၊ ၄ ချက်ဆင့်၍ ရိုက်ချလိုက်သည်။
ငါ့မောင်လေးမှာ အသက်မရှိတော့ဘူး၊ အသက်လည်းမရှူတော့ဘူး။
ပူတူ့း့  ပူတူ့း့  ပူတူး
ယောက်ဖအငယ်ကောင်နှင့် တူနှစ်ယောက်ပါ နိုးလာကြပြီး၊ သတိလည်လာစေရန် လှုပ်နှိုးရင်း အော်နေကြသည်။ ကျနော့်မှာ ဘာဆက်လုပ်ရမှန်းမသိ၊ ထိုင်ခုံကိုကိုင်ထားလျှက် ကြောင်တောင်တောင်။
(၃)
သေသွားပြီနဲ့တူတယ်
ဟုတ်ပါသည်။ အသက်မရှူတော့၊ တကိုယ်လုံးပျော့ခွေနေပြီ
ခုမှ ကျနော်ကြောက်စိတ်ဝင်လာ၏။ ကျနော်ရိုက်လိုက်တာက ခြေထောက်ကို။ ဘာကြောင့် ခုလိုဖြစ်သွား တာပါလိမ့်။ နံဘေးအိမ်များမှ လူတွေရောက်လာကြသည်။ နှိပ်ကြနယ်ကြသည်။ ပရုပ်ဆီ နှင့် နှာခေါင်းကို ပွတ်ပေးသူလည်းရှိသည်။ အခြေအနေကတော့ပြန်ထူးမလာ။ ကျနော် ဘာဆက်လုပ်ရ မှန်း မသိတော့၊ စကားလည်းတခွန်းမှ မပြောမိ။ ဇနီးသည်ကတော့ တရှုပ်ရှုပ်ဖြင့်ငိုနေသည်။ ခဏအကြာမှာ နောက်ဖေးအိမ်မှ ကိုဝတုတ်က ဆေးရုံကိုခေါ်သွားလိုက်ရင်ကောင်းမယ်။ ပုခက်ရှိလား ဟုလှမ်းမေးသည်။
ကျနော့်ဇနီးက ရှိတယ်၊ ရှိတယ်ဟု ချက်ချင်းပင်ပြန်ဖြေလိုက်ကာ ကလေးတွေအတွက်ထောင်ထားသော ပုခက်ကို ဖြုတ်ပေး လိုက်သည်။ ဒီပုခက်က ညဖက်ညဖက် ရပ်ကွက်ထဲက အရေးပေါ်ဖျားနာကြသည့် လူတွေ ဆေးရုံထမ်းပို့သည့်အခါ သုံးနေကျ။
အိမ်အောက်မှ ဝါးလုံးကိုဆွဲထုတ်ကာ ပုခက်ဆင်ကြသည်။ ပြီးတော့ ပူတူးကိုထည့်ကာ ထမ်းခေါ်သွားကြသည်။ ညကလည်းမှောင်လိုက်တာမှ မဲမဲနက်။ တချို့လူတွေ ဓါတ်မီးပါမလာကြသဖြင့် ဇနီးသည်မှပင် အိမ်မှဓါတ်မီးများနှင့် နံဘေး အိမ်များမှဓါတ်မီးများကိုယူပြီး ထည့်ပေးလိုက်သည်။ ဆေးရုံသွားကြသည့်အထဲမှာ ယောက်ဖအငယ်ကောင်နှင့် တူအကြီး ကောင်  လည်းပါသွားသည်။
အိမ်မှာတော့ ကျနော်နှင့် ကျနော့်ဇနီး၊ ဖယောင်းမီးတိုင်ကို အလယ်မှာထားကာ ဆက်ထိုင်နေ ကြမြဲ။ တယောက်နှင့်တယောက် စကားလည်းမပြောဖြစ်၊ ကြည့်လည်းမကြည့်ဖြစ်၊ အတွေးကိုယ်စီနှင့်။ တူအငယ်ကောင်လည်း ပြန်အိပ်နေပြီ၊ သားနဲ့ သမီးတို့က တော့ အိပ်မက်ကောင်းနေကြဆဲ။



(၄)
ခွေးကောင်ပူတူး၊ လူလိုသောက်မလာဘူး၊ ငါက သေပြီမှတ်နေတာ
အေးလေ၊ ခုနက အသက်မှမရှူတော့တာ
သောက်ရမ်းသောက်ခဲ့လို့ ရှော့ဖြစ်သွားတာနေမှာပေါ့  စသဖြင့် တယောက်တပေါက်သော အသံများဖြင့် လူနာပို့သည့်အဖွဲ့ပြန် ရောက် လာ ကြသည်။
ဟူ့း့  တော်သေးတာပေါ့
သက်ပြင်းချသံနှင့်အတူ ကျနော့်ရင်တွင်းမှ စကားသံဖြစ်သည်။ နို့ဖိုးဒုက္ခသည်စခန်းမှ ၃ နှစ် တာကာလ အတွင်း မိသားစုတွေထဲ က တဦးဦးကျန်ခဲ့ပြီး တတိယနိုင်ငံတွေကို ထွက်သွားရခြင်းတွေ များပြီ။
မိသားတစုဆို ရှိတာက သားအမိနှစ်ယောက်ထဲ။ သားဖြစ်သူက တောထဲသွားအလည်၊ သစ်ကိုင်း ခေါင်းပေါ် တည့်တည့်ကျိုး ကျပြီး ဆုံးသွားသည်။ သူ့သား အသုဘချသည့်နေကနှင့် အမေရိ ကားကိုထွက်သည့် မနက်က အမေဖြစ်သူ၏ ခံစားချက်ပုံရိပ် တွေသည် မြင်ရသူတိုင်းအာရုံတွင် မေ့ပျောက်နိုင်စရာမရှိ။ ပြန်မြင်ယောင်မိတိုင်း နင့်အောင်ခံစားနေရဆဲ။
အလားတူပဲ ကျနေုာ်တို့နှင့် ဇလားဒုက္ခသည်ထဲက အတူတူနေလာခဲ့ကြသော ဆရာခိုင်ဝင်းတို့ မိသားစု အဖြစ်။ ဆရာခိုင်ဝင်းသမီးအငယ်ဆုံးလေး ဂျူးလိယက်ရွှေ။ ဇလားကျောင်းမှာတုန်းက ၅ တန်း ကျောင်းသူ။ နှစ်စဉ် ပထမဆုရမြဲမို့ စာ တော်သူအဖြစ် အသိအမှတ်ပြုခံထားရသူလေး။ သူတို့ မိသားစု အမေရိကားနိုင်ငံကို ထွက်ခါနီးကျမှ အသည်းရောင် အသားဝါ ရောဂါနဲ့ ဆုံးသွားခဲ့သည်။ စခန်းကထွက်ခွာကြသည့်အချိန်မှာ သူတို့မိသားစု ဘယ်လိုခံစားကြရမည်နည်း။
လမ်းတဝက်ရောက်မှ လေအေးနဲ့တွေ့လို့လားမသိဘူး၊ ဒီကောင်ပြန်သတိရလာတယ်
ကျနော်တို့အဖြစ်က သေကွဲကွဲသည်ဇာတာ မပါသေး၍ဖြစ်မည်။ ပူတူးကတော့ ခုထိခေါင်းမထောင်နိုင်သေး။ စကားလည်းမပြောနိုင်သေး။ စောစောက ရေတွေလောင်းထားကြသဖြင့် စိုနေသော အဝတ်များကို သူ့အမက ပြန်လဲပေးနေ သည်။
အာလုံးပဲကျေးဇူးတင်တယ်နော်။ ကျမမောင်လေးက မူးလာရင်ဒီလိုပဲ
ဇနီးသည်က ဓါတ်မီးလိုက်ထိုးပြရင်း ကျေးဇူးစကားဆိုနေသည်။ ကျနော့မှာ စကားပြောချင် စိတ်လည်း မရှိ၊ တကိုယ်လုံး အား ကုန်ခမ်းနေသလိုခံစားနေရ၏။ အတွေးများမှာလည်း ရှုပ်ယှက်ခတ်လျှက်။ ငါဘာကြောင့် ဒေါသထွက်သွားရတာလဲ။ ဘာကြောင့် ရိုက်မိသွားတာလဲ။ စသည်ဖြင့် ကိုယ့်ကိုယ်ကို မေးခွန်းတွေထုတ်နေမိသည်။ အရင်က ဒီလိုမဖြစ်ခဲ့ဖူးပါဘူး။ အရင်းခံကတော့ ဒေါသကြောင့်လို့ပဲဆိုရမည်။
ဒီဒေါသကြောင့်ပဲ မျိုးမျိုးတို့မိသားစုဘဝလေး ပျက်ခဲ့ရပုံကိုလည်း ကျနော်အသိ။ ကျနော်တို့ပင် မနေသာပဲ ရန်သူတော်ဖြစ် နေ ကြသည့် သူတို့လင်မယားကြားမှာ စေ့စပ်ဖြေရှင်းပေးခဲ့ရသေးသည်။ နောက်ဆုံးတော့ လင်မယားကွဲကြ။ NPO ခွဲကြနှင့် ခုတော့ မျိုးမျိုးတို့သားအမိတွေက ဆွီဒင်ကို ရောက်သွားကြပြီ။ ဖိုးခွါးကတော့ နို့ဖိုးမှာ တယောက်ထဲ။ ဒီရှင်ကွဲဖြစ်စဉ်ထဲမှာလည်း ဒေါသ ဆိုတာက အဓိကတရားခံ။
(၅)
ကျနော့်ဇနီးက တောင်ပေါ်ဘွဲကရင်။ ကျနော့်ယောက်ဖတွေက ကျနော်တို့အိမ်ထောင်ကျပြီး ကတည်းက သံတောင်မြို့မှာ မနေ ကြတော့ပဲ ကျနော်တို့နှင့်အတူ တောထဲလာနေသည်။ သူတို့နှင့် ကျနော်က သူ့အမနှင့်မရခင်က ဖါလာလုပ်ငန်း အတူလုပ်ကြ ရင်း ခင်မင်ရင်းစွဲရှိခဲ့သည်။ သူတို့မှာ အဖေမရှိတော့ခြင်းနှင့် ကျနော့်မှာ မိဘ၊ ညီအကိုမောင်နှမတွေနှင့် ဝေးနေရခြင်းများ ကြောင့် သံယော ဇဉ်ပိုခဲ့ကြသည်ဟုလည်း ပြော၍ရနိုင်သည်။
ကျနော်တို့ထိုင်းနယ်စပ်ကိုပြန်လာပြီး ဇလားဒုက္ခသည်စခန်းမှာနေကြတော့လည်း အတူတူ။ မဲဆောက်မှာ ဒုက္ခသည်လျှောက် ဖြစ် တော့လည်း အတူတူ။ နို့ဖိုးဒုက္ခသည်စခန်းမှာရောက်တော့လည်း အတူတူပင်ဖြစ်သည်။ ခုဆို သူတို့နှစ်ယောက်သာမက သူတို့ အမအကြီးဆုံး၏ သားနှစ်ယောက်ပင် ထပ်ရောက်နေပြီ။ ကလေးတွေကို စစ်တပ်ထဲဝင်ဖို့ အတင်းကောက်နေလို့ ပြေး လာကြရခြင်းဖြစ်သည်။ ကျောင်းလည်းဆက်တက်ချင်ကြသေးသည်ဆို၍ ကျနော်တို့ဆီကို အားကိုးတကြီး ပို့လိုက်ကြခြင်း။ ဆွေမရှိမျိုးမရှိဖြစ်နေသည့် ကျနော့်အတွက်တော့ ဆွေမျိုးများလာခြင်းသည် ပျော်စရာ။ နောက်တခုက ဘွဲကရင်များအပေါ် ကျေးဇူဆပ်ခြင်းတခု။
ဒီအရင်းခံအကြောင်းကြောင့်ပဲ၊ ယောက်ဖနှစ်ယောက်ကိုလည်း ကျနော်နဲ့နေစဉ်တလျှောက် အလုပ်လုပ်ဖို့ကို အားမပေးခဲ့။ ပညာရရေးကိုပဲ အာရုံစိုက်စေခဲ့သည်။ ကျနော်တယောက်ထဲသာ အိမ်ထောင့်တာဝန်ကိုယူခဲ့သည်။
ယောက်ဖအငယ်ကောင်ဆို ကျောင်းဆက်တက်နေတုန်း။ ရောက်စက ၉ တန်း၊ ခုဆို ၁ဝ တန်းတောင် အောင်ပြီးပြီ။ သူတို့မိသားစုမှာ ၁ဝ တန်းအောင်သူရှိပြီဟု ဂုဏ်ယူနိုင်ပြီ။
ယောက်ဖအကြီးကတော့ အဆိုးသား။ ကျောင်းတက်ဖို့ကိုလည်း စိတ်မဝင်စား။
ဇလားဒုက္ခသည်စခန်းမှာနေတုန်းက မူးမူးပြီးပြဿနာရှာလို့ ခြောက်ပေါက်ထဲ ရောက်ဖူးသည်။ မူးပြီး အိမ်သာထဲအိပ်ပျော်နေလို့ သွားခေါ်ရ။ မြောင်းထဲပြုတ်ကျနေလို့ သွားထမ်းရနဲ့။ မဲဆောက်ရောက်ပြန်တော့လည်း ထိုင်းလမ်းသရဲတွေဝိုင်းရိုက်ကြလို့ ၉ ချက်တောင် ချုပ်ခဲ့ရ။ မူးမူးနဲ့ သူများဆိုင်ကယ်တက်စီးပြီးမှောက်လို့ ဆိုင်ကယ် ပြင်ခ လျှော်ရ။ ခု နို့ဖိုးရောက်တော့လည်း အိမ်မကပ်။ အရက်မူးခြင်းကလည်းမပြတ်။ မနက် ၈ နာရီ၊ ၉ နာရီလောက်မှထ၊ ထမင်းစားပြီးကတည်းက အိမ်ကထွက်သွား သည်။ တနေကုန်ပျောက်နေပြီး ညည သူများအိပ်ချိန်လောက်မှ အိမ်ပြန်ရောက် တတ်သည်။
(၆)
ကျောင်းသားတပ်မတော်မှာ တာဝန်ရှိစဉ်က ကရင်ပြည်နယ် သံတောင်မြို့နယ်မှာ၊ ဇလားဒုက္ခ သည်စခန်းမှာ ကျောင်းဆရာ လုပ်ခဲ့ သည့်ကျနော် ဒီစခန်းကိုရောက်တော့လည်း ကျောင်းဆရာပဲ ဆက် လုပ်ဖြစ်သည်။ ကျောင်းဆရာဇာတာ ပါပုံပေါ်၏။
ခုတောင် နွေရာသီကျောင်းပိတ်ရက်မို့ နားနေရခြင်းဖြစ်၏။ မနေ့က အမက(၄)ကျောင်းအုပ်ကြီး စောမြအောင် သတင်း လာပေး သွားသည်။ ကျောင်းဆရာတွေအားလုံး ZOA ပညာရေးအဖွဲ့ကပေးမယ့် နွေရာသီ ကျောင်းဆရာမွန်းမံသင်တန်းကို မနက်ဖန် ကစပြီး တက်ရမည်ဟု။ ဒီလိုသင်တန်းတွေမှာက ကရင်ဘာသာနဲ့ရှင်းပြကြ တာများပြီး၊ ကျနော်ကိုယ်တိုင်ကလည်း ဒီလိုသင် တန်း မျိုးကို ခဏခဏ တက်ဖူးထားသဖြင့် တက်ချင်စိတ်သိတ်မရှိလှ။
ခုတလော အိမ်မှာငွေပြတ်နေသည်။ လူကြီးတွေက ပြဿနာမရှိပေမယ့် ထမင်းစားချိန်မှာ ကလေးတွေ လည်တဆန့်ဆန့်ဖြစ် နေတာကိုမြင်ရလျှင် စိတ်မကောင်း။ ဒုက္ခသည် စခန်းမှာ ကိုယ့်ထက်ပိုဆိုးသည့် မိသားစုများအခြေအနေကို မသိ၍လည်း မဟုတ်။ တအိမ်လုံးမှာ ဘာဝင်ငွေမှ မရှိကြ။ ဒုက္ခသည်ရိက္ခာကိုပဲ အမှီပြု အသက်ရှင်နေကြရသည့်သူများမှာ အများစုဆိုတာ ကိုလည်းသိသည်။ တောထဲမှ သစ်ချောက်၊ ဝါးချောက်တွေကို အားကိုးကာ၊ ထုတ်ပေးသည့် မီးသွေးကို ရောင်း၍ ဟင်းဖိုးသုံး နေကြရသည့် မိသားစုများအကြောင်းကိုလည်း သိပါသည်။ ဒါပေမယ့် ကျနော့် ကလေးတွေက ပဲဟင်းကို မကြိုက်ကြတော့။ မုန်းနေကြပြီ။



ဒီမနက် မတက်ချင် တက်ချင်နှင့်ပင် သင်တန်းကို သွားတက်ဖြစ်သည်။ သင်တန်းတက်ခြင်း လတ်တလော အကျိုးအမြတ်က တရက်ကို ဘတ် (၃ဝ) ရသည်။ ၅ ရက်ဆိုတော့ ၁၅ဝ သေချာသွားပြီ။ ကလေးမုန့်ဖိုးနှင့် ဟင်းဖိုးကို မျှော်ကိုး၍တက်သည်ဟု စွတ်စွဲလျှင်ပင် ကျနော်ငြင်းမည်မဟုတ်။
၅ ရက်စာကြိုထုတ်ပေးသည့် သင်တန်းတက်ခလေးကိုယူပြီး၊ ဒီနေ့ညနေစာအတွက် ကြက်ဥ ကျော်ချက်ကို ခရမ်းချဉ်သီး အနှစ် များများနှင့် ကျနော်ကိုယ်တိုင်ချက်သည်။ တယောက်ကို တလုံးစကေး နှင့် ကြက်ဥ (၈) လုံးချက်ရသည်။ ချက်ပြီးပြီချင်းပင် ယောက်ဖအကြီးကောင်မှလွဲ၍ တအိမ်သားလုံး ထမင်းအတူစားကြသည်။ ဟင်း မစားရတာကြာ၍ဖြစ်မည်။ အားလုံးထမင်းမြိန်ကြ၏။ အိုးထဲမှာထမင်းပြတ်သွားသဖြင့် ပူတူးအတွက်ပြန်ချက်ပေးထားရသေးသည်။
(၇)
ဒုက္ခသည်စခန်းမှာ လူတော်တော်များများ အချိန်ချမ်းသာကြ၏။ ဒီအထဲမှာ စားဝတ်နေရေးနှင့် ပညာရေးအတွက်ကို အချိန်ပေး ထားရသဖြင့် အချိန်ပါဆင်းရဲနေသူတချို့လည်းရှိကြသည်။
ပဲပြုပ်၊ ပဲပြုပ် အော်လိုက်။ မုန့်ဖက်ထုတ်၊ မုန့်ဖက်ထုတ် အော်လိုက်နှင့် မိသားစုတာဝန်ကို ထမ်းဆောင်ရင်း၊ သမီးအပျိုပေါက် တွေ ရှိသည့်တိုင် အင်္ဂလိပ်စာကို ဒုက္ခသည်စခန်းမှာပင် အရယူသွား နိုင်သည့် ကိုမင်းနိုင်လိုမျိုး။
ခဏနေ မုန့်လုံးကြီးကျော်ရောင်းလိုက်၊ ခဏနေ ဝက်သားထမ်းရောင်းလိုက်နှင့် အင်္ဂလိပ်စာ သင်တန်းချိန်ရောက်လျှင် ရောင်း နေ သည့်ပစ္စည်းကို နီးစပ်ရာအိမ်မှအပ်ပြီး သင်တန်းအရောက်ပြေးလေ့ရှိသော ညီငယ်လေး ထွန်းထွန်းဝင်းလိုမျိုး ကျနော့် ယောက်ဖတွေနှင့် တူတွေကို ဖြစ်စေချင်သည်။ အချိန်ဆင်းရဲသည့်ဒဏ်ကိုပဲ ခံစေချင်သည်။


လူတို့သည် အချိန်ဆိုသည်ကို မနောကံ၊ ကာယကံ၊ ၀ဇီကံဆိုသည်တို့နှင့် အသုံးချကြသည်တည်း။ ဒီနေရာမှာ ကိုယ့်အတွက် ဖြစ်ဖြစ်၊ ကိုယ့်မိသားစုအတွက်ဖြစ်ဖြစ်၊ကိုယ့်ပတ်ဝန်းကျင်အတွက်ဖြစ်ဖြစ် ကောင်းကျိုးတခုခု ဖြစ်ထွန်းသင့်သည်။ ကောင်းကျိုးတခုခုမပြုနိုင်ခဲ့ရင်တောင် အနည်းဆုံး ဆိုးကျိုးကိုတော့ မပြုစေလို။ အကယ်၍များ ကျနော့်ယောက်ဖအကြီးကောင် သာ ကျနော့်ဆန္ဒနှင့် တစုံတရာ ကိုက်ညီခဲ့မယ်
ဆိုပါလျှင့့်  

 လူဗိုလ်
၂၂.၇.၂၀၀၉

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...