ပြင်ရမယ့် စိတ်တွေ (၄) (ကျွန်တော်လေ့လာမိသော စိတ်များ အပိုင်း ၁)
နိဒါန်း
ဒီစာစုများ ကို ကျွန်တော်ရေးဖို့ အလွန်စဉ်းစားခဲ့ရပါသည်။ ဘာလို့ဆိုတော့ ကျွန်တော်ကိုယ် တိုင် စာရေးဆရာ မဟုတ်သည်ကတစ်ကြောင်း၊ စာများကို တင်လိုက်သည့်အခါ စာဖတ်သူ များအနေဖြင့် လူတတ်ကြီးလုပ်နေသည်ဟု ထင်မြင်မှာကို လည်းစိုးရိမ်နေတာက တစ်ကြောင်း၊ စာဖတ်သူအတွက်... အကျိုးရလာဘ်ကို ချင့်ချိန်နေတာက တစ်ကြောင်းကြောင့် မရေးဖြစ်ခဲ့သော စာစုများကို ပြန်လည်တင်ပြပါသည်။ ဘာလို့များ မရေးဖြစ်တာတွေကို ခုမှပြန်ပြီးတင်ပြနေရသလဲလို့ အမေးရှိလာရင်တော့၊ ဒီလိုဘဲဖြေရ မှာ ကျနော်နားလည်ထားမိသလောက် ၀ိပဿနာ လုပ်ငန်းတိုင်းလိုလိုမှာ အရေးတစ်ကြီး အရင်ဆုံး လုပ်ရမည့် အချက်တွေက မိမိစိတ်ကို မိမိပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်လို့ သိရှိနားလည်နေမိတယ်။ တစ်ခါ ခန္ဓာ ၅ ပါးထဲ ကြည့်လိုက်ရင်လည်း ရူပက္ခန္ဓာ တစ်ခုထဲ ရုပ်တရားအစုအဝေးကြီးဖြစ်ပြီး၊ ကျန် ခန္ဓာ ၄ ပါးလုံးက နာမ်ခန္ဓာတွေဖြစ်နေတာကိုလည်း သတိထားမိခဲ့ပါတယ်။ တစ်ဖန် မိုးကုတ်ဆရာတော်ဘုရား ကြီး တရားတော်တွေထဲမှာ သတိထားကြည့်မိရင် ဆရာတော်ဘုရားကြီး က စိတ်ကို အဓိကထား ဟော ကြားထားချက်တွေကို လေ့လာသုံးသပ်ရပါတယ်။ ဆရာတော်ဘုရားကြီး ဟောကြားချက်မှာဒီလိုဆိုပါ တယ်။ စိတ်မှာ ဒိဌိကပ်တာ အများဆုံး ဘဲ။ ဒိဌိရှိနေသမျှတော့ အနိမ့်ဆုံး သောတာပန် ပုဂ္ဂိုလ်တောင်မ ဖြစ်ဘူးတဲ့။ နောက်တစ်ဖန် သေခါနီးလာမယ့် ဇော ၇ချက်လုံးလည်း စိတ်တွေဘဲလာမှာပါ။ စိတ်တွေ ကြောင့် သွားရမယ့် နေရာတွေကို ရွေးချယ်ပေးမယ်လို့ ယူဆမိပါတယ်။ ဒီလို အကြောင်းလေးတွေကို ထောက်ရှုပြီး “အော်…ဒီစိတ်တွေ သတ္တ၀ါကို တော်တော် ဒုက္ခပေးနေပါ လား” လို့ မြင်လာမိတယ်။
ကိုယ်တိုင်ဝါသနာထုံတာ ကလည်း စိတ်တွေကို ထိုင်ပြီး ကြည့်နေရတာကို ၀ါသနာပါတယ်။ သိလိုက် မှတ်လိုက်မိတာလေးတွေကို သုံးသပ်ဆင်ခြင်နေရတာကို ကြိုက်နေမိတယ်။ ဆိုလိုတာကတော့ ကိုယ်တိုင် လေ့လာသုံးသပ်မိတာလေးတွေ ရှိနေတော့ တစ်ခြားလူတွေရဲ့ စိတ်တွေကို လည်း လေ့လာမိခဲ့တယ်။ ဒါလေးကို စာဖတ်သူတွေလည်း သတိမူမိအောင်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ တင်ပြမိခြင်းပါ။ သတိမူမိမှဘဲ ပယ်ရှားမှုတွေဖြစ်မယ်၊ များများ ပယ်ရှားနိုင်မှ၊ ငြိမ်းအေးမှုတွေ ခံစားရမယ်ဆိုတာ ကို ကိုယ်တိုင်လက်တွေ့ သိမြင်ခဲ့ရပါတယ်။ ဒီနေရာမှာ ဥပဒေသတစ်ခု တွေ့ပါတယ်။ သိအောင်အရင်လုပ်၊ သိတာတွေကို ပယ်၊ ပယ်တာတွေကို အစဉ်တစ်စိုက်ပွားများ နေအောင်လုပ်ရမယ်ဆိုတာကို သွားတွေ့ပါတယ်။ဒါဆိုရင်တော့ အနည်းနဲ့ အများ ငြိမ်းအေးမှုကို ခံစားနိုင်ကြပြီဖြစ်ပါတယ်။ ကဲ နိဒါန်းလည်း ရှည်နေပြီဆိုတော့ စပြီး အသက်သွင်းကြပါစို့။ စိတ်ကလေး (၁) ညနေပိုင်း အလုပ်က အိမ်ကိုအပြန်လမ်းမှာ ကားမှတ်တိုင်တစ်ခုအောက် ရပ်စောင့်နေမိတယ်။ ကားတွေကိုလေ့လာလိုက်တော့ လည်းကြပ်ညပ်နေလိုက်တာ ရုံးဆင်းချိန်ဆိုတော့ မှတ်တိုင်မှာလည်း လူတွေက ကြိတ်ကြိတ်တိုးလို့ပေါ့။ သူသူကိုယ်ကိုယ် အိမ်ပြန်ချိန်ဆိုတော့ တစ်စက်ကလေးမှ အလုပ်မှာ မနေချင်ကြပါဘူး။ တစ်နေကုန်ပင်ပန်းနေတာကိုး။ သူ့ထက်ငါ အစောတလျင် ရောက်အောင်တိုးဝှေရ တော့ တာပေါ့လေ။ ဒီလိုနဲ့ ၄၈ အထူး ကားကြီးစိုက်ရောက်လာပါတယ်။ ကံကောင်းချင်တာလား တော့ မသိပါဘူး၊ ဒီကားကြီး လူချောင်နေတယ်ဗျာ။ ထိုင်စရာနေရာတွေလည်း များသားဘဲ။ စာရေးသူလည်း ရတဲ့ခုံလေး ၀င်ထိုင်နေလိုက် ပါတယ်။ ဘေးဘီကိုလေ့လာတဲ့စိတ်ကလေး ထားပြီးနေလိုက်တာပေါ့။ ဒီမှာ အသက် ၅၀ လောက် အဘိုးတစ်ယောက်တတ်လာတယ်။ ကားပေါ်တက်ခါစ ဖြစ်တတ်တဲ့စိတ်တစ်ခုက ခုံလွတ်တွေတော့ များတာကို သိနေတယ်။ သို့သော် ကိုယ်ကြည့်ထားပြီးသားခုံကိုဘဲ စိတ်ဇောက သန်သန်နဲ့ သွားထိုင်ဖြစ်နေတာ အများစုပါ။ ဆိုတော့ ၂ ယောက်ထိုင်ခုံ က ခုံနေရာတစ်ခုံလွတ်နေတာ ကို အဘိုးမြင်မိထားမှာပါ။ အဲ့ခုံမှာက တစ်ခြား ၃၀ လောက်လူငယ်တစ်ယောက် (ပညာတတ် တစ်ယောက်လို့ယူဆပါတယ်) ခုံရဲ့ ၃ ပုံ ၂ ပုံကို တစ် စောင်းအနေအထားနဲ့ ထိုင်နေတယ်။ အဘိုးကလည်း တစ်ခြား ခုံထက် အဲ့ဒီ့လူငယ်ရဲ့ ခုံမှာ ထိုင်ဖို့ အား ထုတ်ရင်း လူငယ်ရဲ့လက်ကို တိုထိလိုက်တယ်။ ဆိုလိုတာက “အဘိုးထိုင်မယ်ပေါ့၊ နေရာလေး တစ်ယောက်စာလောက် ကျုံ့စေချင်ပုံရတယ်”။ လူငယ်ကတော့ အဘိုးကို တစ်ချက်ကြည့်လိုက်ပြီး ကျုံယုံလေးဘဲ ကျုံပေးလိုက်တာကို အံသြဖွယ်တွေ့ရတယ်။ ကျနော် ၀င်ခံစားလိုက်မိတဲ့ စိတ်တစ်ခုက “ဒီလူကြီး ဒီလောက်ခုံတွေ များတာကို ငါ့ခုံကိုမှ ရွေးပြီးထိုင်ရတယ်လို့” ဆိုတဲ့ ဒေါသအတွေး၊ ငါလည်း လွတ်လွတ်လပ်လပ်ထိုင် မယ်ဆိုတဲ့လောဘ အတွေး၊ အမှန်ကို မမြင်တဲ့ မောဟလေး၊ အတ္တကြီးတဲ့ ငါစွဲ သက္ကာယဒိဌိလေးကို သတိထားမိလိုက်တယ်။ တစ်လမ်းလုံးပါဘဲ အဘိုးခဗျာ သူ့ပေးထားတဲ့ ၃ပုံ ၁ ပုံ ခုံလွတ်လေးမှာ ကျုံ့ကျုံ့လေး ထိုင်စီးနေရရှာပါတယ်။ ဘာမှတော့မပြောပါဘူး။ မေတ္တာစိတ်ပဲထားနိုင်တာ လား။ သတိမပြုမိတာလား၊ သည်းခံနိုင်တာလား ဆိုတာကိုတော့ မသုံးသပ်မိခဲ့ပါဘူးဗျာ။ ဥပဒေသ။ လူတစ်ယောက်ရဲ့ အတ္တစိတ် အနည်း၊ အများပေါ်မူတည်ပြီး အခြားလူတစ်ယောက်မှာ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေရှိရပါတယ်။ အတ္တစိတ် ရဲ့ အခြေခံကို ပြန်စဉ်းစားလိုက်မိရင်လည်း အတ္တဟာ ကိုယ့်ကိုကိုယ်ချစ်ခြင်း ရဲ့ အခြေခံပါဘဲ၊ “ငါ” ကို အခြေခံထားတဲ့ အတ္တစိတ်ရှိနေသ၍တော့ မှန်ကန်တဲ့ သမ္မာဒိဌိအမြင်ကို မမြင်ရဘဲ၊ မိစ္ဆာဒိဌိအမြင်ကို ရှိနေတဲ့အတွက် သူတော်ကောင်းစိတ်ထားရှိနိုင်ဖို့  အတ္တ ကို ကြိုးစားဖြုတ်ရမယ်။ နောက်ဆုံးအချက်ကတော့ အရေးကြီးဆုံးပါဘဲ “ငါ” ကိုစွဲထားတဲ့ သက္ကာယ ဒိဌိ အားကြီးရင် ကြီးသလောက် ထိုက်သင့်တဲ့ အကျိုးကို ခံစားရမှာဘ်ဲဆိုတဲ့ သုံးသပ်ချက်ထွက်ပါတယ်။ ယခုရေးရင်း ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်လိုက်တော့ “အိုး…ဘာလို့ ကျွန်တော်ကိုယ်တိုင်လည်း အဘိုးကို နေရာမလဲပေးခဲ့မိတာလည်း” ဆိုတာကို ပြန်စဉ်းစားမိနေတယ်။ သူတို့ တွေကို သုံးသပ်ရင်းနဲ့ဘဲ တကယ်လုပ်သင့်လိုက်တဲ့ အလုပ်တစ်ခုကို မလုပ်ခဲ့မိဘူးဆိုတာ ဒီစာကို ရေးရင်း ၀န်ခံမိပါတယ်။ စိတ်ကလေး (၂) ကျွန်တော်လုပ်တဲ့ ရုံးမှာကြုံတွေ့ရတဲ့ အဖြစ်လေးတစ်ခု။ စိတ်ကူးထဲမှာတော့ ဒီကနေ့ ဘဏ်ငွေထုတ်ရက် ဆိုတော့ ကားကို ကြိုတင်မှာထားဖို့ သတိတရနဲ့ မှာဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ ကားကလည်း တစ်စီးက ပြင်နေတယ်၊ ကျန်တဲ့ ၁ စီးကတော့ လုပ်ငန်းမှာသုံးတာ တစ်စီး၊ နောက် ၁ စီးက နိုင်ငံခြားသားအရာရှိ တွေရဲ့ ကလေးတွေကို ကျောင်းကြိုပို့နေလေရဲ့၊ လွန်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာဆိုရင်တော့ စကားအခြေအ တင်ပြောမိမယ်ထင်ပါတယ်။ ခုတော့လည်း စိတ်လေးတွေကို လေ့လာထားမိလေတော့ ဒါလေးရှိမနေ တော့ ပါဘူး။ ရပါတယ်ပေါ့လေ၊ နားလည်မှုတွေပေးလို့ ကြုံသလိုဘဲ TAXI လေးစီးပြီး ဘဏ်ကို သွားမယ် ပေါ့။ လုံခြုံရေးကိုတောင် TAXI မဌားခိုင်းတော့ဘဲ ကိုယ်တိုင် အောက်ကို ဆင်းဌားတော့ TAXI သမား ကိုရွေ ယဉ်မောင်းနဲ့ အဆင်ပြေပြေဈေးစကားပြော သွားရင်းနဲ့ စဉ်းစားမိတယ်။ TAXI သမားလူငယ်လေးပါ ရိုးရိုးအေးအေးလေးဖြစ်ပုံရတယ်။ ဘာစကားမှလည်းမပြော သူ့ကားသူမောင်းနေရင်း ဆူးလေဘုရားကို အ၀ိုင်းကို အပေါ်လိုင်းက ပတ်လိုက်တယ်လေ။ အဲ့မှာ ပန်းခြံလမ်းဘက်အ၀င် ဟိုင်းလတ်ကား က ၀င်ပေါက်ကို ပိတ်ပြီးကန်လန့်လေး လမ်းလုနေလေရဲ့။ အ၀ိုင်းပတ်လာတဲ့ အရှိန်ကလည်း မီးပွိုင့်က ထွက်ခါစဆိုတော့ သိပ်တော့လည်း မများပါဘူး။ TAXI သမားလေးကတော့ ဟိုင်းလတ်ခါးလည်လောက်နေရာမှာ အရှိန်သတ်ရပ်လိုက်ပြီး မကြားဝံ့၊ မနာသာတွေ ဆဲဆိုနေတယ်ကွယ်။ ဟိုင်းလတ်ဆရာကြီးကတော့ သူ့လမ်းသူဆက်သွားပါဘီ။ သို့သော် TAXI သမားခဗျာ မပြီးသေး၊ လမ်းမှန်မောင်းလာကြောင်း၊ လမ်းကြောင်းသွားတာခြင်းမတူလို့၊ တူများတူရင် ရှေ့က ဒက်စတော့ အုပ်လိုက်မည်ဖြစ်ကြောင်း၊ မကျေမချမ်း ဆဲသံလေးများဖြင့်ပြောရင် ဒေါသ ကုမ္ဘာရ လုပ်ရင်းကြံခဲ့လေသည်။ ဒီနေရာမှာ “အော် ဟိုင်းလတ်ဆရာကြီးလည်း ဘာတွေများ အရေးတကြီး ရှိနေသလဲမသိဘူလေ၊ ဒါမှမဟုတ် စိတ်ရှုပ်ထွေးစရာတွေများ ရှိနေသလား၊ ဒါမှမဟုတ် ကားမောင်းတာ ကျွမ်းကျင်မှု နည်း နေသေးလို့လား၊ အေးလေး အရေးတကြီး ကိစ္စတွေရှိနေလို့နေမှာပါ၊ ငါ့လည်း ဘာမှဖြစ်သွားတာ မဟုတ်ဘူး၊ ဘရိတ်လေး တစ်ချက်လေး အုပ်လိုက်ရတာဘဲလေ” ဒီလိုလေးများ စိတ်ကူးလိုက်ရင် TAXI သမားလေး ကုသိုလ်မရလိုက်ဘူးဆိုရင်တောင် ဒေါသ၏ ပူလောင်မှု ဒဏ်မှ ကင်းဝေးသွားနိုင်ပါတယ်လို့ သုံးသပ်မိလိုက်ပါသည်။ ဥပဒေသ။ ညာတာစိတ်၊ သည်းခံစိတ်၊ နားလည်စိတ် မရှိဘဲ သူကောင်းရင်၊ ကျွန်ပ်မဆိုးပါ ဆိုသည့် စိတ်ထားပိုင်ရှင်များ၊ ငါမှန်ရင် ဘယ်သူမှမကြောက်ဘူးကွ ပြောပြစ်လိုက်မှာဘဲ ဆိုတဲ့ စိတ်ထားပိုင်ရှင်များ အတွက်တော့ ရန်ကို ရန်ခြင်းတုံ့နှင်းမည့် အကျိုးဆက်ကို တွေ့ရှိလိုက်ရပါတယ်။ ဒေါသစိတ်ကို ထိန်းကျောင်းအုပ်ထိန်းမှု မရှိသရွေ့တော့ ကိုယ်ကိုယ် တိုင်လည်း ပူလောင်မှုဝေဒနာ ကို ခံစားရမည့်အပြင် အခြားသူများ သို့လည်း ပူလောင်မှုဝေဒနာကူးဆက် လိုက်ပါ ခံစားရမှာမလွဲပါဘူး။ ဒေါသ သည် ၎င်းကို သိပြီး မပယ်ဖြတ်နိုင်ခြင်း အကျိုးဆက်ကြောင့် တစ်မြေ့မြေ့ တောက်လောင်ခံစား ရသော အကျိုးတရားကို စာဖတ်သူများ ချင့်ချိန်သိရှိနိုင်ပါစေ။ စိတ်ကလေး (၃) နောက်စိတ်လေးတစ်ခုကို ဆွေးနွေးခွင့်ပြုပါအုံး။ ဒါကတော့ တစ်ချို့များပြောကြပါတယ် “ဟေ့ငါတို့က သေရမှာမကြောက်ဘူး” “သေတစ်နေ့၊ မွေးတစ်နေ့ဘဲ” “သေရင်ပြီးတာဘဲ၊ အေးတာဘဲ” သေဖို့အဆင်သင့်ဘဲတဲ့။ ကျွန်တော် တော်တော်အံသြမိတယ်။ ဒီပုဂ္ဂိုလ်ထူးထူးခြားခြား တစ်ခုခု များလားလို့ပေါ့။ ကျနော်သိထားတဲ့ အသိဘဲ နည်းနေတာလားလို့ ပြန်သုံးသပ်မိလိုက်တယ်။ ကျနောသိ ထားတာလေးက ပုထုဇဉ်ပုဂ္ဂိုလ်မှန်သမျှ၊ သတ္တ၀ါမှန်သမျှ သေရမှာ ကြောက်ကြပါတယ်၊ ဘာလို့လဲဆိုတော့ ဘ၀အဆက်ဆက်က ခင်တွယ်လာတဲ့ ဘ၀တဏှာရဲ့ အစွဲကြောင့်ပါ။ ဘ၀တဏှာမရှိဘူးလို့ပြောရင်တော့ ဒီလိုဘဲဆိုရမှာပါ။ ဘ၀တဏှာမရှိရင် ဘ၀ကို စွဲမလာရင် လူလာမဖြစ်ဘူးခင်ဗျာ၊ သတ္တ၀ါလာမဖြစ်ဘူးခင်ဗျာ၊ တဏှာသေသွားရင် ဒီလူခုလောက်ဆို နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရောက်နေပြီးသားလို့ ဆိုရမယ်။ သေရမှာမကြောက် တော့တာကတော့ပုထုဇဉ်မဟုတ်တော့ ဘဲ အရိယာနွယ်ဝင်တွေသာ သေရမယ့် အရေးကို မကြောက်တော့ပါဘူး။ ဆိုတော့ကျွန်တော်လေ့လာမိတယ် သေရမှာမကြောက်ဘူးဆိုသူများ အရိယာနွယ်ဝင်တွေများ ဖြစ်နေမလားလို့၊ ဒီလိုသုံးသပ်မိတော့ လည်း သူတို့လုပ်ကိုင်ဆောင်ရွက် နေတာတွေက အရိယာ အကျင့်တွေမဟုတ်၊ ဆိုလိုတော့ဒီမှာ တစ်ခုသွား တွေ့ပြန်တယ်၊ အရိယာနွယ်ဝင်မဟုတ် ဘဲ ပုထုဇဉ်က သေရမှာမကြောက်ဘူးဆိုရင်တော့ ဒါက သမ္မာဒိဌိအယူမဟုတ်တော့ဘူးလို့ ယူဆပါတယ်။ ဘာလို့လည်း ဆိုတော့ သေရင် ပြတ်ပြီ၊ ပြီးပြီ၊ ဒီဘ၀ ဒီမျှဘဲ ဆိုရင်တော့ ဒိဌိအယူစွဲနေတာကိုး၊(ဒီဒိဌိတော့ ပါဌိလိုမရေး တတ်လို့ အမှတ်မှားမှာဆိုးလို့ မဖော်ပြတော့ပါဘူး) ဒါမှမဟုတ် ဒီလိုပြောကြားနေတဲ့ လူတွေဟာ သူတို့ကို တစ်ခြားလူတွေ အထင်ကြီးစေချင်လို့များလား။ ဒါဆိုရင်တော့ “ငါ” ဆိုတာကို စွဲနေတဲ့အတွက် သက္ကာယဒိဌိအယူပါ။ နောက်တစ်ချက် ပုထုဇဉ် ပုဂ္ဂိုလ် သေမှာမကြောက်သူများ အဖို့ ကောင်းမှု၊ မကောင်းမှု မှာ ရာခိုင်နှုန်းအများ ဆုံးက မကောင်းမှုလုပ်နေတာများပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်သူတို့ ယူထားတဲ့ အယူမှားနေတာကို မသိဘဲ ဆက်ကာဆက်ကာ မကောင်းမှုလုပ်နေတာကတစ်ကြောင်း၊ မရဏာသတိကို အမှတ်မရှိနေတာက တစ်ကြောင်းကြောင့် ဓမ္မတွေကို လေ့လာလိုက်စားခြင်း အားနည်း ကာ အဓမ္မဘက်ကိုသာ ဦးလှည့်နေတာများပါတယ်။ မရဏာသတိရှိမှသာ (သို့မဟုတ်) သံဝေဂတရားရှိမှ သာ ဓမ္မဘက်ကိုဦးလှည့်သွားနေမယ်လို့ ယူဆမိပါတယ်။ သေမှာမကြောက်သော လူများအဖို့ရာမှာတော့ ဓမ္မနှင့် ဝေးရာသို့ ဆက်လက်ဦးတည် ထွက်ခွာနေကြောင်း ဂရုဏာရှေ့ထား ၍ သတိပေးတင်ပြလိုက် ရပါတယ်။ စာဖတ်သူများလည်း မိမိစိတ်နောက် မမေ့သော သတိဖြင့် အစဉ်တစိုက်ကြည့်ရှု ရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ်များကို ခွဲခြမ်းစိတ်ဖြာ၍ အကုသိုလ်စိတ်များ ပယ်လို့ ကုသိုလ်စိတ်များ အခါခါ ပွားများ အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ မျှော်လင့်ချက်၊ မိတ်ဆွေများ ၏ အကြံဥာဏ်၊ အတွေ့အကြုံ၊ ဗဟုသုတ၊ များ၊ ဝေဖန်ချက်များ ရှိပါက ပေးပို့နိုင်ပါတယ်ခင်ဗျာ၊ စာစုများကို ကြိုက်နှစ်သက်ပါက မိတ်ဆွေများ၏ မိတ်ဆွေများကို တစ်ဆင့် ပြန်လည် မျှဝေခြင်းဖြင့် လောကအကျိုး၊ ဓမ္မအကျိုးများကို ရွက်ဆောင်နိုင်ကြပါစေ။ နောက်စိတ်လေးများလာပါအုံးမယ်ခင်ဗျာ။ စောင့်မျော်ဖတ်ရှု ကြပါ။
0 comments:
Post a Comment