Thursday, March 24, 2011

တတိယလှိုင်း၏ နိဒါန်း



ဆလိုင်းကစ်ပ်ခိုလျန် (ချင်းပြည်)
“ငါတို့ ဒီကို ရောက်လာ ခဲ့ကြ တာ ဟာ ရယ်ဖို့ လား၊ ဒါမှ မဟုတ် ငိုဖို့ လား။
 ငါတို့    ဟာ  သေကြေ ပျက်စီး နေကြတာလား ။
ဒါမှမဟုတ် အသစ်
သစ်တွေ မွေးဖွား ရှင်သန်နေကြတာလား ။“
- Carlos Fuentes  - Terra Nostra

၁၉၅၆-ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏သမိုင်းတလျှောက်ပထမဦးဆုံးအကြိမ်အဖြစ် ကာယလုပ်အားကို အသုံးပြုသည့်  စက်ရုံ အလုပ်ရုံအလုပ်သမားဦးရေထက် ဉွာန်အားကိုအသုံးပြုသည့်ကော်လဖြူအလုပ်သမားနှင့်  ၀န်ဆောင်မှုနယ်ပယ်(service sector)တွင် အလုပ်လုပ်ကြသည့်ဝန်ထမ်းဦးရေက ပိုမိုများပြား သည့်  စာရင်းကို  စတင်မြင်တွေ့ ခဲ့ရသည်။  ကမ္ဘာ့သမိုင်းတွင် မကြုံခဲ့ဖူးသေးသည့် ထူးခြားသောပြောင်းလဲမှုတရပ်၏ နိမိတ်လက္ခဏာ ပင်ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် ထိုနှစ်သည် မဟာအင်အားကြီးနိုင်ငံဆိုဗီယက် ပြည်ထောင်စု၏ ထိပ်သီး ခေါင်းဆောင် နီကီတာ ခရူးရှော့(ဗ်)က အရင်းရှင် ကမာအား “မြမြှုပ်သင်္ဂြိုဟ်မည်ဟုကြုံးဝါးခဲ့သော နှစ်ဖြစ်၏။

ထိုစဉ်က ခရူးရှော့(ဗ်)သည် လည်းကောင်း၊ အမေရိကန်တို့ သည် လည်း ကောင်း  မသိရှိခဲ့ကြသည်မှာ  ကွန်မြူနစ်စနစ်နှင့် သမရိုးကျအရင်းရှင်စနစ်အား မြေမြှပ် သင်္ဂြိုဟ်မည့်လူ့သမိုင်း၏ တော်လှန်ရေးလှိုင်းတံပိုး အသစတခု စတင်လှုပ်ရှား ရိုက်ခတ် ခဲ့ခြင်းပင်ဖြစ်သည်။ ကွန်မြူနစ်စနစ်နှင့် သမရိုးကျအရင်းရှင်စနစ်တို့အားအခြေခံအုတ်မြစ်မှစ၍ကိုင်လှုပ်မည့်mind workers/knowledge workers ခေါ်အသိပညာ၊ ဦးနှောက်တို့ကိုအသုံးပြုကာ အလုပ်လုပ် မည့်ပညာရှင်/ပညာတတ်အလုပ်သမားများအင်အား ကြီးထွားလာ ခြင်း ကိုသတိမမူမိခဲ့ကြပေ။
ကားလ်မာ့က်(စ်)၏လူ့ သမိုင်းပြောင်းလဲမှု ဖြစ်စဉ်သဘောတရားအရ သမိုင်းအဆင့်တဆင့်သို့ ရောက်လာသည့်အချိန်တွင် အသစ်တီ ထွင်ပေါ်ပေါက်လာသောနည်းပညာများ (ကုန်လုပ်ကိရိယာများ)သည် ခေတ်၊စနစ်အသစ်များ(ကုန်လုပ်ဆက်ဆံရေးအသစ်များ) ကိုတောင်းဆိုလာကြစမြဲဖြစ်သည်။ တိုးတက်ပြောင်းလဲမှုကိုအဟန်အတားပြုသည့် ခေတ်ဟောင်း၊ စနစ်ဟောင်းတို့မှ အုပ်စိုးသူလူတန်း စားသည်ပြည်သူ(ကုန်လုပ်စွမ်းအားစု၊အလုပ်သမား၊လူထု)နှင့်  ပဋိပက္ခဖြစ်လာကြရသည်။ ထိုအချိန်သည် လူ့သမိုင်းတွင် လူမှုတော် လှန်ရေး များစတင်သည့် အချိန်ဖြစ်သည်ဟု ကားလ်မာ့က်(စ်)က ဆိုခဲ့သည်။ ယင်းသဘောတရားနှင့်အညီ ယနေ့ဆိုဗီယက်အင်ပါယာ ကြီးသည် လည်းကောင်း၊ အရှေ့   ဥရောပ ကွန်မြူနစ် နိုင်ငံများသည်လည်းကောင်း အသစ်ပေါ်ပေါက်လာကြသောနည်းပညာများနှင့် သ တင်း ဆက်သွယ်မှုတော်လှန်ရေးကြီး (Information Revolution) ၏အရှိန်အဟုန်ကိုမခံနိုင်ဘဲပြိုကျပျက်စီးခဲ့ကြပြီဖြစ်၏။  တရုတ်၊ ဗီယက်နမ် အစရှိသည့် ကွန်မြူနစ်အစိုးရတို့အုပ်စိုးဆဲ နိုင်ငံများတွင်လည်း ‘ဆိုရှယ်လစ်‘ အမည်ခံအရင်းရှင်ဈေးကွက်စီးပွားရေးစနစ် ကို ကျင့်သုံးကာပြုပြင်ပြောင်းလဲမှုများ မလွဲမသွေပြုလုပ်လာကြရသည်။ တချိန်တည်းတွင် တိုးတက်သောစက်မှုအရင်းရှင်နိုင်ငံများတွင် အထွေထွေ အကြပ်အတည်းများ နှင့် ရင်ဆိုင်နေရပြီး သမိုင်းတလျှောက် မကြုံစဖူးသော ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေကြရသည်။
၁၉၈၀-၁၉၉၀ ခုနှစ်များအတွင်း အာရှ၊ အာဖရိက၊ အမေရိကတိုက်ကြီးများတွင်လည်းကောင်း၊  အရှေ့ - အနောက်  ဥရောပတိုက် တခွင်တွင်လည်းကောင်း အုံကြွပေါက်ကွဲမှုများ၊ နိုင်ငံရေး - စီးပွားရေး - အုပ်ချုပ်ရေးပြောင်းလဲမှုများ၊ တော်လှန်ပြောင်းလဲမှုများ တနိုင်ငံပြီး တနိုင်ငံ ဖြစ်ပေါ်ခဲ့သည်။ 

ယင်းသို့ လက်ဝဲလက်ယာနိုင်ငံများ၊ စက်မှုထွန်းကားသည့်နိုင်ငံများ၊ တိုးတက်စနိုင်ငံများ၊  ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အာရှ၏ စက်မှုနိုင်ငံ သစ်များတွင်သာမက ကမာ့အဆင်းရဲဆုံးနိုင်ငံများပါမကျန် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြောင်းလဲမှုများ တိုတောင်းလှသည့် ဆယ်စုနှစ်အတွင်း ဖြစ်ပေါ်ကြုံတွေ့ နေရ သည်မှာ မတော်တဆတိုက်ဆိုင်မှုများမဟုတ်ပေ။ တခုနှင့်တခု အဆက်အစပ်မရှိ ဖြစ်ပေါ်နေသော ဖြစ်ရပ်များလည်းမဟုတ်ပေ။  အရင်းရှင်စနစ်၊ ကွန် မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ် အစရှိသည့် သီးခြားစနစ်တခု၏ အထွေထွေ အကြပ်အတည်းလည်း မဟုတ်ပေ။  ပိုမိုလေးနက်သည့် အကြောင်းရင်းခံ တရားတခုကြောင့်ဖြစ်ပေါ်နေသော အကျပ်အတည် ပြောင်းအလဲများသာ ဖြစ်ပေသည်။ ကျွန်ပ်တို့သည်စနစ်ဟောင်း ခေတ်ဟောင်းတို့ ၏ ပျက်စီးချုပ်ငြိမ်းခြင်းတို့ ကို သာမြင်တွေ့ နေရသည်မဟုတ်၊ အသစ်အသစ်သောမွေးဖွားမှုများကိုလည်း ကမ္ဘာအနှံ့ တွေ့ မြင်နေရ၏။လူမှုသိပ္ပံပညာရှင်၊ အနာဂတ်ကိုလေ့လာသူ  Alvin Toffler က  မျက် မှောက်ကာလ ရှုပ်ထွေးသည့် အပြောင်းအလဲများနှင့် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကို  ရှင်းလင်းစွာ ပိုင်းခြားစိတ်ဖြာ သုံးသပ်နိုင်ခဲ့သည်။ လူ့ သမိုင်း၏ ထူးခြားသော တော်လှန်ပြောင်းလဲမှုများကို သမုဒ္ဒရာလှိုင်း တံပိုးကြီးများ ရိုက်ခတ်သည့်နှယ်  ဥပစာ တင်စားကာ  တင်ပြ ပုံဖေါ်ခဲ့၏။ အချိန်တန်၍လူ့သမိုင်းတခေတ် ပြောင်းလဲရန် ပေါ်ပေါက်လာသော ယင်းလှိုင်းတံပိုးကြီးမား စတင်ရိုက်ခတ်လာပါက ဆူနားမီလှိုင်းတံပိုးရိုက်ခတ်သည့်ပမာကဲ့သို့ လွန်စွာမှ ပြင်းထန် သောရိုက်ခတ်အားတို့ဖြင့်၊ မည်သူတဦးတယောက်ကိုမှ ချန်လှပ်မထား၊ လူ့အဖွဲ့အစည်း၏ယဉ်ကျေးမှုအဆောက်အအုံ ဟောင်းများကိုအ ခြေခံအုတ်မြစ်ကစ၍လှန်ကာ အားလုံးကိုတိုက်စား ခေါ်ဆောင်သွားလေ့ရှိသည်။ မည်သည့်အင်အားစုကမှ ဤလှိုင်းတံပိုးကြီးများအား တားဆီးနိုင်စွမ်းမည် မဟုတ်ပေ။

ပထမလှိုင်း                                                                                                                                                                       Toffler ၏  အမြင်အား တင်ပြရလျှင်  လွန်ခဲ့သော နှစ်ပေါင်း တသောင်းခန့် တွင် ပေါ်ပေါက်ခဲ့သည့် စိုက်ပျိုးမှု တော်လှန်ရေးကြီးသည် လူ့သမိုင်းအား ပထမဦးဆုံးအကြိမ်   ပြင်းထန်ကြီးမားစွာ   လှုပ်ရှား ပြောင်းလဲ စေခဲ့သည့်ပထမလှိုင်း ဖြစ်ပေသည်။
      စိုက်ပျိုးမှုတော်လှန်ရေး မတိုင်မီကာလတွင် လူသားသည် နယ်မြေနေရာတခုတွင် အတည်တကျ နေထိုင်ခြင်းမရှိခဲ့၊   အုပ်စုငယ်များဖြင့် ဖွဲ့  စည်းကာ အစာရှာခြင်း၊ တောလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ တိရိစ္ဆာန်များကို ထိန်းကျောင်းခြင်း စသည်ဖြင့် အသက်ရှင်တည်တံ့ ရေးအတွက် ဒေသတခုမှ ဒေသတခုသို့ ပြောင်းရွှေ့ နေထိုင်ကျင်လည်ခဲ့ကြ၏။ ယင်းသို့ ဒေသတခုမှ ဒေသတခုသို့ ပြောင်းရွှေ့ နေ ထိုင်ကာ တောလိုက်မုဆိုး တံငါသည်ဘ၀၊ ခရီးလှည့်လည်အစာရှာစားရသည့်ဘ၀တွင်ကျင်လည်ခဲ့ကြသည့်လူသား သည်အသက်ရှင်ရပ်တည်ရေးအတွက် စိုက်ပျိုးရေးဟူသည့်နည်းပညာအသစ်တရပ်ကိုတွေ့ရှိရာမှ အတည်တကျထူထောင်ထားသည့် ကျေးရွာများကိုဗဟိုပြုသည့်စိုက်ပျိုးမှုတော်လှန်ရေးကြီး စတင်ခဲ့ခြင်းဖြစ်ပေသည်။ ပထမလှိုင်းသည် စိုက်ပျိုးရေးကိုအခြေခံသည့် လူနေမှုစနစ်တခုကို  မွေးဖွားပေးခဲ့သည်။ လယ်ယာများကိုထွန်ယက်ပြီး ကျေးရွာအုပ်စုများတွင်အတည်တကျအလုပ်လုပ်ကိုင်စား သောက်နေထိုင်လာကြသည်။ ပဒေသရာဇ်အုပ်ချုပ်ရေးစံနစ်များ၊ စိုက်ပျိုးရေးခေတ်၏ ယဉ်ကျေးမှု အဆောက်အအုံများကို ပြစုပျိုးထောင် တည်ဆောက်လာခဲ့ကြ သည်။ ကမ္ဘာမြေကြီးပေါ်တွင် “လူ့ယဉ်ကျေးမှု“ စတင်ပေါ်ပေါက်မွေးဖွား ရှင်သန်လာခြင်းဖြစ်ပေသည်။ ပထမလှိုင်းလူနေမှုစနစ်သည် လယ်သမားလူတန်းစားများဖြင့်ဖွဲ့စည်းထားပြီး လယ်ပိုင်ရှင်ယာပိုင်ရှင်မြေပိုင်ရှင်များ၊ ကြေးပိုင်ကျွန်ပိုင်များ၊ ဘုရင်မင်းမြတ်၊စော်ဘွားအစရှိသည်တို့က လူ့အဖွဲ့အစည်းကိုဦးဆောင်ကြီးစိုးချယ်လှယ်သောခေတ်၊ aristocracy ခေါ်မင်းစိုးရာဇာ ကြီးစိုးသောခေတ်ဖြစ်၏။ မိမိမွေးဖွားရာအမျိုး၊အနွယ်၊လူတန်းစားအလွှာ၊ကိုးကွယ်သည့်ဘာသာ၊ မွေးဖွားသည့်ကျေးရွာစသည်တို့မှာ မိမိ မွေးဖွားသည်နေ့မှ သေသည်အထိ မိမိနှင့်အတူလိုက်ပါသည့်မိမိ၏ကိုယ်ပိုင်သွင်ပြင်လက္ခဏာ identities များ ပင် ဖြစ်၏။ ဤလူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတို့သည် မရှုပ်ထွေးလှသေးပေ၊ ပထမလှိုင်းစီးပွားရေးစနစ်တွင်လယ် ယာထုတ်ကုန်ပစ္စည်းများသည် အဓိကမောင်နှင်အားဖြစ်ပေသည်။လယ်ယာထွက်ပစ္စည်းများကိုအခြေခံသည့်စီးပွားရေး agricultural economy ဖြစ်၏။

ဒုတိယလှိုင်း                                                                                                                                                                       လွန်ခဲ့သော နှစ်ပေါင်း(၃၀၀)ခန့် တွင်  ပေါ်ပေါက်ခဲ့သည့်   စက်မှုတော်လှန်ရေးကြီးသည် ပထမလှိုင်း၏ ယဉ်ကျေးမှုအဆောက်အအုံအား အခြေခံအုတ်မြစ်မှစ၍ ကိုင်လှုပ်ကာ ပြောင်းလဲစေခဲ့သည့် လူ့ သမိုင်း၏ ဒုတိယလှိုင်း ဖြစ်၏။
     မြို့ပြများပေါ်ထွန်းခဲ့ပြီး စီးပွားရေး၏ဗဟိုပြုရာသည် ကျေးလက်ဒေသများမှသည် မြို့ကြီးပြကြီးများဆီသို့ ပြောင်းရွှေ့ ခဲ့သည်။ စက်မှုနည်းပညာသစ်များ၏ကျေးဇူးကြောင့် သယ်ယူပို့ ဆောင်ရေး၊ ဆက်သွယ်ရေးစံနစ်များ တဟုန်ထိုးတိုးတက်ပြောင်းလဲလာခဲ့သည်။ ကုန်သွယ်ကူးလူးဆက်ဆံမှုများ တိုးတက်ခဲ့သည်။ စက်ရုံများတွင် စုစည်းလုပ်ကိုင်ကြသည့် အလုပ်သမားထု၊ စာသင်ကျောင်းများတွင် စုစည်းပညာသင်ကြားသည့် ကျောင်းသားထု၊ လူထုဆက်သွယ်ရေးစနစ်များ၊ လူထုကိုအခြေခံသည့် နိုင်ငံရေးစနစ်များ၊ အုပ်ချုပ်ရေးစနစ်များ ပေါ်ပေါက်လာခဲ့သည်။ တနည်းအားဖြင့် စက်မှုတော်လှန်ရေးကြီးသည် စုစည်းသော လူထု(masses) ကိုဖန်တီးပေးခဲ့သည်။ ကုန်ထုတ်လုပ်ရာတွင်လည်း တမျိုးတစားတည်း အများအပြား ထုတ်လုပ်သည့် (mass production) စံနစ်များပေါ်ပေါက်ခဲ့ပြီး စက်မှုခေတ်၏ ကုန်ထုတ်လုပ်မှုစနစ်နှင့်အညီ စံချိန်စံနှုန်းများရေးဆွဲသတ်မှတ်ကာ တိကျသောအချိန်နာရီများဖြင့် အလုပ်လုပ်ကိုင်ခြင်း၊ သွားလာလှုပ်ရှားခြင်း၊ ပညာသင်ကြားခြင်း စသည့် လူနေမှုစနစ်ပုံစံအသစ်များပေါ်ပေါက်ခဲ့သည်။ ငွေအရင်းအနှီးသည် စက်မှုကုန်ထုတ်လုပ်မှုစနစ်တွင် အရေးပါအရာရောက်သော အစိတ်အပိုင်း တရပ်ဖြစ်လာသဖြင့် ငွေအရင်းအနှီးရှင်၊ အရင်းရှင်လူတန်းစားနှင့် အရင်းအနှီးမရှိသော အလုပ်သမားလူတန်းစားဟူ၍ ပေါ်ပေါက်ခဲ့ပြီး လူတန်းစား ပဋိပက္ခများလည်း နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သည်။ ယင်းပဋိပက္ခကိုအခြေခံလျက် အရင်းရှင်စနစ်နှင့် အမြတ်အစွန်းကို စီးပွားရေးဘ၀၏ အဓိက မောင်းနှင်အားအဖြစ်  လက်မခံသည့် ကွန်မြူနစ်၊  ဆိုရှယ်လစ် စနစ်များလည်းပေါ်ပေါက်ခဲ့သည်။  တနည်းအားဖြင့် ဒုတိယလှိုင်းသည် စက်မှု ခေတ်၏ ယဉ်ကျေးမှုသစ်တရပ်ကို မွေးထုတ်ပေးခဲ့ခြင်းဖြစ်ပေသည်။

   ပထမလှိုင်းသည် ယနေ့ ကမာ့မြေပြင်မှ လုံးဝပျောက်ကွယ်သွားသည်တော့ မဟုတ်ပေ။ မိမိတို့ ၏ရှေးဟောင်းဘိုးဘေးတို့ခေတ်နှင့်မခြား လယ် ယာမြေကို တူးဆွစိုက်ပျိုးကာ မွေးသည်မှသေသည်အထိ လှုပ်ရှားရုန်းကန်နေကြရသည့် လူပေါင်းသန်းနှင့်ချီ၍ရှိနေပေသေးသည်။ မည်သို့ ပင်ဆိုစေ ယင်းလူ့ အဖွဲ့ အစည်းများသည် စက်မှုခေတ် ယဉ်ကျေးမှုများဖြစ်သော တချိန်ကမရှိခဲ့ဖူးသေးသည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ မြို့ ပြကို ဗဟိုပြုသည့်လူနေမှုပုံစံများ အုပ်ချုပ်ရေးစနစ်များ၏ လောင်းရိပ်နှင့် မလွတ်ကင်းကြပေ။ ဒုတိယလှိုင်း၏ လွှမ်းမိုးမှုအောက်တွင်သာတည်ရှိနေကြရသည်။ လူ့ အဖွဲ့ အစည်းအား ဦးဆောင်လွှမ်းမိုးနိုင်စွမ်းမရှိတော့ပေ။ ပထမလှိုင်း၏ စွမ်းအားအရှိန်သည် ကုန်ခန်းသလောက်ဖြစ်နေပေပြီ။ စိုက်ပျိုးမှုတော်လှန်ရေးကာလကလူ့အဖွဲ့အစည်း၏မလှိုင်လွှာလူတန်းစားများဖြစ်ကြ သောဘုရင်မင်းမြတ်၊စော်ဘွားအစရှိသည်တို့သည်ကမ္ဘာ့မြေပြင်မှလုံးလုံးလျားလျားပျောက်ကွယ်မသွားသေးသည့်တိုင်အောင် ယင်းတို့၏  နိုင်ငံရေး အာဏာစက်များသည်ယနေ့ကမ္ဘာအားမလွမ်းမိုးနိုင်တော့ပေ။ စက်မှုထွန်းကားသော နိုင်ငံများတွင် စိုက်ပျိုးရေးကဏ္ဍတွင်ပါ စက်မှု လယ်ယာအသွင်သို့ အပြည့်အ၀ကူးပြောင်းခဲ့ပြီး၊ လယ်လုပ်သူဦးရေသည်တဟုန်ထိုးကျဆင်းခဲ့သည်။ ကျေးလက်မှလယ်ယာမြေ များကို စွန့် လွှတ်ကာ မြို့ ပြများရှိ စက်ရုံ၊ အလုပ်ရုံများဆီသို့  အစုလိုက်အပြုံလိုက်ပြောင်း ရွှေ့ ခဲ့ကြ ပြီး ဖြစ်သည်။
ယခင်က ထောင်၊ သောင်းချီပြီး ထွန်ယက်လုပ်ကိုင် ရသည့်ကျယ်ပြောသော လယ်ယာမြေများကို ယခုတွင် မူ မိသားစုအနည်းငယ်မှ စက်မှု စွမ်းအားဖြင့် ထွန်ယက် လုပ်ကိုင်ကြသည်။ ထိုစက်မှုလယ်ယာလုပ်ငန်း၏ ထွက်ကုန်ပမာဏသည်လည်း စက်မှုမတိုင်မီကာလ ခေတ်ကထက် အဆမတန်များပြားတိုးပွားခဲ့သည်။
       ဒုတိယလှိုင်း စက်မှုလူနေမှုစနစ်၏ ထူးခြားသော သွင်ပြင်လက္ခဏာများမှာ စုစည်းသောလူထုဖွဲ့ စည်းတည်ရှိခြင်း၊ အချိန်ကိုက်လုပ် ကိုင်ခြင်း၊ တိကျ သောစံချိန်၊ စံနှုန်းများသတ်မှတ်ခြင်း၊ အထူးကျွမ်းကျင်ပညာရပ်များကျယ် ကျယ်ပြန့် ပြန့်  ကျင့်သုံးခြင်း၊ အကြီးစား စီမံကိန်းများကိုရေးဆွဲ အကောင်အထည်ဖော်လုပ်ဆောင်ခြင်း၊ ရှုပ်ထွေးသော လူနေမှုပုံစံသစ် အသီးသီးကို စီမံအုပ်ချုပ်ရာတွင် ဗဟိုဦးစီး စနစ်ကျင့်သုံးခြင်း စသည်တို့ ဖြစ်ပေသည်။
      ယင်းသွင်ပြင်လက္ခဏာများကို  အရင်းရှင်နှင့်  ကွန်မြူနစ် လူ့ အဖွဲ့ အစည်းများတွင်၎င်း၊  အခြားသော စက်မှု လူ့ အဖွဲ့ အစည်းများ တွင်၎င်း တွေ့ မြင်နိုင်ပေသည်။ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ် စသည်တို့သည် စက်မှုယဉ်ကျေးမှု အဆောက်အအုံတရပ် အား ပြုစုပျိုးထောင် တည်ဆောက်ခဲ့သော စနစ်များဖြစ်ပေတော့သည်။
     သို့ ရာတွင် ဒုတိယလှိုင်းစက်မှုလူ့ အဖွဲ့ အစည်းအား ပိုင်းခြားစိတ်ဖြာ သုံးသပ်ရာတွင် အရင်းရှင်နှင့်  ကွန်မြူနစ်စနစ်များတွင်  တူညီသော စက်မှုယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာများရှိနေသည်မှာ မငြင်းသာသောအချက်ဖြစ်သော်လည်း၊ မတူညီကြသည့်အခြေခံ အုတ်မြစ်မှအစလုံးဝကွဲပြားခြားနားသည့် အတွေးအခေါ်အယူအဆများ၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ်များကိုမဖေါ်ပြဘဲ ဘေးဖယ် ချန်လှပ်ထား၍မဖြစ်နိုင်ပေ။ ယင်းမတူညီသော စက်မှုခေတ်၏ စနစ်ကြီး(၂)ခုအား ပုဂ္ဂလိကပိုင်ဆိုင်မှုကို အားပေးသည့် အမေရိကန် ပြည်ထောင်စုပုံစံ ဒီမိုကရေစီစနစ်နှင့် ပုဂ္ဂလိက ပိုင်ဆိုင်မှုအား လူနေမှုဘ၀အသီးသီး၏ မလိုလားအပ်သော အနိဋ္ဌာရုံမျး၏ မြစ်ဖျားခံရာအဖြစ် ယုံကြည်ယူဆကာ ကုန်လုပ်ကိရိယာများ၊  စက်ရုံများအစရှိသည်တို့ ကို နိုင်ငံတော်မှ ပိုင်ဆိုင်ချုပ်ကိုင်သည့် ဆိုဗီယက်ပုံစံကို ကျင့်သုံးသည့် ကွန်မြူနစ်၊ ဆိုရှယ်လစ်စနစ်များဟူ၍ ခွဲခြားနိုင်ပေသည်။

     အထူးသဖြင့် ဆိုဗီယက်ပုံစံတွင် ဗဟိုဦးစီးမှုစနစ်ကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဘ၀အသီးသီးတွင် ကျယ်ပြန့် စွာ ကျင့်သုံးခဲ့သည်။ တစ်နိုင်ငံလုံး၏စီးပွားရေးကိုဗဟိုမှချမှတ်သည့်စီမံကိန်းအတိုင်း လည်ပတ်စေသည်။  ဒီမိုကရေစီ နိုင်ငံများတွင် လွတ်လပ်စွာ တွေးခေါ်၊ ပြောဆို ရေးသားပိုင်ခွင့်များ ရှင်သန်လာသဖြင့်၎င်း၊ ရောင်းလိုအား၊ ၀ယ်လိုအား ပေါ်မူတည်သည့် လွတ်လပ်သော စီးပွားရေးဈေး ကွက်စနစ်ကို ကျင့်သုံးသဖြင့်၎င်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလောကတွင် အသိ ပညာများ၊ သတင်းများကို လွတ်လပ်စွာဖလှယ် ခွင့် ရှိသ ဖြင့်၎င်း၊ လူနေမှုဘ၀အသီးသီးတွင်ပြု ပြင်ပြောင်းလဲမှုများသည် အမြဲ ရှင်သန်လျက်၊ အသိပညာနှင့် သတင်းဆက်သွယ်မှုကို ဗဟိုမှတင်းကျပ်စွာ ထိန်းချုပ်သည့် ဆိုဗီယက်ပုံစံအုပ်ချုပ်မှုစနစ်များနှင်နှိုင်းစာလျှင် ပိုမိုလျင်မြန် သွက်လက်သော တီထွင်စမ်းသပ်မှု များကိုတွေ့ မြင်ကြရသည်။  ဆိုဗီယက် ပြည်ထောင်စုအပါအ၀င် အရှေ့ ဥရောပကွန်မြူနစ်နိုင်ငံများတွင် စက်မှုပိုင်း ဆိုင်ရာ အဆင့်မြင့် သုတေသနများ၊ တီထွင် စမ်းသပ်တွေ့ ရှိချက်များ အမြောက်အမြား ရှိခဲ့သော်လည်း ကွန်ပြူတာအခြေပြုသည့် အီလက်ထြော နစ်နည်း ပညာသစ်များ ကမ္ဘာတွင် စတင်ထွန်း ကားလာသည့်အချိန်တွင် အမေရိကန်၊ ဂျပန်၊ အနောက်ဥရောပ အစရှိသည့် နိုင်ငံများအား ယှဉ်ပြိုင် နိုင်စွမ်းမရှိတော့ပေ။ ဉာဏစွမ်းအားဖြင့်ထုတ်လုပ်ရသည့်အီလက်ထြောနစ်ပစ္စည်းများ၊ ကုန်လုပ်ကိရိယာအသစ်များ ကမ္ဘာတလွှားကျယ် ကျယ်ပြန့်ပြန့်စတင်ပြန့်နှံ့နေချိန်တွင် ဆိုဗီယက်၊တရုပ်ပြည်အစရှိသည့်ကွန်မြူနစ်နိုင်ငံများတွင် ကြွက်သားပြိုင်းပြိုင်းနှင့် အလုပ်သမားလယ် သမားများ ပြုံးပြုံးရွှင်ရွှင် အလုပ်လုပ်နေသည့်ဝါဒဖြန့်ပန်းချီကားချပ်ပိုစတာကြီးများကိုလမ်းထောင့်များတွင်ချိတ်ဆွဲကာ၊ လူ့ကာယလုပ်အား ကို အမွှန်းတင်ဂုဏ်ပြုနေကြဆဲဖြစ်၏။
     ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးချိန်နောက်ပိုင်းတွင်အစပျိုးခဲ့သော အီလက်ထြောနစ် နည်းပညာသစ် တီထွင်တွေ့ ရှိချက်များသည်  ၁၉၅၀ ၊ ၁၉၆၀ ၊ ၁၉၇၀-ခုနှစ်များတွင် အဆင့်ဆင့်အရှိန်ရလာခဲ့ပြီး  ကွန်ပြူတာ၊ ကက်ဆက်အသံဖမ်းစက်၊ မိတ္တူကူးစက် အစရှိသည်ဖြင့် မရေတွက်နိုင်အောင် များပြားလှသည့်  လူသုံးကုန်ပစ္စည်းအသစ်များသည်  ရုံးများ၊  စက်ရုံအလုပ်ရုံများ၊ ကျောင်း၊ ဆေးရုံ လူနေအိမ်များသို့ နေရာအနှံ့ အသုံးပြုလာကြ၏။  အော်တိုမေးရှင်းခေါ် အလိုအလျှောက် လှုပ်ရှားလည်ပတ်သည့် စက်ပစ္စည်းများ ပေါ်ပေါက်လာခဲ့ပြီး စက်ရုံအလုပ်ရုံများအတွင်း အထက်အောက်ဒေါင်လိုက် အုပ်ချုပ်မူယန္တရားများ၊  ဗဟိုဦးစီး အုပ်ချုပ်စီမံသည့်စနစ်များ  တစတစ ပျောက်ကွယ်ခဲ့ပြီး လျော့နည်းသော ဗဟိုဦးစီးစနစ် (သို့ မဟုတ်) အလျား လိုက် စီမံအုပ်ချုပ်ရေးစနစ်များကို စတင်အသုံး ပြုနေပြီဖြစ်၏။
   ရိုဘုတ် ခေါ်စက်ရုပ်များ၊ ကွန်ပြူတာဖြင့် ထိန်းချုပ်သည့် အဆင့်မြင့်နည်း ပညာကိုအသုံးပြုသော ကုန်ထုတ်လုပ်မှုစနစ်များ ပေါ်ပေါက် ခဲ့သဖြင့် အလုပ်သမားသိန်း၊သန်းချီအလုပ်လက်မဲ့ဘ၀သို့ ရောက်ခဲ့ကြရသည်။ စက်မှု တော်လှန်ရေးစတင်စဉ်က လယ်သမား သိန်း၊သန်း ချီအလုပ်လက်မဲ့ဘ၀ သို ရောက်ခဲ့ကြဖူးသည် ထိုအချိန်ကာလ လူနေမှုဘ၀အသီးသီးတွင် ရိုက်ခတ်ခဲ့သောပြောင်းလဲမှုများကြောင့် စိတ်ဓာတ်ပျက်ပြားမှုများ နေရာအနှံ့ ဖြစ်ခဲ့သည့်အတိုင်း ယနေ့ အလုပ်လက်မဲ့ဘ၀သို့ ကျရောက်ခဲ့သည့် အလုပ်သမားများသည်၎င်း၊  အလုပ်သမားသမဂ္ဂများသည်၎င်း၊ ပြောင်းလဲမှုသစ်များကို မလိုက်မီနိုင်သဖြင့်ချွှတ်ခြုံကျသွားကြသည့် အရင်းရှင် ကုမ္ပဏီကြီးများ သည်၎င်း၊ စိတ်ဓာတ်ပျက်ပြားမှုများ၊ အဆင့်မြင့်နည်း ပညာသစ်များအား  အပြစ်တင်ရှုံ့ ချ မှုများသည်၎င်း၊ကျယ်ကျယ်ပြန့် ပြန့် တွေ့ မြင်ကြရသည်။
     ယနေ့ စက်မှုအရင်းရှင်ကမ္ဘာမှသန်းချီရှိ အလုပ်လက်မဲ့အလုပ်သမားများသည် မိမိတို့ ၏စက်ရုံ၊ အလုပ်ရုံများတွင် ပြန်လည်ပြီး အလုပ်လုပ်ရန် အလားအလာမရှိတော့ပေ။ စက်ရုံများ မီးခိုးခေါင်းတိုင်များသည် စက်မှု တော်လှန်ရေးကြီး၏ ခေတ်ဟောင်း ရုပ်ကြွင်းသင်္ကေတများအဖြစ် ကျန်နေရစ်တော့မည်ဖြစ်၏။

ဒုတိယလှိုင်းလူနေမှုစနစ်သည်အလုပ်သမားလူတန်းစားကိုမွေးထုတ်ပေးခဲ့ပြီး ဒီမိုကရေစီနိုင်ငံများတွင် အရင်းရှင်များ၊ ငွေရှင်ကြေးရှင်များ က၄င်း၊ ကွန်မြူနစ်နိုင်ငံများတွင်ပစ္စည်းမဲ့အာဏာရှင် ဟုခေါ်တွင်ကြသည့်အာဏာရှင်တို့က လူ့အဖွဲ့အစည်းကိုဦးဆောင်ကြီးစိုး ချယ်လှယ် သောခေတ်ဖြစ်၏။ ကမ္ဘာ့နေရာအနှံ့တွင်urbanization ခေါ်မြို့ပြအသွင်သို့လျင်မြန်စွာ ကူးပြောင်းခဲ့ကြပြီး ဘာသာရေးနယ်ပယ်မှအစ အုပ်ချုပ်ရေး၊နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးအဆုံးအလွှာအမျိုးမျိုး၊လုပ်ငန်းတာဝန်အမျိုးမျိုးအလိုက်မြို့ပြလူ့အဖွဲ့အစည်း၏သွင်ပြင်လက္ခဏာ identities များပေါ်ပေါက်ခဲ့၏။ ဒုတိယလှိုင်းစီးပွားရေးစနစ်တွင် စက်ရုံများမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများသည် အဓိကမောင်း နှင်အားများဖြစ်ပေသည်။ စက်ရုံထွက်ပစ္စည်းများကိုအခြေခံသည့် စီးပွားရေး industrial economy ဖြစ်၏။

တတိယလှိုင်း                                                                                                                                         စက်မှုခေတ်ယဉ်ကျေးမှုတခုလုံးအား အခြေအမြစ်မှအစ ကိုင်လှုပ်ပြောင်း လဲစေမည့် လူ့ သမိုင်း၏ တတိယလှိုင်းသည် ခေတ်ဟောင်း၊ စနစ်ဟောင်း တို့ အားထိပ်တိုက်ရင်ဆိုင်ကာ စိန်ခေါ်နေပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် တနည်းမဟုတ်တနည်း ရင်ဆိုင်တွေ့ မြင်နေရ သည့်သတင်းဆက်သွယ်မှုတော်လှန်ရေးကြီး (Information Revolution) အား မည်သူကမျှလျစ်လျူ မရှု နိုင်တော့ပေ။
     လွန်ခဲ့သောနှစ်ပေါင်း(၅၀)တွင် စတင်ခဲ့သည့် သတင်းဆက်သွယ်မှု တော်လှန်ရေးကြီးသည် လူနေမှုစနစ်ဟောင်းများအား ရိုက်ခတ်ပြောင်း လဲစေခဲ့ရာတွင် ထူးခြား လျင်မြန်လွန်းသည့် အရှိန်နှုန်းဖြင့် ဆယ်စုနှစ် အနည်းငယ်အတွင်းကမ္ဘာ့ဒေသအသီးသီးတို့ တွင် တဟုန်ထိုး ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်၏။
    အဆင့်မြင့်အီလက်ထြောနစ်ပစ္စည်းများဖြစ်သော ကွန်ပြူတာသတင်းကွန်ခြာများ၊  ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ စသည့် များပြားလှသော နည်းပညာသစ်များ  ကမ္ဘာအနှံ ကျယ်ပြန့် စွာ  အသုံးပြုလာကြသဖြင့် အသိပညာနှင့်သတင်းဆက်သွယ်ရေးသည် အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး သမရိုးကျအရင်းရှင်စနစ်အတွင်း စီမံခန့် ခွဲရေးမှအစ အခြေခံပြုပြင်ပြောင်းလဲမှုများ မြင်တွေ့နေရချိန်တွင် ကွန်မြူနစ်တရုတ်ပြည် (၁၉၇၈-ခုနှစ်) တွင်၎င်း၊ ဆိုဗီယက်ပြည်ထောင်စု (၁၉၈၇-ခုနှစ်)တွင်၎င်း၊ ပြုပြင်ပြောင်ဲးရေးများ မဖြစ်မနေ ပြုလုပ်လာကြရသည်။
    ဆိုဗီယက်နှင့် ဥရောပကွန်မြူနစ်နိုင်ငံများသည် မိမိတို့ ၏  စီးပွားရေး၊ နိုင်ငံရေး  ဆက်လက်တည်တံ့ ရှင်သန်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ခဲ့သည့်အဆင့်မြင့် နည်းပညာသစ်များကို  အနောက်တိုင်းမှ သွင်းကုန်အဖြစ်ဝယ်ယူတင်သွင်းခြင်း၊ အချို့ ကိုခိုးယူခြင်းဖြင့် ပြဿနာကိုဖြေရှင်းရန် အားထုတ်ခဲ့ကြသေးသည်။  ဗဟိုချုပ်ကိုင်မှု ကင်းလွတ်သည့် စီးပွားရေးစနစ်နှင့် ဗဟိုချုပ်ကိုင်မှု လျော့နည်းသော နိုင်ငံရေး၊ အုပ်ချုပ်ရေး ယန္တရားများမရှိဘဲ အဆင့်မြင့် နည်းပညာသစ်များကိုတင်သွင်းကာ အပေါ်ယံပြုပြင်ပြောင်းလဲခြင်းအား ဖြင့် တတိယလှိုင်းလူနေမှု အဆောက်အအုံသစ်တရပ်ကို ဖန်တီးရန်မဖြစ် နိုင်ပေ။ ဗဟိုဦးစီးစနစ်နှင့် အဆင့်မြင့်နည်းပညာသစ်များသည် လားလားမျှ မအပ်စပ်၊  ဖီလာကန့် လန့် အံမ၀င်သည့် အရာများဖြစ်၏။   (information revolution) အရှိန်စတင်ရနေသည့်အချိန်တွင် ကားလ်မာက်(စ်) ပြောဟောခဲ့သည့် ကုန်လုပ်ကိရိယာ(နည်းပညာသစ်)များ ပြောင်းလဲချိန်၊ လူမှုတော်လှန်ရေးများ စတင်ချိန်အား မသိကျိုးကျွန်ပြုကာ ဗဟိုဦးစီးအာဏာများအား တွယ်ဖက်ထားကြဆဲ။ အဆင့်မြင့် နည်းပညာများသည် အဆင့်မြင့် အုပ်ချုပ်ရေးစနစ်များကို တောင်းဆိုနေပြီ ဖြစ်၏။ ဆိုဗီယက် ပြည်ထောင်စု၊ ပိုလန်၊ ဟန်ဂေရီ အစရှိသည့် အရှေ့ ဥရောပနိုင်ငံများ တွင်ပြည်ပမှ အစုလိုက်အပြုံလိုက် တင်သွင်းလာသော အီလက်ထြောနစ် ပစ္စည်းများ၏ကျေးဇူးကြောင့် အစိုးရဆန့် ကျင်ရေးမြေအောက် လှုပ်ရှားမှုများသည် ပိုမိုထိရောက်လာခဲ့ပြီး လူထုအတွင်းသို့ အသိပညာသစ်များ၊ သတင်းများကို ကျယ်ကျယ်ပြန့် ပြန့် ဖြန့် ချိနိုင်ခဲ့  ကြသည်။ ကွန်ပြူတာ၊ ကက်ဆက်၊ ဗီဒီယို အစရှိသည့် အဆင့်မြင့်နည်းပညာများအား ဗဟိုမှထိန်းချုပ်၍မရ စကောင်းပေ။  

 သာမန်ကလေးငယ်တဦးကပင် သတင်းများ၊ အသံများ၊ ရုပ်ပုံများကို အလွယ်တကူ ကူးယူကာ ပွားများ၍ ရပေသည်။ တိုင်းပြည်၏ ဘဏ္ဍာတော်ငေ အမြောက်အမြားကိုအသုံးပြုကာ စစ်ပုလိပ်များ၊ သတင်းပေးများနေရာအနှံ့ဖြန့် ကြက်ထားသော်လည်း အရာ မရောက်တော့ပေ။ ပြည်သူလူထုတရပ်လုံးအား ရန်သူသဖွယ်စောင့်ကြည့် ထောက်လှမ်းနေရသောစနစ်သည် သတင်းခေတ်သစ်နှင့် မည်သို့ မျှ မလျော်ညီ၊ ခေတ်မမှီတော့ပေ။ ဗဟိုမှတင်းကျပ်စွာချုပ်ကိုင်ထားသည့် လူထုဆက်သွယ်ရေး စနစ်များဖြစ်သော ရေဒီယို၊ ရုပ်လွှင့် သံလွှင့်ရုံ၊ သတင်းဌာနများသည်လည်း အစိုးရ၏အာဘော်အား တဖက်သတ်ဖြန့် ချိနိုင်သည်မှအပ ဘာမှအရာ မရောက်တော့ပေ။ ယနေ့ ကမ္ဘာတွင် အာဏာရှင်စနစ် အကြွင်းအကျန်များသည်လည်း သတင်းဆက်သွယ်မှု တော်လှန်ရေးကြီးနှင့် အတူ မွေးဖွားခဲ့သည့် သတင်းစစ်ပွဲများတွင် အရှုံးကြီးရှုံးကာ မိမိတို့ ၏သတင်းဌာန တပ်စခန်းများ တစခန်းပြီးတစခန်း ကျဆုံးနေသည်ကို မျက်ဝါးထင်ထင်တွေ့ မြင်နေရပေပြီ။ တတိယလှိုင်းနှင့် လိုက်လျောညီထွေ မပြောင်းလဲနိုင်ခဲ့သဖြင့် အင်အားကြီးနိုင်ငံ ဆိုဗီယက် အင်ပါယာသည်ပင်လျှင် ပြင်းထန်စွာတုန်လှုပ်ခဲ့သည့် နိုင်ငံရေးမြေငလျင်ဒဏ်ကိုမခံနိုင် ပြိုလဲပျက်စီးခဲ့ရသည်။ ကြီးမားတောင့်တင်းသော စစ်လက်နက်ပစ္စည်းများကလည်း အာဏာရှင်တို့ ၏ကံကြမ္မာအား မကယ်တင်နိုင်ခဲ့ပေ။
တတိယလှိုင်း စီးပွားရေးစနစ်သစ်သည် အသိပညာ (knowledge)ကို အခြေု ပြုသည့် စီးပွားရေးစနစ်ဖြစ်၏။  မြေယာ၊ လုပ်အား၊ ကုန်ကြမ်းပစ္စည်းများ၊ ငွေပင်ငွေရင်းအစရှိသည်တို့သည် အတိတ်ဒုတိယလှိုင်းစီးပွားရေးစနစ်၏ အဓိကအကူအပံ့ပစ္စည်းများ ဖြစ်ပေသည်။ တတိယလှိုင်း စီးပွားရေးစနစ်၏ အဓိကအကူအပံ့ပစ္စည်းမှာ အသိပညာဖြစ်ပေသည်။ ယနေ့ ခေတ်အား အသိပညာ တော်လှန်ရေးခေတ် ဟုလည်း ခေါ်ဝေါ်ကြသည်။
    ယနေ့ ခေတ်သစ်ကုန်ထုတ်လုပ်မှုစနစ်တွင် အသိပညာကို ပိုင်ဆိုင်သည့် ကော်လာဖြူ အလုပ်သမားများသည် ကာယစွမ်းအား သက်သက်ကိုသာ ပိုင်ဆိုင်ခဲ့သည့်  ပစ္စည်းမဲ့ အလုပ်သမားလူတန်းစားတို့၏နေရာတွင် ကျယ်ကျယ်ပြန့် ပြန့် ထင်ထင်ရှားရှား အစား ထိုးဝင်ရောက်ခဲ့ပြီ ဖြစ်၏။

     ထို့ အပြင်အဆင့်မြင့်နည်းပညာထွန်းကားသည့်နိုင်ငံများတွင်အရင်းရှင် ကုမ္ပဏီများ၊ လုပ်ငန်းများ၊ အလုပ်ရုံများသည် ကုန်ထုတ်လုပ်ရာတွင်၎င်း၊ ၀န်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင်၎င်း၊ မိမိတို့ အသုံးပြုသည့် ကွန်ပြူတာများတွင်ရှိသည့် သတင်းအချက်အလက်များနှင့်ဝန်ထမ်းအလုပ်သမားများ၏ ဦးနှောက်တွင်းရှိအသိပညာများသည် လုပ်ငန်းအောင်မြင်ရေးနှင်ကုမ္ပဏီ၏ အရှည်သဖြင့် တည်တံ့ ခိုင်မြဲရေးအတွက် ငွေအရင်းအနှီးထက်ပင် အဓိကအရေးပါအရာ ရောက်သည့် ကဏ္ဍတွင် ပါဝင်လာကြသည်။ ထို့ ကြောင့်လည်း အသိပညာသည် အရင်းအနှီးဖြစ်သည်ဟု ဆိုစမှတ်ပြုလာကြသည်။ သို့ သော်လည်း စီးပွားရေးပညာရှင်များ၊ စာရင်းအင်းပညာရှင်များအတွက် ရုပ်ပစ္စည်းကဲ့သို့ ကိုင်တွယ်ထိတွေ့ ၍မရသည့် ယင်းအသိပညာ(အရင်းအနှီး) အား စီးပွားရေး တွက်ချက်ရာတွင်၎င်း၊ စာရင်းအင်းပြုစုရာတွင်၎င်း လက်တွေ့ ကျကျ ထည့်တွက်ရန် အခက်အခဲကြုံတွေ့ နေရသည်။
    သမရိုးကျအရင်းရှင်စနစ်ကဲ့သို့ လုပ်ငန်းတခုလုံးအား ငွေအရင်းအနှီးရှင် တဦးတယောက်မှ ပိုင်ဆိုင်သည်မဟုတ်ဘဲ  အစုရှယ်ယာဝင်များ စုပေါင်းပိုင်ဆိုင်သည့်စနစ်သည် ပိုမိုတွင်ကျယ်လာခဲ့ပြီး အသိပညာရှင် အလုပ်သမား များကိုယ်တိုင် အစုရှယ်ယာဝင်များဖြစ်လာသဖြင့် ပိုင်ဆိုင်မှုဆိုင်ရာသဘောတရား အယူအဆဟောင်းများသည်ပင်လျှင် စိန်ခေါ်ခြင်းကိုခံနေရပေပြီ။
    စက်မှုတော်လှန်ရေးခေတ်တလျှောက်လုံး ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ဘုံပိုင်၊ ပြည်သူပိုင်(သို့ မဟုတ်) နိုင်ငံတော်မှပိုင်ဆိုင်မှုဟူ၍ မတူညီသည့် ပိုင်ဆိုင်မှုဆိုင်ရာ သဘောတရား အယူအဆနှစ်ရပ်၏ ပဋိပက္ခကိုဖြေရှင်းရန် အတွက် လူတန်းစားတိုက်ပွဲများ၊ ပစ္စည်းမဲ့တော်လှန်ရေးများဆင်နွှဲကာ အသက်ပေါင်း မြောက်မြားစွာ  စတေးခဲ့ကြသည်။  ယနေ တတိယလှိုင်း ခေတ်တွင် ယင်းအယူအဆ နှစ်ရပ်လုံးအား ခြေဖျက်မည့် ကုန်လုပ်ဆက်ဆံ ရေးစနစ်သစ်များ ပေါ်ထွန်းခဲ့ပြီဖြစ်၏။

    ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများ တစတစကွယ်ပျောက်နေချိန်တွင် နည်းပညာသစ် ထွန်းကားသည့်  အရင်းရှင် ဒီမိုကရေစီနိုင်ငံ များတွင်  အလုပ်သမားများကိုယ်တိုင် ရှယ်ယာအဖွဲ့ ဝင်အဖြစ်ကုမ္ပဏီကြီးများကိုကိုယ်တိုင်ပါဝင် ပိုင်ဆိုင်လာကြခြင်းဖြစ်ပေသည်။ စက်ရုံ လုပ်ရုံများကို အလုပ်သမားများ ပိုင်ဆိုင်ရမည်ဟု ကြွေးကြော်ခဲ့သည့် ကွန်မြူနစ်အတွေးအခေါ်ရှင်ကြီး ကားလ်မာက်(စ်)ကိုယ်တိုင်ယနေ့ အပြောင်းအလဲများကို တွေ့ မြင်ပါက ရယ်မောကောင်း ရယ်မောနေပေလိမ့်မည်။
    ယနေ့ ခေတ်တွင် လက်ဝဲ၊ လက်ယာဟူသော နိုင်ငံရေးဝေါဟာရများသည် တဖြည်းဖြည်း အဓိပ္ပာယ်ကင်းမဲ့လျက်ရှိသည်။ လက်ဝဲ၊ လက်ယာ ပဋိပက္ခ္ခသည် စက်မှုတော်လှန်ရေးကာလ၏ ပဋိပက္ခ္ခသာလျှင်ဖြစ်၏။ ယနေ့ ခေတ်တွင် လက်ဝဲ၊ လက်ယာနိုင်ငံရေးပါတီအဖွဲ့ အစည်းများတည်ရှိနေကြသော်လည်းဈေးကွက်စီးပွားရေးစံနစ်နှင့်ပတ်သက်၍ အခြေခံအားဖြင့်အငြင်းပွားစရာမရှိ၊ တသဘောတည်း လက်ခံကျင့်သုံးကြရသည်သာဖြစ်၏။
     မျက်မှောက်ခေတ်၏ ပဋိပက္ခ္ခမှာ ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့ အကြားအားပြိုင်မှုမှ ဖြစ်ပွားသော ပဋိပက္ခ ဖြစ်ပေသည်။ စက်မှုခေတ်ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်လိုသောအင်အားစုနှင့် သတင်းဆက်သွယ်မှု တော်လှန်ရေးကြီးတွင် ပါဝင် ဆင်နွှဲနေသောအင်အားစုတို့ ၏ ပဋိပက္ခဖြစ်ပေသည်။
     သတင်းဆက်သွယ်မှုတော်လှန်ရေး၏ ကြီးမားသည့်ပြဿနာ မှာ ပြောင်းလဲမှုများ၏လျင်မြန်လွန်းသော အရှိန်နှုန်းပင်ဖြစ်ပေသည်။ ကွန်ပြူတာ  (software ) ခေါ်အနုထည်ပစ္စည်းများ၊ အီလက်ထြောနစ် ပစ္စည်းများ၏ အလုပ်လုပ်ပုံမှာ စက်မှုခေတ် ပစ္စည်းကိရိယာ များနှင့်မတူ မီလီစက္ကန် (တစ်စက္က့န့် ၏ တထောင်ပုံ တပုံ)  နာနိုစက္က့န် (တစ်စက္က့န့် ၏ တဘီလီယံပုံ တပုံ)နှုန်းဖြင့် အလုပ်လုပ်ကြ သဖြင့်ယင်းအရှိန်နှုန်းကို လူ့ ဦးနှောက်ဖြင့်တွေးဆ၍ပင် မရနိုင်ပေ။ အဆင့်မြင့် နည်းပညာလောကတွင် နေ့ စဉ်နှင့်အမျှ တီထွင်စမ်း သပ်မှုများကို ပြုလုပ်နေကြပြီး လစဉ်၊ နှစ်စဉ်နှင့်အမျှ တိုးတက် ပြောင်းလဲမှုများကို တွေ့ မြင်ရပေပြီ။ စီးပွားရေး၊ နိုင်ငံရေးလောကတို့ တွင် ပုံသေသေနင်္ဂဗျူဟာများဖြင့် စခန်းသွားရန် ပိုမိုခက်ခဲလာပြီး ပျော့ပြောင်းသော၊ ပြုပြင်၍လွယ်သော သေနင်္ဂဗျူဟာ များကိုကျင့်သုံးရန် လိုအပ်လာခဲ့ပေပြီ။

     ယနေ့ လူမှုသိပ္ပံရှင်များ၏အယူအဆအရ ခေတ်နောက်ကျနေသော လူအဖွဲ့ အစည်းတခုသည် အသိပညာခြေခံအဆောက် အအုံများ ကိုစနစ် တကျတည်ဆောက်ပြီး သတင်းဆက်သွယ်မှုခေတ် (information age) ဆီသို စက်မှုခေတ် (ဒုတိယလှိုင်း) ကို ကျော်လွှားကာ ဖါးခုန်ခုန်ကူးရန် (frog leap) ဖြစ်နိုင်ကြောင်း တညီတညွတ်တည်း ယုံကြည်ကြသည်။
     ယနေ့ အသက်ရှင် လှုပ်ရှားနေကြသည့် လူသားမျိုးဆက်သည် ဒုတိယလှိုင်း  အရှိန်ကောင်းနေချိန်တွင်  မွေးဖွားခဲ့ကြသူများ ဖြစ်သည့်အပြင် တော်လှန်သော တတိယလှိုင်းသစ်ကိုလည်း လက်တွေ့ ကျကျ မျက်ဝါး ထင်ထင်တွေ့ နေရသည့် မျိုးဆက်လည်း ဖြစ်ပေသည်။                                                                                                                                                                                
တတိယလှိုင်းလူနေမှုစနစ်သည်အသိပညာ၊ ဦးနှောက်ကိုအသုံးပြုသည့်ကော်လံဖြူအလုပ်သမားများ အများအပြားမွေးထုတ်ပေးခဲ့၏။ အသိပညာ ကိုအသုံးပြုကာအလုပ်လုပ်သည့်သူများကို ကော်လံဖြူအလုပ်သမားများဟုခေါ်တွင်လေ့ရှိသော်လည်း စာရေးသူအနေနှင့် ယနေ့ခေတ်၏ ကော်လံဖြူအလုပ်သမားများကိုရွှေကော်လာအလုပ်သမားများဟူ၍ပင်ကင်ပွန်းတတ်လိုက်ချင်တော့သည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်၏ကော်လံဖြုအလုပ်သမားများမှာကုမ္ဖဏီ၏ဆက်လက်အသက်ရှင်ရပ်တည်နိုင်ရေးအတွက်လွန်စွာမှ ပင်အရေးပါအရာရောက်သည်ဖြစ်၍ လခကိုလည်းမည်သည့်ခေတ်တွင်မှမကြားဖူးသေးသည့်လခကို နင့်နေအောင်ရကြသည့်အပြင်အ လုပ်ချိန်ကိုလည်း မိမိတို့စိတ်ကြိုက်ရေးဆွဲခွင့်ရှိကြသည်။ ထို့အပြင် အလုပ်များကိုမိမိနေအိမ်တွင်လုပ်ကိုင်ခွင့်ပေး ထားကြရသေး သည်ဖြစ်၏။
တတိယလှိုင်းစီးပွားရေးစနစ်သည်ရွှေကော်လာအလုပ်သမားတို့ကသတင်းအချက်အလက်များဖြင့်အလုပ်လုပ်ကာသတင်းအချက်အလက် များကိုအခြေခံသည့် စီးပွားရေးစနစ်ဖြစ်ပေသည်။ နေအိမ်များ၊ ရုးံများတွင်အလုပ်လုပ်ကြပြီး၊ အသိပညာအခြေပြုသည့်စီးပွားရေး knowledge economy ဖြစ်၏။ တခါတရံတွင်မှု new economy စီးပွားရေးစနစ်သစ်ဟုလည်းခေါ်ကြသည်။ ဤစီးပွားရေးအသစ်တွင် ယခင်ကကဲ့သို့ အလုပ်နှင့်နေအိမ်အကြားကွဲကွဲပြားပြားမရှိတော့ပေ။ အလုပ်နှင့်နေအိမ်အကြားနယ်နိမိတ်တို့သည်မှုန်မှုန်မွှားမွှာဖြစ်လာ သကဲ့သို့ computer, internet  နှင့်ဆက်သွယ်ရေးနည်းပညာများတဟုန်ထိုးတိုးတက်ပြောင်းလဲလာပြီး globalization ခေါ်ကမ္ဘာမှုပြု သည့်အရှိန်အဟုန်သည်လည်း ပြင်းထန်မြန်ဆန်သည့်အလျောက်နိုင်ငံတကာနယ်နိမိတ်များကိုပါ စက္ကန့်ပိုင်းအတွင်းထင်သလိုကျော်လွှား ကာဆက်သွယ် နိုင်ကြပြီဖြစ်သဖြင့်နိုင်ငံတကာနယ်နိမိတ်များသည်လည်း မှေးမှိန်စပြုလာပြီဖြစ်၏။နေအိမ်တွင်အလုပ်လုပ်သူဦးရေသည် သိန်းဂဏန်းသန်းဂဏန်းရှိလာသည့်အပြင် တိုးပွားမြဲတိုးပွားနေသည်သာမကအလုပ်ရှင်နှင့်အလုပ်သမားဆိုသည့်ကျွှန်ပ်တို့ရှင်းရှင်းလင်း လင်းနားလည်ခဲ့သည့်ဝေါဟာရများ၏အဓိပ္ပါယ်များသည်ပင်လျှင် စိန်အခေါ်ခံနေရပြီဖြစ်၏။ ကျွှန်ပ်တို့တချိန်ကရှင်းရှင်းလင်းလင်း နားလည် ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ၊ ဂီတကအစ လူ့အဖွဲ့အစည်း၏ အသေးငယ်ဆုံး ကလပ်စီး အစိတ်အပိုင်းဖြစ်သည့်အိမ် ထောင်ရေး၊ မိသားစုတည်ဆောက်ပုံအဆုံး နေရာတကာတွင်စိန်ခေါ်မှုများကိုကြုံတွေ့နေရသည်ဖြစ်၏။
ယနေ့ ခေတ်လူသားသည် (၂၁)ရာစုအတွင်းသို့ ချဉ်းနင်းဝင်ရောက် နေကြပြီ။ မည်သို့ သောစနစ်ပေါ်ထွန်းလာဦးမည်၊ မည်သို့ မည်   ပုံပြောင်းလဲကြမည်ကို အတိအကျခန့် မှန်းရန် မလွယ်ကူပေ။  သို့ သော်စက်မှုယဉ်ကျေးမှုတရပ်လုံး၏ နောက်ဆုံးနေ့ များ ကိုတော့ မြင်နေကြရပြီဖြစ်၏။
  အနာဂတ်ခေတ်သစ်၏ ယဉ်ကျေးမှုသစ်များသည် ယနေ့ ရှင်သန်လျက် ရှိနေပြီဖြစ်၏။  အဆင့်မြင့်နည်းပညာထွန်းကားသည့်နိုင်ငံများ၊ လူ့ အဖွဲ့ အစည်းများနှင့်သာသက်ဆိုင်သော ခေတ်သစ်တရပ် မဟုတ်ပေ။ စက်မှုထွန်းကားသည့် နိုင်ငံဖြစ်စေ၊ ခေတ်နောက်ကျသော နိုင်ငံများတွင်ဖြစ်စေ၊ ဆင်းရဲသော ချမ်းသာသောနိုင်ငံဟူ၍မရွေး နိုင်ငံတိုင်းတွင်တနည်းမဟုတ် တနည်း အတိုင်းအတာအမျိုးမျိုး၊ ပုံစံအမျိုးမျိုး၊ အရှိန်နှုန်းမျိုးမျိုးဖြင့် လူ့ အဖွဲ့ အစည်းတခုလုံးအား လွှမ်းမိုးရိုက်ခတ်နေသည့်သတင်းဆက်သွယ်မှု တော်လှန်ရေးကြီးအား မျက်ကွယ်ပြုထားရန်မဖြစ်နိုင်ပေ။
 
ဤဆောင်းပါးသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလက ရေးသားခဲ့ခြင်းဖြစ်ပြီးပြန်လည် တည်းဖြတ် ဆန်းသစ်ထားပါသည်။ 
                             
References:-
1) Tofler, Alvin - Future Shock (1970)
2) Tofler, Alvin - The Third Wave (1980) 
3) Tofler, Alvin - Powershift (1990) 
4) Tofler, Alvin - Preview and Premises (1984)
5) Tofler, Alvin and Heidi - Creating a New Civilisation  (1994)  
www.vansangva.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...